ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကယားမှာ စစ်ကောင်စီတပ်ကြောင့် အိမ်ခြေရာချီပျက်စီးတယ်လို့ ကရင်နီလူမှုအဖွဲ့တွေ ပြော

    ကယား(ကရင်)နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် မြို့နယ်သုံးခုမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့ပြီးဖြစ်တယ်လို့ ကရင်နီလူမှုအဖွဲ့တွေက ပြောလာပါတယ်။

    အရပ်သားအိမ်တွေ ပျက်စီးမှုဖြစ်တဲ့ မြို့နယ်တွေဟာ လွိုင်ကော်၊ ဒီမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တွေဖြစ်တယ် လို့လည်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ရဲ့ နှစ်ပတ်တစ်ကြိမ်အခြေအနေတင်ပြချက် ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

    ဒီမြို့နယ်ထဲတွေမှာ အဆောက်အအုံအများဆုံးပျက်စီးတာ ဒီးမော့ဆိုမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ တော့ လွိုင်ကော်မြို့နယ်ထဲမှာ နေအိမ် ၃၃ လုံးအထိ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း ပျက်စီးခဲ့တဲ့နေအိမ်တွေထဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကယားပြည်နယ်ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  2. ပြည်တက္ကသိုလ်ဘေးက Mytel တာဝါတိုင်ကို မြေအောက်ပျောက်ကျားတပ်ဖွဲ့ဖောက်ခွဲ

    ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ နဝင်းရပ်ကွက်အတွင်းက ပြည်တက္ကသိုလ်ဘေးမှာရှိတဲ့ Mytel တာဝါတိုင်ကို ပြည်မြို့မြေ အောက်ပျောက်ကျားတပ်ဖွဲ့(PUGF) က ဒီကနေ့ အောက်တိုဘာ လ ၁၃ ရက်နေ့မနက်ပိုင်းမှာဗုံးခွဲဖျက်ဆီးခဲ့တယ်လို့အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ''Mytel တာဝါတိုင်ဖောက်ခွဲမှုနဲ့ပတ်သက်ရင် ဒါ PUGFရဲ့ ပထမဆုံးလုပ်ဆောင်ချက်ပါ။ အခုတာဝါတိုင်ကိုလည်း သူတို့တွေ CCTV ၂လုံးတပ်ထားတယ်။ အစောင့်လည်းထားထားပုံပဲ၊သောက်လက်စ ဖန်ခွက်နဲ့ထိုင်ခုံတွေတွေ့တယ်။ ကျွန်တော်တို့ကတော့ဆက်ပြီးလည်း စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမှာပါ''လို့ PUGF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ပြည်မြို့မှာရှိတဲ့ မြို့တော်ခန်းမအနီးကပန်းခြံကိုဖောက်ခွဲမှုတစ်ခုလုပ်ခဲ့ပြီး ရဲတပ်သား ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်မြို့ဒေသကာကွယ်ရေးတပ် PUGF အဖွဲ့ကဆက်ပြောပါတယ်။

    ဒီဖောက်ခွဲမှုအခြေအနေကြောင့် ပြည်မြို့တွင်းက နေရာတချို့မှာ စစ်ကောင်စီတပ်တွေကဆိုင်ကယ်၊ ကားတွေကို တင်းကျပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

  3. ပြည်တွင်းက လူ ၃ သန်းကို ကူညီဖို့ အလှူငွေရရှိမှု စိုးရိမ်စရာကောင်းလောက်အောင် နည်းပါးနေ

    မြန်မာပြည်တွင်းက အမျိုးသမီးနဲ့ကလေးတွေအပါအဝင် လူပေါင်း ၃ သန်းနီးပါးရဲ့လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ဖို့ လျာထားတဲ့ရန်ပုံငွေပမာဏနဲ့ ရရှိတဲ့အလှူငွေ ချိန်ဆရင် အလှူငွေရရှိမှု နည်းပါးနေသေးတာကြောင့် ဒီအပေါ် အတော်လေးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောလာပါတယ်။

    ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ပြည်တွင်းမှာရှိတဲ့ကုလအဖွဲ့ရဲ့ပြောပြချက်ကို အောက်တိုဘာလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူသားချင်းစာနာမှုတုံ့ပြန်ရေးနဲ့ ယာယီအရေးပေါ်ကူညီမှုအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၃၈၅ သန်းလိုအပ်နေပေမဲ့ အဲဒီငွေကြေးပမာဏ တစ်ဝက်တောင်မပြည့်ဘဲ ဒီအစီအစဉ်ကို အောက်တိုဘာလ ၁၁ ရက်မှာ စတင်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

    မြန်မာပြည်သူတွေခံစားနေရတဲ့အခက်အခဲကို ကြည့်မနေဘဲ အလှူငွေပြည့်မီအောင်ထည့်ဝင်ကြဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို ပြည်တွင်းမှာရှိတဲ့ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းတောင်းဆိုနေပါတယ်။

    လူသားချင်းစာနာထောက်ထားမှုအကူအညီ မိတ်ဖက်တွေနဲ့အတူ မြန်မာပြည်သူတွေရဲ့လိုအပ်ချက်ကို တတ်နိုင်သမျှ ဆက်ကြိုးစားမယ်လို့လည်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောထားပါတယ်။

  4. မြန်မာ ခရီးစဥ် ဖြစ်မြောက်ဖို့ အာဆီယံ အထူးသံနဲ့ စစ်ကောင်စီပေါ် ကိုယ်စီ ဖိအားတွေ ရှိနေ

  5. မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်ဖွင့်

    ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် ရပ်နားထားခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မှာပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်က ကုန်သည်တွေက တစ်ဆင့် သိရပါတယ်။

    နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်ဖွင့်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းမှုတွေပြုလုပ်နေကြတဲ့ ကုန်သွယ်ရေးစခန်းနှစ်ခု ကို ဇူလိုင် ၁၅ ရက်ကနေစပိတ်ခဲ့တာဖြစ်ပါတယ်။

    အခုနှစ် တတိယလှိုင်းမစတင်ခင် ပြီးခဲ့တဲ့ မေလအတွင်းက စတင်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ကုန်စည်ပို့ဆောင်ရေးသင်္ဘောတွေက ရေယာဉ်လုပ်သားတွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ သင်္ဘောသား ၁၀၀ ဦးဝန်းကျင်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

    ပြီးခဲတဲ့ စက်တင်ဘာလ ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီးတော့ စစ်ကောင်စီကို တင်ပြထားတယ်လို့ ပြည်နယ်ကောင်စီဘက် က သိရပါတယ်။

  6. စစ်ကိုင်းကို ဘုရားဖူး‌‌တွေ အလာများ

    စစ်ကိုင်းမြို့မှာ ဒီရက်ပိုင်းအတွင်း ဘုရားဖူး ခရီးသွားဧည့်သည်တွေ အလာများနေတယ်လို့ စစ်ကိုင်းက ဘုရားဂေါပကအဖွဲ့တွေက ပြောပါတယ်။

    "ဒီရက်ပိုင်း ဘုရားဖူးဧည့်သည်တွေ များလာတာ တွေ့ရတယ်။ တောင်ပေါ်ဘုရားတောင် ရာဂဏာန်းလောက် လာတယ်။ ထူးခြားမှုတခုက မဟာဗောဓိမြိုင် ဆရာတော်ကြီးကို ဖူးရင်းနဲ့ စစ်ကိုင်းဘုရားတွေကို ဝင်ကြတာ။ အချိန်မမီမှာစိုးလို့ စစ်ကိုင်း တည်းခိုခန်းတွေမှာလည်း တည်းတာ တွေ့ရတယ်။ ဘုရားတွေမှာလည်း တည်းတာ၊ ပြုတာရှိတယ်"လို့ စစ်ကိုင်း ပုညရှင်ဘုရား ဂေါပကအဖွဲ့က ပြောပါတယ်။

    လက်ရှိမှာ စစ်ကိုင်းမြို့က အထင်ကရ ဘုရားစေတီတွေမှာ ခရီးသွားဧည့်သည်တွေက အဖွဲ့လိုက် အလာများနေပြီး အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်ခိုင်းထားတယ်လို့ ဂေါပကအဖွဲ့က ဆက်ပြောပါတယ်။

    စစ်ကိုင်းမြို့က အထင်ကရ ဘုရားတွေဟာ ဝါတွင်းကာလနဲ့ သီတင်းကျွတ်လပြည့်နေ့အထိ ဥပုသ်နေ့တွေမှာ ဆွမ်းတော်ကြီးပွဲ နဲ့ ဘုရားပွဲတော်ကို နှစ်စဉ် ကျင်းပကြပါတယ်။

    ဒီနှစ်မှာတော့ ဘုရားဖူးတွေ အလာများပေမဲ့ သီတင်းကျွတ်လပြည့်နေ့တိုင်းပြုလုပ်နေကျ ကောင်းမှုတော်ဘုရားအရုဏ်တော်ဝတ်အသင်းနဲ့ လှည့်လည်ပူဇော်တာတွေကိုတော့ မလုပ်ဖြစ်ဘူးလို့ဂေါပကအဖွဲ့ကဆိုပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကစလို့ စစ်ကိုင်းမြို့အတွင်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေကလည်း ပြည်သူတွေ အသွားအလာအနည်းဆုံးဖြစ်အောင် ဆင်ခြင်ကြဖို့သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

  7. ရွှေစျေး ၁၈ သိန်းနားအထိ ကျလာပြီး တစ်ဒေါ်လာ ၂၀၀၀ ကျပ်အောက်ပြန်ရောက်လာ

    ရန်ကုန်က ‌ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ အခုရက်ပိုင်းပြန်ကျလာခဲ့ပြီး ရွှေစျေးဟာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၈ သိန်းကျပ်ခန့် ပြန်ရောက်လာပြီး တစ်‌ဒေါ်လာကို ၁၉၀၀ ဝန်းကျင်ရောက်လာကြောင်း ရန်ကုန်စျေးကွက် အတွင်းကသိရပါတယ်။

    ရန်ကုန် ‌ရွှေစျေးက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၈ သိန်း တစ်သောင်းကျော်နဲ့ ဒီကနေ့ စျေးပိတ်သွားခဲ့တယ်လို့ လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    ရန်ကုန်က ငွေလဲကောင်တာ အချို့မှာ ဒီကနေ့ အမေရိကန်တစ်ဒေါ်လာကို သူတို့ဆီကဝယ်ရင် ၂၀၀၀ ကျပ်ကျော်နဲ့ စျေးပေါက်နေပေမယ့် ကောင်တာတွေကို ပြန်ရောင်းရင်တော့ ၁၉၅၀ ကျပ် ဝန်းကျင်နဲ့ ဝယ်တာတွေ့ရပါတယ်။

    ဒီကနေ့ အ‌ရောင်းအဝယ်လုပ်တဲ့ အခါဒေါ်လာစျေးကို ၁၉၀၀ ဝန်းကျင်ခန့်နဲ့ ခန့်မှန်းပြီး ‌‌ငွေချေခဲ့ရတယ်လို့

    ရန်ကုန်က ကုန်စုံဆိုင် လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

    ဒါအပြင် ဗဟိုဘဏ်က ဂျပန်ယန်းငွေ နဲ့ တရုတ်ယွမ်ငွေကိုပါ ငွေလဲကောင်တာတွေမှာတရားဝင်ရောင်းချခွင့်ပြုကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ဗဟိုဘဏ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ရန်ကုန်မှာ ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး စျေးတွေ ချက်ချင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။

  8. စစ်တပ်အရာရှိကြီး နှစ်ဦးရုံးထဲ ဝင်လာပြီး နုတ်ထွက်ခိုင်း - သမ္မတ ဦးဝင်းမြင့်

  9. ဖရူဆိုမှာ တိုက်ပွဲတွေဖြစ်

    ကယားပြည်နယ် ဖရူဆို မြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေ အခုရက်ပိုင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း KNDFဖရူဆို ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ထားလဲရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြီးခဲ့တဲ့ ၃ ရက်လောက် ကတည်းက ရက်ဆက်တိုက်ပွဲတွေဖြစ်နေတာလို့ လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

    ကယားပြည်နယ် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားထုတ်ပြန်တာမရှိသေးပါဘူး။

    KNDF ဘက်ကတော့ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေရှိတယ်လို့ ပြောပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    တိုက်ပွဲ ၃ ရက်ဆက်တိုက် ဖြစ်ပွားပြီးနောက် ကျေးရွာ (၅)ရွာ ကလူဦးရေ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲက ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီကား ၁ စီး ပျက်စီးပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

  10. မြန်မာပြည်တွင်းစစ်နဲ့ ယှဉ်တွဲ ပေါ်ပေါက်လာတဲ့ မူးယစ်ဆေး ပြဿနာ

    မြန်မာပြည်ထဲ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ လူတွေ အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင် နေရချိန်မှာ၊ မူးယစ်ဆေး ကုန်သွယ်မှု ပြဿနာလည်း ကြီးထွားလာတာ တွေ့ရတယ်လို့ မီဇိုရမ် အာဏာပိုင်တွေက ပြောနေပါတယ်။

    မြန်မာဘက်ခြမ်းမှာ စစ်ရေး ပဋိပက္ခတွေ အပေါ် အဓိက အာရုံစိုက် နေတာကြောင့် နယ်စပ်အဝင် အထွက်တွေ အပါအဝင် မူးယစ်မှောင်ခို လမ်းကြောင်းတွေ အပေါ် ထိန်းချုပ် ကိုင်တွင်မှု မရှိ ဖြစ်နေတယ်လို့လည်း မီဇိုရမ် ပြည်နယ် အခွန်နဲ့ မူးယစ်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

    အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာကြား မိုင် ၂၅၀ ကျော် နယ်စပ်ခြင်း ထိစပ်နေပြီး၊ တရားမဝင် ဝင်ပေါက် ထွက်ပေါက် နေရာတွေ အများအပြား ရှိနိုင်တယ်လို့ ဆိုပါတယ်။

    အခုဆိုရင် မီဇိုရမ်ဘက်မှာ ဘိန်းဖြူစျေး သိသိသာသာ ထိုးဆင်းသွားပြီး၊ အရင် ကိုဗစ် အဆိုးအရွားဆုံး အချိန် နယ်စပ်တွေ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့စဥ် တုန်းက ၁၃ ဂရမ် အလေးချိန် တစ်ထုတ်ကို ရူပီး ၈ သောင်း (ဒေါ်လာ တစ်ထောင်စွန်းစွန်း) အထိ စျေးပေါက်ခဲ့ရာက အခု ရူပီး ၃ သောင်း လောက်အထိ ခေါက်ချိုးမက စျေးကျ သွားတယ်လို့ မီဇိုရမ်မြို့တော် အိုင်ဇောမှာ ရှိတဲ့ မူးယစ် အရာရှိတွေက ဆိုပါတယ်။

    မီဇိုရမ်ဟာ မူးယစ်မှောင်ခိုမှု ဖြတ်သန်းသွားရာ အဓိက လမ်းကြောင်း အဖြစ် ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ပြည်နယ် တာဝန်ရှိသူတွေက ဝန်ခံကြပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ၊ အာသံနဲ့ တြီပူရ တို့ကို ဖြတ်ပြီး အနောက်နိုင်ငံတွေ အထိ ဘိန်းဖြူ နဲ့ မက်သာဖက်တမင်း စိတ်ကြွရူးသွပ် ဆေးပြားတို့လို မူးယစ်ဆေးတွေ ဝင်နေတဲ့ လမ်းကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

  11. နွားထိုးကြီးတရားရုံးရှေ့ ပေါက်ကွဲမှုဖြစ် ၊ရဲ ၂ ဦး ဒဏ်ရာရ

  12. မင်းတပ်မှာ ဆန်ပြတ်လို့ ပြောင်းဖူးစားနေရ၊ ကလေးငယ်အချို့သေဆုံးမှုရှိ

    မင်းတပ်မြို့ကစစ်ရှောင်တွေ ဆန်ပြတ်လို့ ပြောင်းဖူးစားနေရကာ အာဟာရချို့တဲ့ပြီး သေဆုံးမှုတွေရှိနေကြောင်း မင်းတပ်မြို့စစ်ဘေးရှောင်စီမံခန့်ခွဲမူကော်မတီက ကိုလောရင်က ဘီဘီစီကို ပြောပါတယ်။

    မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလလလယ် အောက်တိုဘာလကုန်လောက်က စပြီးတော့ ဆန်ပြတ်လာတာဖြစ်ပြီး ငွေရှိရင်တောင်ဝယ်မရဖြစ်နိုင်ကြောင်းလည်း သူကပြောပါတယ်။

    လွန်ခဲ့တဲ့ တစ်ပတ်က ဆန်မရှိလို့ ပြောင်းဖူးစားနေတဲ့ စစ်ရှောင်မိသားစုတစ်စုက ကလေးငယ်တစ်ဦး ရောဂါမသိရဘဲ သေဆုံးသွားခဲ့ပြီး အသက်ကြီးပိုင်းအချို့လည်း အာဟာရ ပြတ်လို့ သေဆုံးမှုတွေရှိတယ်လို့ သူကပြောပါတယ်။

    အလားတူ သေဆုံးမူ ၃ ခု အခုရက်ပိုင်း သူတွေ့မြင်ခဲ့ရတာရှိတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

    မင်းတပ်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ဘေး‌ရှောင်နေကြတဲ့ ဒုက္ခသည် တစ်သောင်းခွဲကျော်ရှိပြီးတော့ စစ်ရှောင်တွေဟာ မင်းတပ်ကို ဝင်လာတဲ့ ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ခံရလို့ စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေတာလို့ ပြောပါတယ်။

    မင်းတပ်မြို့နယ်အတွင်းက တောင်ယာထဲမှာ မြို့ပေါ်က တိုက်ပွဲရှောင်ထွက်ပြေးလာသူ တစ်သောင်းကျော်နဲ့ ကျေးရွာနေဒေသခံ နှစ်သောင်းခွဲခန့်ဟာ စစ်ဘေးရှောင်နေရပြီး အင်တာနက်လိုင်းများပြတ်တောက်နေတာကလည်း တစ်လခန့်ရှိပြီဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

    "အဓိကက ရိက္ခာသယ်ယူတဲ့လမ်းကြောင်းကို ပိတ်ဆို့နေရာယူထားတော့ ရိက္ခာသယ်လို့မရဘူး။ စုဆောင်းထားတဲ့ ဆန်တွေကလည်း ကုန်သလောက်ဖြစ်နေပြီ။ လမ်းကြောင်းတွေပိတ်ထားတော့ ယောနယ်ကနေ ဆန်တွေဝယ်ရတယ်။ ယောနယ်မှာ ဆန်ဈေးတွေတက်ပြီး ဝယ်မရဖြစ်သွားတယ်။ ပခုက္ကူကဝယ်တဲ့ ဆန်တွေလည်း ဖမ်းတယ်" လို့မင်းတပ်မြို့ခံတစ်ဦးကပြောပါတယ်။

    စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး မင်းတပ်မှာ အင်တာနက်ဖြတ်ထားတဲ့ အတွက် အာဟာရ ချို့တဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတိအကျ ပြောဖို့အခက်အခဲရှိနေကြောင်းနဲ့ စစ်ရှောင်စီမံခန့်ခွဲမှုကော်မတီ အနေနဲ့ စာရင်းပြုစုဖို့ရှိတယ်လို့လည်း ကိုလောရင့်ကပြောပါတယ်။

    ပြီးခဲ့တဲ့‌ အောက်တိုဘာလဆန်းက မင်းတပ်မြို့အတွင်းပစ်ခတ်မှုတွေရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း နဲ့ မြို့ပေါ်မှာ မနေရဲလို့ ကျေးရွာတွေမှာ ပြောင်းရွှေ့နေသူတွေရှိပြီး မကွေးတိုင်း ကျောက်ထုကနေ မင်းတပ်အဝင်လမ်းမှာ ဆန် နဲ့ဆေးတွေ သယ်လာရင် ဖမ်းဆီးမှုတွေရှိတယ်လို့လည်း သူကပြောပါတယ်။

  13. အသေခံမယ် နုတ်ထွက်မပေးဘူးလို့ဦးဝင်းမြင့်ပြောခဲ့ကြောင်း ထွက်ဆို, ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

    ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုတွေရင်ဆိုင်နေရတဲ့ သမ္မတ ဦးဝင်းမြင့်က အာဏာသိမ်းတဲ့နေ့ မနက်မှာ ကျန်းမာရေးအကြောင်းပြကာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တပ်ဘက်က သူ့ကိုလာပြောသလို နုတ်မထွက်ပေးရင် ပုဂ္ဂိုလ်ရေး ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပြီး ပြောခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက် တရားခွင် ပထမဆုံးသက်သေထွက်ဆိုချက်မှာ ထွက်ဆိုသွားတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။

    မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ တစ်မှုတည်း စွပ်စွဲခံရထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုအတွက် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုချိန်မှာ ဦးဝင်းမြင့်က အခုလိုပြောခဲ့တာဆိုပြီး ရှေ့နေအဖွဲ့က တရားရုံးအပြီးမှာပြောပါတယ်။

    ''ဦးဝင်းမြင့်ရဲ့အဓိက ထွက်ဆိုချက်ထဲမှာ ၁.၂. ၂၀၂၁ နေ့ နံနက် ၅ နာရီအချိန် လာရောက်ဖမ်းဆီးစဉ်တဲ့။ ဦးဝင်းမြင့်ရဲ့အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလားမသိဘူး။ ၂ ဦးဝင်လာတယ်တဲ့။ ကျန်းမာရေးကိုအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ အဲဒီတော့ သမ္မတကြီးကနေ သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက်ကြောင့် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်လို့ဆိုပြီး သူ့ကို ပြောတယ်တဲ့။ အဲဒီတော့ ဦးဝင်းမြင့်ကလည်း နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး အသေပဲ ခံလိုက်မယ်ဆိုတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့။ ဦးဝင်းမြင့်က နောက်တစ်ခါ ထပ်ပြီးတော့ ခင်ဗျားတို့ ဥပဒေနဲ့အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ပါဘူးလို့ ပြောတယ်တဲ့။'' လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အပေါ် စွဲဆိုတာလည်းဖြစ်ပါတယ်။

    အဲ့ဒီထုတ်ပြန်ချက်ထဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပါဝင်ပါတယ်။

    ဒါပေမဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းမှာ အမည်ပါရုံနဲ့ စွဲဆိုထားတဲ့အမှုကို ကျူးလွန်တယ်လို့ စွပ်စွဲပြောဆိုတာဟာ စွပ်စွဲပြောဆိုတာဟာ ယုတ္တိမရှိတဲ့၊ အခြေအမြစ်လည်း မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ပြောသွားတယ်လို့လည်း ရှေ့နေအဖွဲ့ကပြောပါတယ်။

    ဒါ့ကြောင့် ဒီနေ့ရုံးချိန်းမှာ ဘာကြောင့် ဒီအမှု စွဲတယ်ဆိုတာကို ရှင်းလင်းပြောကြားချက်မှာတော့ ဦးဝင်းမြင့်က သူ့ကို ဖမ်းဖမ်းချင်းမှာ သူ့အိမ်ကိုရောက်လာပြီးတော့ ရာထူးထွက်ပေးဖို့ပြောဆိုတယ်ဆိုတဲ့အကြောင်း ရုံးမှာ ပေါ်ပေါက်တဲ့အချက် တစ်ချက်ဖြစ်ခဲ့တယ်လို့ ရှေ့နေအဖွဲ့က ပြောထားပါတယ်။

  14. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။