ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ ကိုယ်တိုင်သက်သေထွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ချင်းတောင်တန်းပေါ်က တိုက်ပွဲများ

  2. မန္တလေး ဈေးချိုတော်က ဆိုင်အများအပြား အဖောက်ခံရ

    အထက်မြန်မာပြည်ထွက် ကုန်မျိုးစုံနဲ့ တရုတ်၊ ယိုးဒယားထုတ် ကုန်ပစ္စည်းမျိုးစုံ လက်ကားရရှိတဲ့ မန္တလေး ဈေးချိုတော် အဆင့်မြင့်ရုံ နှစ်ရုံက ဆိုင်အများအပြား အောက်တိုဘာလ ၁၃ ရက်နေ့က အဖောက်ခံခဲ့ရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

    အဲ့ဒီ့ စျေးချိုတော်အဆင့်မြင်ရုံထဲက ဆိုင်တွေ အများစု မွှေနှောက်ရှာဖွေတာခံခဲ့ရကြောင်းလည်း ဆိုင်ရှင်တွေကပြောပါတယ်။

    "ဈေးချို ဟိုးအရင်က ဖောက်တယ်ဆိုတာ တစ်ဆိုင်၊ နှစ်ဆိုင်ပေါ့။ အလွန်အကျွံမှ၊ အခုဟာက ဆိုင်ဖောက်တာ မဟုတ်ဘူး၊ ရုံဖောက်တာ၊ စိမ်ပြေနပြေထိုင်ဖောက်တာနေမှာ၊ ဆိုင်ပေါက်စေ့ လိုက်ရွေးပြီးမှ ကြိုက်တာ ယူသွားတာ၊အဲ့ဒါ တစ်ရက်ထဲ မရဘူးထင်တယ် "လို့ ဆိုင်အဖောက်ခံရတဲ့ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းဆိုင်ရှင်က ပြောပါတယ်။

    အခု ဈေးချိုတော်က ဆိုင်တွေ အဖောက်ခံရတဲ့ ရုံနှစ်ခုက A ရုံနဲ့ Hရုံ တွေဖြစ်ပြီး၊ အဲ့ဒီရုံတွေမှာ ရွှေဆိုင်၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းတွေရှိပြီး မွှေနှောက်ခိုးယူခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

    "အဓိက အံဆွဲတွေ မွှေတယ်၊မလိုတဲ့ ပစ္စည်းတွေကို ဖျက်ဆီးထားခဲ့တာရှိတယ်၊ဆိုင်ခန်းတွေကို မွှေယူသွားတာ၊ နောက်နေ့ မနက်မှ သိရတာ၊ နှစ်လပိုင်းနောက်ပိုင်းမှ အခုတစ်ခါ အဖောက်ခံရတာပဲ"လို့ အဆင့်မြင့် ဈေးချိုတော်မှ အထည်ဆိုင်ရှင် တစ်ဦးက ပြောပါတယ်။

    ကိုဗစ်-၁၉ရောဂါကြောင့် မန္တလေး ဈေးချိုတော်ကို ပိတ်ထားခဲ့ပြီး ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဈေးချိုတော်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ဆိုင်ခန်းရှင် အများစုက လက်မခံခဲ့ပါဘူး။

    စစ်ကောင်စီခန့် စည်ပင်ကော်မတီက ဈေးချိုတော်မှာ ဆိုင်ပြန်မဖွင့်ရင် ဆိုင်ခန်းပြန်သိမ်းယူမယ်ဆိုတာကိုပါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ဆိုင်ခန်းရှင် အများစုက ဈေးချိုတော်ရှိ ဆိုင်အရောင်း ပစ္စည်းတွေကို ပြန်လည်ထုတ်ယူပြီး အိမ်တွေမှာ ရောင်းချဖို့ လုပ်ဆောင်တာတွေ ရှိခဲ့ပေမယ့် စည်ပင်ကော်မတီက အကန့်သတ်နဲ့ ခွင့်မပြုတာတွေပါ ရှိခဲ့တယ်လို့ ဆိုင်ခန်းရှင်တွေက ဆိုပါတယ်။

    အဆင့်မြင့် ဈေးချိုတော်နဲ့ မန်းမြန်မာ ပလာဇာကို ကိုဗစ်တတိယလှိုင်းဖြစ်ချိန်မှာ လုံးဝပိတ်ထားခဲ့တာ လချီကြာပြီ ဖြစ်ပါတယ်။ အောက်တိုဘာ လဆန်းမှာ အဆင့်မြင့်ဈေးချိုတော်က ဆိုင်ခန်းရှင်တွေကို ဆိုင်ရှိပစ္စည်းတွေ ထုတ်ယူလိုရင် စာရင်းပေးရမယ်လို့ ဈေးအကျိုးတော်ဆောင်က အသိပေးအကြောင်းကြားတာတွေပါ ရှိခဲ့ပါတယ်။

    အခုလို ရုံနှစ်ခုက ဆိုင်တွေကို ပစ္စည်းတွေ မွှေနှောက်၊ ဖျက်ဆီးတာတွေ ဖြစ်ခဲ့ပေမယ့် အရေးယူ တိုင်ကြားဖို့ အခက်ခဲတွေ ရှိနေတယ်လို့ ဈေးချိုတော် ဆိုင်ရှင်တွေက ပြောပါတယ်။

  3. တရုတ် ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာထုတ်ဖို့ပြင်

    မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ကာကွယ်ဆေးအရည်ဖြည့် ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန် မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Haiက အောက်တိုဘာ၁၃ ရက် မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    အခုလို ထုတ်လုပ်မယ့်လုပ်ငန်းကို ဆောလျင်စွာ ကောင်းမွန်တဲ့ ရလဒ်ရရှိနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သံအမတ်ကြီးကပြောခဲ့ပါတယ်။

    မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၂ သန်းကျော် လွှဲပြောင်းပေးခဲ့ပြီး အဲ့ဒီထဲက ၅. ၉ သန်းဟာ လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်း တရုတ်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

    ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ အရည်ဖြည့်ထုပ်ပိုးထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း၊ အဆိုပါလုပ်ငန်းကလည်း လက်တွေ့ တိုးတက်မှုရရှိပြီး တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးနည်းပညာက မြန်မာပြည်သူများကို အကျိုးဖြစ်ထွန်းစေရန် မျှော်လင့်တယ်လို့ လည်း မြန်မာကျန်းမာရေးဝန်ကြီးက ပြန်လည်ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ တရုတ်နိုင်ငံက ပေးပိုလှူဒါန်းတဲ့ ဆီနိုဗက် ၂ သန်း ထပ်မံ ရောက်လာဖို့ရှိပြီးတော့ မြန်မာစစ်ကောင်စီဘက်က အသက် ၁၂ နှစ် အထက်ကျောင်းသားတွေကို တရုတ်ဆီနိုဗက် ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

  4. သမ္မတကို နုတ်ထွက်ခိုင်းတယ် ဆိုတာကို စစ်ကောင်စီပြန်ရှင်း

    သမ္မတဦးဝင်းမြင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်‌နေ့က တရားရုံးမှာ ပြောကြားခဲ့တဲ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၁၄ ရက်‌နေ့မှာ မြန်မာ့ရုပ်သံက တစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

    သမ္မတဦးဝင်းမြင့်ကို နုတ်ထွက်ခိုင်းခဲ့တယ်ဆိုတဲ့ ပြောဆိုချက် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဝေဖန်လိုကြောင်း သူရဲ့တရားရုံးမှာ ရှိတဲ့ အခွင့်အရေးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    သမ္မတဦးဝင်းမြင့်က သူကို့ အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီက သမ္မတရုံးကို ခေါ်သွားခဲ့ပြီး အဲ့ဒီနောက်စစ်တပ်အရာရှိကြီး နှစ်ဦးရောက်လာကာ ကျန်းမာရေး အကြောင်းပြ နုတ်ထွက်ခိုင်းခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

    ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေရှိကြောင်းလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

    ဒါအပြင် သမ္မတဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အနေအထားရှိနေပြီး အခြေခံဥပဒေ ပုဒ်မ ၆၂ ၊ ၆၃ အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရဆိုတဲ့ အချက်ကိုလည်း ထည့်ပြောသွားပါတယ်။

    ၂၀၀၈ အခြေခံဥပဒေအရ သူက အဲ့ဒီလိုပြောပေမယ့် အခြေခံဥပဒေ ပုဒ်မ ၆၁ (ခ) မှာတော့ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် မိမိတို့လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်။

  5. အာဆီယံအထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီပြောလာ

    အာဆီယံအထူးသံတမန်ရဲ့မြန်မာပြည်တွင်း ခရီးစဉ်ကို ပိတ်ပင်ထားတာမရှိပေမဲ့ အမှုတွေရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ပြောလာပါတယ်။

    အောက်တိုဘာလ ၁၃ ရက်နေ့စွဲနဲ့ စစ်တပ်က ထုတ်ပြန်တဲ့ မှတ်ချက်စာတစ်စောင်မှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောခဲ့တာလို့ ရိုက်တာသတင်းက ဆိုပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်မှာ ပြည်တွင်းကိုလာဖို့ရှိတဲ့ အာဆီယံ အထူးသံတမန်ရဲ့ခရီးစဉ် အထမမြောက်မှုဖြစ်ခဲ့အပြီးမှာ စစ်ကောင်စီဘက်က အခုလို ပြောဆိုချက် ထွက်ပေါ်လာတာပါ။

    စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဧပြီလတုန်းက ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေ ထိပ်သီးညီလာခံမှာ မြန်မာ့အရေးဖြေရှင်းဖို့ဆိုပြီး အာဆီယံအထူးသံခန့်တာအပြင် ဘုံသဘောတူညီချက် ၅ ရပ်ရရှိခဲ့ပါတယ်။

    အဲဒီနောက် လနဲ့ချီကြာမြင့်မှ အထူးသံအဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အယ်ရဝမ်ယူဆွပ်ဖ်ကို ခန့်နိုင်ခဲ့တာဖြစ်သလို အထူးသံရဲ့မြန်မာပြည်ခရီးစဉ် ပေါ်လာရေး ဆွေးနွေးနေတာ ၂ လနီးပါးထဲ ဝင်လာပြီဖြစ်ပါတယ်။

    အာဆီယံအထူးသံကတော့ သူ့မြန်မာပြည်ခရီးစဉ်မှာ ဘုံသဘောတူညီချက်ပါ သူ့လုပ်ပိုင်နိုင်ခွင့်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်အပြည် လက်ရှိမြန်မာ့အရေးမှာ ပါဝင်နေတဲ့ဘက်ပေါင်းစုံနဲ့တွေ့ဆုံရေး တောင်းဆိုနေခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် တွေကတည်းက ထုတ်ပြောထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ အာဆီယံအထူးသံအနေနဲ့ မြန်မာပြည်တွင်းကတွေ့သင့်တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံခွင့်ရှိမှာဖြစ်ပေမဲ့ အမှုရင်ဆိုင်နေရသူတွေနဲ့တော့ တွေ့ခွင့်ရှိမှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    မနက်ဖြန် အောက်တိုဘာ ၁၅ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းကနေ ကျင်းပဖို့ရှိနေပြီး ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထည့်သွင်း ဖိတ်ကြားတာ မလုပ်ချန်ထားခဲ့ဖို့ ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးကြဖွယ်ရှိတယ်လို့လည်းမျှော်လင့်ရကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

  6. ခရမ်းမြို့ပေါ်နဲ့ကျေးရွာတွေက အုပ်ချူပ်ရေးမှူးအားလုံး နုတ်ထွက်

  7. မုံရွာမြို့လယ်ဗုံးပေါက်ကွဲမှုကြောင့် နေ့စား စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့လယ်မှာရှိတဲ့မီးပွိုင့်မှာ ဒီနေ့ အောက်တိုဘာလ ၁၄ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သေဆုံးခဲ့သူဟာ နေ့စားစည်ပင်ဝန်ထမ်းတစ်ဦးလို့ ကနဦးသိရှိရပြီး နောက်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မုံရွာမှာပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေမဲ့ ပြည်သူတွေထိနိုင်တဲ့နေရာမှာပေါက်ကွဲတာအခုတစ်ကြိမ်က ပထမဆုံးလည်းဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မနေ့ အောက်တိုဘာလ ၁၃ ရက်ညပိုင်းတုန်းကလည်း မုံရွာမြို့ထဲမှာ ပေါက်ကွဲမှု ၃ ကြိမ် ထက်မနည်းဖြစ်ခဲ့ပါတယ်။

    အခုပေါက်ကွဲမှုမှာ လက်သည်ဘယ်သူဖြစ်တယ်ဆိုတာ မထွက်ပေါ်သေးပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မုံရွာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ စုဝေးဆန္ဒပြတတ်နဲ့နေရာဖြစ်လို့ ဆန္ဒပြသူတွေကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုလားဆိုတာကို မြို့ခံတွေက မေးခွန်းထုတ်နေကြပါတယ်။

  8. ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေကို စစ်ကောင်စီက ရုရှားမှာ ဆွေးနွေး

    စစ်ကောင်စီက ခန့်ထားတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားစီးပွားရေးသမားတွေ၊ ရုရှား-မြန်မာအသင်းက လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး ရေအား လျှပ်စစ်ထုတ်လုပ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးထားတယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြလာပါတယ်။

    ကုန်းတွင်းရေနံပိုက်လိုင်းတည်ဆောက်တဲ့ နည်းပညာ၊ အသေးစားနဲ့အလတ်စား ရေအားလျှပ်စစ်တာဘိုင်စက်တွေ ထုတ်လုပ်တပ်ဆင်တဲ့ကိစ္စနဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်တွေကိစ္စ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

    ဦးအောင်သန်းဦးရဲ့အခုခရီးစဉ်ဟာ စစ်ကောင်စီလက်ထက် မြန်မာ-ရုရှား ရင်းနှီးမြှုပ်နှံမှု တိုးလာဖို့ စစ်ကောင်စီဘက်က အားထုတ်မှု တစ်ခုအဖြစ်ရှုမြင်ခံထားရပါတယ်။

    စစ်ကောင်စီလက်ထက်မှာ ရုရှားနဲ့ဆက်ဆံရေး နီးနီးကပ်ကပ်ဆောင်ရွက်လာတာကို တွေ့ရပြီး အာဏာသိမ်းပြီးတဲ့နောက် လပိုင်းအတွင်း စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ရုရှားကို သွားရောက်ခဲ့သလို ပြီးခဲ့တဲ့လတုန်းကလည်း စစ်ကောင်စီခန့်တဲ့စီမံဘဏ္ဍာဝန်ကြီးဟာ ရေနံတူးဖော်ရေးနဲ့ ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စတွေကို ရုရှားရင်းနှီးမြှုပ်နှံသူတွေနဲ့ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။

  9. မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေး မဖိတ်ရေး ဘယ်အချက်တွေ ထောက်ပြနေကြလဲ

  10. နယ်သာလန်ရောက်မြန်မာအမျိုးသမီးများရဲ့လူသားချင်းစာနာမှုပြသင်္ကေတ

    ဒီကနေ့အောက်တိုဘာလ၁၃ရက်နေ့မှာကျရောက်တဲ့အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့မှာအမျိုးသမီးတွေဦးဆောင်တဲ့နယ်သာလန်ရောက်အမေ့သမီးများအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကျန်းမာပြီးအမြန်ဆုံးလွတ်မြောက်နိုင်ဖို့ဆုတောင်းခဲ့ကြပါတယ်။ဒါ့အပြင်စစ်အာဏာရှင်ကြောင့်စစ်ဘေးဒဏ်ခံစားနေရတဲ့မြန်မာပြည်အနှံ့ကတိုင်းရင်းသားပြည်သူတွေနဲ့တစ်သားတည်းခံစားရကြောင်းထုတ်ဖော်ပြသခဲ့ကြပါတယ်။

    အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊စစ်ဘေးသင့်ပြည်သူတွေကိုကူညီစောင့်ရှာက်ဖို့အတွက်မြန်မာမောင်နှမတွေအားလုံးကအတူကြိုးစားနေကြောင်းပြသတဲ့အစီအစဉ်ကိုနယ်သာလန်နိုင်ငံဟာလန်မြို့မှာပြုလုပ်ခဲ့ကြပါတယ်။ဒီအစီအစဉ်မှာပါဝင်တဲ့ဒီအမျိုးသမီး၂၀ကျော်ကတိုင်းရင်းသားဝတ်စုံတွေဝတ်ပြီးလူသားချင်းစာနာမှုကိုပြသတဲ့အဓိပ္ပါယ်ကိုဖော်ပြခဲ့ကြတဲ့အပြင်တော်လှန်ရေးသင်္ကေတကိုလည်းပြသခဲ့ကြပါတယ်။

  11. အသက် ၁၂ နှစ်အထက် ကျောင်းသားတွေကို ကိုဗစ် ကာကွယ်ဆေးထိုး

    နေပြည်တော် ကောင်စီနယ်မြေမှာ အသက် ၁၂ နှစ် အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေကို မိဘတွေရဲ့ခွင့်ပြုချက်ရယူပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ဆီနိုဗက် ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပြီးတော့ နေပြည်တော်မှာ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ရှစ်သောင်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသူ ၁၀ သန်းကျော်ရှိပြီးတော့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၄ သန်းကျော်နဲ့ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

    ဆေးထိုးပြီးသူ အသက် ၁၈ နှစ်အထက် အရေအတွက် ၁၂ ရာခိုင်နူန်းရှိလာနေပြီး နှစ်ကုန်မှာ ၁၈ နှစ်အထက် ၅၀ ရာခိုင်နူန်းအထိ ဆေးထိုးပေးဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလည် းဖြစ်ပါတယ်။

    မြန်မာတစ်နိုင်ငံလုံးက အသက် ၁၂ နှစ် အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုတော့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်ပြီး ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးမှာဖြစ်တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

  12. ဖမ်းထားတဲ့ သတင်း‌ထောက်အချို့ ရုံးထုတ်

    အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးထားတဲ့ သတင်းထောက်တွေထဲက တချို့ကို ဒီကနေ့ အောက်တို ၁၃ ရက်နေ့မှာ ရန်ကုန်မြို့အင်းစိန်ထောင်ထဲက အထူးတရားရုံးနဲ့ မြို့နယ်တရားရုံးတချို့မှာ ရုံးထုတ်စစ်ဆေးပါတယ်။

    သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဒီကနေ့ အင်းစိန်ထောင်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့မှာပဲ ဒဂုံမြို့သစ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အလွတ်တန်း သတင်းထောက် မသူဇာကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဒဂုံအရှေ့ပိုင်းတရားရုံးမှာ တရားစွဲတင်ပြီးတဲ့နောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဦးခင်မောင်မြင့်က ဆက်ပြောပါတယ်။

    ဒီကနေ့ ရုံးထုတ်ခဲ့တဲ့အထဲက သတင်းထောက်တချို့ကို တရားစွဲဆိုပြီးတဲ့နောက် အင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။

    ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေကို ဆက်တိုက် ဖမ်းဆီးမှုတွေလုပ်လာခဲ့တာ အယောက် ၁၀၀ ကျော်ထိ ရှိခဲ့ပါတယ်။

    အဲဒီထဲကမှ တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်ထိ သတင်းထောက် အယောက် ၅၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသလို တချို့ကို စစ်ကောင်စီဘက်က ပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားပါတယ်။

    သယန်းကျွန်းပို့စ်သတင်းဌာန တည်ထောင်သူတစ်ဦးဖြစ်တဲ့ မထက်ထက်နဲ့ သတင်းထောက် ကိုဝေလင်းယုကိုလည်း ပေါက်ကွဲစေတတ်သော ဝထ္ထုပစ္စည်းများ ပုဒ်မ ၅ နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာတရားစွဲဆိုခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

  13. ဖရူဆိုမြို့အတွင်းတိုက်ပွဲဖြစ် ၊ ဘုရားကျောင်းနဲ့ နေအိမ်အချို့ လက်နက်ကြီးထိ

    ကယားပြည်နယ် ဖရူဆိုမြို့ထဲ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့နေ့လယ် ၂ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကတစ်ဆင့် သိရပါတယ်။

    ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖရူဆိုမြို့အနီး မာခရော်ရှေ့ကျေးရွာအုပ်စု၊ ထားလဲရွာမှာ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ (၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

    အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ တိုက်ပွဲတွေဟာ ဖရှုဆိုမြို့ထဲအထိရောက်လာတာလည်း ဖြစ်ပါတယ်။

    ဖရူဆိုမြို့ထဲမှာ လက်နက်ကြီးတွေရော စက်လတ်တွေရော ပစ်နေတာဖြစ်ပြီး လူနေအိမ်အချို့ ထိမှန်တာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဖရူဆိုမြို့ လောဘူးဒါးမှာ လက်နက်ကြီး ၃လုံးကျတာရှိပြီး ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးမှု ရှိမရှိကို မသိရသေးကြောင်းလည်း သူတို့ကပြောပါတယ်။

    ဒါ့အပြင် ဖရူဆိုမြို့ရှိ ကတ်သလစ်ဘုရားရှိခိုးကျောင်း လက်နက်ကြီးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပြီး စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဖြစ်ကြောင်း KNDFကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  14. သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းလွှတ်ပေးဖို့ EU တောင်းဆို

    ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံသားတွေဘက်က အခိုင်အမာရပ်တည်ကြောင်းနဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုဖို့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

    ဒါ့အပြင် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို လည်းတောင်းဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံ - အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနဲ့ စပ်လျဉ်းပြီ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်ဲ့ ထုတ်ပြန်ကြေညာချက်ကို ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လာခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) က ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကို စတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ရန်အလို့ငှာ အာဆီယံ ရဲ့ ကြိုးပမ်းအားထုတ်မှုများနဲ့စပ်လျဉ်းပြီး ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ သဘောတူခဲ့တဲ့ သဘောတူချက် ၅ ရပ်အတိုင်း လျင်မြန်တိကျစွာ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနဲ့ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားတဲ့ ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်သူအားလုံး ပါဝင်ရမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောဆိုခဲ့ပါတယ်။

    မြန်မာစစ်ကောင်စီဘက်ကတော့ CRPH နဲ့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ထားပါတယ်။

  15. စစ်ကိုင်းတိုင်းမှာ ညအချိန် အသွားအလာသတိပြုဖို့ ဒေသခံကာကွယ်ရေး အသိပေး

    စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက ထိုးစစ်ဆင်မယ်လို့ သတင်းထွက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ ညအချိန်သွားလာမှု ဆင်ခြင်ဖို့ စစ်ကိုင်းဒေသခံကာကွယ်ရေးတပ်က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန် လာပါတယ်။

    ဒါကြောင့် လူထုအနေနဲ့ အရင်က အသိပေးခဲ့တဲ့အတိုင်း ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်ထွက် သွားလာတာမလုပ်ကြဖို့ စစ်ကိုင်းကာကွယ်ရေးတပ်က ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ပြန်လည်ခုခံပြီး လူထုအသက်အိုးအိမ်ကို ကာကွယ်မှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတဲ့နေရာအနီးမှာ နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာပြောင်းရွှေ့နေကြဖို့၊ လုံခြုံရေးသတိအမြဲရှိဖို့ သတိပေး တိုက်တွန်းတယ်လို့ ဆိုပါတယ်။

    စစ်ကိုင်းတိုင်းနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ ချင်းပြည်နယ် ဖလမ်း ရိဒ်နဲ့ ဟားခါးတို့ဖက်ကို လည်း ခရီးသွားလာတွေမလုပ်ကြဖို့ ချင်းကာကွယ်ရေးတပ်တွေက အောက်တိုဘာလ ၁၃ ရက်နေ့က သတိပေးနေပါတယ်။

    စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေက အခုရက်ပိုင်း အင်အားတိုးချဲ့နေပြီး ဖလမ်းနဲ့ ဟားခါး ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းဌာနတွေက ရေးပါတယ်။

  16. ကန်ကြီးထောင့်မြို့က မိုင်တဲလ် တာဝါတိုင် ဖောက်ခွဲခံရ

    ပုသိမ်မြို့ နဲ့ ၁၀ မိုင်ကျော်ခန့်အကွာ ကန်ကြီးထောင့်မြို့နယ် ရှမ်းရွာအနီးမှာရှိတဲ့ မိုင်တဲလ် တာဝါတိုင်ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညက ဖောက်ခွဲဖျက်ဆီးခံရကြောင်း ကန်ကြီးထောင့်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီ့နေရာဟာ ပုသိမ် ငပုတော ကန်ကြီးထောင့် ကားလမ်း မပေါ်ရှိပြီးတော့ အဲ့ဒီတာဝါတိုင်က ထရန်စဖော်မာ နဲ့ ဝိုင်ဖိုင် လွှင့်တဲ့စက်တို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လည်းသူတို့က ပြောပါတယ်။

    ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့ကတော့ ကန်ကြီးထောင့်မြို့နယ် ရှမ်းရွာတံတားအဆင်း၊ အညာစုရွာထိပ်အနီးရှိ My Tel တာဝါတိုင်ကို ပုသိမ် မြို့ပြ​ပြောက်ကျားအဖွဲ့နှင့်အတူ Area-14အဖွဲ့ တို့ ပူးပေါင်းပြီး ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးပတ်ဝန်းကျင်က ရေတွင်းကုန်း ဝဲကြီး စတဲ့ကျေးရွာတွေကို စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒီတာဝါတိုင်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသူမရှိသေးကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

  17. နောင်မွန်မြို့မှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်ဆန့်ကျင်သူတွေကို ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် စိုးရိမ်မှုနဲ့နေထိုင်နေရတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ စစ်ကောင်စီနဲ့ ဌာနေပြည်သူ့စစ်အဖွဲ့ဆန့်ကျင်သူတွေကို ဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေကြောင့် အချို့ဒေသခံတွေဟာ နေအိမ်မှာ မနေရဲတဲ့အထိ ဖြစ်နေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ဆန့်ကျင်သူနဲ့ အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု (စီဒီအမ်)မှာပါဝင်နေသူတွေကို စစ်ကောင်စီနဲ့ ဌာနေပြည်သူစစ်တွေက ဖမ်းဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာလို့ ဆိုပါတယ်။

    ဒီလို ဖမ်းမယ်ဆီးမယ်ဆိုတာသတင်းတွေထွက်နေပေမဲ့ လက်တွေ့မှာ ဖမ်းဆီးတာမရှိသေးဘဲ သင်္ကာမကင်းဖြစ်သူတွေကိုတော့ ခေါ်မေးတာတွေ ရှိတယ်လို့ပြောပါတယ်။

    '' ဒေသခံတွေကို ဖမ်းမယ်ဆီးမယ်ဆိုတဲ့သတင်းထွက်တယ်။ တချို့က ပိုက်ဆံရှာဖို့ အိမ်ကနေထွက်တဲ့လူ၊ တောထွက်တဲ့လူတွေကိုတောင် PDF သွားတာ၊ ကေအိုင်အေဆီ သွားပေါင်းတာဆိုပြီး အိမ်ကမိသားစုကို သွားဖမ်းမယ်တွေဆိုတာမျိုးရှိတယ်။ ငါးဖမ်းလို့ ပိုက်တန်းရင်တောင် ကေအိုင်အေတွေ ကူးလို့ရအောင် လုပ်ပေးတယ်ဆိုပြီးတော့စွပ်စွဲပြီးမှ ဟိုခေါ်ဒီခေါ် ဟိုမေးဒီမေးတွေ ရှိတယ်။ အဲ့လိုတွေအများကြီးရှိတယ်။ စစ်တပ်မထောက်ခံသူတွေက ပါးစပ် မဟရဲအောင်ဖြစ်နေတယ်။''လို့ နောင်မွန်မြို့ခံတစ်ဦးက ပြောပါတယ်။

    နောင်မွန်မြို့နဲ့ မိုင်၂၀ ခန့်ဝေးတဲ့ မဂွေဇ ဘက်မှာတော့ စစ်တပ်ထောက်ခံသူ နောင်မွန်းဒေသခံတချို့က ဌာနေပြည်သူ့စစ်သင် တန်း အပတ်စဉ် ၂ ကို စက်တင်ဘာလက သင်တန်းတက်ရောက် နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

  18. ရေဦးမြို့နယ်၊ ဝက်ဖြူကျေးရွာက စစ်ကောင်စီသတင်းပေးဆိုပြီး အမျိုးသမီးနှစ်ဦး အသတ်ခံရ, အလောင်းပြန်သယ်တဲ့ လမ်းတလျှောက်က စစ်ကောင်စီတပ်တွေက ပစ်ခတ်ရှာဖွေတာတွေရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ညောင်နီကန်အုပ်စုထဲက ဝက်ဖြူကျေးရွာမှာနေထိုင်တဲ့အမျိုးသမီး ၂ ဦးဟာ မနေ့အောက်တိုဘာ ၁၂ရက်နေ့ညပိုင်းက ရွာရှေ့က ဇရပ်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    သေဆုံးသူနှစ်ဦးဟာ ဝက်ဖြုကျေးရွာဒေသခံ မချိုချိုဝင်းနဲ့မဌေးလင်းဆိုသူတွေဖြစ်ပြီး အဲဒီထဲက မချိုချိုဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ညီမတော်စပ်ကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    “ ၈ လပိုင်းတုန်းက အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးကတော့ စစ်ကောင်စီကခန့်တဲ့အုပ်ချုပ်ရေးမှူးပါ။ သူက ရွာတွေထဲမှာ PDF တွေရှိတယ်ဆိုပြီးသတင်းပေးပြီးစစ်တပ်ကိုရွာထဲခေါ်လာဖူးတယ်။ အဲဒီနောက်ပိုင်းအသတ်ခံရတာပဲ။ သူအသတ်ခံရပြီးရက် ၂၀ လောက်ကြာတော့ ရွာထဲကိုစစ်သားအလုံးအရင်းနဲ့ဝင်လာတယ်။ ဒါကို သူ့ညီမတွေဆွေမျိုးတွေသတင်းပေးတယ်လို့ ရွာကသတ်မှတ်ကြပုံရပါတယ်။ စစ်ကောင်စီသတင်းပေးလို့အဲဒီမှာကတည်းက နာမည်ကြီးတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အမျိုးသမီးနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာတော့ဒေသခံတွေဘက်က ပြောဆိုနိုင်တာမရှိသလို ဘီဘီစီကလည်းသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    ဒီကနေ့အောက်တိုဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာတော့ အမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်တွေက သွားရောက်သယ်ဆောင်ပြီးအပြန်လမ်းမှာ အနီးအနားက ကျေးရွာတွေအနီးသေနတ်နဲ့ပစ်ဖောက်တာ၊ ရွာအတွင်းဝင်ရောက် ရှာဖွေတာတွေလုပ်ခဲ့လို့ ဒေသခံတချို့တိမ်းရှောင်နေရတယ်လို့ရွာသားတွေက ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ရေဦးမြို့နယ်ခံရဲစခန်းတွေကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  19. ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ဆယ်ချီကျဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်ပြော

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီကျဆုံးတယ်ဆိုပြီး ပြည်ထောင်စုကာကွယ်ရေးနဲ့လွတ်မြောက်ရေးတပ်ပေါင်းစု(UDPA)က သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ၊ ရှေ့ပြေးလမ်းရှင်း အဖွဲ့အဖြစ် ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တာလို့ ဆိုပါတယ်။

    အဲဒီလို မိုင်းခွဲတိုက်ခိုက်တာကို ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအပြင် မြိုင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ယက်က ထုတ်ပြန်ချက်မှာဆိုပါတယ်။

    ဒီလိုတိုက်ခိုက်မှုတွေထဲမှာ အောက်တိုဘာလ ၄ ရက်နေ့တုန်းက မိုင်းဆွဲတိုက်ခိုက်မှုလည်းပါဝင်ပြီး အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကားပျက်စီးတယ်ဆိုတာကို အတည်ပြုထားပြီး ကျဆုံးသူမရှိဘူးလို့ ပြောထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ အခုတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး တိုက်ပွဲကိုလာတဲ့တပ်ဖွဲ့ဝင်တစ်ဦး လမ်းမှာ ဆိုင်ကယ်မှောက်ပြီး ဆုံးပါးခဲ့တဲ့ဖြစ်စဉ်ရှိပေမဲ့ ကျဆုံးသူတော့ မရှိသေးဘူးလို့ UDPA က ပြောပါတယ်။

  20. မုံရွာမှာ တစ်ပတ်အတွင်း စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူ ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်အနီးမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ကောင်းလျှံကွမ်းယာဆိုင်ပိုင်ရှင် ကိုအောင်စည်ဆိုသူဟာ ဒီနေ့ အောက်တိုဘာလ ၁၃ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ကိုအောင်စည်ဆိုသူဟာ မုံရွာမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေး မှာပါဝင်သူတွေကို သတင်းပေးခဲ့ပြီး သူ့ကြောင့် ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် ခုလို ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်း မုံရွာမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ Defence Force - South Monywa နဲ့ Monywa Heroes Group က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    “ကျွန်တော်တို့က NUG က D Day ခေါ်ပြီးကတည်းက မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကိုစလုပ်တာ။ စစ်ကောင်စီဒေါက်တိုင်ရှင်းလင်းရေးကလည်း လှုပ်ရှားမှုတစ်ခုပါ။ အခုလိုစစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေခံ PDF တွေ လှုပ်ရှားမှုမြင့်လာတဲ့အချိန်မှာ ကျွန်တော်တို့မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေလည်း အရှိန်မြှင့်လာပါတယ်”လို့ Defence Force - South Monywa အဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာ ၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာထဲက ကြေးမုံရွာမှာနေထိုင်တဲ့စစ်ကောင်စီသတင်းပေးသူလို့နာမည်ကြီးတဲ့ ကိုဇော်စိုင်းဆိုသူကိုလည်း မုံရွာဒေသကာကွယ် ရေးတပ်တွေက ပစ်ခတ်ခဲ့တဲ့အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

    မုံရွာဒေသကာကွယ်ရေးတပ်တွေအနေနဲ့မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေအနေနဲ့ဖောက်ခွဲမှုပေါင်း အကြိမ် ၂၀ ဝန်းကျင် လုပ်ခဲ့သလို စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ၁၀ ဦးဝန်းကျင်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

    တဖက်မှာလည်း ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ စစ်ကောင်စီသတင်းပေးလို့သတ်မှတ်စွပ်စွဲခံရပြီးတဲ့နောက် ပစ်ခတ်ခံရပြီး သေဆုံးသူပေါင်း ၄၀၀ ဝန်းကျင်ရှိနေပြီလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သတင်းထုတ်ပြန်ထားပါတယ်။