ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ချင်းပြည်နယ်ကို စားနပ်ရိက္ခာ အထောက်အပံ့ပေးဖို့ အခက်အခဲတွေရှိနေတယ်လို့ ကုလ ထုတ်ပြန်

    ချင်းပြည်နယ်အတွင်းပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာများ ဖြတ်တောက်ခံထားရတဲ့ မိသားစုတွေကို ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ကယ်ဆယ်ရေးပစ္စည်းများပေးပို့ရေးမှာ အခက်အခဲတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂက ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

    သြဂုတ်လအတွင်း ယူနီဆက်ဟာ မင်းတပ်မြို့ရှိ စစ်ရှောင်စခန်း ၁၀ ခုက နေရပ်စွန့်ခွာသူများထံကို ဖေဖော်ဝါရီလ‌နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အရေးပေါ်လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်ခဲ့ပေမယ့်လည်း ချင်းပြည်နယ်ရှိနောက်ထပ်စစ်ဘေးရှောင်စခန်းများထံ အကူအညီများပေးနိုင်ရေးနဲ့ ဆက်လက်ဖြစ်ပေါနေတဲ့ အခက်အခဲတွေကြောင့် မရောက်ရှိနိုင်ခဲ့ကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်၊

    ပြီးခဲ့တဲ့ရက်ပိုင်းက ဘီဘီစီက မင်းတပ်မြို့ခံတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာမှ ာမင်းတပ်မြို့ကစစ်ရှောင်တွေ စက်တင်ဘာလကစပြီး ဆန်ပြတ်လို့ ပြောင်းဖူးစားနေရကာ အာဟာရချို့တဲ့ပြီး သေဆုံးမှုတွေရှိနေကြောင်း မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲမူကော်မတီက ကိုလောရင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

    မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလလလယ် အောက်တိုဘာလကုန်လောက်က စပြီးတော့ ဆန်ပြတ်လာတာဖြစ်ပြီး ငွေရှိရင်တောင်ဝယ်မရဖြစ်နိုင်ကြောင်းလည်း သူကပြောခဲ့ပါတယ်။

    လွန်ခဲ့တဲ့ တစ်ပတ်က ဆန်မရှိလို့ ပြောင်းဖူးစားနေတဲ့ စစ်ရှောင်မိသားစုတစ်စုက ကလေးငယ်တစ်ဦး ရောဂါမသိရဘဲ သေဆုံးသွားခဲ့ပြီး အသက်ကြီးပိုင်းအချို့လည်း အာဟာရ ပြတ်လို့ သေဆုံးမှုတွေရှိတယ်လို့ သူကပြောပါတယ်။

    မင်းတပ်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ဘေး‌ရှောင်နေကြတဲ့ ဒုက္ခသည် တစ်သောင်းခွဲကျော်ရှိပြီးတော့ စစ်ရှောင်တွေဟာ မင်းတပ်ကို ဝင်လာတဲ့ ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ခံရလို့ စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေတာလို့ ပြောပါတယ်။

    မင်းတပ်မြို့နယ်အတွင်းက တောင်ယာထဲမှာ မြို့ပေါ်က တိုက်ပွဲရှောင်ထွက်ပြေးလာသူ တစ်သောင်းကျော်နဲ့ ကျေးရွာနေဒေသခံ နှစ်သောင်းခွဲခန့်ဟာ စစ်ဘေးရှောင်နေရပြီး အင်တာနက်လိုင်းများပြတ်တောက်နေတာကလည်း တစ်လခန့်ရှိပြီဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

    မင်းတပ်ကို ကုလသမဂ္ဂကလာရောက်ပြီးစားနပ်ရိက္ခာဝေခဲ့တုန်းကလည်း မြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေပဲ အထောက်အပံ့ရခဲ့ပြီး ကျေးရွာက စစ်ရှောင်တွေအများစု မရခဲဘူးလို့ မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲမူကော်မတီက ကိုလောရင်က ပြောပါတယ်။

  2. သြစတေးလျထုတ် ရေဒီယိုစက်တွေကို စစ်တပ်က အသုံးပြုနေတယ်လို့ JFM ပြော

    မြန်မာစစ်တပ်ဟာ သြဈေးလျနိုင်ငံထုတ် ရေဒီယိုစကားပြောစက်တွေကို အသုံးပြုနေတယ်ဆိုပြီး စစ်တပ်ရဲ့စစ်ဘက်ပစ္စည်းဝယ်ယူမှုကို စောင့်ကြည့်တဲ့ Justice for Myanmar အဖွဲ့က ပြောလာပါတယ်။

    မြန်မာကို နှစ် ၂၀ နီးပါး စစ်ဘက်ပစ္စည်းကိရိယာတွေ ရောင်းချနေတဲ့ သြစတေးလျကုမ္ပဏီ Barrett ဆက်သွယ်ရေး ဆီကနေ စစ်ဘက်သုံးရေဒီယိုစကားပြောစက်တွေကို ဝယ်ယူဖို့ စစ်တပ်က ၂၀၂၀ နိုဝင်ဘာလမှာကြိုးပမ်းခဲ့လို့ ဖော်ပြထားတဲ့ စာတစ်စောင်လည်း ပေါက်ကြားလာခဲ့တယ်လို့ JFM က ပြောပါတယ်။

    စစ်တပ်က ဝယ်ဖို့ပြင်တဲ့ပစ္စည်းတွေထဲမှာ Barrett ထုတ် PRC-2050 အမျိုးအစား ကျောပိုးနိုင်တဲ့ရေဒီယိုစက်အတွက်သုံးတဲ့ စကားပြောစက်လက်ကိုင်၊ ဘက်ထရီတုံး၊ အင်တာနာချိန်ညှိစက်နဲ့ အားမြှင့်စက် အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    ကြားဖြတ်ရယူနားဆင်လို့ ခက်ခဲအောင် ကြိမ်နှုန်းကို ခပ်မြန်မြန်ပြောင်းလဲတဲ့စနစ်ပါတဲ့ အဲဒီစက်တွေဟာ မြန်မာစစ်တပ်ကို သြစတေးလျအစိုးရက ပိတ်ထားတဲ့ စီးပွားရေးပိတ်ဆိုမှုအောက်က တားမြစ်ပို့ကုန်ထဲမှာ ပါဝင်ပါတယ်။

    ဒါပေမဲ့ အဲဒီစက်ပစ္စည်း အစိတ်အပိုင်းတွေရှိရုံနဲ့ Barrett ထုတ် PRC-2050 အမျိုးအစား ကျောပိုးနိုင်တဲ့ရေဒီယိုစက်ကို အပြည့်အဝအသုံးပြုနိုင်ဦးမှာမဟုတ်ဘူးဆိုပြီးတော့ ကုမ္ပဏီဘက်က ပြောတယ်လို့ JFM က ဆိုပါတယ်။

    ကုမ္ပဏီဘက်ကတော့ သူတို့နောက်ဆုံးရောင်းချခဲ့တာဟာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပြီး သြစတေးလျအစိုးရရဲ့ခွင့်ပြုချက်ပါပြီးသားလို့ ပြောပေမဲ့ အသေးစိတ်ကို ပြောကြားခြင်းမရှိဘူးလို့ JFM အဖွဲ့က ပြောပါတယ်။

    ကုမ္ပဏီပြောခွင့်ရသူတစ်ဦးကတော့ ကုမ္ပဏီထုတ် PRC-2090 ရေဒီယိုစက်အစိတ်အပိုင်းတွေဟာ မြန်မာစစ်တပ်ကို ကြားတဆင့်ခံရောင်းချသူဆီကနေ ရောင်းချခဲ့တာမျိုးဖြစ်နိုင်တယ်လို့ ပြောတယ်ဆိုပြီး JFM ဘက်ကပြောပါတယ်။

    Barrett ရေဒီယိုတွေကို စစ်တပ်လေဆိပ်တွေနဲ့ စစ်ဘက်လေယာဉ်အတက်အဆင်း များတဲ့နေရာတွေမှာ ဖြန့်ကြက်ချထားတယ်ဆိုတာ တွေ့ရှိရတယ်လို့ JFM က ပြောပါတယ်။

    စစ်ကောင်စီဘက်က တော့ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

  3. တောင်ငူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ပစ်သတ်ခံရ

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ မှာ ဒီကနေ့ အောက်တိုဘာ ၁၈ရက် မနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဝင် အမတ်လောင်းသေနတ်နဲ့ ပစ်သတ်ခံရလိုက်ကြောင်းတောင်ငူမြို့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်၊

    အောက်တိုဘာလ ၁၈ ရက်နေ့ မနက်၇နာရီ ဝန်းကျင်က ရန်ကုန် မန္တလေးလမ်းဟောင်း အတိုင်းအမှတ် ၁၀ ရပ်ကွက် နေအိမ်ကနေ တောင်ငူမြို့ထဲကို ဆိုင်ကယ်နဲ့အလာမှာ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

    ပစ်သတ်ခံရသူမှာ ဦးမောင်မောင်စိုးဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

    ဦးမောင်စိုးစိုးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး တောင်ငူမြို့နယ်ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလို့လည်းပြောပါတယ်၊

    “ဦးမောင်မောင်စိုးက လူမှုကွန်ရက်မှာ စိန်ခေါ်သလို စာတွေတင်ဖူးတယ်၊ သတင်းပေးဟုတ်မဟုတ်သေချာမသိဘူး၊ မနက်ပိုင်းက ပစ်သတ်လိုက်တာ ငါးချက်လောက်ထိကြားတယ်၊ ပြီးခဲ့တဲ့ လေးလလောက်ကလည်း သူ့အိမ်က ထမင်းဆိုင် ဗုံးပစ်ခံရသေးတယ်” လို့တောင်ငူဒေသခံတစ်ဦးကပြောပါတယ်။

    ဦးမောင်မောင်စိုး ပစ်သတ် မခံရသေးခင်နံနက် ၄ နာရီခွဲခန့် အချိန်က ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန် ကျေးရွာက Mytel မိုင်တဲလ် တာဝါတိုင် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

    တောင်ငူက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အသတ်ခံရခြင်း နဲ့ Mytel မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင် မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်ကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ မသိရှိရသေးဘူးလို့ လည်းမြို့ခံတွေကပြောပါတယ်။

  4. စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသူတွေထဲ သတင်းမီဒီယာသမားတွေလည်း ပါဝင်လာ

    စစ်ကောင်စီက ဒီနေ့ အောက်တိုဘာလ ၁၈ ရက်မှာ လွတ်ငြိမ်း ခွင့်ပေးလိုက်သူတွေထဲမှာ NLD ပါတီရဲ့ဗဟိုပြန်ကြားရေးအဖွဲ့၀င် စာရေးဆရာ မုံရွာအောင်ရှင် အပါအဝင် သတင်းမီဒီယာသမားတွေ ပါဝင်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ အမှုရုတ်သိမ်းပိတ်သိမ်းပေးလိုက်တဲ့ သတင်းမီဒီယာသမားတွေထဲမှာ မဇ္ဈိမသတင်းဌာနက ဒေါ်သင်းသင်းအောင်နဲ့ ကိုဂျိမ်း၊ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ Kachinwave က ကိုလဂျောင်၊ 74 မီဒီယာက သတင်းထောက် မဆိုင်းနုပန်နဲ့ မချန်၊ ခေတ်ပုံရိပ်သတင်းထောက် ကိုအောင်ခန့်၊ အမိမြေဂျာနယ်က ကိုကျော်မြင့်တို့ပါဝင်တယ်လို့ သိရှိရပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးတဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဆန္ဒပြမှုတွေနဲ့ တရားစွဲဆိုခံရသူ ၄ ထောင်ကျော်နဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရသူ ၁ ထောင်ကျော်ကို စစ်ကောင်စီကအမှုကနေ ကင်းလွတ်ခွင့်၊ ပြစ်ဒဏ်လျှော့ပေါကျခံပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေကို ဒီနေ့ ပေးခဲ့တာဖြစ်ပါတယ်။

    အဲဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အခုသတင်းမီဒီယာသမားတွေပါဝင်လာတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာ သိမ်းပြီးတဲ့နောက် ဖမ်းဆီး ထိန်းသိမ်းခံရသူ သတင်းသမား ၁၀၀ ကျော်အထိရှိပြီး သူတို့ထဲက တဝက်ကျော် ပြန်လွတ်လာပေမဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

  5. စစ်ကောင်စီကအမှုသိမ်းရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေကို သုံးရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိ

    စစ်ကောင်စီကနေ အမှုရုပ်သိမ်းလိုက်တဲ့ ထိန်းသိမ်းခံ အနုပညာရှင်တွေကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ၃ရက်အတွင်း အပြီးလွှတ်ပေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေတွေထံကသိရပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြချက်အရ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပါဝင်သူတွေ မှအပ ဆန္ဒပြဖြစ်စဉ်တွေနဲ့ ဆန့်ကျင်လှုံ့ဆော်မှုတွေမှာပါဝင်ခဲ့လို့ အရေးယူခံထားရသူတွေကို ဖြေလျှော့ပေးလိုက်တယ်လို့ ပါရှိပါတယ်။

    ဆန္ဒပြစဉ်ကပါဝင်ခဲ့ခြင်း၊ လူမှုကွန်ရက်ကို အသုံးပြုပြီး ဆန့်ကျင်လှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က အရ အရေးယူခံထားရတဲ့ အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ရက်မှာလူသိများသူ ၁၀ ဦးကို အရေးယူထားတဲ့ ဥပဒေနဲ့အညီ ပိတ်သိမ်းတယ်လို့ ဆိုပါတယ်။

    အနုပညာရှင်အချို့ရဲ့ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ဒီကနေ့ ကနေ စတင်လွှတ်ပေးဖို့ ပြင်ဆင်နေပြီး ဒီနေ့ အပါအဝင် ၃ရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိတယ်လို့ သိရကြောင်းပြောပါတယ်။ အမှုရုပ်သိမ်းပြီးပြန်လည်လွတ်မြောက်ကြမယ့်အထဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပို တို့အပါအဝင်အခြားထင်ရှားသူအချို့ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘီဘီစီအနေနဲ့ ကတော့ ပြန်လည်လွတ်မြောက်မယ့် အနုပညာရှင်တွေစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒီနေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ၁၃၀၀ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသလို တရားရုံးအသီးသီးမှာအမှုရင်ဆိုင်ဆဲ လူဦးရေ ၃၀၀၀ကျော်ကို လည်း အမှုကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။

  6. အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

  7. အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုကန့်သတ်ချက်နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေး, တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရသူ ၄၀၀၀ကျော်ကို အမှုတွေကနေ ပိတ်သိမ်းပေးမယ်လည်းဆို

    စစ်အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြမှုများမှာပါဝင်ခဲ့ပြီးအကျဉ်းထောင်အသီးသီးမှာပြစ်ဒဏ်ကျခံနေရတဲ့ ထိန်းသိမ်းခံထားရသူ ၁၃၁၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့အောက်တိုဘာ ၁၈ရက်က ပြောတဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။လွတ်ငြိမ်းချမ်းသာခွင့်မှာပါဝင်တဲ့စည်းကမ်းချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဟာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မယ်ဆိုရင်တော့ အဲဒီပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါဆက်လက်ကျခံရမယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး တရားရုံးအသီးသီးမှာတရားစွဲဆိုခြင်းခံထားရပြီး ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုတွေကိုလည်း ပိတ်သိမ်းပေးမယ်လို့ပြောကြားသွား ပါတယ်။ နိုင်ငံတဝန်းကတရားရုံးအသီးသီးမှာ တရားစွဲဆိုအရေးယူခံထားရသူ (၄၃၂၀ ) ဦးကို ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုတွေကနေ ပိတ်သိမ်းပြီး စွပ်စွဲခံထားရသူတွေကို အမှု ကနေလွှတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်တယ်လို့ဆိုပါတယ်။

    ဒီကနေ့ နေ့လယ်ကပြောကြားတဲ့စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းမှာ အခုလို လွတ်ငြိမ်းချမ်းသာခွင့်အပြင် အာဆီယံ နဲ့ အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံလာရေးကိစ္စတွေ ပါ ထည့်သွင်းပြောကြားသွားတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် အခုလို ဖြေလျော့တာတွေလုပ်လာတာလို့သုံးသပ်နေကြပါတယ်။

  8. မန္တလေးလူငယ်သပိတ် အရပ်၀တ်တွေရဲ့ပစ်ခတ်ဖြိုခွင်းခံရ, ဒဏ်ရာရသူနဲ့ဖမ်းဆီးခံရသူ ဆယ်ချီရှိတယ်လို့ သပိတ်မှာပါဝင်သူတွေပြော

    မန္တလေးမြို့မှာ ဒီနေ့ အောက်တိုဘာ ၁၈ မနက်ပိုင်းတုန်းက ပြုလုပ်တဲ့ လူငယ်သပိတ်စစ်ကြောင်းတခုဟာ ပစ်ခတ်ဖြိုခွင်းခံရပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူပေါင်း ဆယ်ချီရှိတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတချို့က ပြောပါတယ်။

    "ကြွေးကြော်သံ သုံးခွန်းအော်ပြီးချိန်မှာ အိမ်စီးကားနဲ့ ဝင်ပြီး တိုက်ဖမ်းတာ။ လူအုပ်ထဲ တိုက်တာ။ ဘေးမှာရပ်ထားတဲ့ ကားတွေပါ တိုက်တာ။ အကုန်ပစ်လဲသွားပြီး ဖမ်းမိတာ။ ဒဏ်ရာရတာတွေ ရှိတယ်။ ပြေးတဲ့လမ်းတွေပါ ပိတ်ဖမ်းတာ။ အဖမ်းခံရတဲ့ထဲမှာ ဒဏ်ရာပြင်းထန်သူလဲ ပါတယ်"လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သလို ကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့တဲ့ လူငယ်တစ်ဦးက သပိတ်ဖြိုခွင်းခံရတဲ့ အခြေနေကို ပြောပါတယ်။

    မဟာအောင်မြေမြို့နယ်၊ ၆၉လမ်း၊ ၃၇x၃၈ လမ်းကြားက သပိတ်စစ်ကြောင်းကို စစ်ကောင်စီဘက်က အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ အိမ်စီးကားတွေကို အသုံးပြု ဖမ်းဆီးတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်က အင်အား ၄၀ကျော်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ လူငယ် (၅)ဦးအထက် ဖမ်းဆီးခံရပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးရှိတယ်လို့ သပိတ်စစ်ကြောင်း ပါဝင်သူတွေက ပြောပါတယ်။

    သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတဲ့နေရာကို လက်ရှိမှာ စစ်ကောင်စီက လမ်းပိတ်ဆို့ စစ်ဆေးတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတာတွေကို နေ့ခင်းသပိတ်၊ ညသပိတ်တွေကို သံဃာတွေ၊ လူငယ်တွေက နေ့စဉ်ပြုလုပ်ကြပါတယ်။

    စစ်ကောင်စီက သပိတ်စစ်ကြောင်းတွေကို အများအားဖြင့် အိမ်စီးကား နဲ့ ဝင်တိုက်တာ ၊ အရပ်ဝတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ပြီး သပိတ်ကို ဖြိုခွဲမှု ပြုလုပ်နေတာဖြစ်ပါတယ်။

  9. နိုင်ငံရေးပိုင်းနဲ့မပတ်သက်သူကိုယ်စားလှယ်ကိုသာ ထိပ်သီးအစည်းအဝေးတက်ခွင့်ပေးမယ့် အာဆီယံဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ NUG ပြော

    အခုလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်ကောင်စီဘက်ကို မတက်ခိုင်းဘဲ နိုင်ငံရေးပိုင်းနဲ့မပတ်သက်သူကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပေးမယ်လို့ အာဆီယံဘက်က ဆုံးဖြတ်ခဲ့တာကို ကြိုဆိုတယ်ဆိုပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ဒီနေ့ အောက်တိုဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားခဲ့တဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အထမြောက်အောင်ဆောင်ရွက်ဖို့ သိသာတဲ့တိုးတက်မှုမရှိဘူး ဆိုတာကို အာဆီယံဘက်က အသိအမှတ်ပြုတဲ့အချက်ကိုလည်း ကြိုဆိုတယ်လို့ NUG က ပြောပါတယ်။

    အထူးသဖြင့် စစ်ကောင်စီဘက်က အာဆီယံအထူးသံကို မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ထိတွေ့ခွင့် ပေးလိုမှုမရှိတာကို NUG က အဓိက ထောက်ပြပြောဆိုပါတယ်။

    ဒါဟာ မြန်မာပြည်သူတွေအတွက် အာဆီယံရဲ့အပြုသဘောဆောင်တဲ့ခြေလှမ်း တစ်ရပ်ဖြစ်တယ်လို့ သိမှတ်တယ်လို့လည်း ဆိုပါတယ်။

    တဖက်မှာလည်း နိုင်ငံရေးအရမပတ်သက်တဲ့ကိုယ်စားလှယ်ရွေးချယ်ရာမှာ စစ်ကောင်စီအရာရှိတွေသာမက သူတို့ရဲ့ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း မဖြစ်ဖို့ အဲဒီကိုယ်စားလှယ်ဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မယ့်သူဖြစ်ဖို့ စတဲ့အချက်တွေကို စဉ်းစားသုံးသပ်ဖို့ NUG က အာဆီယံကို တိုက်တွန်းပါတယ်။

    ါ့အပြင် အာဆီယံဘက်က ကိုယ်စားလှယ်ရွေးချယ်ရေးအပိုင်းမှာ အထောက်အကူဖြစ်စေဖို့ NUG အနေနဲ့ ပူးပေါင်းဖို့ အသင့်လို့လည်း ဆိုပါတယ်။

    • အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အမီ အီရာဝန် ယူဆွဖ် ခရီးစဥ် အထမြောက်လာဖွယ် ရှိလား
    • အထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ပျက်သွားတာမဟုတ်လို့ စစ်ကောင်စီတုံ့ပြန်
  10. ချင်းနဲ့စစ်ကိုင်းမှာ ပြီးခဲ့တဲ့ ၂ လအတွင်း အရပ်သား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ပြော

    ချင်း ၊ စစ်ကိုင်း ဒေသတွေမှာ သြဂုတ် နဲ့ စက်တင်ဘာလ ၂ လ အတွင်း အရပ်သားအယောက် ၁၀၀ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

    အဲဒီဖမ်းဆီးခံရသူတွေထဲ ၂၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ Region of Terror အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံတလွှားမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ရက်က နေ စက်တင်ဘာလအထိ ချင်းပြည်နယ်က ဖမ်းဆီးခံရသူဟာ အယောက် ၆၀၀ကျော်ရှိတယ်လို့ဖော်ပြပါတယ်။

    ချင်း၊ စစ်ကိုင်း နဲ့ မကွေး ဒေသတွေမှာ ပြီးခဲ့တဲ့ ၂ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြောင့် သေဆုံးရသူ ၄၅ယောက်ရှိခဲ့တယ်လို့ပြောပါတယ်။

    မကွေးတိုင်းမှာ အသတ်ခံရသူက ၂၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ ၁၇ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးသံ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ချင်း ၊ စစ်ကိုင်း နဲ့ မကွေးတို့မှာ အိမ်ခြေ အလုံးပေါင်း ၂၀၀ နီးပါး ပျက်ဆီးခဲ့ရပြီး ခရစ်ယာန်ဘုရားကျောင်း ၇ကျောင်းလည်းတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။

    ချင်းပြည်နယ်မှာဆို သင်းအုပ်ဆရာ တစ်ယောက်အသတ်ခံရသလို နောက်ထပ် သင်းအုပ် ဆရာ ၂ယောက်ကတော့ ဖမ်းဆီးခံထားရတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။

  11. ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း- ပို့ကုန်သွင်းကုန်ပုဒ်မ ၈ အမှုနဲ့ စွဲချက်တင်သင့်၊မသင့် နှစ်ဖက်လျှောက်လဲချက်ကြားနာဖို့ရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ကို ဒီကနေ့စစ်ဆေးမှာဖြစ်ပါတယ်။

    အဲဒီအမှုတွေထဲကမှ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှုအတွက် ဒီကနေ့မှာ စွဲချက်တင်ရန် သင့် ၊ မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာဖို့ရှိပါတယ်။

    နှစ်ဖက်လျှောက်လဲချက် ကြားနာတယ်ဆိုတာက တရားလိုဘက်က အပြစ်ရှိကြောင်း တရားသူကြီးထံကို လျှောက်ထားမှာဖြစ်ပြီး ၊ စွပ်စွဲခံရဘက်ကတော့ အပြစ်မရှိကြောင်း သက်သေထွက်ဆိုချက် နဲ့တကွ ပြန်လည်ခုခံချေပမှာဖြစ်ပါတယ်။

    ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှု ဟာ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကနေ ဆက်သွယ်ရေးစကားပြောစက်နဲ့ Jammer တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့ ပုဒ်မဖြစ်ပါတယ်။

    ဒီကနေ့ မှာတော့ရှေ့နေတွေဘက်နေ ဆက်သွယ်ရေးစကားပြောစက်နဲ့ Jammer တွေဟာ လုံခြုံရေး အရာရှိတွေထံကနေ သိမ်းဆည်းရမိတာဖြစ်တဲ့အကြောင်းနဲ့ ပို့ကုန် သွင်းကုန် ဥပဒေ ဆိုတာ နိုင်ငံရပ်ခြားနဲ့ ကုန်သွယ်တဲ့နေရာမှာသာ စွဲဆိုလို့ရတဲ့ပုဒ်မဖြစ်တယ်လို့ တုံ့ပြန်ဖြေရှင်းမှာဖြစ်ပါတယ်။

    အဲဒီပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့အတူ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့လည်းစွဲဆိုခံထားရတာပါ။

  12. ဖမ်းဆီးမှု ပစ်ခတ်မှု အသတ်ခံရမှုတွေ ဆက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း

  13. လှိုင်သာယာက ကျူးကျော်တွေ တစ်ပတ်အတွင်း ဖယ်ရမယ်လို့ စစ်ကောင်စီအမိန့်ထုတ်

    ရန်ကုန်တိုင်း လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရန်ကုန် ပုသိမ် ကားလမ်းဘေးက ကျူးကျော်နေထိုင်တဲ့ အဆောက်အအုံတွေကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး တစ်ပတ်အတွင်း ဖယ်ရမယ်လို့ စစ်ကောင်စီက မနေ့က အောက်တိုဘာလ ၁၆ ရက်နေ့က အသံချဲ့စက်နဲ့ လိုက်လံ အသိပေးနေတဲ့အကြောင်း လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာနေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျူးကျော် အဆောက်အအုံတွေ အပါအဝင် စုပုံထားတဲ့ ပစ္စည်းတွေရှိပါကလည်း အပြီးရှင်းလင်း ဖယ်ရှားရမယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ သူကပြောပါတယ်။

    လှိုင်သာယာမှာ ကျူးကျော်နေထိုင်တဲ့ နေရာအများအပြားရှိသလို စက်မှုဇုန်တွေ အတွင်းမှာလည်း ကျူးကျော်နေထိုင်မှုတွေ ရှိပါတယ်။

    ကျူးကျော်နေထိုင်သူတွေဟာ စက်မှုဇုန်တွေမှာ လာရောက်ပြီး အလုပ်လုပ်နေကြတဲ့ ရွေှ့ပြောင်းလုပ်သားတွေ ပါဝင်သလို လက်လုပ်လက်စားတွေလည်းပါဝင်ကြပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် လှိုင်သာယာမှာ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းလာပြီး စက်ရုံတွေကနေ အလုပ်ပြုတ်တဲ့အလုပ်သမားတွေ သောင်းနဲ့ချီရှိခဲ့ပါတယ်။

  14. ရန်ကုန်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လူငယ်တချို့ ညပိုင်းဆန္ဒပြ

    လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ စစ်အာဏရှင်ဆန့်ကျင်တဲ့ ဆန္ဒပြမှု ညသပိတ်အချို့ ဒီကနေ့ ရှိခဲ့ပါတယ်၊

    ရန်ကုန်က ညသပိတ်စစ်ကြောင်းကို စစ်အာဏာ ရှင်ဆန့်ကျင်နေတဲ့ လူငယ်တွေက အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်၊

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တချို့ဟာ ဖယောင်းတိုင်တွေ မီးတုတ်တွေကိုင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

  15. စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က မြို့အချို့ ဖုန်းလိုင်းတွေ ၁၅ နာရီခန့်ပြတ်

    စစ်ကိုင်းတိုင်း ကလေး၊ ကလေးဝ၊ တမူးနဲ့ ချင်းပြည်နယ် ဟားခါး ၊ထန်တလန်၊ ဖလမ်းနဲ့ တီးတိန် မြို့နယ်တို့မှာ အောကတိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများပြတ်တောက် သွားခဲ့ကြောင်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၁၁ နာရီမှာ တယ်လီနောလိုင်းပြန်ရပြီးနောက် အခြားဆက်သွယ်ရေးကုမ္ပဏီတွေက လိုင်းတွေလည်း ပြန်လည်ရရှိပြီလို့ သူတို့က ပြောပါတယ်၊

    တယ်လီဖုန်းလိုင်းတွေ ဘာကြောင့် ပြတ်သွားတယ်ဆိုတာ မသိရကြောင်းနဲ့ ဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်း ပြတ်တောက်သွားလို့ ပြတ်တာလို့ ဒေသခံတွေကြား ပြောဆိုနေကြကြောင်းလည်း ကလေးမြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်၊

    စက်တင်ဘာ ၁၅ ရက်ကနေ စက်တင်ဘာလ၂၅ ရက်‌နေ့အထိ စစ်ကိုင်းတိုင်းရှိမြို့နယ် ၁၀ ခု နဲ့ မကွေးတိုင်းရှိ မြို့နယ်လေးခုတို့က မိုဘိုင်းအင်တာနက်နဲ့ ဝိုင်ဖိုင်၀န်ဆောင်မှုများ ပြတ်တောက်မှု ကြုံတွေ့ခဲ့ရပြီး စစ်ကိုင်းတိုင်းသုံးမြို့နယ်ဖြစ်တဲ့ ကောလင်း၊ ပင်လည်ဘူးနဲ့ ဝန်းသိုတို့မှာ စက်တင်ဘာ ၂၅ ရက် ကစတင်ပြီး မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်များ ပြတ်တောက်လျက်ရှိနေတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားတဲ့ ဒေသတွ‌ေမှာ မိုဘိုင်းဖုန်း နဲ့ အင်တာနက်တွေ မကြာခဏ ပြတ်လေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

  16. ပုသိမ်မှာ ညမထွက်ရအမိန့် ထပ်တိုး

    ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို အောက်တိုဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၅ ရက်အထိ ထပ်တိုးလိုက်တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပုသိမ်မြို့ အမှတ်(၈)ရပ်ကွက်မှာနေထိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦးဟာ အောက်တိုဘာလ ၁၄ ရက်နေ့ညပိုင်းမှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရအပြီး နောက်တစ်နေ့မှာ ပုသိမ်မြို့နယ်စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

    ပုသိမ်မြို့ခံတစ်ဦးကတော့ အရင် ညမထွက်ရအမိန့်ကို သက်တမ်းတိုးတာဖြစ်ပြီးတော့ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ညမထွက်ရအမိန့်ထုတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။

    အရင်ကလည်း ညမထွက်ရအမိန့်တွေ ၃ လ တစ်ခါ သက်တမ်းတိုး ထုတ်လေ့ရှိပြီးတော့ ပုသိမ်မှာ ကြံခိုင်ရေးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးမှုတွေရှိသလို လုံခြုံရေးတင်းကျပ်မှုတွေရှိတယ်လို့လည်း ဒေသခံကပြောပါတယ်။

    မြို့နယ်စစ်ကောင်စီက ထုတ်ပြန်ချက်အရတော့ ဥပဒေနဲ့မညီညွတ်တဲ့ကိစ္စတွေ မဖြစ်အောင် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်တာလို့ ဆိုပါတယ်။

    ဒီအတောအတွင်းမှာပဲ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ အောက်တိုဘာလ ၁၄ ရက်ညပိုင်းတုန်းက တကောင်းဘုရားအနီးမှာဖြစ်ခဲ့တဲ့ အဲဒီပစ်ခတ်မှုဟာ သူတို့ လက်ချက်ဖြစ်ပြီး စစ်ကောင်စီရဲ့ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်ဆိုပြီး ကြေညာချက်ထုတ်ထားပါတယ်။

  17. ကျောက်တန်းနဲ့ ဖျာပုံမှာ မိုင်တဲလ် Mytel တာဝါတိုင်အချို့ ဖောက်ခွဲဖျက်စီးခံရ

    ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့နဲ့ နဲ့ ဧရာဝတီတိုင်း ဖျာပုံမှာ အောက်တိုဘာလ ၁၇ ရက်နေ့က မိုင်တဲလ်တာဝါတိုင်အချို့ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

    ကျောက်တန်းမြို့နယ် တာပကျေးရွာက မိုင်တဲလ် တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာကတော့ ကျောက်တန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(K -P. D. F) နဲ့ မဟာမိတ်သုံးခွမြို့နယ်(T. Y. F)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့၊ အမှတ်၁၆ ရပ်ကွက် သီရိတံခွန်လမ်း ဘုန်းကြီးကျောင်းဝင်းရှိ မိုင်တဲလ် တာဝါတိုင်ကို အောက်တို ဘာလ ၁၇ ရက်နေ့ မနက် ၁ နာရီခန့်က ဗုံးခွဲဖျက်ဆီးခံလိုက်ရတာလို့လည်း ဖျာပုံဒေသခံတစ်ဦးက ပြောပါတယ်၊

    အဲ့ဒီ ပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေမှာရှိတဲ့ ထရန်စဖော်မာ ၊ ဝိုင်ဖိုင်ပုံး၊ ဝါယာကြိုးများ အပါအဝင် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားကြောင်းလည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်၊

    မြန်မာပြည်အထက်ပိုင်းမှာ စစ်တပ်က ရှယ်ယာပါဝင်တဲ့ မိုင်တဲလ်တာဝါတိုင်တွေ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက အများအပြားဖျက်ဆီးခံခဲ့ရပြီးနောက် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးမှုတွေ ရှိလာခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုရေးဒဏ်ခတ်မှုလုပ်ဖို့ အများအဆုံးတိုက်တွန်း ဆော်သြမှုခံရတဲ့ ကုမ္ပဏီတွေထဲမှာ မိုင်တဲလ် ကုမ္ပဏီဟာ ထိပ်ဆုံးက ပါပါတယ်။

    မိုင်တဲလ်ဟာ မြန်မာနိုင်ငံမှာ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီကြီး ၄ ခုရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်။ မိုင်တဲလ်ကုမ္ပဏီကို ဗီယက်နမ်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဗီယက်တဲလ် ကုမ္ပဏီက ၄၉ ရာနှုန်းပိုင်ဆိုင်ပါတယ်။

    မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုက ၂၈ ရာနှုန်းပိုင်ဆိုင်ပါတယ်။ မြန်မာစစ်တပ်နဲ့နီးစပ်သူ ကုမ္ပဏီ ၁၁ ခုပေါင်းထားတဲ့ မြန်မာနေရှင်နယ်တယ်လီကွန်းဦးပိုင်လီမိတက်က ၂၃ ရာနှုန်းပိုင်ဆိုင်ပါတယ်။

  18. ရန်ကုန်တိုင်းရွှေအသင်းက စက္ကူရွှေ Paper Gold ရောင်းဖို့စီစဥ်

    စက္ကူရွှေ Paper Goldကို ဘဏ်တွေက တစ်ဆင့် ရောင်းချနိုင်ရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနဲ့ ရွှေဘဏ်တို့ ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရဲ့ လူမှုကွန်ရက်မှာ ထုတ်လွှင်တဲ့ ဗီဒီယိုဖိုင်မှာ အသင်းဥက္ကဋ္ဌက အသင်းသားတွေကို အဲ့ဒီလိုလုပ်ကိုင်မယ့် အစီအစဥ်တွေကို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

    နိုင်ငံတကာအဆင့်မီ ရွှေစျေးကွက်တစ်ခု အကောင်အထည်ပေါ်လာအောင်လို့ အခုလိုဘဏ်နဲ့ချိတ်ပြီးရွှေကို ရောင်းဖို့စီစဥ်တာလို့ သူက ပြောခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဘဏ်ကောလာဟာလတွေ ထွက်လာခဲ့တုန်းက ရန်ကုန်တိုင်းရွှေအသင်းကို လာပြီး ရွှေဝယ်သူ ရာနဲ့ချီရှိခဲ့ပြီး စျေးကွက်အတွင်း ကမောက်ကမတွေဖြစ်ခဲ့ကြောင်းလည်း သူကပြောပါတယ်၊

    အခုလို ဘဏ်ကနေ စက္ကူရွှေကို ရောင်းချနိုင်ပါကရွှေကို မြန်မာစနစ်နဲ့ ကမ္ဘာ့စနစ် ပူးတွဲပြီးရောင်းနိုင်ဝယ်နိုင်တဲ့ အခြေအနေဖြစ်လာနိုင်တယ်လို့လည်; သူကပြောပါတယ်။

    ဒီအစီအစဥ်ဟာ ဘဏ်တွေမှာငွေသွင်းပြီး ရွှေပိုင်ဆိုင်ကြောင်း အထောက်အထားထုတ်ပေးတဲ့ အစီအစဥ်ဖြစ်ပြီး ဒီအရောင်းအဝယ်လုပ်မယ့်ဘဏ်တွေအပေါ် ဝယ်သူတွေက အယုံအကြည် ရှိပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

  19. မုံရွာမှာ စစ်ကောင်စီက ရာထူးကနေ နုတ်ထွက်စာတင်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူရဲ့အမွှာအကို အသတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာမြောက်ကျေးရွာမှာ စစ်ကောင်စီက ရာထူးကနေ နုတ်ထွက်စာအကြိမ်ကြိမ်တင်ခိုင်းတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာအစ်ကိုဖြစ်သူတို့ဟာ ဒီနေ့ အောက်တိုဘာလ ၁၇ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

    အုပ်ချုပ်ရေးမှူးကိုညီညီဝင်းဟာ အမွှာအစ်ကိုဖြစ်သူနဲ့အတူ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ လူတစ်စုက သေနတ်နဲ့လာရောက်ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ''ကိုညီညီဝင်းက CDM သဘောမျိုးလုပ်နေလို့ သူ့ကို နုတ်ထွက်ပေးဖို့ စစ်ကောင်စီဘက်က စာတင်ခိုင်းတာ ၃ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ နောက်ဆုံးအကြိမ် နုတ်ထွက်စာတင်ထားတာ။ ဒီနေ့ ညီအကို နှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်နေကြတုန်းမှာ လူတချို့က လာပစ်ခတ်သွားတာ။ အမွှာနှစ်ယောက် အတူထိုင်နေတာဆိုတော့ ဘယ်သူဆိုတာ မခွဲဘဲ ပစ်ခတ်သွားတာ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီနုတ်ထွက်စာတင်ခိုင်းထားတဲ့ ကိုညီညီဝင်းအပြင် အမွှာအစ်ကိုဖြစ်သူကိုပါ သတ်ဖြတ်တဲ့ဒီဖြစ်စဉ်ကို ဘယ်သူကလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒေသခံတွေကတော့ ဒါဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ချင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ယူဆပြောဆိုနေကြပါတယ်။

  20. စစ်ကိုင်းမြို့မှာပရဟိတသမားတချို့ရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေရှိနေတယ် လို့ဒေသခံတွေပြော, ငွေကြေးနဲ့ ပစ္စည်းအချို့ ကိုယူဆောင်သွားတယ်လို့ဆို

    စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပရဟိတသမားတချို့ရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေဖမ်းဆီးတာ ငွေကြေးယူဆောင်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၆ရက် ည ၈နာရီနောက်ပိုင်းမှာ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေး (SERT) ပရဟိတ အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရှိုင်းကို ကို ဖမ်းဆီးဖို့ သူ့ရဲ့နေအိမ်ကို စစ်ကောင်စီက အင်အား ၃၀ ဝန်းကျင်နဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။ အဲဒီမှာ ကိုရှိုင်းကို ကိုမတွေ့လို့နေအိမ်က ငွေကြေး ဆယ်သိန်းကျော်နဲ့ ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားတယ်လို့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ ကိုရှိုင်းကိုက ပြောပါတယ်။

    "လိုချင်ရာရှာတာ။ မတွေ့တွေ့တာ ယူသွားကြတာ။ အဓိကအကြောင်းရင်းက ဘာလို့ဖမ်းလဲ ကို မသိတာ။ အဖွဲ့ထဲက ပရဟိတသမားတွေကို လိုက်ဖမ်းတာ ကျွန်တော်အပါဝင် သုံးယောက်ရှိပြီ။ အရင်ခေါင်းဆောင်ကို CDM ထောက်ပံ့တယ်ဆိုပြီးလိုက်ဖမ်းတာ။ ကျွန်တော်တို့က ဘာမှမလုပ်ဘူး။ ပရဟိတနဲ့ ကယ်ဆယ်ရေး ဒါပဲလုပ်တာ" လို့ အရေးပေါ်ကယ်ဆယ်ရေး (SERT) ပရဟိတ အဖွဲ့ရဲ့ ကိုရှိုင်းကိုက ပြောပါတယ်။

    ထွက်ပြေးသူတွေ အဖမ်းမခံရင် အိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း နီးစပ်တဲ့ တကောင်းရပ်ကွက် ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပရဟိတ လူမှုကူညီရေးအသင်းက လူတချို့ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေလို့ တိမ်းရှောင်နေရသူ ငါးဦးထိ ရှိနေပြီလို့ လူငယ်ပရဟတိသမား တစ်ဦးက ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စစ်ကောင်စီကို မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလ ၉ရက်ကလည်း စစ်ကိုင်းမြို့နယ်ထဲက ပါယ်ငါးဆယ်ရွာရဲ့ နေအိမ် တစ်အိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။ ရှာနေသူကို မတွေ့လို့ နေအိမ်ကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီရှာဖွေခံရတဲ့ နေအိမ်က နှလုံးရောဂါအခံရှိတဲ့ သက်ကြီးအမျိုးသမီးတစ်ဦးဟာလည်း စိတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။