ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေး နန်းရှေ့ ၁၉လမ်း အရှေ့ဘက် မှာ ပေါက်ကွဲမှုဖြစ်

    မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ ရေနီမြောင်း အနီး ကိုဗစ်နိုင်တီးစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ စက်တင်ဘာ ၁၃ရက် မနက် ၁၀နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်တယ်လို့ မြို့ခံတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားလာပါတယ်။ ပေါက်ကွဲမှုဟာ မနက် ၁၀နာရီလောက်ကဖြစ်တာဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်တယ်လို့ဆို ပါတယ်။ '' ၁၉လမ်း အရှေ့ဘက် က လဘက်ရည်ဆိုင်နားမှာဖြစ်တယ်။အနည်းဆုံးလေးဦးလောက် သေတယ်ကြားတယ်။ ဒဏ်ရာပြင်းထန်တာကတော့သေချာတယ် ။ပေါက်ကွဲမှုကပြင်းထန်တာ အနားကသစ်ပင်တောင်လောင်သွားတယ်'' လို့ အဲဒီအနီးနေထိုင်တဲ့ မြို့ခံတစ်ဦးပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ လူနာတင်ယာဉ်ရှစ်စီးလောက် ရောက်နေပြီး လူနာသယ်ယူရေးလုပ်နေကြတယ်လို့သိရပါတယ်။ လက်ရှိမှာ ၁၉လမ်း အရှေ့ဘက်ကို ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေသလို အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေကကင်းလှည့်စစ်ဆေးနေတယ်လို့သိရပါတယ်။

  2. တစ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ခံရတယ်လို့ နှမ်းခါးရွာခံတွေပြော, စစ်ဘေး‌ရှောင်နေသူတွေ ဆေးဝါးနဲ့ အစားအသောက်လိုအပ်နေ

    ဒီနေ့စက်တင်ဘာ (၁၃)ရက် မနက်ပိုင်းမှာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက နှမ်းခါးရွာက အိမ်တွေထပ်မံမီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက်အစောပိုင်း (၇)နာရီလောက်မှာစတင် လောင်ကျွမ်းတာဖြစ်ပြီး ရွာခံတွေကတော့ ဘေးလွတ်ရာစစ်ဘေးရှောင်နေကြချိန်ဖြစ်ပါတယ်။

    “အခု မနက် ၁၀နာရီ‌လောက်တော့ မီးခိုးအများကြီးလှမ်းမတွေ့ရတော့ဘူး။ အိမ်ဘယ်နှစ်လုံး အရှို့ခံရလဲလည်း မသိသေးဘူး။ကျွန်တော့်တို့လည်း ရွာထဲကို ဝင်မကြည့်ရဲသေးဘူးဗျ။ လောလောဆယ်က စစ်ဘေးရှောင်နေရတာ အသက်ကြီးသူတွေ၊ ဒုက္ခိတတွေ လည်းပါတော့ ဆေးဝါးနဲ့ အစားအသောက်လိုအပ်နေတာပဲ။ ရွာထဲဝင်လာလိုက် ပစ္စည်းတွေယူလိုက်၊ နွားတွေကိုသတ်စားလိုက်နဲ့လုပ်တယ်။ ပစ္စည်းတွေယူတာကထားပါဦး အိမ်တွေကို မီးရှို့တာကကျတော့ အိမ်ကွက် တခုဖြစ်ဖို့ ကလွယ်တာမှမဟုတ်တာလေ”လို့ စစ်ဘေးရှောင်နေရတဲ့ နှမ်းခါးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ရွာထဲကို စစ်တပ်ကမီးဒုတ်တွေကိုင်လာပြီး မီးရှို့တာလို့ ဒေသခံတွေအကြားပြောဆိုကြသလို ပျူစောထီးအဖွဲ့က အခုလိုရှို့တာလို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် မီးရှို့တာနဲ့ ပတ်သက်ပြီး ဘီဘီစီဘက်က သီးသန့်အတည်ပြုနိုင်တာမရှိပါဘူး။ စက်တင်ဘာ (၁၀)ရက်ကလည်း အလားတူ ဖြစ်စဉ်မျိုး ကြောင့် နှမ်းခါးရွာမှာ အိမ်အလုံး (၄၀) ကျော် မီးလောင်ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းအထိ နှမ်းခါးရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။ မနေ့ စက်တင်ဘာ (၁၂)ရက်မှာတော့ ထယ်လှော်ရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေရှိခဲ့တယ်လို့ သိရပါတယ်။

  3. ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းမြင့် နဲ့ ဒေါက်တာမျိုးအောင်တို့အမှုတွေကို ဒီကနေ့ ပြန်လည်စစ်ဆေးမယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးမယ်လို့ ရှေ့နေ့အဖွဲ့ကပြောပါတယ်။ ရှေ့နေ့အဖွဲ့ ရဲ့ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာ ကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

    '' ဒီတစ်ပတ်ရုံးချိန်းဟာ မနက် ၁၀နာရီမှာစတင်မယ်လို့ခန့်မှန်းရတယ်။ကျွန်တော်တို့ကိုတော့ ထုံးစံအတိုင်းခေါ်ထားတယ်။ နေပြည်တော်ကောင်စီနယ်မြေထဲကအထူးတရားရုံးကိုသွားဖို့ပေါ့။ဒါပေမယ့် စစ်ဖြစ်မယ်၊မစစ်ဖြစ်ဘူးကတော့ အခုမနက်အထိသေချာမသိရသေးဘူးပေါ့။ စစ်ဖြစ်မယ်ဆိုရင်တော့စစ်လက်စအမှုတွေအတွက် တရားလိုပြသက်သေစစ်ဆေးတာတွေ ကိုပြန်လည်လုပ်ဆောင်မှာဖြစ်သလို ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ခ အတွက်ကိုတော့ စွဲချက်လျှောက်လဲချက်တင်တာလုပ်ပါမယ် '' လို့ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်ကပြောပြပါတယ်။

    ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာရုံးထုတ် စစ်ဆေးနိုင်တာမရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့လည်း တွေ့ခွင့်မရတာဖြစ် ပါတယ်။ ရုံးထုတ်မစစ်ဆေးဖြစ်တဲ့ကာလအတွင်း ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စတွေဆွေးနွေးနိုင်ဖို့တွေ့ခွင့်တောင်းထားတဲ့အချိန်မှာပဲ အခုလို ရုံးချိန်းစစ်ဆေးမှုပြန်ဖြစ်လာတာပါ။

    လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အာဆီယံအထူးသံတမန်က စစ်ကောင်စီကိုတောက်လျှောက်တောင်းဆိုနေသလို ၊ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ တရုတ် ရဲ့ အာရှရေးရာကိုယ်စားလှယ် ဆွန်းကော့ရှန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    နေပြည်တော် အထူးတရားရုံးမှာဇွန် ၇ ရက်က စတင်စစ်ဆေးခဲ့တဲ့ ကနဦးဖွင့်ထားတဲ့ အမှုတွေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကိုလွှဲပြောင်းထားတဲ့နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တခါ နောက်ထပ် မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ (၄)မှု ရှိနေတာကြောင့် အာဏာသိမ်း ၇လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းအမှု(၁၀)မှုကိုရင်ဆိုင်ရဖို့ရှိနေတာပါ။

  4. တရုတ်ကိုဗစ် ကာကွယ်ဆေး ၄ သန်းထပ်ရောက်

    မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ တရုတ် ဆိုင်နိုဖန်း ကိုဗစ် ကာကွယ်ဆေး ၄ သန်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီဆေးဟာ ဆေးတစ်ပုလင်း ၅ လုံးစာပါတဲ့ ဆေးပုလင်းလုံးရေ ၈ သိန်းရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ် ကာကွယ်ဆေး ၂၄ သန်းထဲက နေ ပထမဆုံးအသုတ်အနေနဲ့ ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    ဒီဆေးတစ်ပုလင်းကို လူ ၅ ဦးကာကွယ် ဆေးထိုးနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ တရုတ် vaccine ကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးစျေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းနဲ့ မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ vaccine ထောက်ပံ့ပေးကာ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် ကူညီပေးခဲ့တယ်လို့လည်း ရန်ကုန်မှာ ရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

    လက်ရှိအထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့ပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၂.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၃.၉ သန်းဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး အလုံးရေ ၈.၇ သန်းကတော့ မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်တယ်လို့လည်း တရုတ်သံရုံးကထုတ်ပြန်ပါတယ်။

  5. ယုဇန မှာ ပစ်ခတ်မှုတွေဖြစ်

    ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာမှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ တစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ အိမ်ရာအတွင်း ပစ်ခတ်မှုတွေရှိခဲ့ကြောင်း ယုဇနအိမ်ရာမှာနေထိုင်သူတွေက ပြောပါတယ်။

    သတင်းပေးဆိုသူ အပစ်ခံရပြီး ယုဇန အိမ်ရာကို စစ်ကောင်စီတပ်တွေ ကား ၃ စီးနဲ့ရောက်လာခဲ့တာဖြစ်ပြီး ယုဇန အိမ်ရာ အေ ဘလောက်နဲ့ ဘီ ဘလောက် နှစ်ခုစလုံးက လမ်းတွေမှာလည်း ပစ်ခတ်ခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။

    ယုဇန အိမ်ရာ ၆ လမ်း‌ အေက စစ်ကောင်စီ သတင်းပေးလို့ ဒေသခံတွေက ပြောသူတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီးနောက် လက်ကို ထိမှန်ဒဏ်ရာရခဲ့ပြီး ယုဇန ၁၀ လမ်းမှာ ဆေးခန်းလာပြစဥ် စစ်ကောင်စီတပ်တွေ အများအပြား လိုက်ပါလာခဲ့တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    ယုဇန အိမ်ရာက လမ်းတွေ အတော်များများမှာ စစ်ကောင်စီတပ်တွေ နေရာယူထားပြီး ယုဇန ၁၁ လမ်းမှာ ပြီးခဲ့တဲ့နာရီပိုင်း စစ်ကောင်စီတပ်တွေရောက်လာပြီး ပစ်ခတ်သံအချို့ကြားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  6. ထန်တလန်တိုက်ပွဲ စခန်းသိမ်းနိုင်ခဲ့တယ်လို့ CDF ထုတ်ပြန်

    ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲမှာရှိတဲ့ အိန္ဒိယနယ်စပ်က လုံလဲရ်တပ်စခန်းကို CNA/CDF-Thantlang က သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ CDF က ထုတ်ပြန်ပါတယ်။

    ဒီစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

    စက်တင်ဘာလ ၁၁ ရက်နေ့ညက ဒီစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ည ၉ နာရီမှာ အားလုံးသိမ်းနိုင်ခဲ့ကြောင်း စခန်းကို ရှင်းလင်းကာ လက်နက်တွေသိမ်းဆည်းပြီး ဆုတ်ခွာခဲ့တယ်လို့လည်း CDF ကပြောပါတယ်။

    ထန်တလန်မြို့နယ်က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  7. လှည်းကူး Mytel မိုင်တဲ တာဝါတိုင်ဖောက်ခွဲခံရ

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ သီတာအေး တိုးချဲ့ ၂လမ်းမှာရှိတဲ့ Mytel မိုင်တဲ တာဝါတိုင် ကို စက်တင်ဘာ ၁၂ရက်နေ့ မနက် ၃ နာရီ ခန့်က ဖောက်ခွဲဖျက်ဆီးခံရကြောင်း လှည်းကူးဒေသခံတွေက ပြောပါတယ်။

    ဒီဖောက်ခွဲမှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ လှည်းကူး PDF ကပြောပါတယ်။

    ဒီဖောက်ခွဲမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစတင် ဖြစ်ပေါ်လာတဲ့ တိုင်းဒေသကြီးအချို့က စစ်တပ်ရှယ်ယာပိုင် Mytel တာဝါတိုင်‌တွေ ဖောက်ခွဲမှုအပြီး ရန်ကုန်တိုင်းအတွင်းမှာ ပထမဆုံး Mytel တာဝါတိုင်ဖောက်ခွဲခံရတာလို့ ဆိုပါတယ်။

    အဆိုပါဖြစ်စဥ်မှာ တာဝါတိုင်ရှိ ဆိုလာပြားနဲ့ မီးစက်ပျက်စီးသွားခဲ့တယ်လို့ သတင်းရင်းမြစ်များထံက သိရပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး တာဝါတိုင်ပေါက်ကွဲမှု့ကြောင့် စစ်ဆေးမှုတွေ တင်းကျပ်နေသလို တာဝါတိုင် အနီး လုံခြုံရေးချထားကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

    ဒေသခံတွေကတော့ တာဝါတိုင်ပေါက်ကွဲမှု့ကြောင့် မီးလောင်တယ်ဆိုတာ ဟုတ်တယ်လို့ပြောပြီး တာဝါတိုင် မလဲသွားဘူးလို့လည်း ပြောပါတယ်။

    စက်တင်ဘာ (၁၂)ရက် စစ်ကောင်စီရဲ့ သတင်းစာမှာဖော်ပြချက်အရ ဖေဖော်ဝါရီကနေ စက်တင်ဘာ (၉)ရက်အထိ တာဝါတိုင်တွေကို မီးရှို့ဖောက်ခွဲဖျက်ဆီးမှု (၆၈)ကြိမ်ရှိပြီလို့ဆိုပါတယ်။

  8. NUG အစိုးရ 5 Million Challenge ရန်ပုံငွေကောက်ခံပွဲ ဒေါ်လာခုနှစ်သန်းခွဲနီးပါးရ

    အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွက် CRPH-OFP မှ ဦးစီးကျင်းပခဲ့တဲ့ “ယုံကြည်ရာခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း” 5Million Challenge ရန်ပုံငွေကောက်ခံပွဲမှာ လက်မှတ်စောင်ရေ တစ်သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး အလှူငွေ အမေရိကန်ဒေါ်လာ ခုနှစ်သန်းခွဲနီးပါး ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဒီလှူဒါန်းငွေတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအတိုင်း လိုအပ်တဲ့နေရာများသို့ စက်တင်ဘာလ ပထမအပတ်မှ စတင်၍ တိုက်ရိုက်လွှဲပြောင်း ပေးအပ်​နေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    5 Million Challenge ရန်ပုံငွေရှာဖွေရေးအစီအစဥ်က လှူဒါန်းမှုအတွက် ရရှိငွေစုစုပေါင်းရဲ့ ၅၁% ဟာ ပြည်တွင်းနေပြည်သူများရဲ့လှူဒါန်းမှုဖြစ်နေတယ်လို့ သိရကြောင်းလည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီအစီအစဥ်မှာ ပြည်ပနိုင်ငံတွေမှာ နိုင်ငံအလိုက်ရောင်းချကြသလို ပြည်တွင်းမှာလည်း လက်မှက်တွေကို ရောင်းချပေးခဲ့ပြီး ဆရာကြီး ဦးဝင်း​ဖေ၊ ကိုမင်းကိုနိုင်နဲ့ အဆို​တော်ကျား​ပေါက်တို့ရဲ့ အနုပညာလက်ရာ ပန်းချီကားများအပြင်၊ ပန်းချီချစ်မြတ်နိုးသူ အလှူရှင်တစ်ဦးက လှူဒါန်းထားတဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ မင်းသားကြီး ဦးကျော်သူ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား၊ ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ မြန်မာ​တွေရဲ့ လှူဒါန်းဖို့ လာ​ရောက်ကမ်းလှမ်းထားသူ​တွေရဲ့ လက်​ဆောင်ပစ္စည်း​လေး​တွေက​​တော့ မဲဖောက်ပေးခဲ့တာဖြစ်ပါတယ်။

  9. ပို့ကုန်ရငွေစျေး အရွက်စျေးအောက်ရောက်

    ပုံမှန်အားဖြင့် ငွေလဲနှုန်းဈေးကွက်မှာ အမေရိကန်ဒေါ်လာထက် ဈေးပိုပေးရတဲ့ ပို့ကုန်ရငွေ ( Earning ) ရဲ့ဈေးနှုန်းဟာ အခုအခါမှာတော့ အမေရိကန်ဒေါ်လာနဲ မြန်မာ‌ငွေလဲနူန်းရဲ့ အောက်ကို ရောက်ရှိသွားပြီလို့ ကုန်သည်တွေက ပြောပါတယ်။

    မြန်မာနိုင်ငံကနေ ပြည်ပကိုကုန်ပစ္စည်းတင်ပို့သူတွေ တရားဝင်ရရှိတဲ့ငွေကို ပို့ကုန်ရငွေ ( Export Earning ) လို့ခေါ်ကြတာဖြစ်ပြီးတော့ ပို့ကုန်ရငွေဟာ အစိုးရကို ၂ ရာခိုင်နှုန်းအခွန်ဆောင်ထားတဲ့ ငွေဖြစ်တဲ့အတွက် ငွေလဲနှုန်းဈေး ကွက်မှာ တစ်ဒေါ်လာကို ၅ကျပ်နဲ့၁၀ ကြား ဈေးပိုပေးပြီး ဝယ်ရလေ့ရှိပါတယ်။

    ဒါပေမဲ့လည်း စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ငွေလဲနှုန်းဈေးကွက်မှာ ပို့ကုန်ရငွေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာနဲ့မြန်မာ‌ငွေလဲနူန်းရဲ့ အောက်ရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    သြဂုတ်လဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၀၀ ဝန်ကျင်ထိဈေးပေါက်နေချိန်မှာ ပိုကုန်ရငွေဈေးကတော့ ၁၇၇၀ ကျပ် ကျပ်ဝန်းကျင်ကို ရောက်သွားခဲ့တယ်လို့ ရန်ကုန်ကလုပ်ငန်းရှင်တွေက ပြောပါတယ်။

    ဒါအပြင်လက်ရှိမှာ မြန်မာငွေတန်ဖိုးကျဆင်းလာနေတဲ့အတွက် ပြည်သူအချို့ဟာအမေရိကန်ဒေါ်လာ ဝယ်ယူသူများလာတဲ့အတွက်လည်း အမေရိကန်ဒေါ်လာ ဝယ်လိုအားများပြီးဈေးတက် လာနေတာကို သုံးသပ်သူတွေလည်းရှိပါတယ်။

  10. မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို မကြာခင်ပြန်ဖွင့်ဖို့ရှိ၊

  11. ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ အသက်မပြည့်သေးသူ (၂)ဦးအပါအဝင် (၃)ဦးပျောက်ဆုံးနေ, စစ်ကောင်စီဘက်ကဖမ်းဆီးသွားတယ်လို့ ဒေသခံပြော

    ကယားပြည်နယ်၊ ဒီးမော့ဆို၊ ပါဒေါဒူရွာက အသက်မပြည့်သေးတဲ့ကလေး(၂)ဦးအပါအဝင် (၃)ဦး စက်တင်ဘာ (၁၀)ရက်ကနေ အခုချိန်အထိဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရနိုင်ခြေရှိတယ်လို့ သူတို့နဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေဟာလည်း စစ်ဘေးရှောင်နေရတာကြောင့် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စုံစမ်းလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။

    “ သုံးယောက်မှာ မိုင်ကယ်ကတော့ (၁၈)နှစ်ကျော်ပြီ။ မောရစ်က (၁၆)နှစ်၊ လိရယ်က (၁၇)နှစ်။ စစ်ဘေးရှောင်ဖို့ ဒီးမော့ဆိုမြို့ပေါ် ရိက္ခာသွားဝယ်ကြတာ။ မီးပွိုင့်ထိပ်မှာ ဒူးထောက်ထိုင်ခိုင်းပြီး ရိုက်နှက်တယ်၊ သေနတ်နဲ့ထုတယ်။ PDFလို့ စွပ်စွဲပြီးနောက် ရဲစခန်းထဲခေါ်သွားတယ်လို့ မျက်မြင်တွေ့သူ ကပြောတယ်။ အဲ့ဒီနောက်ပိုင်း ဘာမှ ဆက်သွယ်လို့မရတော့ဘူး။ ရှေ့ရက်ပိုင်းကလည်း ၆မိုင်ရွာက အသက်မပြည့်သေးတဲ့ ကလေးတွေကို ဖမ်းဆီးထားတဲ့ ပုံတွေတက်လာတော့ စိုးရိမ်နေရတယ်”လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီရက်ပိုင်းအတွင်း ဒီးမော့ဆို၊ ၆မိုင်ရွာက အသက်မပြည့်သေးသူ လူငယ်(၂)ဦးရဲ့ အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ကာ ဒူးထောက်နေတဲ့ပုံကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး အဲ့ဒီဖမ်းဆီးခံရသူတွေ အသက်ရှင်လျက်ရှိ၊ မရှိနဲ့ ဘာကြောင့်ဖမ်းဆီးခံရလဲဆိုတာကို ဘီဘီစီဘက်က သီးသန့်အတည်ပြုလို့မရပါဘူး။

    ဒီလိုဖမ်းဆီး ဓာတ်ပုံရိုက်တာဟာ စစ်ကောင်စီဘက်က လုပ်ဆောင်တာလို့ သတင်းတွေထွက်‌ပေါ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

  12. တာဝါတိုင်တွေ မီးရှို့ဖောက်ခွဲဖျက်ဆီးခံရမှု(၆၈)ကြိမ်ရှိပြီလို့စစ်ကောင်စီထုတ်ပြန်, ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရတာဝါတိုင် (၈၀)နီးပါးဖျက်ဆီးခဲ့တယ်လို့သိရ

    စက်တင်ဘာ (၁၂)ရက် စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြချက်အရ ဖေဖော်ဝါရီကနေ စက်တင်ဘာ (၉)ရက်အထိ တာဝါတိုင်တွေကို မီးရှို့ဖောက်ခွဲဖျက်ဆီးမှု (၆၈)ကြိမ်ရှိပြီလို့ဆိုပါတယ်။

    တစ်ဖက်မှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUGကနေ တော်လှန်ရေးအတွက် တိုက်ပွဲစတင်ကြောင်း စက်တင်ဘာ (၇)ရက်မှာကြေညာပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ဒေသအချို့မှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးလာကြပြီး တာဝါတိုင်(၈၀)နီးပါးဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

    ဒီလို ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် Mytel နဲ့ MPT ကို အဓိက ဦးစားပေးလုံခြုံရေးပေးဖို့ စစ်ကောင်စီဘက်ကညွှန်ကြားတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    ဒါပေမဲ့ မြေပြင်မှာတော့ တာဝါတိုင်တွေကို လုံခြုံရေးပေးတာ မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။

    “ဘုတလင်ဘက်ကတော့ အဲ့(၇)ရက်နေ့ထဲက တာဝါတိုင်ဖြိုကျတာပဲ၊ သူတို့က Mytel ကိုပဲ လုပ်တာပါ။ တခြားတာဝါတိုင်တွေကို လုံးဝမထိဘူး။ အခုတော့ Mytel တွေ သုံးမရတော့ဘူး ဒီနယ်တစ်ဝိုက်တော့လေ။ ဘုတလင်ကိုပဲ (၁၀)တိုင်နီးပါး အဖြိုခံရပြီကြားတယ်။ ကျွန်တော်တို့နားမှာလည်း တာဝါတိုင်ရှိတယ်လေ၊ ဖြိုပြီးတော့ကျ လာစစ်ဆေးတာမရှိဘူး။ အခုထိလည်း သူတို့ပြောသလို အစောင့်ချတာတွေလည်းမရှိပါဘူး။ ဒါပေမယ့် ၉ရက်နေ့တုန်းကတော့ တောင်ဘက်ပိုင်းက ရွာတွေကို တာဝါတိုင်ဖြိုလို့ ဝင်မွှေတယ်ကြားတယ်။ ကျန်တဲ့အော်ပရေတာတွေက ဖုန်းပြောရတာလည်း အဆင်ပြေပါတယ်။ လိုင်းပဲကြပ်နေတာ။ Mytel ကတော့ အာဏာသိမ်း ကတည်းက ကတ်တွေအကုန်ချိုးလိုက်ပြီ။”လို့ ဘုတလင်နယ်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသခံကာကွယ်ရေးတပ်တွေဘက်ကတော့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့‌ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ချေမှုန်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    ဒီကနေ့ စက်တင်ဘာ (၁၂)ရက်မနက်ပိုင်းမှာလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ကုက္ကိုကိုင်းရွာက တာဝါတိုင်နဲ့ မကွေးမြို့က တာဝါတိုင်တွေကိုလည်း ဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်။

    ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ Mytel တာဝါတိုင် (၇)ခုကို စက်တင်ဘာ (၁၀)ရက်တရက်ထဲမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ စစ်ကောင်စီကို အဓိက ထောက်ပံ့နေတဲ့လုပ်ငန်းတစ်ခုအဖြစ်လူသိများပြီး ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာနအောက်က ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Viettelနဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

  13. တီးတိန်ရဲစခန်းအနီး ပစ်ခတ်မှုဖြစ် တစ်ဦးသေဆုံး

    စက်တင်ဘာလ ၁၁ ရက်နေ့ညက တီးတိန်မြို့ရဲစခန်းအနီးမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အနည်းဆုံး တစ်ဦး သေဆုံးခဲ့တယ်လို့ တီးတိန်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒေသခံတွေက တစ်ဆင့် ဘီဘီစီကစုံစမ်းသိရတာကတော့ ရဲတွေဆိုင်ကယ်ရပ်ဖို့ ပြောတာကို မရပ်လို့ ပစ်ခတ်မှုဖြစ်တာလို့လည်း သိရပြီး အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

    ပစ်ခတ်ခံရတာဟာ စုစုပေါင်း ဆိုင်ကယ်နှစ်စီးဖြစ်ပြီး သေဆုံးသူနဲ့ အတူစီးလာတဲ့ အခြားတစ်ဦးလည်းပျောက်ဆုံးနေပြီး ဖမ်းထားသလား ဒဏ်ရာရထားမသိရသေးဘူးလို့ မိသားစုဝင်တွေဆီကတစ်ဆင့်သိရကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    စက်တင်ဘာလ ၁၁ ရက်နေ့ညက တီးတိန်မြို့မ ရဲစခန်းအနီးမှာ ည ၁၀ နာရီဝန်းကျင်က ပစ်ခတ်သံ ၁၅ ချက်ခန့်ကြားခဲ့ရပြီးနောက် သေဆုံးသူကို သူစီးလာတဲ့ဆိုင်ကယ်နဲ့ ကိုက် ၅၀၀ ခန့် အကွာမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်၊

    ပစ်ခတ်ခံရသူတွေဟာ ဆိုင်ကယ်ဆီပြတ်လို့ တွန်းဇံဘက်ကနေ ပြန်လာကြတာဖြစ်ပြီးတော့ မြို့အဝင်မှာ ဆိုင်ကယ်ဆီလာပို့သူတွေနဲ့ အတူ မြို့ထဲဝင်လာစဥ် ပစ်ခတ်ခံရတာလို့လည်း ဒေသခံတွေကပြောပါတယ်။

    သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် ပါခူး ဆိုသူဖြစ်ပြီးတော့ ပန်းရံလုပ်ကိုင်သူတစ်ဦးလို့ သိရကြောင်းသူ့ရဲ့ ရုပ်အလောင်းကို ရဲစခန်းကနေ ပြီးရင်ခွဲရုံကို ပို့ထားတဲ့လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  14. တေးသံရှင်ဆောင်းဦးလှိုင် နွေဦးတော်လှန်ရေး အမည်နဲ့ ရန်ပုံငွေပွဲကျင်းပ, ဒေါ်အောင်ဆန်းစုကြည် ခေတ်ပေါ်ပန်းချီကားကို လေလံတင်ရောင်းချခဲ့

    တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ခရီးစဉ်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ French Institute Alliance Francaise ပြဇာတ်ရုံမှာ စက်တင်ဘာ ၁၁ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ အဲဒီရန်ပုံငွေပွဲ မှာ အလှုငွေအတွက် တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ ဂစ်တာ နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေတ်ပေါ်ပန်းချီကားကို လေလံတင်ရောင်းချခဲ့ပြီး ရန်ပုံငွေအပါအဝင်အမေရိကန်ဒေါ်လာ၇သောင်းခွဲခန့် ရရှိခဲ့ပါတယ်။အဲဒီပွဲကို လူပေါင်း ၃၅၀ ကျော် လာရောက်အားပေးခဲ့ပြီး တေးသံရှင် ဆောင်ဦးလှိုင် ကသီချင်းအပုဒ် ၃၀ကျော်သီဆိုခဲ့ပါတယ်။ ဒီရန်ပုံငွေပွဲဟာမြန်မာနိုင်ငံအတွက် ရရာနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေတော်လှန်ရေးသီချင်းများနဲအတူ ခွန်အားဖြစ်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ မြန်မာမုန့် အစားအစာ၊ အအေးများ ကိုဆောင်းဦးလှိုင်ပွဲအမှတ်တရ၊ နွေဦးတော်လှန်ရေးပစ္စည်းတွေကိုလည်း ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့ပြီး ရန်ပုံငွေအားလုံးကို ပြန်လည်လှုဒါန်းသွားမယ်လို့ သိရပါတယ်။

  15. ထားဝယ်ခရိုင်က သဲချောင်းကြီးရဲစခန်း ကို PDF တွေ ဝင်စီး

    တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရဲစခန်းကို စက်တင်ဘာ ၁၁ ရက် နေ့လယ်က ဝင်‌ရောက်ရှာဖွေစီးနင်းခဲ့တယ်လို့ ဒေသခံ TYC P.D.F က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သဲချောင်းကြီးရဲစခန်းဟာ စစ်ကောင်စီတပ်တွေ အဓိကထား စခန်းချတဲ့နေရာဖြစ်တာကြောင့် စခန်းကို ဝင်ရောက်ရှာဖွေ စီးနင်းခဲ့တာဖြစ်ပြီး စခန်းမှာ စစ်ကောင်စီတပ်တွေ မရှိဘဲ၊ ပန်းရံလုပ်နေသူများသာရှိပြီး စခန်းအတွင်းက စာရွက်စာတမ်းအချို့ သိမ်းဆည်းခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

    ရွာအတွင်းက စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီ သတင်းပေးနှစ်ဦး အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမဲ့လည်း ၎င်းတို့ကို နေအိမ်မှာမတွေ့ရဘူးလို့လည်း သိရပါတယ်။

    စက်တင်ဘာလ ၁၁ ရက်ညပိုင်း တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကောင်စီတပ်တွေရောက်လာခဲ့ပေမယ့် တစ်စုံတစ်ရာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    သဲချောင်းကြီးရဲစခန်းဝင်စီးတာနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  16. ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာမှာ နေအိမ်(၂၀)နီးပါးမီးလောင်

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာက နေအိမ်(၂၀)နီးပါး ဒီကနေ့စက်တင်ဘာ (၁၂)ရက်မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာအနောက်ပိုင်း ကားလမ်းနဲ့ နီးတဲ့ဘက်ခြမ်းတွေက နေအိမ်တွေအဓိက မီးလောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာတပ်စွဲထားပြီး ရွာသားတွေကတော့ ဩဂုတ်လထဲကစစ်‌ဘေးရှောင်နေကြတာကြောင့် ရွာထဲ မှာလူမရှိတော့ဘူးလို့ဆိုပါတယ်။

    “ရွာဘက်ကတချို့ပြန်လာသူတွေကပြောတယ် အိမ်(၂၀)‌လောက်မီးရှို့ခံရပြီတဲ့။ သူတို့က အိမ်တွေရွေးရှို့တာမျိုးတော့မဟုတ်ဘူး။ ဒလန်အိမ်ပါအရှို့ခံရတယ်ကြားတာပဲ။ အခုတော့ စစ်ဘေးရှောင်နေရတယ် အသက်အန္တရာယ်ဘေးကင်းဖို့ပဲအရေးကြီးတယ်။ ချန်ထားခဲ့တဲ့အိုးအိမ်တွေအတွက်တော့ စိုးရိမ်မိတယ်။ ဒါပေမယ့် ပြည်သူတွေဘက်ကသာအနိုင်ရမယ်ဆိုရင်တော့ အိမ်မီးရှို့ခံရလည်း ကျေနပ်တယ်” လို့ စစ်ဘေးရှောင်နေရတဲ့ ထယ်လှော်ရွာဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ထယ်လှော်ရွာဟာ ဂန့်ဂေါ-ကလေးလမ်းမကြီးပေါ်မှာရှိပြီး အိမ်ခြေ(၃၀၀)ဝန်းကျင်သာရှိတဲ့ ကျေးရွာငယ်ဖြစ်ပါတယ်။ ဩဂုတ်လကုန်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာအတွင်းစတိုးဆိုင်ကနေ ပစ္စည်းတွေယူဆောင်သွားတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ စက်တင်ဘာ (၁၂)ရက် နေ့လယ်ပိုင်းအထိလည်း ဂန့်ဂေါခရိုင်ထဲက တောင်ယာပြင်ရွာနဲ့ နှမ်းခါးရွာ တဝိုက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်ရှိနေပါတယ်။

    ဒီလို ရွာတွေကလူနေအိမ်တွေမီးလောင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။

  17. ဂန့်ဂေါ-ကလေးလမ်းမှာ ကားနဲ့ခရီးသည်တွေပိတ်မိနေ, ဂန့်ဂေါ-ကလေးလမ်းတလျှောက်က ရွာပေါင်း (၁၀)ရွာနီးပါး စစ်ဘေးရှောင်နေရ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းအခြေအနေဆိုးနေပြီး ကားတွေနဲ့ ခရီးသည်တွေ ဒီနေ့ စက်တင်ဘာ (၁၂)ရက်မနက်ပိုင်းအထိပိတ်မိနေပါတယ်။ တိုက်ပွဲတွေစတင်ပြင်းထန်လာတဲ့ စက်တင်ဘာ (၉)ရက်ကစပြီး ပိတ်မိနေတာဖြစ်ပေမယ့် တချို့တော့ထွက်နိုင်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာ ထပ်ပိတ်မိနေကြတာပါ။ ပိတ်မိနေတဲ့ ခရီးသည်တွေကိုနီးစပ်ရာရွာတွေက ကျွေးမွေးထားကြရပြီး အဲ့ဒီကူညီပေးနေတဲ့ရွာတွေလည်း စစ်ကောင်စီဘက်က ဝင်ရောက်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြထားပါတယ်။

    “ကလေး- ဂန့်ဂေါ၊ ဂန့်ဂေါ-ပုလဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ။ ဒီနေ့မနက်တောင် တောင်ယာပြင်ရွာနဲ့ နှမ်းခါးဘက်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ ထယ်လှော်ရွာလည်း မီးရှို့ခံနေရတယ်။ ကလေးဘက်က ကျောက်ပြုတ်ရွာဆို မီးရှို့ခံရတယ်။ ဂန့်ဂေါတမြို့နယ်လုံးမှာ ဖြစ်နေကြတာလို့ဆိုလို့ရမယ်။ ဒီလိုတွေဖြစ်တော့ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ ခရီးသည်တင်ကားတွေပိတ်မိတာပေါ့။ စစ်ရှောင်တွေကတော့ တောတွေထဲပြေးတာ။ ဒါကတော့ခရီးသွား တွေပဲ။ အဲ့လမ်းဘက်ကလည်း ဒေသခံကာကွယ်ရေးဘက်က မသွားလာဖို့ပြောထားတယ်။ စစ်ကောင်စီဘက်ကသွားတယ်ဆိုတာနဲ့ ပစ်တာပဲ”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဂန့်ဂေါ-ကလေးတဝိုက်က ရွာပေါင်း (၁၀)ရွာနီးပါး စစ်ဘေးရှောင်နေရပါတယ်။ တချို့ရွာတွေဟာစစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်ပြီး ရွာသားတွေသေဆုံးတာရှိတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသလို ကြိုတင်ရှောင်ထားတဲ့ ရွာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ စစ်‌ဘေးရှောင် တွေဟာ ရုတ်တရက်ထွက်ပြေးလာရတာကြောင့် အစားအသောက်တွေသာမက အဝတ်အစားတွေအထိပါ လိုအပ်ချက်ရှိနေပြီး အခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

    မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အသတ်မပြည့်သေးသူတွေပါ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဘက်က ဆိုထားပေမယ့်စစ်ကောင်စီဘက်ကတော့တစုံတရာတုံ့ပြန်မှု မရှိ သေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဘီဘီစီကမေးမြန်းဖို့ ကြိုးစားနေပါတယ်။

  18. လေကြောင်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက လုံလဲရ်ရွာခံတချို့ အိန္ဒိယဘက်ကိုထွက်ပြေးနေရ, မင်းတပ်မြို့ဘက်မှာတော့ စားနပ်ရိက္ခာတွေပြတ်လပ်နေပြီ

    ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့နယ်ထဲက အိန္ဒိယနယ်စပ်နဲ့ကပ်နေတဲ့ လုံလဲရ်ကျေးရွာမှာ စက်တင်ဘာ (၁၀)ရက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့နောက် ဒေသခံရွာသားတွေ ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်နေရတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ CDFရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်တဲ့ စက်တင်ဘာ (၁၀)ရက်ကနေ ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းအထိ ရွာခံတွေက ရွှေ့ပြောင်းနေကြဆဲလို့ ဆိုပါတယ်။

    အဲဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်တွေပျက်စီးခဲ့ပြီး လူ (၇)ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတဲ့ လုံလဲရ်ရွာအနီးမှာ စစ်ကောင်စီရဲ့ တပ်ခွဲစခန်းတခု အခိုင်အမာရှိထားပြီး CDFတွေရဲ့ တိုက်ခိုက်မှုကြောင့် အဲ့ဒီစခန်းကျခါနီးမှာ စစ်ကူအနေနဲ့ တိုက်လေယာဉ်ရောက်လာပြီး ဗုံးကြဲသွားခဲ့တာလို့ CDFရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

    အလားတူ ထန်တလန်မြို့တဝိုက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ရှိနေပြီး ချင်းဒေသခံနဲ့ကာကွယ်ရေးတပ်ဘက်ကဒဏ်ရာရသူရှိသလိုစစ်ကောင်စီဘက်ကလည်း ငါးယောက်သေဆုံးတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မင်းတပ်မှာတော့ စစ်ကောင်စီဘက်က ရွာတွေကိုဝင်ရောက်စဉ် ဆန်အိတ်ရာနဲ့ချီကို ဖျက်ဆီးသွားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က ဆိုပါတယ်။ မင်းတပ်နဲ့ ထိစပ်နေတဲ့ ယောနယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားတာကြောင့် လမ်းကြောင်းတွေပိတ်နေပြီး ရိက္ခာသယ်လို့မရဖြစ်နေပါတယ်။ဒီကနေ့ မနက်ပိုင်းအထိတော့ ချင်းပြည်နယ် ထန်တလန်၊ ဟားခါးနဲ့ မင်းတပ်ဘက်မှာ ထိတွေ့တိုက်ပွဲမရှိသေးဘူးလို့ သိရပါတယ်။

  19. စစ်အာဏာသိမ်းပြီး ရက်ပေါင်း (၂၂၃)ရက်အတွင်း သေဆုံးသူ (၁၀၈၀)ဦးရှိပြီ

    ဖေဖော်ဝါရီ (၁)ရက်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူ (၁၀၈၀)ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ (၁၁)ရက်က ထုတ်ပြန်ပါတယ်။

    တနင်္သာရီတိုင်း‌‌လောင်းလုံမြိုနယ်နဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တို့က သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ (၁၈)ဦးရဲ့ အချက်အလက်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးမှုတွေအပြင် ဖမ်းဆီးခံရသူ (၆၃၉၈)ဦးရှိပြီး အဲ့ဒီထဲက (၂၇၂)ဦးကတော့‌ထောင်ဒဏ်သတ်မှတ်ခံ ထားရပါတယ်။ အဲဒီလိုအပြစ်ဒဏ်ကျခံရသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေး (၂)ဦးအပါအဝင် (၂၆)ဦးကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ဖော်ပြပါတယ်။ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေရသူ (၁၉၈၄)ဦးထိရှိနေပါသေးတယ်။

    အာဏာသိမ်းတာရက်ပေါင်း (၂၂၃)ရက်ရှိလာချိန်မှာတော့ မြန်မာနိုင်ငံတဝှမ်းတိုက်ပွဲတွေ တဖန်ပြန်လည် ပြင်းထန်နေပြီး ချင်းပြည်နယ်တောင်ပိုင်းရော၊ မြောက်ပိုင်းမှာပါ တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်နေတာပါ။ စက်တင်ဘာ (၁၀)ရက်က အိန္ဒိယနယ်စပ် လုံလဲရွာတိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က ဂျက်လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါဘက်မှာလည်း ရွာတွေဘက်ကို စစ်ကောင်စီဘက်ကဝင်ရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသလို နေအိမ်တွေလည်း မီးရှို့ ဖျက်ဆီးခံရပါတယ်။ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်မှာလည်း တိုက်ပွဲတွေရှိနေပြီး ရွာခံထောင်နဲ့ချီစစ်ဘေးရှောင်နေရပြီး အခက်အခဲအများကြီး ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    တဖက်စစ်ကောင်စီဘက်ကလည်း ‌‌ဒေသကာကွယ်ရေးအဖွဲ့ PDF ‌‌တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားအပါအဝင်လူပေါင်း (၉၃၃)ယောက် သေဆုံးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။