ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြိတ်အကျဉ်းထောင်ကနေ လူပေါင်း ၁၁၀ ကျော်လွတ်လာ

    တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန္ဒပြမှုတွေမှာပါဝင်တယ်ဆိုတဲ့အချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာ၊ ထောင်တွင်းအမှုရင်ဆိုင်နေရသူတွေထဲက လူပေါင်း ၁၁၂ ဦး ပြန်လည် လွတ်မြောက်လာပါတယ်။

    အာဏာသိမ်းမှုအပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့အမှုရင်ဆိုင်နေရသူတွေကို လွတ်ငြိမ်းခွင့်ပေးတာ၊ အမှုရုပ်သိမ်းတာတွေ လုပ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌက ကြေညာအပြီးမှာ မြိတ်အကျဉ်းထောင်ကနေ ဒီလူတွေ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

    အကျဉ်းကျနေသူတွေကို မြိတ်အကျဉ်းထောင်ကနေ အောက်တို ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

    မြိတ်မှာ ပြီးခဲ့တဲ့မတ်လကတည်းက စလို့ စစ်ကောင်စီတပ်တွေက ဆန္ဒပြမှုတွေကို လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းတာ၊ အရပ်ဝတ်တွေက လူငယ်တွေရဲ့အိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေကြောင့် ထောင်အချုပ်ကျ အမှုရင်ဆိုင်နေရတဲ့လူငယ် ရာနဲ့ချီရှိနေတယ်လို့ သိရပါတယ်။

  2. အနော်ရထာစစ်ဆင်ရေး အကြောင်း စစ်ရေး အကဲခတ်တွေ ဘာပြောကြလဲ

  3. တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ဘေးရှောင် ရွာသားတွေ လုံခြုံရေးတင်မက ရိက္ခာအတွက်ပါ စိုးရိမ်နေကြရ

    တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် အတွင်း အခုလဆန်းပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့လို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအပါအဝင် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီက ရွာတွေထဲကို စစ်တပ်ဝင်လာပြီး လူတွေကို ရိုက်နှက်တာတွေ၊ မွှေနှောက်ဖျက်ဆီးတာတွေ ရှိနေကြောင်းနဲ့ ရွာတစ်ရွာမှာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရသလို မယ်ကဲကျေးရွာမှာ အိမ်တွေကို ဝင်မွှေပြီး ကား၊ ဆိုင်ကယ်ကအစ အစားအသောက်၊ အဝတ်အစား၊ ကွန်ပြူတာ အဆုံး ယူသွားတယ်လို့ ဆိုပါတယ်။

    ကျေးရွာတချို့က ရွာသားတွေ အခုအခါ ကိုယ့်ရပ်ရွာ ပြန်လာကြသူတွေရှိပေမဲ့ လုံခြုံရေးအတွက်တင်မက စားနပ်ရိက္ခာအတွက်ပါ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သြဂုတ်လကတည်းက စစ်ကောင်စီတပ်တွေက ရွာတွေကို ရောက်လာပြီး ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့ ဖြတ်တောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

    သဲချောင်းကြီးရွာမှာ လာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာပြင်ထွက်တဲ့ လမ်းတွေကို ပိတ်ဆို့ထားပြီး စစ်ဆေးတာတွေ ရှိနေတဲ့အပြင် ထောက်ခံစာနဲ့မှ သွားလာလို့ ရတဲ့အတွက် စားစရာ ထွက်ဝယ်ဖို့ ခက်ခဲနေကြောင်းနဲ့ တောင်ပျောက်တိုက်နယ် ၁၀ ရွာစလုံး ရိက္ခာ အတွက် စိုးရိမ်နေရတယ်လို့ တောင်ပျောက် တိုက်နယ်က စစ်ရှောင်တွေအတွက် ရိက္ခာရအောင် ကြိုးပမ်းကူညီနေသူ အမျိုးသမီးက ပြောပါတယ်။

  4. မြန်မာ့ စီးပွားရေးအကျပ်အတည်းဟာ ပြည်ပနိုင်ငံတွေရဲ့ လက်ချက် တစိတ်တပိုင်းပါတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးစွပ်စွဲ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းကစလို့ မြန်မာကျပ်ငွေ တည်ငြိမ်အောင်နဲ့ အကျပ်အတည်းကာလ စီးပွားရေးကို ထောက်ပံ့ကူညီပေးဖို့ စစ်ကောင်စီခန့် အာဏာပိုင်တွေအနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီလက်အောက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားလိုက်ပြီး ခုဖြစ်ပျက်နေတဲ့ အခက်အခဲ ပြဿနာတွေဟာ ပြည်ပက ထောက်ခံတဲ့ အတိုက်အခံတွေရဲ့ လက်ချက် တစိတ်တပိုင်း ပါတယ်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန် ကတည်းကစလို့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၅ ရာခိုင်နှုန်းကျော် တိုးလာခဲ့ကြောင်းနဲ့ ဗဟိုဘဏ်ရဲ့ တရားဝင်ငွေလဲနှုန်းအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရံသုံးငွေ ၁၁ ထရီလီယံကျပ် ဒါမှမဟုတ် ၆ ဒဿမ ၄ ဘီလီယံဒေါ်လာရှိတယ်လို့ ဦးအောင်နိုင်ဦးက ရိုက်တာစ် သတင်းဌာနနဲ့ သီးသန့် မေးမြန်းခန်းတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စီးပွားရေးပြဿနာတွေဟာ စစ်တပ်ကို ဆန့်ကျင်နေသူတွေရဲ့ ဖျက်လိုဖျက်ဆီး ပြုမှုတွေနဲ့ နိုင်ငံခြားတိုင်းပြည်တချို့က ထောက်ခံအားပေးနေတဲ့ ဗျူဟာတစ်ခုကြောင့် ဖြစ်လာရတာလို့ သူက ပြောပါတယ်။ ဘယ်တိုင်းပြည်တွေလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဖို့ကို ငြင်းဆန်ခဲ့ပြီး အဲဒီတိုင်းပြည်တွေ ဘယ်လို ဝင်စွက်ခဲ့သလဲ ဆိုတဲ့ အထောက်အထား အတော်များများ ရထားတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြပ်အတည်းကို နိုင်ငံတကာ သတင်းမီဒီယာတွေက ပုံကြီးချဲ့ ဖော်ပြခဲ့ကြတာ ဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်တော့မယ်လို့ စစ်ကောင်စီလက်အောက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံခြားကုမ္ပဏီ ၆ ခုက မြန်မာနိုင်ငံကနေ ထွက်ခွင့်ပြုဖို့ တင်ပြထားခဲ့ပြီး တခြားကုမ္ပဏီတွေကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်လို့ သူက ပြောပါတယ်။ အဲဒီထဲမှာ နော်ဝေး ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောလည်း ပါ၀င်ပြီး မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လုပ်ငန်းတွေကို လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 ကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချမယ်လို့ ဇူလိုင်လတုန်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

  5. အိုးဘိုးထောင်ထဲ ထိန်းသိမ်းခံရပြီးအမှုရင်ဆိုင်နေရသူတွေလည်း ပြန်လွတ်မြောက်

    မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရသူတွေလည်း ဒီနေ့ အောက်တိုဘာလ ၁၉ ရက်မှာ ပြန်လွတ်မြောက်လာပါတယ်။

    အာဏာသိမ်းမှုဖြစ်အပြီး ဆန္ဒပြမှုတွေမှာ ပါဝင်တယ်ဆိုတဲ့အချက်နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေကို လွတ်ငြိမ်းခွင့်ပေးတာ၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရသူတွေကို စစ်ကောင်စီဘက်က အမှုရုပ်သိမ်းတာတွေလုပ်ခဲ့လို့ ဒီလူပုဂ္ဂိုလ်တွေ ပြန်လွတ်လာတာဖြစ်ပါတယ်။

    ထောင်ကနေ တစ်ခါလွှတ်ရင် ၁၀ ယောက်ကနေ ၁၅ ယောက်ကြား ခွဲလွှတ်နေတာဖြစ်လို့ ဒီနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိဆိုရင် လွှတ်ပေးနေသူ ၅၀ ကနေ ၆၀ ကြားမှာရှိတယ်လို့သိရပါတယ်။

  6. ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို ဆက်သွယ်မရတာ ၁ လပြည့်ပြီ

    စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ဥက္ကဋ္ဌဖြစ်သူ မအေးနန္ဒာစိုးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရတာ တစ်လပြည့်ပြီဖြစ်ပေမဲ့ သူ့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာမသိရဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ထုတ်ပြောလာပါတယ်။

    မအေးနန္ဒာစိုးကို စစ်ကောင်စီရဲ့အရပ်ဝတ်တွေက စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်မှာ တစ်လတိတိပြည့်ပေမဲ့ အခုအချိန်အထိ သူ့ကို ဆက်သွယ်မရဖြစ်နေဆဲလို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    စစ်တပ်က အာဏာမသိမ်းခင်နဲ့ သိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေနဲ့သမဂ္ဂအဖွဲ့ဝင်ကျောင်းသားတွေ ၃၈ ဦးအထိရှိပြီး အဲဒီမှာ ၂၄ ဦးဟာ စိုးရိမ်စရာအခြေအနေအရပ်ရပ်ကို ကြုံနေရတယ်ဆိုပြီး ဗကသများအဖွဲ့ချုပ်က အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

  7. မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ပေါက်ကွဲမှုဖြစ်

    မန္တလေးမြို့ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းမှာ ဒီနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စခန်းပိတ်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကျောက်စိမ်းကုန်သည်တွေက ပြောပါတယ်။

    "အုန်းကနဲ တစ်ချက်ကြားရပြီးတဲ့နောက် ပြေးကြရတာပဲ။ သေနတ်သံ နှစ်ချက်ပစ်သံလည်းကြားရတယ်။ အတွင်းဝိုင်းထဲ အရောင်းအဝယ်လုပ်သူ တချို့လည်း ထွက်ပြေးကြတာ။ အခုက WeChat လုပ်သူတွေပဲ အတွင်းထဲပိတ်မိနေတာ။ အခု ဝိုင်းက တံခါးတွေပိတ်ပြီး စစ်ဆေးနေတယ်"လို့ ကျောက်စိမ်းကုန်သည် တစ်ဦးကပြောပါတယ်။

    ပေါက်ကွဲမှုမှာ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းရဲ့ အနောက်မြောက်ဘက်ခြမ်း သန့်စင်ခန်းအနီးဝန်းကျင်ဖြစ်ပြီး မနက် ၁၁ ဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

    ပေါက်ကွဲပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း ကျောက်ကုန်သည်တွေက ဆိုပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေး စခန်းထဲမှာ WeChat နဲ့ အရောင်းအဝယ်လုပ်သူတွေဟာ နာရီပိုင်းကျော်တဲ့အထိ အပြင်ထွက်ခွင့်မရဘဲ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    မန္တလေးမြို့ရဲ့ လူဦးရေ သုံးပုံနှစ်ပုံဟာ ကျောက်မျက်ရောင်းဝယ်ရေးစခန်းကို အမီပြုလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်မှာ ကျောက်မျက်စခန်းကို စစ်ကောင်စီက နှစ်ကြိမ်တိုင် ဖွင့်ပေးခဲ့ပေမယ့် ကျောက်ကုန်သည် အများစုက စခန်းအတွင်း အရောင်းအဝယ်မပြုလုပ်ဘဲ စခန်းအပြင်နဲ့ အနီးဝန်းကျင်မှာပဲ အရောင်းအဝယ်ပြုလုပ်ကြပါတယ်။

  8. တိုက်ခန်းပေါ်ကနေ ရဲကို ရေနွေးပူနဲ့လောင်းတယ်ဆိုပြီးစွပ်စွဲဖမ်းဆီးခံရတဲ့စမ်းချောင်းကအမျိုးသမီး ၅ဦး ပြန်လွတ်လာ

    ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အင်အားသုံးဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့တွေကို အိမ်ပေါ်ကနေ ရေနွေးပူနဲ့လောင်းချတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ် ၅ ဦးလုံး ဒီကနေ့အောက်တိုဘာ ၁၉ရက်နေ့မှာပြန်လည်လွတ်မြောက်လာတယ်လို့သက်ဆိုင်ရာရှေ့နေရဲ့ပြောပြချက်အရသိရပါတယ်။

    ရဲကို ရေနွေးပူနဲ့လောင်းချတယ်ဆိုတဲ့ဖြစ်ရပ် မတ်လ ၁ရက်နေ့မှာ ဖြစ်ခဲ့ပြီးတဲ့နောက် စမ်းချောင်းမြို့နယ်၊အောင်တော်မှုလမ်းမှာအမျိုးသမီးငယ်တွေနေထိုင်တဲ့တိုက်ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီကဖမ်းဆီးစစ်ဆေးကာ အမျိုးသမီး ၅ယောက်ကိုတော့ ပုဒ်မ ၅၀၅-ကနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    အခုတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၇လကြာ တရားရင်ဆိုင်အပြီးမှာ အခုလိုပြန်လွတ်လာတာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဦးသက်နောင်က ပြောပါတယ်။

    “၅ယောက်လုံးက နယ်ကလာကြတဲ့သူတွေဆိုတော့အမှုရင်ဆိုင်နေရချိန်မှာလည်းထောင်ဝင်စာပို့ဖို့အခက်အခဲတွေရှိကြတယ်။ အမှုရင်ဆိုင်ဆဲကာလမှာလည်း၇လွှာတိုက်ခန်းပေါ်ကနေ ရေနွေးနဲ့လောင်းချဖို့မဖြစ်နိုင်ဘူးဆိုတာ ပြောဆိုချေပနိုင်ခဲ့တယ်။သူတို့ ၅ယောက်လုံးကလည်း စိတ်ပိုင်းဆိုင်ရာအရ အပြင်ကသတင်းတွေကြောင့်ဝမ်းနည်းတာတွေရှိပေမယ့် နောင်တရတာမျိုးမရှိကြဘူး “ လို့အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေဦးသက်နောင်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ အမျိုးသမီးငယ် ၅ဦးဟာ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှာ၇လတာတရားရင်ဆိုင်မှုအပြီး အောက်တိုဘာ ၁၉ ရက်နေ့စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာပါဝင်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

  9. မြစ်ကြီးနားဂျာနယ်သတင်းထောက် ၃ဦး အပါဝင် သတင်းသမားတချို့ထပ်မံလွတ်လာ

  10. မြိတ်မှာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံသူအမျိုးသားတစ်ဦး သေနတ်နဲ့အပစ်ခံရပြီးသေဆုံးတယ်လို့ ဒေသခံတွေပြော

    တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီအတွက် သတင်းပေးလို့ သတ်မှတ်စွပ်စွဲခံရတဲ့အမျိုးသားတစ်ဦး ဒီကနေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့တဲ့အမျိုးသားဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်တယ်လို့ သိရှိရပြီး မြို့တွင်းက မြို့သစ်ကျောင်းရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဉ်ဟာ အာဏာသိမ်းပြီးတဲ့နောက် မြိတ်မြို့မှာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်လို့ စွပ်စွဲခံရသူတစ်ဦး ပထမဆုံးလုပ်ကြံခံရမှုလည်းဖြစ်ပါတယ်။

    တဖက်မှာလည်း မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းတာ၊ လူငယ်တွေကို ဖမ်းဆီးတာတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြလှုပ်ရှားမှုတွေ မရှိသလောက်နည်းနေချိန်မှာ အခုဖြစ်ရပ် ထွက်ပေါ်လာတာပါ။

    မြိတ်မှာ တက်ကြွလူငယ်တွေကို ဖမ်းဆီး ထိန်းသိမ်းတာ၊ ထောင်ဒဏ်ချမှတ်တာတွေကြောင့် မြို့ထဲမှာ လူငယ်တွေ အတော်နည်းပါးနေပြီလို့ ထိန်းသိမ်းခံလူငယ်တွေအရေး အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ အမှုပိတ်သိမ်းပေးမှုတွေကြောင့် မနေ့အောက်တိုဘာလ တစ်ရက်တည်းမှာတင် မြိတ်အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၈၀ ကျော်အထိရှိတယ်လို့လည်း သိရှိရပါတယ်။

  11. အာဏာသိမ်းမှုအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးနေပြီ

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံနေရသူတွေနဲ့ အမှုရင်ဆိုင်နေရသူတွေထဲက ရာနဲ့ချီတဲ့လူတွေကို ဒီနေ့ အောက်တိုဘာလ ၁၉ ရက် မနက် ၁၁ နာရီခန့်က စလို အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးနေပြီဖြစ်ပါတယ်။

    ဆန္ဒပြမှုတွေမှာ ပါဝင်လို့ ဖမ်းဆီးထိန်းသိမ်းခံရ၊ ထောင်ဒဏ်ချမှတ်ခံရသူ ထောင်ချီကို အမှုပိတ်တာ၊ ထောင်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးတာတွေ ပြုလုပ်ပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပြီးတဲ့နောက် မနေ့ အောက်တိုဘာလ ၁၈ ရက်ကစလို့ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။

    ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲက ၅ ထောင်ကျော်ကို ၃ ရက်ခွဲပြီး လွှတ်မယ်လို့ သိရပြီး ဒီနေ့ဟာ ဒုတိယမြောက်နေ့ဖြစ်ပါတယ်။

    အခုမနက်ပိုင်း အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူတွေဟာ သင်္ကန်းကျွန်း၊ တာမွေ၊ သာကေတ၊တောင်ဒဂုံ စတဲ့ အရှေ့ပိုင်းခရိုင်မြို့နယ်တွေက ရဲစခန်းတွေမှာ တရားစွဲဆိုခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။

  12. အာဏာသိမ်းမှုအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြန်လွှတ်ပေးနေလို့ ပြန်လွတ်လာမယ့်သူတွေကို အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြသူတွေ

  13. ဖိအားတွေကြောင့်သာ စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာလို့ တွန် အန်ဒရူးစ် ပြော

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံပြီး အကျဉ်းချခံရ၊ အမှုရင်ဆိုင်နေရသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာဟာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့်ဆိုပြီး မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ပြောလာပါတယ်။

    အာဏာသိမ်းမှုဖြစ်အပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ထောင်ကျော်ကို စစ်တပ်က ပြန်လွှတ်ပေးတာ ကြိုဆိုပေမဲ့ ဒီလူပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်အတွက် အားထုတ်ရင်း တရားမဝင်ဖမ်းဆီးခံထားရသူတွေဖြစ်တယ်ဆိုတာကို မမေ့ဖို့လည်း လိုအပ်တယ်လို့ သူကပြောပါတယ်။

    တဖက်မှာလည်း စစ်တပ်ဟာ စိတ်ပြောင်းလို့ ဒီလူတွေကို ပြန်လွှတ်ပေးတာမဟုတ်ဘဲ ပြည်တွင်းပြည်ပဖိအားတွေကြောင့်သာ ဒီလူတွေကို ပြန်လွှတ်ပေးတာလို့လည်း သူက ပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီဟာ (၁)ငွေကြေး၊ (၂)လက်နက်နဲ့(၃) တရားဝင်မှု စတဲ့အချက် ၃ ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ ရဖို့ကြိုးပမ်းနေတာဖြစ်ပြီး လကုန်ပိုင်းကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ အာဆီယံကကြေညာတာ၊ ကုလအထွေထွေညီလာခံအတွက် စစ်ကောင်စီရွေးချယ်တဲ့ကိုယ်စားလှယ်နေရာမရတာတွေဟာ နံပါတ် ၃ အချက်ကို ငြင်းပယ်ရာရောက်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။

    နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီအချက်တွေနဲ့ စစ်ကောင်စီကို ဆက်ဖိအားပေးနေမယ်ဆိုရင် မြန်မာပြည်သူတွေကို ကူညီရာရောက်သလို ပြည်သူရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးရာလည်းရောက်မယ်လို့ သူက ပြောထားပါတယ်။

  14. စစ်တပ်အနေနဲ့မတရားဖမ်းဆီးခံခဲ့ရသူတွေကို ပြန်တောင်းပန်ဖို့လိုတယ်လို့ AAPP ထုတ်ပြန်

    ပြည်တွင်းကအာဏာသိမ်းစစ်တပ်အနေနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေကို ပြန်တောင်းပန်ဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အောက်တိုဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား ၉ ထောင်နီးပါးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့နဲ့ မူလတာဝန်တွေပြန်ထမ်းဆောင်စေဖို့ကိုလည်းထုတ်ပြန်တောင်းဆိုထားပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ကုစားပေးဖို့ စစ်ကောင်စီမှာတာဝန်ရှိပြီး မတရားဖမ်းဆီးမှု၊ နှိပ်စက်မှုတွေလုပ်ဆောင်ခဲ့သူတွေကို အရေးယူပေးဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြရာမှာပါဝင်လို့ အကျဉ်းထောင်အသီးသီးမှာဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ၊ တရားရုံးတွေမှာတရားရင်ဆိုင်နေရသူ ၄ ထောင်ကျော်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့လည်ပိုင်းမှာပြောတဲ့ သူ့ရဲ့ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီးတဲ့နောက် အကျဉ်းကျခံရသူတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို စတင်လွှတ်ပေးနေပါတယ်။

    မနေ့တုန်းကတော့ NLD ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတချို့၊ ဖမ်းဆီးခံသတင်းသမားတွေ ပြန်လွတ်လာပြီး ဒီနေ့မှာ ထပ်မံလွတ်မြောက်လာမယ့်သူတွေလည်းကျန်ရှိနေပါသေးတယ်။

  15. ကောင်ဆယ်လာ ရှိုလေး သို့မဟုတ် NUG နဲ့ ဆက်ဆံရေး ခိုင်မာသူ

  16. တောတွင်းရောက် လူငယ်တွေရဲ့ သီတင်းကျွတ်

    စစ်အာဏာရှင်ကို တော်လှန်သူများရဲ့ တော်လှန်သီတင်းကျွတ်ဆိုပြီး B.R.A.F Burmese Mainland Resistance Force က လူငယ်တွေရဲ့ ဆီမီးသပိတ် လှုပ်ရှားမှု ကိုအောက်တိုဘာလ ၁၈ ရက် ကလွတ်မြောက်နယ်မြေ တောတွင်းတနေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။

    ဒီ တော်လှန်သပိတ်မှာ ပါဝင်ကြတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားလူငယ် ဆယ်ကျော်သက်ရွယ်တွေက စစ်အာဏာရှင် တွေကို အပြီးတိုင် ချေမှုန်းပြီးပန်းတိုင်ကို မရောက်မချင်း အသံမတိတ်၊ အလံမလိပ်ဘဲ အောင်မြင်တဲ့အထိ ခုခံတွန်းလှန်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

  17. အင်းစိန်ထောင်က အကျဥ်းသားအချို့ လွတ်

    အင်းစိန်ထောင်ရှေ့ မှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း အကျဥ်းသားအချို့ပြန်လွတ်လာခဲ့တာကို တွေ့ရပါတယ်၊

  18. လူရွှင်တော်ဇာဂနာ စစ်ကြောရေးစခန်းက ပြန်လွတ်လာ

    ရန်ကုန်မြို့အနီးက စစ်ကြောရေး စခန်းတစ်ခုကနေ လူရွှင်တော်ဇာဂနာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လွတ်မြောက်လာပြီလို့ သူ့မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက လူရွှင်တော် ဇာဂနာကို ဧပြီလ ၆ရက်နေ့မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး သူ့ကို တရားရုံးမတင် အမှုမဖွင့် အင်းစိန်ထောင်မပို့ဘဲ ၆လကျော်ကြာ စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။

    သူနဲ့အတူ စစ်ကြောရေးစခန်းတစ်ခုထဲမှာ ထိန်းသိမ်းခံထားရတဲ့ NLD ပါတီရဲ့ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာ အောင်ရှင်လည်း ဒီနေ့ အတူလွတ်လာတယ်လို့ သိရပါတယ်။

    စစ်ကောင်စီကနေ အမှုရုပ်သိမ်းလိုက်တဲ့ ထိန်းသိမ်းခံ အနုပညာရှင်တွေကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ၃ရက်အတွင်း အပြီးလွှတ်ပေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေတွေထံက သိရပါတယ်။

    စစ်ကောင်စီဟာ ဒီနေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ၁၃၀၀ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသလို တရားရုံးအသီးသီးမှာအမှုရင်ဆိုင်ဆဲ လူဦးရေ ၄၀၀၀ကျော်ကို လည်း အမှုကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။

  19. မြန်မာအမျိုးသမီးအသင်း လက်ဘနွန်အမျိုးသမီးအသင်းကို ဂိုးပြတ်နိုင်

    အမျိုးသမီး အာရှဖလား ၂၀၂၂ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရေးအတွက် ကာဂျစ်စ္စတန်မှာ ယှာဉ်ပြိုင်နေတဲ့အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်မှာ မြန်မာအသင်း နဲ့ လက်ဘနွန်အသင်းတို့ အောက်တိုဘာ ၁၈ရက် နေ့လယ် ၁၂နာရီ ၃၀မိနစ်က ယှာဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်၊

    မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပွဲချိန် ၂၄မိနစ်မှာ ပင်နယ်တီက တစ်ဆင့်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၆၄မိနစ် မှာ မြတ်နိုးခင် ၊ တတိယဂိုးကို စန်းသော်သော်က ပွဲချိန်၈၆မိနစ် ၊စတုတ္ထဂိုးကို ပွဲချိန် မိနစ် ၉၀ မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျူလိုင်ကျော်က နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲတာဖြစ်ပါတယ်။

  20. မန္တလေးမှာ ပေါက်ကွဲမှုတွေဖြစ်

    မန္တလေး စည်ပင်ရုံးနဲ့ မြို့နယ်အခွန်ရုံးတွေမှာဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ က ပေါက်ကွဲမှုဖြစ် ခဲ့တယ်လို့စစ်ကောင်စီက အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။

    မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီးကို ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်နဲ့ရောက်လာခဲ့ပြီး လက်လုပ်မိုင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီလိုပစ်ခတ်မှုကြောင့် ကားနှစ်စီးထိခိုက်ပျက်စီးပြီး ဝန်ထမ်းနှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်၊

    မနက် ၁၁ နာရီခွဲက ဖြစ်ပွားခဲ့တဲ့ မန္တလေးချမ်းမြသာစည်မြို့သစ် ၁ ရပ်ကွက် အခွန်ရုံးပေါက်ကွဲမှုမှာတော့ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။