ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရိုဟင်ဂျာတွေအတိဒုက္ခကို မမေ့ဖို့ ကုလအတွင်းရေးမှူးချုပ်ပြော

    ရိုဟင်ဂျာတွေရဲ့အတိဒုက္ခဟာ မေ့ပျောက်ခံအကျပ်အတည်းတစ်ခုအနေနဲ့မဖြစ်သွားစေဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ် အန်ထော်ညူ ဂူတားရစ်ရှ်က သြဂုတ်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေဟာ ဒုက္ခသည်တွေအဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလုံး အရင်းနဲ့ ရွှေ့ပြောင်းဝင်ရောက်မှု လေးနှစ်ပြည့် နှစ်ပတ်လည်မှာ အတွင်းရေးမှူးချုပ်က အခုလို အခုလိုပြောလာတာပါ။

    လက်ရှိအချိန်အထိ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးဟာ သေရေးရှင်ရေးတမျှ အခြေအနေတွေနဲ့ ဆက်နေထိုင်နေရတုန်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    ဒါ့ကြောင့် ဒီဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် မြန်မာပြည်ကို ဘေးကင်းကင်းနဲ့ သိက္ခာရှိရှိပြန်နိုင်ဖို့ အခြေအနေတွေဖန်တီးရေး ကူညီပေးကြဖို့ကိုလည်း တောင်းဆိုသလို မြန်မာပြည်တွင်း လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်မှုနဲ့ စနစ်ကျကျခွဲခြားဆက်ဆံခံနေရမှုအကြောင်းရင်းတွေကို ဖော်ထုတ်ဖြေရှင်းဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

    ဒုက္ခသည်တွေကို လက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ကြောင်းပြောသလို ကုလသမဂ္ဂအနေနဲ့လည်း တက်တက်ကြွကြွဆက်ထောက်ပံ့သွားဖို့ရှိတယ်လို့ သူက ပြောထားပါတယ်။

  2. ထန်တလန်မြို့နေအိမ်တွင်း လက်နက်ထိမှန်သေဆုံးခဲ့တဲ့ကလေးငယ် နာရေး ပြုလုပ်

    ထန်တလန်မြို့နယ်၊ အမှတ် ၁ရပ်ကွက်၊ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာအတွင်းနေထိုင်ရင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် မနေ့ကသြဂုတ်လ ၂၅ရက်နေ့က ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး သေနတ်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့မိသားစုတွေက ပြောပါတယ်။

    သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၀နှစ်အရွယ်ရှိတဲ့ ဆလိုင်းဗန်ဘွေးထန်ရဲ့ နာရေးကိုတော့ ဒီကနေ့သြဂုတ်လ ၂၆ရက်နေ့လည်မှာပြုလုပ်ခဲ့တယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

    "ကျွန်မတို့ပေါက်ကွဲသံတွေကြားတော့ အိမ်ထဲဝင်တယ်။ဆက်တိုက်ကြီးပေါက်ကွဲသံကြားတော့ ဘယ်ထွက်ပြေးရမှန်းမသိဘူး။ သားလေးကတီဗီကြည့်နေရင်းပြေးမလိုလုပ်တော့ ကျွန်မလည်းအနောက်ကလိုက်တာ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ကျွန်မတို့မီးဖိုချောင်ထဲမှာထိတာပါ။ အိမ်ထဲမှာကိုဖြစ်သွားတာ။ ကျွန်မတို့မှာဘာအမှားလုပ်ခဲ့လို့အခုလိုကြုံရတာလဲ။ အပြင်မှာသွားလာနေလို့ဆိုရင်လည်းထားအုံး။ အခုလိုအိမ်ထဲမှာနေရင်းဖြစ်ရတာ။ ခံပြင်းမိတယ်" လို့ ဆလိုင်းဗန်ဘွေးထန်ရဲ့မိခင်ဖြစ်သူကဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင်အခုလိုပစ်ခတ်မှုကြောင့် ဆလိုင်းဗန်ဘွေးထန်ရဲ့မိခင်ဖြစ်သူနဲ့တခြားရပ်ကွက်နေပြည်သူနှစ်ဦးလည်းထိခိုက်မှုရှိခဲ့တယ်လို့အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့အသက်၁၀နှစ်အရွယ် ဆလိုင်းဗန်ဘွေးထန်ဟာဆိုရင် ကျောင်းဖွင့်ရာသီမှာ တတိယတန်းတက်ရမှာဖြစ်ပြီး မောင်နှမ ၃ ဦးလည်းကျန်နေခဲ့တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

    အခုလိုပစ်ခတ်မှုနဲ့အတူ ထိခိုက်သေဆုံးမှုတွေကြောင့် မိသားစုတွေအနေနဲ့နေအိမ်မှာဆက်လက်နေထိုင်ဖို့ ထိတ်လန့်နေတယ်လို့လည်း မိသားစုတွေက ပြောပါတယ်။

    မနေ့ကသြဂုတ်လ ၂၅ရက်နေ့မှာတော့ ထန်တလန်မြို့နယ်အတွင်းမှာ နေ့လည် ၂နာရီလောက်စပြီး ပစ်ခတ်သံနဲ့ပေါက်ကွဲသံတွေကြားခဲ့ရတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အမှတ်၁ရပ်ကွက်ဟာဆိုရင်လည်း မြို့အစွန်ပိုင်းမဟုတ်ဘဲ လူနေရပ်ကွက်မြို့အလည်မှာရှိတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုပါတယ်။

  3. သတင်းထောက်တွေ လွတ်လပ်စွာသတင်းတင်ပြခွင့်ရှိရမယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ပြောလာ

    သတင်းထောက်တွေဟာ ကြောက်ရွံ့ထိတ်လန့်မှုမရှိဘဲ လွတ်လွတ်လပ်လပ် သတင်းတင်ပြခွင့်ရှိရမယ်ဆိုပြီး ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာ လူမှုကွန်ယက်ကနေတဆင့် ထုတ်ပြောလာပါတယ်။

    သတင်းထောက်တွေဟာ သူတို့ရဲ့အလုပ်လုပ်ရင်း တရားစွဲအရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် လည်း တုန်လှုပ်ချောက်ချားရတယ်လို့ ဆိုပါတယ်။

    ပြည်တွင်းမှာ ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ဘီဘီစီ မီဒီယာအက်ရှင်ရဲ့အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မတပ် အရေးယူမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့အပြီးမှာ သံရုံးဘက်က အခုလိုပြောလာတာပါ။

    အခုဆို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သတင်းအလုပ်လုပ်ရင်း ဖမ်းဆီးခံရသူ သတင်းသမားစုစုပေါင်း ၃၂ ဦးထက်မနည်းရှိတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)က ဇူလိုင်လတုန်းက ပြောထားပါတယ်။

  4. မိုးကုတ်မှာ မြေပြိုမယ့်အန္တရာယ် စိုးရိမ်လို့ အိမ်အလုံးရေ ၃၀ နီးပါးက မိသားစုတွေ ဘေးလွတ်ရာ ရှောင်နေရ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မြေပြိုလာနိုင်တဲ့အန္တရာယ်ကို စိုးရိမ်ပြီး မြို့အနောက်ပိုင်းက နေအိမ်အလုံး ၃၀ နီးပါးမှာနေထိုင်တဲ့မိသားစုတွေ ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ မြို့ခံပရိဟိတအသင်းတွေက ဘီဘီစီကိုပြောပါတယ်။

    မိုးကုတ်မြို့က အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက် မနက်ပိုင်းက မြေပြိုမှုဖြစ်လို့ လူပေါင်း ၁၁ ဦး သေဆုံးမှုလည်းဖြစ်ထားပါတယ်။

    ''အောင်သစ်လွင်ရပ်ကွက်ထဲမှာပဲ မြေပြိုမှာစိုးပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေကြတယ်။ မိသားစု၊ ဆွေမျိုးနေအိမ်တွေ ပြောင်းနေကြတာပေါ့။ ၂၄ ရက်နေ့က သေဆုံးတဲ့သူ ၁၁ ဦးထဲက ၃ ဦးကိုတော့ ညနေပိုင်းမှာ နေ့ချင်းပြီး သင်္ဂြိုဟ်ပေးခဲ့ရတယ်။ နောက် ၈ ဦးကိုတော့ မနေ့ (သြဂုတ်လ ၂၅ ရက်)မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ အခုထိတော့ မြေပြိုမှုမှာ ပျောက်ဆုံးသူ မရှိပါဘူး'' လို့ မြို့ခံပရဟိတအသင်းတစ်သင်းက ဘီဘီစီကိုပြောပါတယ်။

    နှစ်စဉ်နှစ်တိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီးရင် မြေပြိုတတ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မိုးဆက်နေလို့ မြေပြိုမှုတွေ ထပ်ဖြစ်လာမှာစိုးရိမ်တယ်ဆိုပြီး ဒေသခံတွေက ပြောအပြီးမှာ အောင်တင့်လွင်ရပ်ကွက်ထဲ မြေပြိုမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

    မြို့ကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာပဲ ပြီးခဲ့တဲ့ဇွန်လလည်တုန်းကလည်း မြေပြိုမှုဖြစ်လို့ မိသားစုတစ်ခုတည်းက လူ ၅ ဦးသေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။

    အခုဆိုမိုးကုတ်မြို့မှာ သြဂုတ်လ တစ်လတည်းမှာတင် လူသေဆုံးတဲ့မြေပြိုမှု ၃ ကြိမ်ထက်မနည်းရှိလာပြီဖြစ်ပါတယ်။

    ဒါ့ပြင် သြဂုတ်လ ၁၄ ရက်တုန်းကလည်း မိုးကုတ်က မြေမဲရွာမှာ တောင်ပြိုကျမှုဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်ရပ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

  5. ရခိုင်ပြည်သူအားလုံးကိုဗစ်ကာကွယ်ဆေးထိုးဖို့ AA တိုက်တွန်း, ရခိုင်ပြည်သူအားလုံးကာကွယ်ဆေးထိုးနိုင်ဖို့လည်း ကြိုးပမ်းမယ်

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း များပြားနေ တဲ့အတွက် ပြည်သူအားလုံး အခွင့်အရေးရပါက ကိုဗစ် ကာကွယ်ဆေး ထိုးထားကြဖို့တိုက်တွန်းကြောင်း ရခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/ AA က ဒီနေ့ သြဂုတ် ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါကူး စက်ခံရသူ ၃၉၁၄ ယောက်ရှိခဲ့ပြီး သေဆုံးသူမှာ၃၇၁ ဦးထိရှိခဲ့ကြောင်းနဲ့ မြေပြင်မှာ ဒီအရေအတွက်ထက်ပိုများနိုင်ကြောင်းကို သြဂုတ် ၂၅ရက်နေ့အထိရရှိထားတဲ့စာရင်းတွေအရသိရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါကြောင့် ရခိုင်ပြည်သူတွေအနေနဲ့မှန်ကန်တဲ့ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားဖို့နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လိုကြိုးပမ်းမယ်ဆိုတာကိုတော့ ရှင်းလင်းပြောကြားထားတာမရှိသေးပါဘူး။

    တဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို ဇူလိုင်၃၁ ရက်နေ့ကစတင်ပြီးထိုးပေးနေတာဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွေအတွက်သတ်မှတ်ထားတဲ့သြဂုတ် ၂၂ရက်နေ့မှာဆေးရောက်မလာခဲ့တဲ့အတွက် ဆေးထိုးမယ့်ရက်နောက်ဆုတ်နိုင်ကြောင်း ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောကြားထားပါတယ်။

    တရုတ်မြန်မာနယ်စပ် အခြေပြုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့မှာတော့ တရုတ်အစိုးရရဲ့ပံ့ပိုးမှုနဲ့ကိုဗစ်ကာကွယ်ဆေးရရှိပြီး အဲဒီဒေသတွေမှာ ကာကွယ်ဆေးထိုးနှံတဲ့လုပ်ငန်းတွေ ပြုလုပ်ထားတာတော့ရှိနေပါတယ်။ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ဖို့အတွက် Stay at home ကာလကို ဇူလိုင်လ၂၀ ရက်နေ့ကစတင်ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၅ရက်နေ့မှာလည်း နောက်ထပ် နှစ်ပတ်ခန့်ထပ်တိုးပြီး Stay at home ထုတ်ပြန်ကြောင်း အေအေကကြေညာထားပါတယ်။

    လက်ရှိရခိုင်ပြည်နယ်အတွင်းမှာလည်း Stay at home ကာလအတွင်း စစ်တွေနဲ့မောင်တောမှာရှိတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပိတ်ထားခဲ့တာကြောင့် ကုန်တင်ကုန်ချလုပ်ကိုင်သူတွေစားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့လည်းကုန်တင်ကုန်ချလုပ်ကိုင်သူတွေကပြောကြားထားပါတယ်။

  6. ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ MSF တောင်းဆို

    စစ်တပ်အနေနနဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးပေးလိုဘူးဆိုရင် ဆေးထိုးလုပ်ငန်းလုပ်ဆောင်ဖို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို ခွင့်ပြုဖို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က တောင်းဆိုလာပါတယ်။

    စစ်တပ်ဟာ မှတ်ပုံတင်မရှိတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးမှာမဟုတ်လို့ ကိုဗစ်-၁၉ ရောဂါကပ်ဘေးဟာ ပြည်နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံခံရခွင့် ကို ပိုအလှမ်းဝေးကွာစေသလို ကပ်ဘေးဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းဆီရောက်လာတဲ့အခါ ကူးစက်ပျံ့ပွားမှုအန္တရာယ်ပိုမြင့်နေစေတယ်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာတွေဟာ အလုပ်လုပ်ဖို့၊ ပညာသင်ဖို့နဲ့ ကျန်းမာရေးစောက်ရှောက်မှုခံယူနိုင်ဖို့ အပြင်ထွက်ခွါခွင့်မရကြဘဲ ရခိုင်ပြည်နယ်ထဲက စခန်းတွေမှာ နေထိုင်နေရတာ ၁၀ နှစ်နီးပါးရှိလာပြီလို့လည်း MSF က ပြောပါတယ်။

    ရခိုင်ပြည်နယ်ကောင်စီကတော့ မွတ်စလင် IDP(ပြည်တွင်းနေရပ်ရွှေ့ပြောင်းဒုက္ခသည်)အများအပြားနေထိုင်တဲ့ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေမှာ ဆေးထိုးပေးဖို့ကျန်သေးပေမဲ့ ကျောက်ဖြူမှာတော့ ထိုးပြီပြီးဆိုပြီး သြဂုတ်လလည်ပိုင်းမှာ ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်တွေက IDP စခန်းတွေမှာနေထိုင်နေရတဲ့ မွတ်စလင်ဒုက္ခသည် တစ်သိန်းလေးသောင်းခန့်ဟာ စစ်အာဏာသိမ်းမှုအပြီး ငွေကြေးလွှဲပြောင်းမှုအခက်အခဲတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေရဲ့ရိက္ခာအကူအညီမရတာ ၃ ကျော်အထိရှိလာပြီဖြစ်တဲ့အတွက် အကျပ်အတည်းကြုံရေရတယ်လို့လည်း သိရှိရပါတယ်။

  7. မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော

    မြန်မာက မှာယူထားတဲ့ Pantsir (ပန်ဆီယာ) လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်မှာပါတဲ့ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ်လို့ ရုရှား စစ်ဘက်နည်းပညာကော်ပိုရေးရှင်းရဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း Interfax သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

    ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။

    မြန်မာနဲ့ ရုရှားတို့ဟာ အဲဒီလေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်တွေအတွက် ဇန်နဝါရီလထဲမှာ စာချုပ်ချုပ်ဆိုထားတယ် ရုရှားအစိုးရ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ ရုရှားဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အသိအမှတ်ပြုနေတယ်ဆိုပြီး စွပ်စွဲနေကြပါတယ်။

    ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ အဖွဲ့ဟာ ရုရှားထုတ် လက်နက်မျိုးစုံ ပြသတဲ့ Army 2021 ပြပွဲ နဲ့ International Army Games ပြိုင်ပွဲအတွက် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေကြတာပါ။

    ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒုတိယ ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံကို သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့ပါတယ်။

    သူ့ရဲ့ရုရှားခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်လက်နက်နဲ့ စစ်သုံးယာဉ်တွေ ထုတ်လုပ် တင်ပို့ ရောင်းချတဲ့ Rosoboronexport ကုမ္ပဏီ ကို သွားရောက်ခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေအတွက် အဲဒီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။

  8. လွိုင်ကော်မြို့လယ် Mytel ရုံး ပေါက်ကွဲမှုဖြစ်

    သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က လွိုင်ကော်မြို့လယ်ရှိ Mytel ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကယားပြည်နယ် အခြေစိုက် Progressive Karenni People Force -PKPFသတင်းပြန်ကြားရေးက သတင်းကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။

    လွိုင်ကော်ဒေသခံတွေ ကိုဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ လည်းပေါက်ကွဲမှုဖြစ်တာမှန်ကန်ကြောင်း ဘီဘီစီကိုပြောပါတယ်။

    ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာကို မသိရသေးသလို ဒီသတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကို သတင်းအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး ။

  9. ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ လေးနှစ်ပြည့် We Apologize ကမ်ပိန်းလှုပ်ရှားမှုလုပ်

    ၂၀၁၇ ခုနှစ်က တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ဒီနေ့ဩဂုတ် (၂၅)ရက်ဆိုရင် လေးနှစ်ပြည့်ပြီဖြစ်ပါတယ်။

    ဒါကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေကနေ We Apologize ကမ်ပိန်းလှုပ်ရှားမှုကို ဒီနေ့မှာလုပ်ဆောင်နေကြပါတယ်။

    ပြည်တွင်းစစ်ဖြစ်နေတဲ့ နှစ်ကာလတွေအတွင်း တိုင်းရင်းသားတွေအပေါ် ပြစ်မှုတွေကျူးလွန်ခဲ့တာတွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ် စစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို လျစ်လျူရှုနေခဲ့မိတဲ့ အတွက် တောင်းပန်တဲ့အနေနဲ့အခုလို ကမ်ပိန်းလှုပ်ရှားတာလို့ ပါဝင်သူတွေက ဆိုပါတယ်။

    “ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲ့အချိန်တုန်းက ဒါဟာထိလွယ်ရှလွယ် issue ဆိုပြီး တခြားနိုင်ငံရေးအရစိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာတွေအတွက် အသံထွက်ဖို့ကို ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်တယ်။ ဒီလိုပျက်ကွက်ခဲ့တာကို တောင်းပန်တဲ့အနေနဲ့ အမျိုးသမီးလူငယ်သပိတ်ခေါင်းဆောင် တွေကနေ ဦးဆောင်ပြီးတော့ လှုပ်ရှားတာဖြစ်တယ်။ တိုင်းပြည်ရဲ့တရားမျှတမှု ပြန်ပြီး ဖော်ဆောင်ဖို့ ဆောင်ရွက်နေကြချိန်မှာ ဒီလိုကမ်ပိန်းကလိုလည်းလိုအပ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ခဲ့တယ်။” We Apologize ကမ်ပိန်းအပေါ်အမြင်ကို တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းကအခုလိုပြောပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း ရိုဟင်ဂျာတွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေ အပေါ် စစ်တပ်က သမိုင်းတစ်လျှောက်လုံးကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုဖော်ဆောင်နိုင်ဖို့ကြိုးစားမယ်လို့ ဒီကနေ့ဩဂုတ် (၂၅)ရက်မှာ ထုတ်ပြန်ချက်ထုတ်ပါတယ်။

    ဒါကြောင့် နိုင်ငံတကာတရားစီရင်ရေးလမ်းကြောင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

  10. တီးတိန်ဘဏ်ပစ်ခတ်မှု ငွေသိန်း ၃၈၀ ကျော်နဲ့ လက်နက်တွေ အလုခံရ ၊CDF လက်ချက်လို့ စစ်ကောင်စီပြော

    ဘဏ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ချင်းပြည်နယ် တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ် ပစ်ခတ်မှုမှာ ဘဏ်က ငွေ ၃၈၈ သိန်းကျော်နဲ့ ဘဏ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေကိုင်တဲ့ လက်နက်တွေ အလုခံခဲ့ ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဒီပစ်ခတ်မှုဟာ ဘဏ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေကို ဘဏ်ကို လာပြီးငွေထုတ်တဲ့ သာမာန်ငွေထုတ်သူ အသွင်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ‌ဒေသခံလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    သူတို့ဟာ ဘဏ်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ပစ္စတို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတော့ ဘဏ်အတွင်းကသေနတ်ပစ်ဖောက်ပြီးဝင်လာကာ စီစီတီဗီနဲ့ ကွန်ပျူတာတွေကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းနဲ့ သူတို့ကို ဖမ်းဆီးနိုင်ရေးပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

  11. ထန်တလန် ရဲစခန်းအနီး ပစ်ခတ်မှုဖြစ် ကလေးတစ်ဦးသေဆုံး

    သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ် ထန်ထလန်မြို့ ရဲစခန်းအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ တွေထံက တစ်ဆင့်သိရပါတယ်။

    မိနစ် ၂၀ ခန့်အကြာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

    နေအိမ်တစ်ချို့ ကျည်ထိလို့ ပျက်စီးမှုတွေရှိသလို နောက်ထပ် ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကျည်ထိလို့ သေဆုံးသွားတဲ့ သူကတော့ ဦးခိုင်ဇာထန်းရဲ့သား မောင်ဗန်ဘွေထန် အသက် ၁၀ နှစ်လို့သိရှိရပြီး လည်ပင်းမှာ ကျည်ထိမှန်လို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသ သတင်းမီဒီယာ The Chin Journal က ရေးပါတယ်။

    ညနေ ၄နာရီခွဲခန့်မှာ သေနက်သံတွေ တိတ်သွားပြီး ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

  12. မန္တလေးမှာ ကိုဗစ် ကူးစက်မှုနဲ့သေဆုံးမှုတွေ လျော့ကျလာ

    မန္တလေးမြို့မှာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာ လူနာနဲ့ သေဆုံးသူတွေဟာ ရာဂဏာန်းကျော် လျော့ကျလာတယ်လို့ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    "တစ်တိုင်းလုံး ပိုးတွေ့မှု၊ သေဆုံးမှုတွေက လျော့ကျလာပြီ။ သုံးပုံ နှစ်ပုံလောက် လျော့ကျသွားပြီ။ အရင်က ရာနဲ့ချီစစ်ရင် ထက်ဝက်လောက်ပိုးတွေ့တယ်။ အခု လော့ဒေါင်းသတ်မှတ်လိုက်တော့ သုံးပုံနှစ်ပုံ လျော့သွားတယ်။ မနေ့က လူ ၃၀စစ်တာ ခြောက်ယောက်ပဲတွေ့တယ်"လို့ နဒီမြန်မာ Test and care ကနေ စစ်ဆေးပိုးတွေ့သူတွေကို ဆေးရုံပို့ပေးရတဲ့ ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

    နဒီမြန်မာ Test and care center မှာ ဇူလှိုင်လကုန်ပိုင်းက ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးသူတွေဟာ နေ့စဉ် တစ်ရာကျော်ရှိခဲ့ပါတယ်။ ဩဂုတ်လလယ်ပိုင်းမှာ နေ့ခင်းအပြင်မထွက်ရ ကန့်သတ်ချက်ကြောင့် နဒီမြန်မာ Test and care center ကို လာရောက်စစ်ဆေးသူ လျော့လာပြီး အများစုက အောက်ဆီဂျင်ပေးထားရသူတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့မှာ ဇူလှိုင်လလယ်ကနေ ဩဂုတ်လ ပထမပတ်အတွင်း ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးသူအရေအတွက်များလာပြီးတော့ ဩဂုတ်လ ၂၀ရက်နေ့ နောက်ပိုင်းကစတင်ပြီး ကိုဗစ်လူနာဖြစ်ပွါးမှုရော သေဆုံးသူတွေပါ လျော့ကျလာခဲ့တယ်လို့ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    မန္တလေးမြို့က ဆေးရုံအများစုမှာ အရင်က ရာချီပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားနေရသူတွေ တက်ရောက်ရာကနေ လက်ရှိ မှာ ဆေးရုံတစ်ရုံကို ကို အယောက် ၂၀ကျော်၊ ၅၀ကျော်လောက်သာ ကိုဗစ်လူနာ ကျန်ရှိတယ်လို့သိရပြီး နေအိမ်နေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ခံစားသူတွေလဲ လျော့လာသလို သေဆုံးမှုနူန်းလဲ နည်းလာတယ်လို့ ကျန်းမာရေးနဲ့ လူမှုကူညီရှာဖွေကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

  13. စစ်ကောင်စီဖမ်းသွားတဲ့ ကျူရှင်ဆရာကို နောက်တစ်ရက်မှာ ကိုဗစ်နဲ့သေဆုံးတယ်လို့အကြောင်းကြား, နာရေးကိုလည်း စစ်ကောင်စီအစီအစဉ်နဲ့သာပြုလုပ်

    ရန်ကုန်မြို့၊ သာကေတမြို့နယ် ၊ ၇ အရှေ့ရပ်ကွက် အောင်သပြေ အနောက် (၄) လမ်းမှာနေထိုင်တဲ့ ရူပဗေဒကျူရှင်ဆရာတစ်ဦးဖြစ်တဲ့ ဦးစိုးပိုင် ခေါ်ဦးကျော်ခိုင်ဝင်းကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၂၂ ရက်နေ့မှာဖမ်းဆီးသွားခဲ့ပြီး နောက်တစ်နေ့ မှာ ကိုဗစ်ရောဂါနဲ့သေဆုံးသွားပြီလို့အကြောင်း ကြားလာတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

    ဒါပေမဲ့ မိသားစုဝင်တွေဘက်ကတော့ ဆရာဦးစိုးပိုင်ဟာ ဖမ်းဆီးခံရတဲ့နေ့မှာ ကိုဗစ်ရောဂါကူးစက်ခံထားရတာမျိုး မတွေ့ခဲ့ရသလို တခြားရောဂါအခံလည်းမရှိဘဲ ကျန်းမာရေးကောင်းမွန်သူတစ်ဦး ဖြစ်တယ်လို့ပြောပါတယ်။ "လာဖမ်းတဲ့နေ့မှာလည်း ထိုးကြိတ်ပြီးဖမ်းသွားတာပါ။ နောက်တနေ့မှာတော့ မြို့နယ်ရဲစခန်းကနေ ကိုဗစ်နဲ့သေတယ်ဆိုပြီး အကြောင်းကြားလာပါတယ်" လို့မိသားစုနဲ့နီးစပ်သူတစ်ဦးကဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ဦးစိုးပိုင်ဟာ ကိုဗစ်နဲ့သေဆုံးတာကြောင့်ဆိုပြီး မိသားစုထံ ရုပ်အလောင်းပြန်မပေးဘဲ စစ်ကောင်စီရဲ့အစီအစဉ်နဲ့ပဲ သင်္ဂြိုဟ်ခဲ့ပြီး နာရေးအခမ်းအနားကို မိသားစုဝင်တစ်ဦးကိုသာ လာရောက်ခွင့်ပြုခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။

    ဆရာဦးစိုးပိုင်ဟာ ဖေဖော်ဝါရီ၁ ရက်နေ့အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ပါဝင်ခဲ့တာရှိလို့အိမ်ကိုစောင့်ကြည့်စစ်ဆေးခံရတာမျိုးလည်း အရင်ကရှိခဲ့ဖူးတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    သြဂုတ်လ၂၂ရက်နေ့မနက်ပိုင်းမှာတော့ သတင်းပေးသူတချို့ကြောင့် အိမ်အတွင်းလက်နက်တွေရှိတယ်ဆိုတဲ့ အချက်နဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး နေအိမ်အတွင်းလက်နက်တစ်စုံတစ်ရာ ရှာတွေ့တာမျိုးလည်းမရှိဘဲ လူကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ အနီးအနားနေထိုင်သူတွေကဆိုပါတယ်။ သေဆုံးချိန်မှာ အသက် ၃၉ နှစ်သာရှိသေးတဲ့ ဆရာဦးစိုးပိုင်ဟာ အသက် ၇၆နှစ်အရွယ်မိခင်နဲ့ အတူ နှစ်ဦးတည်းနေထိုင်တာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းရူပဗေဒဘာသာရပ်ကိုသင်ကြားနေတာ ၁၀ နှစ်ဝန်းကျင်လောက်ရှိနေပြီဖြစ်တယ်လို့ မိသားစုနဲ့ဆွေမျိုးနီးစပ်တွေက ပြောပါတယ်။

  14. ရန်ကုန်လူမှုရေးဝန်ကြီးဟောင်းဇနီး ထောင်ဝင်စာတွေ့စဥ် အဖမ်းခံရ

    ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းရဲ့ ဇနီးဟာ သြဂုတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်မှာ ထောင်ဝင်စာတွေ့စဥ် ထောင်အနီးမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဦးနိုင်ငံလင်း မိတ်ဆွေတွေကပြောပါတယ်။

    သူ့ကိုဘာကြောင့် ဖမ်းဆီးခံလိုက်ရတာဆိုတာနဲ့ ပတ်သက်ပြီးတိတိကျကျ မသိရသေးကြောင်းနဲ့ ဦးနိုင်ငံလင်းဇနီးနဲ့ အတူ ကလေးတစ်ဦးပါ သွားကြောင်းလည်း သူကပြောပါတယ်။

    ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးနိုင်ငံလင်းဆီကို ဇနီးဖြစ်သူ မခင်စန္ဒာ၀င်းနဲ့ သားဖြစ်သူ စံနိုင်ငံလင်းတို့ ထောင်၀င်စာသွားတွေ့စဉ် အဖမ်းခံလိုက်ရတာဖြစ်ပြီးတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာမသိရသေးကြောင်းလည်း သိရပါတယ်။

    ဦးနိုင်ငံလင်း အမျိုးသမီး အခုလို အဖမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဥ်းသားတွေကို အကူအညီပေးနေတဲ့ရှေ့နေတစ်ဦးက လည်း အတည်ပြုပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က လည်း ဦးနိုင်ငံလင်း ရဲ့ ကိုယ်ရေးအရာရှိ တာဝန်ယူခဲ့သူတစ်ဦးဖြစ်သူ ကိုအေးမင်းစိုး အဖမ်းခံခဲ့ရသလို မင်္ဂလာဒုံက ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ NLD ပါတီဝင် အချို့ အဖမ်းခံခဲ့ရပါတယ်။

  15. မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ကနေ ဦးစီးပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင်

    မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ( MCCOC) ကနေ ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Sinopharmကိုဗစ်ကာကွယ်ဆေးကို မနေ့ဩဂုတ် (၂၄)ရက်မှာ စတင်ထိုးနှံပေးကြောင်း တရုတ်သံရုံးဘက်ကထုတ်ပြန်ပါတယ်။

    တရုတ်နိုင်ငံ ဆိုင်နိုဖန်းကုမ္မဏီကနေ ကာကွယ်ဆေးအလုံးရေ ၇ သိန်းကို ပင်လယ်ရပ်ခြား အသင်းအဖွဲ့ကနေ တိုက်ရိုက်ဝယ်ယူပြီး တရုတ် ကာကွယ်ဆေးထိုးနှံတဲ့ ပုံစံသစ်ကို ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဟာ ပြည်ပရောက်တရုတ်လူမျိူးတွေရဲ့အသက်နဲ့ ကျန်းမာရေးကို အမြဲတမ်းဂရုတစိုက်ရှိပြီး ပြီးခဲ့တဲ့ကာလက မြန်မာနိုင်ငံမှာ “နွေဦး vaccineထိုးနှံရေးအစီအစဉ်” အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဖို့အခြေခံကာ ပြည်တွင်းက အဓိကတာဝန်ရှိတဲ့ဌာနတွေနဲ့ ညှိနှိုင်းပြီး MCCOCနဲ့ဆိုင်နိုဖန်းကုမ္ပဏီချိတ်ဆက်နိုင်အောင် ကူညီပေးခဲ့တယ်လို့ သံမှူး Mr.Yu Bianjiangက ကာကွယ်ဆေးစထိုးတဲ့အခမ်းအနားမှာပြောခဲ့တာပါ။

    အခုထိုးနှံပေးတဲ့ ဆိုင်နိုဖန်းကာကွယ်ဆေးတွေဟာ ဩဂုတ် (၂၁)ရက်ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာပါ။

    အမည်စာရင်းပေးသွင်းထားတဲ့အခြေအနေအလိုက် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဆက်တိုက်ပေးပို့နေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒီဩဂုတ်လဆန်းမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ ရန်ကုန်တိုင်းအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဆေးထိုးလိုသူတွေအနေနဲ့ စာရင်းပေးရမယ့် ပုံစံနဲ့ ကျသင့်ငွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ကိုဗစ်ကာကွယ်ဆေးအတွက် ပုဂ္ဂလိကလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေကို တင်သွင်းခွင့်ပြုထားပြီး MCCOCကနေ အရင်ဆုံးကာကွယ်ဆေးထိုးနှံတဲ့အစီအစဉ် စတင်တာဖြစ်ပါတယ်။

  16. တီးတိန် ဘဏ်ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး

    ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးအစောင့် ရဲ ၃ ဦး ပစ်သတ်ခံရလိုက်ရပြီး ဘဏ်ကောင်တာပေါ်က ငွေအချို့ကို ပစ်ခတ်သူတွေက ယူသွားကြောင်း ဒေသခံ သတင်းဌာန တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

    ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်နဲ့ လူ ၄ ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ‌‌ပစ်ခတ်မှုဖြစ်ပြီးနောက်ဘဏ်ဝန်ထမ်းတွေဟာ ရုံးနောက်ပေါက်ကနေထွက်ပြေးသွားကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ရောက်ရှိလာပြီးတော့ ဘဏ်ကို အခုပိတ်ထားတာတွေ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒီပစ်ခတ်မှုနဲ့ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမသိရသေးသလို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

  17. စစ်ကောင်စီဘက်ကဝင်ရောက်ဖမ်းဆီးတာကြောင့် သင်္ကန်းကျွန်းမြို့နယ်မှာ လူငယ်တဦးတိုက်ပေါ်က ခုန်ချတယ်လို့ သတင်းထွက်ပေါ်

    မနေ့ ဩဂုတ်လ (၂၄)ရက် ညပိုင်းမှာ သင်္ကန်းကျွန်းမြို့နယ်ထဲမှာရှိတဲ့ ဇဝန၊ စံပယ်ဖြူကွန်ဒိုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာ ကြောင့် လူငယ် (၁)ဦးတိုက်ပေါ်က ခုန်ချတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

    “ကောင်လေးတယောက်ခုန်ချသွားတယ်လို့သိထားတယ်၊ ဘာဆက်ဖြစ်သွားလဲ၊ ဘယ်အခန်းကဖြစ်တာလဲဆိုတာမျိုး။ နောက် ကွန်ဒိုမှာနေသူပဲလားတခြားအပြင်ကလူပဲလားလည်း မသိရဘူး။ ဘာကြောင့်လာဖမ်းလဲဆိုတာလည်းမသိရဘူး။ ဒါပေမယ့် မနေ့ကတော့ ကံညွန့်ဘက်မှာတော့ ဝင်ဆွဲတယ်အများကြီး။ ကံညွန့်ဆိုတာကတော့ ခုနကွန်ဒိုရဲ့မျက်နှာချင်းဆိုင်ဘက်ခြမ်းပေါ့။”လို့ ရပ်ကွက်နေပြည်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်မြို့ (၄၄)လမ်းဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ မြို့နယ်အများစုမှာ ညစဉ်ဆက်တိုက်ဖမ်းဆီးစစ်ဆေးမှု တွေရှိနေတာပါ။ မနေ့ ဩဂုတ် (၂၄)ရက်ညက ရန်ကုန်မြို့မှာ သုံးနေရာထက်မနည်း ဖမ်းဆီးမှုတွေရှိခဲ့ပြီး ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင်မထုတ်ပြန်သေးပါဘူး။

  18. စစ်ကိုင်းမှာ ကိုဗစ်လူနာလျော့သလို သေနှုန်းလည်းကျလာတယ်လို့ နာကူအသင်းတွေပြော

    စစ်ကိုင်းမြို့မှာ ကိုဗစ် (၁၉) လူနာတွေ လျော့ကျလာသလို သေဆုံးမှုနူန်း ကျဆင်းလာတယ်လို့ နာရေးနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    "ဆေးရုံတက်ရတဲ့ လူနာတွေ နည်းသွားပြီ။ Quarantine Center တွေမှာလည်း လူနာမရှိသလောက်ပဲ။ နေအိမ်တွေမှာ ကုသပြီး အရင်က အပြင်းအထန် အောက်ဆီဂျင်လိုလို့ ငှားတာတွေလည်းလျော့သွားတယ်။ အခု positive နဲ့ဆုံးတဲ့ လူနာလည်းမရှိသလောက် ဖြစ်သွားပြီ"လို့ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

    စစ်ကိုင်းမြို့ မြတ်စုမွန် ယုန်ဖြူ နာရေးကူညီမှုအသင်း တာဝန်ခံက "ဩဂုတ်လ အစပိုင်းမှာကို သေဆုံးတာ ၂၄ ယောက်ထိ ရှိသေးတယ်။ ၂၀ ရက်ကျော်မှ တဖြည်းဖြည်း အကျဘက်ကို ယိုင်သွားပြီး ဒီရက်ပိုင်းအတွင်းမှ အနည်းဆုံး နှစ်ယောက်ထိ ကျသွားတယ်"လို့ ကိုဗစ်-၁၉ လက္ခဏာနဲ့ သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးရတဲ့ အခြေအနေကို ပြောပါတယ်။

    စစ်ကိုင်းမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ လက္ခဏာနဲ့ သေဆုံးသူ တစ်ဦး စတင်သင်္ဂြိုဟ်ပေးရပါတယ်။ နောက်ပိုင်းမှာ တစ်ရက်အတွင်း ကိုဗစ်နဲ့သေဆုံးသူ ဦးရေ နှစ်ဆယ်ကျော်ထိ ဖြစ်လာပါတယ်။ ဇူလိုင်လကုန်ပိုင်းအထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၂၄ ဦးထိကို သင်္ဂြိုဟ်ပေးရတယ်လို့ လူမှုကယ်ဆယ်ရေးနဲ့ နာမှုကူညီရေး အသင်းကနေ သိရပါတယ်။

    လက်ရှိစစ်ကိုင်းမြို့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာလူနာတွေ လျော့နည်းလာပေမယ့် အနီးဝန်းကျင်က ကျေးရွာတွေမှာ ကိုဗစ်လူနာတွေ အောက်ဆီဂျင် လိုအပ်ချက် ဆက်သွယ်တာတွေ များလာပါတယ်။

    " နာရေးပို့ပေးရတာ တစ်ဆယ်အောက်ရောက်သွားပြီ။ မြို့ထဲက ကျလာတယ်။ ရွာဘက်တွေက တက်လာတယ်။ ဝက်လက်တို့ ဆားတောင်တို့ အောက်ဆီဂျင် သွားပေးရတာရှိတယ်။ အခုတော့ ရသွားပြီ။ ကျွန်တော်တို့ ပေးနိုင်သွားပြီ"လို့ SERT လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အရင်က စစ်ကိုင်းမြို့ ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို မန္တလေးမြို့ စက်ရုံတွေမှာ ခွဲတမ်းကျ ယူရပါတယ်။ ဒီနောက် လိုအပ်ချက်တွေများလာလို့ စစ်ကိုင်းမြို့ကနေ တောင်ကြီး၊ ထီးချိုင့်၊ ပြင်ဦးလွင်မြို့တွေထိ အောက်ဆီဂျင်ရရှိဖို့ သွားရောက်တန်းစီရတယ်လို့ ကျန်းမာရေးနှင့်လူမှုကူညီရေး အသင်းတွေကနေ သိရပါတယ်။

  19. နိုင်ငံ့ဝင်ငွေတချို့လျော့နည်းကျဆင်းနေတာကြောင့် လာမယ့် (၆)လအတွင်း ရငွေဆက်လျော့နိုင်တယ်လို့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြော, ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အသုံးစရိတ် အတတ်နိုင်ဆုံး စိစစ်သုံးစွဲဖို့ ဆို

    ကိုဗစ်(၁၉) ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေရပြီး စီးပွားရေး ထိခိုက်မှုတချို့ရှိတဲ့အပြင် အခွန်အကောက်ရငွေနဲ့ တခြားသာမန်ရငွေအပါအဝင် နိုင်ငံတော်ဝင်ငွေတွေကျဆင်းနေတာကြောင့် လာမယ့် (၆)လအတွင်း ရငွေ ဆက် လျော့နိုင်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောပါတယ်။

    မနေ့သြဂုတ် ၂၄ ရက်က စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ခုလိုပြောခဲ့တာပါ။

    စစ်ကောင်စီအနေနဲ့ ကိုဗစ်ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ အသုံးစရိတ်မဖြစ်မနေသုံးရမှာဖြစ်တာကြောင့် ပြည်ထောင်စုဝန်ကြီးဌာန တွေအနေနဲ့ အသုံးစရိတ်အတတ်နိုင်ဆုံး စိစစ်သုံးစွဲဖို့ သူကဆက်ပြောတာပါ။

    လက်ရှိမှာ စစ်ကောင်စီဘက်က ကြားကာလဘတ်ဂျက်ဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ (၁)ရက်ကနေ ၂၀၂၂ခုနှစ် မတ်လ (၃၁)ရက်အထိ (၆)လတာ ခန့်မှန်းခြေငွေစာရင်းရေးဆွဲနေပါတယ်။

    အဲ့ဒီ (၆)လတာ ငွေစာရင်းထဲမှာ ပုံမှန်လိုအပ်တဲ့ အသုံးစရိတ်တွေအပြင် ကုန်ထုတ်လုပ်မယ့်စက်ရုံတွေပြန်လည်ပတ်ရေးအတွက် အသုံးစရိတ်တွေ၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစရိတ်တွေအပြင် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေတို့နဲ့ ဆောင်ရွက်မယ့် အသုံးစရိတ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာမှာဖော်ပြထားပါတယ်။

    အရပ်သားအစိုးရလက်ထက်မှာ ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်ကို ပြောင်းလဲခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကစကာ အောက်တိုဘာ (၁)ရက်ကနေ စက်တင်ဘာ (၃၀)ရက်အထိ သတ်မှတ်ခဲ့တာပါ။

    အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ ဘဏ္ဍာနှစ်ကို ဧပြီ (၁)ရက်ကနေ မတ်လ (၃၁)ရက် ကို ပြန်ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

    အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းတွေကို နှစ်စဉ်မဖြစ်မနေ ပြဌာန်းရတာကြောင့် စစ်ကောင်စီကနေ ကြားကာလဘတ်ဂျက် အဖြစ် (၆)လတာ ခန့်မှန်းခြေငွေစာရင်းရေးဆွဲနေတာလို့ ဖော်ပြထားပါတယ်။

  20. မိုးကုတ်မြေပြိုမှု ၁၁ ဦးအထိသေဆုံး

    မိုးကုတ်မြို့မှာ သြဂုတ်လ ၂၄ ရက်နေ့ မြေပြိုမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၁၁ ဦး လောင်း ရှာဖွေတွေရှိခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    မြေပြိုမှုကြောင့်နေအိမ် ၄ လုံး မြေလွှမ်းခံခဲ့ရပြီး နေအိမ်တွေမှာ နေထိုင်သူ ၁၄ ဦး အနက် ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ၁၁ ဦးကတော့ မြေလွှမ်းခံရပြီး သေဆုံးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နဲ့ ဒေသခံလူမှုကယ်ဆယ်ရေး အသင်းတွေအပါအဝင် လူအင်အား ၁၅၀ ကျော်နဲ့ ကယ်ဆယ်ရေးလုပ်ကိုင်ခဲ့တယ်လို့ ဒီကနေ့ည မြန်မာရုပ်သံသတင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    မြေပြိုမှုကြောင့် မနက်ပိုင်းကသေဆုံးသူ ၃ ဦး၊ နေ့လယ်ပိုင်းက ၅ ဦးနဲ့ ညနေပိုင်း ၃ ဦး ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ကုသိုလ်ပြုလူမှုကူညီရေးအသင်းနဲ့ လောကဟိတ လူမှုကူညီရေးအသင်းတို့က ယာဥ်များနဲ့ ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးနေသူ စုစုပေါင်း (၁၁)ဦး သေဆုံးလျှက် တွေ့ရှိခဲ့ပြီးနောက် ညနေ ၄ နာရီခွဲကျော်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသူတဲ့ အထဲမှာ ကလေးငယ် ၃ ဦးပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်သူတွေထံက သိရပါတယ်။