ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လက်ရှိမြန်မာ့အခြေအနေဟာ ရှိရင်းစွဲတိုးတက်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ ကုလပြော

    လက်ရှိ မြန်မာနိုင်ငံဟာ တစ်ခုထက်မကတဲ့အကျပ်အတည်းတွေကို ရင်ဆိုင်နေရပြီး ဒီအခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းရထားတဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုးတက်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးက ဒီနေ့ အောက်တိုဘာလ ၂၄ ရက်မှာ ပြောလာပါတယ်။

    ၇၆ နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့ သဝဏ်လွှာမှာ ကုလယာယီဌာနေညှိနှိုင်းရေးဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ramanathan Balakrishnan က အခုလိုပြောလာတာပါ။

    တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေအဖွဲ့အစည်းတွေဟာ နိုင်ငံထဲမှာ အခြေစိုက်တဲ့ အေဂျင်စီတွေ၊ ရန်ပုံငွေတွေ၊ အစီအစဉ်တွေအဲ့အတူ ပြည်တွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်း သွားမယ်လို့လည်း သူကပြောပါတယ်။

  2. မုံရွာမြို့တော်ခန်းမအနီးနဲ့ သူနာပြုသင်တန်းကျောင်းမှာပေါက်ကွဲမှုဖြစ်, ကလေး ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြို့တော်ခန်းမအနီးနဲ့ သူနာပြုသင်တန်းကျောင်းတို့မှာ ဒီနေ့ အောက်တိုဘာလ ၂၄ ရက် မနက်မှာ ပေါက်ကွဲမှုတွေတစ်ပြိုင်နက်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    သူနာပြုကျောင်းမှာ ပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ကြီးနေအိမ် ၅ ထပ်ဆောင်နဲ့ အုပ်ချုပ်ရေးဆောင်တို့ ထိခိုက်ပျက်စီးပြီး ကျောင်းနံရံပြိုကျမှုဖြစ်ခဲ့သလို ပေါက်ကွဲချိန်အနီးနားလမ်းပေါ်က ကလေး ၂ ဦး သေဆုံးခဲ့တယ်လို သိရပါတယ်။

    သေဆုံးခဲ့တဲ့ကလေးငယ်တွေဟာ အနီးနားမှာ တောင်းရမ်းစားသောက်နေသူတွေလို့ မြို့ခံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေပေမဲ့ ဘီဘီစီက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    မြို့တော်ခန်းမအနီးမှာပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်တွေက မျက်နှာချင်းဆိုင်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝန်းထဲကို ဝင်ရောက်ပြီး အမျိုးသားတချို့ကို ဖမ်းဆီးခေါ်သွားတယ်လို့လည်း သိရပါတယ်။

    လက်ရှိအချိန်အထိတော့ မုံရွာမြို့ထဲ ဒီနေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။

    မုံရွာက ပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံးမှုဟာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပြီး အခုလလယ်ပိုင်းတုန်းကလည်း မုံရွာမြို့လယ် မီးပွိုင့်နားက အမှိုက်ကန်မှာ ဖြစ်တဲ့ပေါက်ကွဲမှုကြောင့် အမှိုက်သိမ်းတဲ့စည်ပင်နေ့စာဝန်ထမ်းလူငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။

  3. မန္တလေးမြို့ ၊ မြရည်နန္ဒာအိမ်ရာဝန်းကို အဝင်အထွက်ပိတ်ဆို့ စစ်ဆေးနေ

    မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာ အိမ်ရာကို အဝင်အထွက်ပိတ်ဆို့ပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးနေတယ်လို့ အဲဒီအတွင်းနေထိုင်သူအချို့ကပြောပါတယ်။

    မနက် ၉နာရီကျော်ကတည်း အိမ်ရာတစ်ခုလုံးကိုပိတ်ဆို့စစ်ဆေးနေတာဖြစ်ပြီး လက်ရှိအချိန်အထိ အခန်းတိုင်းနီးပါးကိုဝင်ရောက်စစ်ဆေးနေတယ်လို့ ဖြေကြားသူအများစုကပြောပါတယ်။

    မနေ့က အောက်တိုဘာ ၂၃ရက်က ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအားကစားကွင်းဝင်ပေါက်အနီး စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာမှာ ဗုံးပေါက်ကွဲပြီးနောက် အခုလို အိမ်ရာတစ်ခုလုံးကိုစစ်ဆေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

    ''အိမ်ရာထဲကို သွားလာလို့ရတယ်။ အပြင်ကိုပေးမထွက်ဘူး။အဝင်အထွက်အကုန်ပိတ်ထားတယ်။ ညနေအထိအပြီးစစ်မယ်ပြောတယ်။ တစ်ခန်းမကျန်အကုန်စစ်မယ်လို့လည်းပြောတာကြားတယ် ''အိမ်ရာဝန်းအတွင်း နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    မနေ့က မြရည်နန္ဒာအာကစားကွင်းဝင်ပေါက်ဂိတ်ကပေါက်ကွဲမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

  4. မိုးဗြဲမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်, အရပ်သားတစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

    ကယားပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဘက်က ဒီကနေ့ အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းကစလို့ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် အရပ်သား ၁ ဦး လက်နက်ထိမှန် သေဆုံးခဲ့ပြီး နောက်တစ်ဦးလည်း ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ပစ်ခတ်မှုတွေဟာ ဒီနေ့ မနက်ပိုင်းကတည်းက စတင်တာဖြစ်ပြီး ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့ မနက် ၁၁ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၂ ဦးလည်းပါဝင်ပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

    တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကတော့ လက်ရှိမှာ ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီတပ်တွေက ဖယ်ခုံဘက်ကနေ ထိုးစစ်ဆင်လာသလို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ခုခံဖို့ ရှိနေလို့ မြို့ခံတွေအနေနဲ့ မြို့တွင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ ပြောနေပါတယ်။

  5. သာကေတတွင် စစ်ကောင်စီသတင်းပေးဟုစွပ်စွဲခံရသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်တိုင်း သာကေတမြိုနယ်မှာ စစ်ကောင်စီသတင်းပေးဟုစွပ်စွဲခံရသူ အမျိုးသားတစ်ဦးဟာ ဒီနေ့ အောက်တိုဘာလ ၂၄ ရက်မနက်ပိုင်းမှာ သေနတ်နဲ့အပစ်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့သူအမျိုးသားဟာ ၂ မြောက်ရပ်ကွက်၊ အနော်မာ ၂၁ လမ်းမှာနေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ကိုသိန်းထိုက်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

    '' ဒီနေ့မနက် ၈ နာရီလောက်မှာ ၂၁ လမ်းက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကနေ အထွက်မှာ အပစ်ခံလိုက်ရတာ။ သူကတော့ ခေါင်းထိပြီး သေဆုံးတယ်။ နောက် အနီးနားက အမျိုးသားတစ်ယောက်လည်း သေနတ် ၂ ချက်ထိပြီး ဒဏ်ရာရသွားတယ်။''လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့လည်ပိုင်းကလည်း သာကေတ၊ အမက(၃)ကျောင်းအနီးနားမှာ အသံဗုံးပေါက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    သာကေတမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မာန်ပြေလမ်း ၂၀ ထဲက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးတဲ့ဖြစ်စဉ်လည်း ရှိထားပါတယ်။

  6. ဘီးလင်းမြို့နယ် NlD ပါတီ ရုံးဖောက်ခွဲဖျက်ဆီးခံရတယ်လို့ဒေသခံပြော

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက် မှာရှိတဲ့ ဘီးလင်း မြို့နယ် NlD ပါတီရုံးအတွင်း အောက်တိုဘာလ ၂၄ ရက် မနက် ၁နာရီကျော်အချိန်က ပေါက်ကွဲသံကြားရပြီး ရုံးတစ်ခုလုံးပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပေါက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ''လူထိခိုက်တာမရှိဘဲ ရုံးတစ်ခုလုံးပျက်စီးသွားရတယ်ဆိုတော့ လာဖောက်ခွဲတာလို့ပြောလို့ရတာပေါ့။ ဒီရုံးကသူတို့ပါတီကလူတွေလည်းအဝင်အထွက်လည်းမရှိတော့ဘူးလေ '' လို့ ဒေသခံတစ်ဦးကသူတွေ့ရှိတာကိုပြောပြပါတယ်။

    အလားတူ ကျိုက်ထို NLD ရုံးလည်း မနေ့က ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။

    အခုပေါက်ကွဲမှုဖြစ်ပြီးပျက်စီးခဲ့တဲ့ ရုံးတွေဟာလူဝင်ထွက်မှုမရှိဘဲ ပိတ်ထားတဲ့ရုံးတွေလို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ရက်တွေမှာလည်း တနင်္သာရီတိုင်း၊ မြိတ်နဲ့ ထားဝယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးအချို့ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။

    အောက်တိုဘာ ၁၇ ရက်က လည်း ချိတ်ပိတ်ခံထားရတဲ့ မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD တိုင်း ရုံးထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားတွေဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။

    အခုလို NLDပါတီရုံး တွေဆက်တိုက်ဖောက်ခွဲဖျက်ဆီးခံနေရတာနဲ့ပတ်သက်လို့ ဘယ်သူတွေ၊ဘယ်အဖွဲ့တွေကလုပ်တယ်ဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

  7. NUG ကို မဆက်သွယ်ဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်လို့ အာဆီယံအထူးသံပြော

    အာဆီယံအထူးသံတမန်အနေနဲ့ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမလုပ်ဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်ဆိုပြီး အာဆီယံအထူးသံဘက်က ပြောလာပါတယ်။

    ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ် မြန်မာ့အရေး အာဆီယံအထူးသံတမန်လည်းဖြစ်တဲ့ အီရာဝမ်ယူဆွဖ်က သူ့အစီရင်ခံစာထဲမှာ အခုလိုရေးသားထားတာဆိုပြီး ဂျပန်သတင်းဌာန NHK က သတင်းဖော်ပြလာတာဖြစ်ပါတယ်။

    အထူးသံတမန်ဟာ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေးကို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

    အစီရင်ခံစာထဲမှာတော့ အထူးသံဟာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် အခရာကျတဲ့လူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဖို့လိုတဲ့အကြောင်းကို အလေးပေးပြောထားပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ တရားရင်ဆိုင်နေရသူတွေဖြစ်တာကြောင့် တွေ့ဆုံခွင့်ပေးဖို့ ငြင်းဆိုတယ်လို့လည်း အထူးသံရဲ့အစီရင်ခံစာမှာ ပါတယ်လို့ ဆိုပါတယ်။

    ဒ့ါပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာခံထားရတဲ့အဖွဲ့တွေကို အသိအမှတ်ပြုတာ၊ ဆက်သွယ်တာ၊ ထိတွေ့ပြောဆိုတာတွေ မလုပ်ဖို့ စစ်ကောင်စီဘက်က သတိပေးတာခံခဲ့ရတယ်လို့လည်း အထူးသံက ပြောပါတယ်။

    ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြကာ အာဆီယံက လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့်ထိပ်သီးဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ထားအပြီးမှာ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချထားပါတယ်။

  8. အာဏာသိမ်းမှု ၉ လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် အရပ်သားသေဆုံးမှု ၁၂၀၀ နီးပါးရှိလာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ၉ လပြည့်ခါနီးမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ သေဆုံးရတဲ့ အရပ်သားအရေအတွက် ၁၂၀၀ နီးပါးအထိရှိလာတယ်လို့ ဒီဖြစ်ရပ်တွေကို အချက်အလက်စုဆောင်းမှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က သတင်းထုတ်ပြန်လာပါတယ်။

    အခုဆို အာဏာသိမ်းပြီးကတည်းက ပစ်ခတ်သတ်ဖြတ်ခံရတဲ့အရပ်သား ၁၁၉၆ ဦးအထိရှိလာပြီလို့ ဆိုပါတယ်။

    ဒါဟာ မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့အထိ အချက်အလက် စုဆောင်းရရှိမှုဖြစ်ပြီး အရပ်သား သေဆုံးသူအရေအတွက်အချက်အလက်ကို မနေ့ တစ်နေ့တည်းတင် စုဆောင်းမိတာ ၁၀ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

    အဲဒီသေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ခင်ဦး၊ အရာတော်နဲ့ တန့်ဆည်မြို့နယ်တွေထဲက ဖြစ်ပြီး မကွေးတိုင်းထဲက အောင်လံ၊ မန္တလေးတိုင်းထဲက မတ္တရာ၊ ပဲခူးတိုင်းထဲက တောင်ငူနဲ့ တနင်္သာရီတိုင်းထဲက လောင်းလုံမြို့နယ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

    သေဆုံးသူတွေထဲမှာ ကန့်ဘလူမြို့နယ်ထဲက ကန်ကြီးရွာမှာနေထိုင်တဲ့ ဦးတင်ထွန်းနဲ့ ကောင်းသီဟတို့ သားအဖ ၂ ဦးလည်း ပါဝင်ပါတယ်။

    CDM လုပ်ပြီး စခန်းကိုစွန့်ခွါနိုင်ရေး ဆိုင်ကယ်အကူအညီလိုတယ်ဆိုလို့ ကူညီပေးဖို့ ချပ်သင်းရဲစခန်းကို သွားချိန် အဖမ်းခံရပြီးတဲ့နောက် အောက်တိုဘာလ ၂၀ ရက်မှာ သူတို့ သားအဖ သေဆုံးခဲ့တာလို့ AAPP က ဖော်ပြပါတယ်။

    နောက် အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လောင်းလုံမြို့နယ်ထဲက ပန်းဒလဲရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲဝင်ရောက် ပစ်ခတ်တာတွေလုပ်ခဲ့လို့ နေနေ ဆိုသူ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ဦးအုန်းနီဆိုသူ အမျိုးသားလည်း ဆေးရုံမှာ သေဆုံးခဲ့တဲ့အပြင် နောက် ၃ ဦးဟာလည်း သေနတ်ဒဏ်ရာတွေကြောင့် စိုးရိမ်စရာအခြေအနေမှာရှိနေတယ်လို့ AAPP ဘက်က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာလ ၂၂ ရက်မှာပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်တွေက နှိမ်နင်းမှုလုပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ခင်ဦးနယ်မှာရှိတဲ့ ဗအိုးကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရသူ ၉၁၀၀ ကျော်ရှိနေပြီလို့ AAPP က ပြောထားပါတယ်။

  9. ရခိုင်မှာ PDF နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံရသူ နှစ်ဦးရှိပြီ

    ရခိုင်ပြည်နယ်အတွင်း PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံနေရသူ နှစ်ဦးရှိလာနေပြီဖြစ်ပြီးအခုလ တစ်လတည်းမှာပဲ သူတို့နှစ်ဦးစလုံးကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့က နေအိမ်တွေကနေ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံနေရသူတွေကတော့ သံတွဲမြို့က ပရဟိတအလုပ်တွေလုပ်ကိုင်နေတဲ့ လူမှုရေးသမား ဦးစိန်ချစ် (ခ) ဦးအောင်ဇော် လင်းနဲ့ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာ မင်းဒီပါ (ခ)ကိုအောင်နိုင်မြင့်တို့ ဖြစ်ကြပါတယ်။

    ဦးစိန်ချစ်ကို အခုလ ၉ ရက် နဲ့ ကိုအောင်နိုင်မြင့်ကိုတော့ ၁၅ ရက် က ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။

    PDF နဲ့ဆက်နွှယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူကိုအောင်နိုင်မြင့်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရပြီး သံတွဲမြို့က လူမှုရေးသမား ဦးစိန်ချစ် (ခ) ဦးအောင်ဇော်လင်းကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပဒ်မ ၅၀ (က) ၅၂ (က)တို့နဲ့ တရားစွဲဆိုထားတယ်လို့ မိသားစုတွေက ပြောပါတယ်။

    ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာ မင်းဒီပါ (ခ) ကိုအောင်နိုင်မြင့်ဟာ ဘယ်အဖွဲ့အစည်းတွေနဲ့မှ ဆက်စပ်မှု မရှိဘူးလို့ မိသားစုတွေက ပြောပါတယ်။

  10. NUG ရဲ့ ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး အာဆီယံ တုံ့ပြန်မှု မရှိသေး

    လာမယ့် အာဆီယံ ထိပ်သီး အစည်အဝေးမှာ NUG ကိုယ်စားလှယ် တက်ရောက်နိုင်ဖို့ အကြောင်းကြားမှု အပေါ် အာဆီယံ အဖွဲ့ဘက်က တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ NUG က ဘီဘီစီကို ပြောပါတယ်။

    အာဆီယံဆိုင်ရာ NUG ရဲ့ ကိုယ်စားလှယ် အနေနဲ့ သတ်မှတ်ထားသူ ရှိနေပြီး၊ အင်္ဂါနေ့ စတင် ကျင်းပတော့မယ့် ထိပ်သီးညီလာခံမှာ ပါဝင်ခွင့်ရှိဖို့ အာဆီယံဘက်ကို တင်ပြထားတယ်လို့ NUG ရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဦးမိုးဇော်ဦးက ပြောပါတယ်။

    အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံထံကိုရော၊ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံကိုရော NUG ဘက်က ကိုယ်စားလှယ် အကြံပြုချက် တင်ပြထားတာ ဖြစ်ပါတယ်။

    “အခု ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ် ဆိုပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ဆုံးဖြတ်ထားပါတယ်။ အဲဒီလို ကိုယ်စားလှယ် နေရာနဲ့ ပတ်သက်ပြီး အကြံပြုဖို့ NUG ဘက်က အဆင်သင့်ပဲ ဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခုလည်း NUG ဘက်က ထိပ်သီး အစည်းအဝေးမှာ ပါဝင်ဖို့ လူကို သတ်မှတ် ရွေးချယ်ထားပြီး အာဆီယံဘက်ကို အကြောင်းကြား ထားပါတယ်။ အာဆီယံက တစုံတရာ ပြန်လည် ပြောကြားတာတော့ မရှိသေးပါဘူး” လို့ ဦးမိုးဇော်ဦးက ဆိုပါတယ်။

    အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးကနေ နိုင်ငံရေး အရ ကိုယ်စား မပြုသူကိုသာ ဖိတ်ကြားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိပ်သီး အစည်းအဝေးမှာ ပါဝင်ခွင့် မပြုတာ မှန်ပေမယ့်၊ မြန်မာကို ကိုယ်စားပြုပြီး စေလွှတ်မယ့် ဝန်ထမ်း အဆင့် ကိုယ်စားလှယ်ကို စစ်ကောင်စီက ရွေးချယ်ရမယ့် အဓိပ္ပာယ်မျိုး ဖြစ်တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ခွင့်မရတဲ့ အပေါ် တုံ့ပြန် ကြေညာချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်နေတာမှာ အဲဒီဆုံးဖြတ်ချက်ဟာ အာဆီယံ ပဋိညာဥ်နဲ့ မကိုက်ညီကြောင်း ပြောထားပြီး နောက်တစ်ရက် ဒီကနေ့မှာပဲ အာဆီယံ သဘာတူမှု ၅ ချက်ကို ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ပြောလာပါတယ်။

    ဒါပေမယ့် ထိပ်သီး အစည်းအဝေးမှာ ဘယ့်သူ့ကို ပါဝင် တက်ရောက်စေမှာလဲ ဆိုတာကိုတော့ အခုအချိန်ထိ ထည့်သွင်း ပြောတာမျိုး မတွေ့ရသေးပါဘူး။ အာဆီယံ ဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ရှိနေသလို၊ စစ်ကောင်စီ နိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဒါမှမဟုတ် ညွှန်ကြားရေးမှူးချုပ် အစရှိသဖြင့် အဆင့်မြင့် အစိုးရ အရာရှိတွေ ဖြစ်နိုင်တယ်လို့ အာဆီယံရေးရာ သုတေသီတွေက သုံးသပ်ထားပါတယ်။

  11. နိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်နေတဲ့အတွက် နောက်ထပ်သေကြေမှုတွေ ရှိလာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး

    ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဆီ အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ ထောင်သောင်းချီတဲ့ စစ်သားတွေ အလုံးအရင်းနဲ့ စေလွှတ်နေတယ်ဆိုတဲ့ သတင်းတွေ ရထားတဲ့အတွက် နောက်ထပ် သေကြေဒဏ်ရာရမှုတွေ ရှိလာနိုင်ပြီး လူ့အခွင့်အရေး ကပ်ဘေးဒုက္ခကြီးတစ်ခုနဲ့ မကြာခင် ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတိပေး ပြောကြားလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၅ နှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးလောက်အောင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပုံမျိုးနဲ့ အလားတူ နည်းဗျူဟာမျိုး သုံးလာမယ့်ပုံ ရှိတယ်လို့လည်း ဆိုပါတယ်။

    စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာက ဖိအားပေးဖို့က မလုပ်မဖြစ် လိုအပ်တယ်လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့် အာဆီယံက ငြင်းပယ်ခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြခဲ့မှုနဲ့ အကျဉ်းကျ ခံနေရသူ ၅ ထောင်ကျော်ကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

  12. အာဆီယံ သဘောတူညီချက် ၅ ရပ် မှာ ဆက်ပူးပေါင်းမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

    အာဆီယံ ထိပ်သီးဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ထုတ်ပြောထားပြီးပေမဲ့ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ၅ ရပ်ရဲ့ လုပ်ငန်းစဥ်တွေကိုတော့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ ထပ်မံကြေညာပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကနေ စစ်ကောင်စီ ခေါင်းဆောင်အစား နိုင်ငံရေးကိုယ်စားမပြုသူကိုသာ အခုလကုန်ပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေးဖိတ်ဖို့ ဆုံးဖြတ်ကြောင်း အာဆီယံက တရားဝင်ကြေညာပြီးတဲ့နောက် ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ခက်ခဲကြောင်း စစ်ကောင်စီဘက်က ကြေညာချက်တွေထုတ်ပြီး တုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။

    ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ဆက်ပြီးပူးပေါင်းမယ့်အကြောင်းအပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

    အာဆီယံ ဘုံသဘောညီချက် ၅ ရပ်မှာ အထူးသံတမန် မြန်မာနိုင်ငံလာရောက်ရေးပါဝင်ပြီး လာရောက်ရေးအကောင်အထည်ဖော်ရာမှာတော့ အာဆီယံ သံတမန်ဘက်က တွေ့ဆုံလိုသူတွေ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး မပြေမလည် ဖြစ်ခဲ့ပါတယ်။

    ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကြေညာထားတဲ့ ရှေ့လုပ်ငန်းစဥ် ၅ ရပ်အတိုင်း ဆက်ပြီးဆောင်ရွက်မယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီ ၅ ရပ်ရဲ့ နောက်ဆုံးအဆင့်ဟာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို တာဝန်လွှဲအပ်မယ့်အဆင့်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    တစ်ဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မဖိတ်တာဟာ လုံလောက်မှုမရှိသေးဘဲ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြမှုတွေ ရှိနေပါတယ်။

    ဒါ့အပြင် လာမယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေအဖွဲ့ဖြစ်တဲ့ G7 နဲ့ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာလည်း စစ်ကောင်စီအကြီးအကဲကို မဖိတ်ဖို့ အိမ်ရှင် ဗြိတိန်နိုင်ငံက ဒီရက်ပိုင်းမှာပဲတရားဝင် ပြောထားပါတယ်။

  13. မြန်မာခရီးသွားတွေ စင်္ကာပူနိုင်ငံထဲ ဝင်ခွင့် ပိတ်ထားတာကို အောက်တိုဘာလ ၂၆ ရက်ကစလို့ ပြန်ရုပ်သိမ်းမယ်

    မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ စတဲ့ နိုင်ငံတွေထဲမှာ ၁၄ ရက်ကြာ နေခဲ့သူတွေကို စင်္ကာပူနိုင်ငံထဲ ၀င်ခွင့် ပိတ်ပင်ထားတာကို အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ ရုပ်သိမ်းတော့မှာ ဖြစ်ပြီး အဲဒီရက်ကစလို့ စင်္ကာပူနိုင်ငံထဲ ဝင်ခွင့် ဒါမှမဟုတ် ခရီးတစ်ထောက်နားခွင့် ပြုတော့မယ်လို့ စင်္ကာပူအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    စင်္ကာပူနိုင်ငံမှာ ရေရှည် နေထိုင်ခွင့် ဒါမှမဟုတ် ရေတိုလည်ပတ်ခွင့် ဗီဇာ ရထားပေမဲ့ မြန်မာအပါအဝင် အဲဒီနိုင်ငံတွေထဲမှာ လတ်တလော နေခဲ့ဖူးရင် စင်္ကာပူနိုင်ငံထဲ ဝင်ခွင့် မပြုဖို့ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ပိတ်ပင်ထားခဲ့တာပါ။ အခုတော့ အဲဒီနိုင်ငံတွေကို အမှတ် ၄ အုပ်စုနိုင်ငံစာရင်းထဲ ပြောင်းရွှေ့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

    "အဲဒီနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု အခြေအနေတွေ တည်ငြိမ်လာပြီ ဖြစ်တဲ့အတွက် စင်္ကာပူနိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်တဲ့ စည်းမျဉ်း တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ မလိုတော့ဘူး"လို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီး အွန်းယီ ကွန်းက ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အမှတ် ၄ အုပ်စုနိုင်ငံတွေက ခရီးသွားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကွာရန်တင်း ဆောင်တွေမှာ ၁၀ ရက် အပြင်မထွက်ဘဲ နေရမှာ ဖြစ်ပြီး အဲဒီရက်ကုန်တဲ့အခါမှာ ကိုဗစ်ရောဂါ ရှိမရှိ PCR ဆေးစစ်မှု တစ်ကြိမ်သာ လုပ်ဖို့ လိုတော့မှာ ဖြစ်ပါတယ်။

    စင်္ကာပူနိုင်ငံ နယ်စပ်တွေကို ပြန်ဖွင့်ပေးလိုက်ခြင်းအားဖြင့် အိမ်အကူအလုပ်သမားတွေ၊ ဆောက်လုပ်ရေးအလုပ်သမားတွေ အပါအ၀င် စင်္ကာပူနိုင်ငံရဲ့ လူထု အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ အကြီးအကျယ် လိုအပ်နေတဲ့ အလုပ်သမားတွေကို ခေါ်ယူနိုင်ခွင့် အပါအဝင် အကျိုးအမြတ်တွေ ရလာမှာ ဖြစ်တယ်လို့ မစ္စတာ အွန်းက ပြောပါတယ်။

    မရှိမဖြစ်လိုအပ်တဲ့ အလုပ်သမားတွေ၊ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပြီးပြီ ဆိုရင် နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ စင်္ကာပူအစိုးရက နိုင်ငံထဲ ဝင်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

  14. စမ်းချောင်းဗားကရာအနီး ယာဉ်ထိန်းရဲရုံး ပစ်ခတ်ခံရ, လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေပြော

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ၊ ဗားကရာမီးပွိုင့်အနီးက ယာဉ်ထိန်းရဲရုံးကို အောက်တိုဘာ ၂၃ ရက်နေ့မှာ ကားတစ်စီးက လာရောက်ပစ်ခတ်ခဲ့တယ်လို့ အနီးအနားနေထိုင် သူတွေက ပြောပါတယ်။

    “နေ့လယ် ၂ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကားတစ်စီးနဲ့ဆက်တိုက်ပစ်သွားတာ။အစက ထင်တာ ဗုံးပေါက်တယ်ထင်တာ။ ကြားလိုက်တာ ငါးချက် ဆက်တိုက်ပဲ။စက်သေနတ်လို့လည်းပြောကြတာပဲ။ ခဏကြာတော့ ရထားလမ်းပေါ်မှာရှိတဲ့ရဲတွေဆင်းပြေးသွားတာမြင်တယ်။ ထိတော့ထိတယ်၊ တစ်ယောက်သေတယ်လည်းပြောတယ်။ အတိအကျတော့မသိဘူး။ စစ်ကားတွေ ရောက်လာတယ်။ လူနာတင်ယာဉ်တွေနဲ့ရောက်လာပြီး တင်သွားတယ်” လို့ဖြစ်စဉ်အနီးမှာရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဗားကရာမီးပွိုင့်အနီးကို ပိတ်ဆို့ထားတယ်လို့ အနီးအနားနေသူတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းမှာလည်း ရန်ကုန်၊ ဗိုလ်တထောင်မြို့မှာရှိတဲ့ယာဉ်ထိန်းရုံး အနီးတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ရန်ကုန်မြို့တွင်းမှာဖြစ်ခဲ့တဲ့ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီတပ်သားတွေသေဆုံးတယ်လို့ဆိုတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  15. သန်လျင်GTC ကျောင်းရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ပြော

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ထဲက သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ သန်လျင်အခြေစိုက် မြို့ပြပြောက်ကျားလှုပ်ရှားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

    ဒီပစ်ခတ်မှုကြောင့် ကျောင်းရှေ့မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ သန်လျင်အခြေစိုက်ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

    “ ကျောင်းရှေ့မှာတပ်စွဲထားတာကို ပစ်ခဲ့တာ တစ်ယောက်ထိပါတယ်။ သေဆုံးတယ်လို့ လည်း လှုပ်ရှားမှုမှာ ပါဝင်သူတွေက အတည်ပြုထားပါတယ်။ အဲဒီနောက်ပိုင်း ကျိုက်ခေါက်စေတီနားမှာ စစ်ကောင်စီ ယာဉ်တန်းကို ပစ်ပြီး သေတယ်ဆိုတာကတော့ အတည်ပြုလို့မရသေးဘူး” လို့ သန်လျင် Local PDF အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ လမ်းပိတ်ဆို့စစ်ဆေးတာတွေရှိခဲ့ပြီး သန်လျင်မြို့တွင်း စစ်ဆေးတင်းကျပ်မှုတွေရှိခဲ့သလို အရပ်ဝတ်တွေနဲ့လှည့်ပတ်ရှာဖွေနေတာတွေလည်းရှိတယ် လို့ဒေသခံတွေကပြောပါတယ်။

    သန်လျင်မြို့တွင်းမှာ မနေ့အောက်တိုဘာ ၂၂ ရက်မှာလည်း အောင်ချမ်းသာရပ်ကွက်အတွင်းက စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးတဲ့ ရာအိမ်မှူးနေအိမ် ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။

    အလားတူ အောက်တိုဘာ ၂၂ ရက်မှာပဲ အောင်ချမ်းသာရပ်ကွက်ထဲကပဲ စစ်ကောင်စီသတင်းပေး လို့ နာမည်ကြီးနေတဲ့ ကွမ်းယာဆိုင်ကိုလည်းဖောက်ခွဲမှုလုပ်ခဲ့ပြီး အဆိုပါ သတင်းပေးလို့နာမည်ကြီးသူ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သန်လျင်အခြေစိုက် ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

  16. ခင်ဦးမှာ ကျေးရွာတွေထဲ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်လို့ ၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးနယ်အတွင်းမှာရှိတဲ့ အင်းပတ်ကျေးရွာနဲ့ ဗအိုးကျေးရွာတွေကို မနေ့အောက်တိုဘာ ၂၂ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်မှုတွေလုပ်ခဲ့ပြီး ဗအိုးရွာအတွင်းက ရွာသား ၃ ဦး သေနတ်ထိမှန် သေဆုံးတယ်လို့ဒေသခံတွေကပြောပါတယ်။

    “မနေ့က မနက်ပိုင်း ၄နာရီလောက်က ရွာထဲစဝင်လာတယ်။ ရွာထိပ်မှာတွေ့တဲ့ရွာသားကို ပစ်သွားတာ။ နောက်ပိုင်း သေနတ်သံကြားပြီး တရွာလုံးပြေးတော့ ရွာထဲမှာ ကျန်းမာရေးမကောင်းလို့ကျန်ခဲ့တဲ့ ရွာတောင်ပိုင်းအစွန်က ဦးမြဝင်းကိုပစ်တယ်။ ထပ်ပြီးတော့ သဲစုရွာဘက်ကနေ စစ်ရှောင်လာတဲ့ ကိုနန်းလွင် အလောင်းကိုတွေ့တယ်။ ဘာလို့ပစ်တာလဲတော့မသိဘူး။ တရွာလုံးပြေးနေရတာ။ ရွာထဲပြန်ဝင်ပြီး ကျွဲအစာသွားကျွေးတဲ့ရွာသားက သွေးစက်တွေကို လိုက်ကြည့်ရင်း အလောင်းတွေ ကိုတွေ့ခဲ့တာ။ အခုထိ အလောင်းတွေ တလောင်းမှမကောက်ရသေးဘူး” လို့ ဗအိုးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အလားတူ ခင်ဦးနယ်ထဲက အင်းပတ်ကျေးရွာမှာကိုလည်း မနေ့အောက်တိုဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရွာထဲကနေအိမ်တွေကိုဝင်ရောက်ရှာဖွေတာတွေလုပ်လို့ ရွာသားတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အင်းပတ်ကျေးရွာဒေသခံတွေကပြောပါတယ်။

    “ဘာတိုက်ပွဲမှာလည်းမရှိဘူး။ ဒီအတိုင်းဝင်လာတာ။ အိမ်တွေထဲဝင်ပြီး ရွှေတွေအယူခံရသူရှိတယ်။ စပါးရောင်းတဲ့ ပိုက်ဆံတွေပါသွားတဲ့လူတွေလည်းရှိတယ်။ အခုတော့ ရွာအပြင်ကတောတွေထဲ ထွက်နေရတယ်။ ကျွဲနွားအစာသွားကျွေးပြီးတာနဲ့ပြန်ထွက်လာရတယ်။ ရွာနဲ့တမိုင်လောက်ပဲဝေးတယ် တပ်စွဲထားတာ။ ဘယ်အချိန်ပြန်လာမယ်မသိတော့ ဘယ်သူမှပြန်မနေရဲဘူး”လို့ အင်းပတ်ကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ခင်ဦးနယ်ထဲက ဗအိုးကျေးရွာနဲ့အင်းပတ်ရွာဒေသခံတွေအားလုံး ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေရပြီး ဗအိုးရွာမှာ သေဆုံး သူ ၃ယောက်နဲ့ ပေါင်ကိုကျည်ထိမှန်ထားတဲ့ရွာသားတစ်ယောက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ခင်ဦးနယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်နေတာနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရနိုင်ဖို့စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  17. လှိုင်သာယာမှာ ဆိုင်ကယ်၊ သုံးဘီးမစီးရလို့ စစ်ကောင်စီကြေညာ, ဖမ်းဆီးမှုတွေလည်းစလုပ်နေ

    စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ်နဲ့ ဘေးတွဲ(သုံးဘီး)ဆိုင်ကယ်တွေ စီးနင်းခွင့်မပြုတော့ဘူးလို့ မနေ့အောက်တိုဘာ ၂၂ ရက်နေ့က နေစပြီး အုပ်ချုပ်ရေးမှူးတွေက မြို့ထဲလိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “မနေ့ညကတည်းက လှိုင်သာယာတမြို့လုံး လှည့်ကြေညာနေတာ၊ မြို့တော်ဝန်အမိန့်လို့လည်းပြောတယ်။ လှိုင်သာယာမှာဆိုရင် အခြေခံလူတန်းစားလူဦးရေတဝက်လောက်က စက်ရုံဆင်းပြီး တဝက်လောက်က ကယ်ရီဆွဲနေရတာ။ အကုန်ဒုက္ခရောက်ကုန်တော့မှာ။ ဒီကနေ့မနက်တော့ စဖမ်းနေပြီ။ ကယ်ရီဆွဲတဲ့သူတွေကတော့ နေရာရှောင်ပြီးဆွဲနေတဲ့လူလည်းရှိတယ်။ စစ်သားနဲ့ရဲတွေကတော့ လမ်းဆုံတွေမှာ အထိုင်ချပြီးစောင့်ဖမ်းနေတယ်” လို့ လှိုင်သာယာမြို့မှာနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို ဆိုင်ကယ်စီးခွင့်တွေ ကန့်သတ်တာဟာ မြို့တွင်းပြောက်ကျားလှုပ်ရှားသူလူငယ်တွေက ဆိုင်ကယ်ကိုအသုံးပြုပြီး ဖောက်ခွဲရေးနဲ့ပြောက်ကျားလှုပ်ရှားမှုတွေကိုလုပ်တယ်ဆိုတဲ့ ယူဆချက်နဲ့ ပိတ်ပင်မှုတွေလုပ်တာဖြစ်နိုင်ကြောင်းကိုလည်း လှိုင်သာယာဒေသကာကွယ်ရေးတပ်က လူငယ်တွေကသုံးသပ်ပြောပါတယ်။ ဒီကနေ့အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းကစလို့ လှိုင်သာယာမြို့အဝင်အထွက်နဲ့လမ်းဆုံ၊ လမ်းခွနေရာတွေမှာတော့ ရဲနဲ စစ်ကောင်စီတွေတပ်စွဲပြီး စောင့်ကြည့်ဖမ်းဆီးမှုတွေ ဆက်လုပ်နေတယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

  18. စစ်တွေမှာ မွတ်ဆလင်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးနေ, ရခိုင်ပြည်နယ်အတွင်းကျောင်းသူကျောင်းသားတွေဆေးထိုးပြီးရင်ကျောင်းတွေပြန်ဖွင့်မယ်လို့ဆို

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင် ကျောင်းသူကျောင်းသားတွေကို ဒီကနေ့အောက်တိုဘာ ၂၃ ရက် ကနေစပြီးတော့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေပြီလို့ဒေသခံတွေကပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်အခုအောက်တိုဘာလ ၁၇ရက်နေ့စပြီးရခိုင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့အသက် ၁၂နှစ်အထက်အခြေခံပညာအလယ်တန်းနဲ့အထက်တန်းကျောင်းသူကျောင်းသားတွေကိုကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။

    စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျောင်းသားတွေကိုတော့ သက္ကေပြင်ကုန်း၊ ဆေးသမား၊ ခေါင်းဒုက္ကာ၊ သဲချောင်း၊ ဘုမေ၊ အုန်းတောကြီး၊ အုန်းတောချေ IDP၊ သံတော်လီ၊ ဒါးပိုင်၊ အောင်တိုင်၊ ပလ္လင်ပြင် စတဲ့အခြေခံပညာကျောင်းတွေမှာ ထိုးပေးနေတယ်လို့သိရပါတယ်။အခုလို ဆေးထိုးခွင့်ရရှိကြမယ့် မွတ်ဆလင်ကျောင်းသူကျောင်းသားဦးရေကတော့ ၃၀၀၀ဦးဝန်းကျင်ခန့်ရှိပြီး အောက်တိုဘာ ၂၃ ကနေ ၂၈ရက်နေ့အထိ ကာကွယ်ဆေးအပြီးထိုးပေးသွားမှာဖြစ်တယ်လို့ကျန်းမာရေးဌာနရဲ့စာရင်းတွေအရသိရပါတယ်။ရခိုင်ပြည်နယ် တပြည်နယ်လုံးမှာတော့ ဆေးထိုးခွင့်ရရှိကြမယ့် အခြေခံပညာကျောင်းသားပေါင်း ၁ သိန်း ၈သောင်းကျော်ရှိနေပြီး ကျောင်းသူကျောင်းသားအားလုံး ကာကွယ်ဆေးထိုးပြီးရင်တော့ ကျောင်းတွေအားလုံးပြန်လည်ဖွင့်လှစ်သွားမယ်လို့ပြည်နယ်ကောင်စီကပြောပါတယ်။

  19. ဗိုလ်တထောင်ယာဉ်ထိန်းရုံးတွင်း တပ်စွဲထားတဲ့လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့ပြော, စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတယ်လို့ဆို

    ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ယာဉ်ထိန်းရုံးအတွင်းမှာ အကာအကွယ်ယူပြီးလုံခြုံရေးကင်းစခန်းလုပ်ထားတဲ့နေရာကို ရန်ကုန်မြို့ပြပြောက်ကျားလူငယ်အဖွဲ့တွေက ဒီကနေ့အောက်တိုဘာ ၂၃ ရက်မနက် အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒီလှုပ်ရှားမှုမှာပါဝင်သူတွေကပြောပါတယ်။

    “ တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ စစ်ကောင်စီ ၄ဦးသေတယ်ဆိုတာလည်းအတည်ပြုနိုင်ပါတယ်။စစ်ဆေးတင်းကျပ်တဲ့နေရာတွေမှာ မြို့ပြလှုပ်ရှားမှုတွေအတွက်ကတော့အခက်အခဲတွေရှိနေတုန်းပါပဲ” လို့ရန်ကုန်မြို့ပြပြောက်ကြားစစ်ဆင်ရေးမှာပါဝင်သူတစ်ဦးကဘီဘီစီကို ဗိုလ်တထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးအတည်ပြုပြောပါတယ်။

    ဒီပြောက်ကျားတိုက်ခိုက်မှုကိုတော့ ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ S21 က လုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ဦးစီးမှုနဲ့လုပ်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ လှုပ်ရှားမှုမှာပါဝင်သူတွေကပြောပါတယ်။ ရန်ကုန်မြို့ထဲမှာဆိုရင် မနေ့အောက်တိုဘာ ၂၂ရက်နေ့ကဗိုလ်တထောင်မြို့နယ်အတွင်းက ကမ္ဘောဇဘဏ်ခွဲတစ်ခု ဓါးပြတိုက်မှုဖြစ်ခဲ့တာကြောင့် မြို ထဲဝန်းကျင်နဲ မဟာဗန္ဓုလတဝိုက်မှာလည်း စစ်ကောင်စီတပ်ကားတွေလှည့်လှည်တာ တံတားပေါ်မှာ ပစ်ခတ်ဖို့အသင့်အနေအထားနဲ့ လုံခြုံရေးယူထားတာတွေရှိခဲ့ပါတယ်။

    ဒီလိုလုံခြုံရေးတင်းကျပ်မှုတွေကြားက အခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ဗိုလ်တထောင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးသေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  20. စစ်ကိုင်း ပီဒီအက်ဖ် စခန်းတချို့ကို စစ်ကောင်စီ ဝင်စီး