ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီးဒက်စ်မွန်တူးတူး ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးထောက်ခံခဲ့တဲ့တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ဘုန်းတော်ကြီးဟာ တောင်အာဖရိကနိုင်ငံ၊ မြို့တော်ကိပ်တောင်းက ဆေးရုံတစ်ခုမှာ ငြိမ်းချမ်းစွာကွယ်လွန်ခဲ့တယ်လို့ အသင်းတော်ဘက်က မိသားစုကိုယ်စား စာထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ ပြောထားတာမတွေ့ရပါဘူး။
ဒက်စ်မွန်တူးတူးဟာ တောင်အာဖရိကနိုင်ငံထဲမှာ လူဖြူလူမည်းခွဲခြားတဲ့စနစ်ကို သာသနာ့ဝန်ထမ်းရင်း အကြမ်းမဖက်ဦးဆောင်ဆန့်ကျင်ခဲ့တာကြောင့် ၁၉၈၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့ပြင် သူဟာ နိုင်ငံထဲကလူဖြူလူမည်းခွဲခြားမှုအမှောင်မိုက်ဆုံးနေ့ရက်တွေမှာ နှစ်ဖက်ကျူးလွန်ခဲ့ကြတဲ့လုပ်ရပ်တွေအတွက် သမ္မတနယ်ဆင်မန်ဒဲလားကခန့်အပ်တဲ့ အမှန်တရားနဲ့ရင်ကြားစေ့ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။
ဘုန်းတော်ကြီးတူးတူးဟာ နိုင်ငံတွင်းမှာ လူမည်းတွေ ဖိနှိပ်ခံရမှုကို ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပေမဲ့ နိုင်ငံရေးအရ ပြောတာမဟုတ်ဘဲ ဘာသာရေးအရပြောဆိုတာလို့ ပြောခဲ့သူလည်းဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ကလည်း မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။













