ဘုံရန်သူ စစ်ကောင်စီကို စုပေါင်းတိုက်ဖို့ ပြောတဲ့ ကချင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌကွယ်လွန်
ကချင်အမျိုးသားအစည်းအရုံး(KNO)ရဲ့ ဥက္ကဋ္ဌ ဒူဝါဘောလ်ဝမ်လရော်ဟာ အောက်တိုဘာလ ၁၆ ရက်မှာ ကွန်လွန်သွားပြီလို့ သိရပါတယ်။
သူဟာ ထိုင်းနိုင်ငံကနေ ဗြိတိန်နိုင်ငံကို ပြန်ရောက်လာပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အပြင်းဖျားကာ အထူးကုသခန်းမှာ ဆေးကုနေစဉ်ပဲ ဆုံးပါးခဲ့တာဖြစ်ပါတယ်။
ဒူဝါဘောလ်ဝမ်လရော်ဟာ ကချင်အမျိုးသားအစည်းရုံး (KNO) ကို တည်ထောင်ခဲ့သူဖြစ်ပြီး ကချင်တော်လှန်ရေးအတွက် ဦးဆောင်ကဏ္ဍကနေ အများကြီးပါဝင်ခဲ့သူလို့ ရင်းနှီးသူတွေက မှတ်ချက်ပြုပါတယ်။
''လက်တလောဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အားလုံး တိုက်ဖို့ သူ တိုက်တွန်းခဲ့တယ်။ အခုစစ်ကောင်စီဟာ အားလုံးရဲ့ဘုံရန်သူဖြစ်တာကြောင့် အားလုံးတိုက်ဖို့ သူ မှာထားခဲ့တယ်။ နိုင်ငံရေးအယူအဆ အမြင် မတူညီကြပေမဲ့ ဘုံရန်သူကို ဝိုင်းတိုက်ရမယ့်အချိန် ရှိတယ်ဆိုတဲ့အကြောင်းကို သူပြောခဲ့တယ်'' လို့ KNO ရဲ့ပြောခွင့်ရသူက ပြောပါတယ်။
ဒူဝါဘောလ်ဝမ်လရော်ဟာ ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ) ရပ်တည်မှုမှာ ဘဏ္ဍာရေး၊ နိုင်ငံခြားဆက်ဆံရေးကအစ၊ ပြည်သူလူထုစည်းရုံးရေးတွေမှာပါ ကြိုးစားခဲ့သူလို့လည်း KNO ပြောခွင့်ရသူက ပြောပါတယ်။
ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း အများမလုပ်နိုင်တဲ့ကြီးလေးတဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဒူဝါဘောလ်ဝမ်လရော်ကို အလေးပြုတဲ့အကြောင်းနဲ့ ဘုရားရင်ခွင်မှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ အဓိပ္ပါယ်ရတဲ့ ဝမ်းနည်းကြောင်းစာကို သူ့ရဲ့လူမှုကွန်ယက်မှာ ကချင်ဘာသာနဲ့ရေးတင်ထားတာကို တွေ့ရပါတယ်။