ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကန်ကြီးထောင့်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

    ဧရာဝတီတိုင်း ၊ ကန်ကြီးထောင့်မြို့ ၊ရွှေဘိုတန်းလမ်းမကြီး မဟာသီရိ မင်္ဂလာရာမ ဘုန်းကြီးကျောင်းရှေ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သြဂုတ်လ ၂၉ ရက်နေ့ မနက် ၆ နာရီကျော်ခန့်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    သေဆုံးသူဟာ ကန်ကြီးထောင့်မြို့ ဥယျာဉ်စုရပ် ၁ လမ်းနေ ထိုင်သူ အသက် ၅၃ နှစ်ဝန်းကျင်ရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးမောင် မောင်မြင့် ဆိုသူဖြစ်ပြီး သေနတ်နဲ့ အနီးကပ်ပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    မြို့ခံတွေကတော့ ဦးမောင်မောင်မြင့်ဟာ စစ်တပ်ကို သတင်းပေးသူလို့ပြောကြပြီး ဒါနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

    ဦးမောင်မောင်မြင့်ဟာ ရွှေဘိုတန်းလမ်းစျေးမှာ စျေးရောင်းသူဖြစ်ပြီး အထုပ်အပိုးတွေနဲ့ စျေးခင်းဖို့ ဆိုင်ကယ်နဲ့ထွက်လာစဥ် သေနတ်နဲ့ ပစ်ခတ်ခံရကြောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးသွားကြောင်းလည်းသိရပါတယ်။

    ဦးမောင်မောင်မြင့်ဟာ ကန်ကြီးထောင့်မြို့ ဗုံးပေါက်ကွဲမှုမှာ မြို့ခံ လူငယ်အချို့ ကို ဖမ်းဆီးရန် သတင်းပေးခဲ့ကြောင်း ဖေဖေါ်ဝါရီလအတွင်း ပုသိမ်က စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်မြို့ အပြန်လမ်း အပင်နှစ်ဆယ်ကျေးရွာ အနီး လက်သုံးချောင်းထောင်ပြတဲ့ လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့သူ တွေထဲမှာပါဝင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ဧရာဝတီတိုင်း အသုတ်မြို့က စစ်တပ်သတင်းပေးလို့ နာမည်ထွက်သူ အမျိုးသားတစ်ဦး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။

  2. မန္တလေးစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်

  3. စစ်ဗိုလ်ချုပ်ဟောင်း၊ တစ်ကျော့ပြန် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ

  4. လောင်းလုံးမှာ အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦး အဖမ်းခံရ

    တနင်္သာရီတိုင်း လောင်းလုံးမြိုနယ် ထဲက စစ်ပြဲကျေးရွာမှာ ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းက အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံအချို့ထံက သိရကြောင်း Dawei Watch သတင်းကရေးပါတယ်။

    ဖမ်းဆီးခံရသူတွေက စစ်ပြဲကျေးရွာသူများဖြစ်တဲ့ ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ ဖြစ်တယ်လို့လည်းဆိုပါတယ်။

    အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်လေးဦးခန့် ဆိုင်ကယ်နဲ့ ရောက်လာပြီး နာရေးကူညီမှုအသင်းက ပြန်လာတဲ့ ၎င်းအမျိုးသမီးလေးဦးကို ရွာအနောက်ပိုင်းဈေးအနီးမှာ စစ်ဆေးဖမ်းဆီးလိုက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

    မနက်ပိုင်းက ကျေးရွာအတွင်း ဆိုင်ကယ်နဲ့ ဆန္ဒပြ သပိတ်စစ်ကြောင်းထွက်ခဲ့တာရှိပြီး သပိတ် လူစုခွဲပြီးနောက် အခုလိုအဖမ်းခံလိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    အဖမ်းခံရသူတွေထဲက မအိမ့်စပါယ်ချိုဟာ အသက် ၁၄ နှစ် ဝန်းကျင်အရွယ် အထက်တန်းကျောင်းသူတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

    စစ်ပြဲကျေးရွာဟာ လောင်းလုံး-ရှင်မော် ကားလမ်းမရှိ ညင်းမော်ရွာမှတစ်ဆင့် သွားရပြီး လောင်းလုံးမြို့မှ ငါးမိုင်ဝန်းကျင်ခန့် အကွာတွင်ရှိပါတယ်။

    စစ်ကောင်စီဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လောင်းလုံမြို့နယ်မှာ နေ့စဥ်နီးပါးပြုလုပ်လေ့ရှိပါတယ်။

  5. ကျောက်မဲခရိုင်အတွင်း စစ်ရှောင်ထောင်ချီရှိလာ

    ရှမ်းပြည်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်ထဲ မှာ ဩဂုတ် ဒုတိယပတ်ကစတင်တဲ့ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)နဲ့ တပ်ပေါင်းစုဖြစ်တဲ့ TNLA ( တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ ) နဲ့ SSPP ( ရှမ်းပြည်မြောက်ပိုင်း ) တို့အကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူထောင်ချီရှိလာတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    လက်ရှိမှာ ရွာပေါင်း ၁၀ ရွာလောက်က စစ်ရှောင်ပြည်သူတွေဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းအချို့မှာ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ မိုးတွင်းကာလဖြစ်လို့ စစ်ရှောင်တွေ နေထိုင်ရေးနဲ့ အစားအသောက်အတွက်အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။

    ''ကျွန်တော်ကြည့်ရတာ တမံသလင်းပေါ်မိုးကာလေးခင်းပြီးအိပ်ကြရတာ၊ရေရှည်ဘယ်လိုမှ အဆင်မပြေဘူး။ အခင်းပါပါးလေးနဲ့အိပ်နေကြရတယ်။ရေရှည်မှာလည်း အစားအသောက်အတွက်က အခက်အခဲရှိလာမယ်။ လူဦးရေက တိုးလာတာကိုး။ကြိုရှောင်ကြတဲ့သူတွေလည်းရှိတယ်''လို့ စစ်ရှောင်စခန်းတွေမှာ အကူအညီပေးရေးလုပ်ငန်းတွေလုပ်နေတဲ့အိုမ်တမာဝ် လူမှုကူညီရေးအသင်းက ကိုစမိုင်းကပြောပြပါတယ်။

    မိုင်းတင်း၊ နမ့်ဆော့၊ ပြိန်းခါး၊ လွယ်ကုန်နဲ့ ကြူရှောမြောက် ရွာတွေမှာလည်း စစ်ရှောင်ရွာခံ (၃၅၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စာရင်းမရတဲ့ စစ်ရှောင်တွေလည်း ကျန်ရှိနေတယ်လို့ဆိုပါတယ်။

    '' နာမွန်စာသင်ကျောင်းမှာစစ်ရှောင်တိုးလာတယ်။နောက်နာမန်ကန်ကျောင်းဘက်မှာမနေ့က စလို့ပြန်တိုးလာတယ်။ လွယ်ကုံ၊နာမွန်၊မိုင်တင်း က စာသင်ကျောင်းတွေမှာလူ ၁၀၀ကျော်နဲ့ ၁၀၀ကြားရှိတယ်။ ဆိုတော့ စစ်ရှောင်နေရာ ၅နေရာ၊ ၆နေရာလောက် နဲ့ မြို့ပေါ် မှာရှောင်တဲ့ လူတွေပါပေါင်းရင် ထောင်ချီရှိလာပြီပြောရမယ် '' လို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းက ကိုစမိုင်းကဆက်ပြောပြပါတယ်။

    လက်ရှိမှာ စစ်ရှောင်တွေအတွက် UNHCR ကလည်း စောင်နဲ့အခင်းတွေဝင်ရောက် လှူဒါန်းပေးနေတယ်လို့သိရပါတယ်။

  6. မန္တလေးက မြို့နယ် ၂ ခုကြားစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်၊ လူ ၂ ဦး ဒဏ်ရာရ

    မန္တလေးမြို့က ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့ကြားက မြို့နယ်စစ်ဆေးရေးဂိတ်တစ်ခုမှာ ဒီနေ့ သြဂုတ်လ ၂၉ ရက်မနက်ပိုင်း ပေါက်ကွဲမှုဖြစ်လို့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဟာ ဒီနေ့ မနက် ၁၀နာရီဝန်းကျင် ဖြစ်ခဲ့တာဖြစ်ပြီး ၆၂ လမ်း၊ ၁၁၂ လမ်းနဲ့ ၁၁၃လမ်းကြား သစ်တောရုံးရှေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

    "အသံအကျယ်ကြီးပဲဗျ။ မြေတောင်ခါသွားတယ်။ကြီးကြီးမားမား ဒဏ်ရာ မရှိပါဘူး။ စစ်ဆေးရေးအဖွဲ့က တစ်ယောက်နဲ့ အနီးကအိမ်ရှင်တစ်ယောက်တော့ ခဲစမှန်တာရှိတယ်"လို့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးဝန်းကျင် ဒေသခံတဦးကပြောပါတယ်။

    အဲဒီစစ်ဆေးရေးဂိတ်ဟာ ဒီလလယ်ပိုင်းမှ ပေါ်လာတဲ့ဂိတ်လည်းဖြစ်ပါတယ်။

    "ခါတိုင်းလည်း အဲ့ဒီနေရာ ပိတ်ဆို့ရှာဖွေမှုတွေရှိတယ်။ မနက်ခင်း ၉နာရီကနေ ၁၂နာရီထိ ရှိတတ်တယ်။ အမြဲတမ်းပဲ။ လုံခြုံရေးအတွက် စစ်ကားတစ်စီးအမြဲရှိတယ်။ အရင်က ဗုံးပေါက်တဲ့နေရာရပ်တာ။ ဒီနေ့မှ တပ်ကကားက ခါတိုင်းရပ်တဲ့နေရာ မရပ်မိဘူး။ အဓိကက ကားကိုထောင်တယ်လို့ ထင်တာပဲ" လို့ ဒေသခံတစ်ဦးက မြင်တွေ့ရတဲ့အခြေနေကို ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာ စစ်ကားတစ်စီးထပ်မံရောက်လာသလို လူဦးရေဖြည့်တင်းတာ လမ်းထိပ်နှစ်ဖက်ကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

    ဩဂုတ်လ ၁၆ရက်ကတည်းက ကိုဗစ်ထိန်းချုပ်မှုအဖြစ် ဈေးဝယ်တာ၊ မြို့နယ်ကျော်ဖြတ်သန်းတာတွေကို မနက်ပိုင်း ‌‌ည‌နေပိုင်းအဖြစ် အချိန်ကန့်သတ်ခဲ့ပါတယ်။

    ဩဂုတ်လ ၂၂ရက်နေ့ စစ်ကောင်စီထုတ်သတင်းစာမှာ မန္တလေးမြို့က ၇မြို့နယ်အပါဝင် တိုင်းအတွင်း မြို့နယ် ၂၀ခုကို ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်ပေမဲ့ နေ့ခင်းပိုင်း အချိန်ကန့်သတ်ချက်နဲ့ ထွက်ခွါဖို့ အချက်တွေ မပါဝင်ခဲ့ပါဘူး။

    ဩဂုတ်လ ၂၃ရက် ကစပြီး မန္တလေးမြို့က မြို့နယ်တချို့မှာ နယ်ကျော်ဖြတ်သန်းခွင့်စစ်ဆေးတဲ့ ဂိတ်တချို့ ပိတ်သိမ်းတာတွေရှိပေမဲ့ မပိတ်သိမ်းတဲ့ဂိတ်တချို့လည်းရှိခဲ့ပါတယ်။

    မန္တလေးမြို့ လမ်းအချို့မှာလည်း ဒီနေ့အချိန်ထိ ရှောင်တခင်စစ်တာ၊ ဂိတ်တားပြီး စစ်ဆေးတာတွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

  7. ဖျက်အားပြင်း အဆင့် ၄ အိုင်ဒါ ဟာရီကိန်း အမေရိကန်ထဲ ဝင်တော့မယ်

    အမေရိကန် ပြည်ထောင်စု လူဝီဆီယားနား ပြည်နယ်ထဲကို အင်အားပြင်းထန်တဲ့ အိုင်ဒါ ဟာရီကိန်း မုန်တိုင်း တနင်္ဂနွေနေ့ ဒေသအချိန် ညနေပိုင်းမှာ ဝင်ရောက် လာတော့မယ် ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးနေပါတယ်။

    အိုင်ဒါ မုန်တိုင်းဟာ လူဝီဆီယားနားထဲ ဝင်လာတဲ့ အခါ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၃၀ ကနေ ၁၅၀ ထိအောင် ပြင်းထန်နိုင်တဲ့ အမျိုးအစား အဆင့် ၄ ဟာရီကိန်း အသွင်နဲ့ ဝင်လာမှာ ဖြစ်တယ်လို့ ခန့်မှန်း ထားပါတယ်။

    ဒါဟာ ၂၀၀၅ ခုနှစ် နယူအော်လင်းမှာ လူ ၁၈၀၀ ကျော် သေဆုံးခဲ့ပြီး အပျက်အစီး အဆုံးအရှုံး အကြီးအကျယ် ဖြစ်စေခဲ့တဲ့ ကက်ထရီးနား မုန်တိုင်းထက်ကို ပိုပြီး ပြင်းထန်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

    အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်က အိုင်ဒါ ဟာရီကိန်း မုန်တိုင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။“အိုင်ဒါဟာ အင်မတန် အန္တရာယ်ရှိတဲ့ မုတ်တိုင်း အသွင်ကို ပြောင်းသွားတယ်လို့ ကြားသိထားတာကို ပြန်ပြောပြချင်ပါတယ်။ အခုနလေးပဲ ဟာရီကိန်း စောင့်ကြည့်ရေး ဗဟိုဌာနဆီက ကျွန်တော့်ကို ထပ်ပြီး တင်ပြလာတာတွေ ရှိပါတယ်။ အိုင်ဒါဟာ သူရွေ့လျားနေတဲ့ လမ်းကြောင်း ပြောင်းမသွားပဲ တည့်တည့်ဆက်ပြီး လာနေတာကြောင့် လူဝီဆီယားနား ရှိရာ ဦးတည် လာနေတာ ဖြစ်တယ်” လို့ သမ္မဘိုင်ဒင် ပြောခဲ့ပါတယ်။

    အခုဆိုရင် လူဝီဆီယားနား တောင်ဘက်ပိုင်း နေရာတော်တော်များများမှာ လူတွေကို ရွှေ့ပြောင်းပေးနေပြီး၊ သောင်းနဲ့ချီတဲ့ လူတွေ အိုးအိမ်တွေကနေ စွန့်ခွာ ထွက်သွား နေရပါတယ်။လူဝီဆီယားနားမှာတင်မက ၊ ကပ်ရက်က မစ္စစ္စပီပြည်နယ်ထဲမှာလည်း အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

  8. ဒေသကာကွယ်ရေးအဖွဲ့ (၁၂)ဖွဲ့ မဟာမိတ်အဖြစ်ပူးပေါင်းတယ်လို့ကြေညာ

    ဒေသအသီးသီးမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့ (၁၂)ဖွဲ့ မဟာမိတ်အဖြစ်ပူးပေါင်းလိုက်တယ်လို့ အဲဒီအဖွဲ့တွေက မနေ့က သြဂုတ်၂၈ရက်မှာကြေညာပါတယ်။

    ပူးပေါင်းတဲ့အဖွဲ့တွေထဲ ရန်ကုန်၊မန္တလေး၊ ရွှေကူ၊ပခုက္ကူ၊ မြင်းခြံ၊ ကောလင်း၊ ကျောက်ဆည် စတဲ့ဒေသတွေကအဖွဲ့တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာတိကျသောတော်လှန်ရေးဆိုင်ရာ ရည်မှန်းချက်ရှိတဲ့အဖွဲ့အစည်းတွေဖြစ်တယ်လို့လည်းပြောထား ပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီဘက်ကနေ ဒေသအသီးသီးမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေလက်နက်ချဖို့၊ အဲဒီအဖွဲ့တွေကိုသိရှိရင် ပြည်သူလူထုကသတင်းပေးကြဖို့ လိုက်လံဆော်သြနေသလို ၊ကွင်းဆက်တွေကိုလိုက်လံဖမ်းဆီးတာတွေလည်းဆက်တိုက် လုပ်ဆောင်နေတာတွေ့ရပါတယ်။

  9. မင်းတပ်မှာ စစ်ကောင်စီက နေ့ခင်းပိုင်းအချိန် နေအိမ်တွေ ဧည့်စာရင်းစစ်, ပုံမှန်စစ်မယ်ဆိုပြီးပြောတယ်လို့ ဒေသခံတွေပြော

    ချင်းပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မင်းတပ်မြို့ထဲမှာ စစ်ကောင်စီဘက်က မြို့ထဲ ရပ်ကွက်အချို့ထဲဝင်ပြီး သြဂုတ်လ ၂၈ ရက် နေ့လည်ခင်းအချိန် ဧည့်စာရင်းစစ်ဆေးတာရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ''မြိုှုထဲက ဘဝသစ်ရပ်ကွက်နဲ့ တခြားရပ်ကွက်တစ်ခုမှာ တအိမ်တက် တစ်အိမ်ဆင်း နေ့လည်ခင်း ဧည့်စာရင်းဝင်စစ်တာပါ။ အိမ်မှာ မိသားစုကလွဲရင် တခြားဧည့်လက်မခံဖို့ မှာသွားတယ်။ ပုံမှန်လာမယ်လို့လည်း ပြောသွားတယ်''လို့ ဧည့်စာရင်းစစ်ခံရတဲ့ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

    ဧည့်စာရင်းကို ရဲနဲ့စစ်သားတွေကပဲ လာစစ်ဆေးတာဖြစ်ပြီး နေအိမ်အခန်းတွေထဲအထိ ဝင်ရှာတာ၊ အိမ်ထောင်စုမှာ လူလျော့နေတာရှိရင် လျော့နေရတဲ့အကြောင်းရင်းကို မေးမြန်းတာလုပ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    မင်းတပ်မှာ ဆန်အပါအဝင် စားနပ်ရိက္ခာဝေရမယ့် မြို့ခံဦးရေ အယောက် ၅,၀၀၀ အထိလာနေပြီး အရင်းတုန်းက မြို့တွင်းမှာ အဲဒီပမာဏမရှိခဲ့တာကြောင့် လူဦးရေ တိုးလာတဲ့အခြေအနေကို သံသယနဲ့ ဧည်စာရင်း ဝင်စစ်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    တချိန်တည်းမှာပဲ ဧည့်စာရင်းစစ်ဆေးမှုတွေ လုပ်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့ထဲက လမ်းဆုံ၊ မြို့ပတ်လမ်းနဲ့ မြို့ထဲနေရာပေါင်းစုံမှာ ဖြန့်ကြက်နေခဲ့တယ်လို့ သိရပါတယ်။

  10. ရန်ကုန် မြို့နယ်PDF တွေက အဖွဲ့ဝင် ၄ဝကျော် ဖမ်းမိတယ်လို့စစ်ကောင်စီပြော

    ရန်ကုန်တိုင်းထဲက မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အဖွဲ့ဝင် ၄၁ ဦးကို သြဂုတ်လ ၉ ရက်ကနေ ၂၅ ရက်အတွင်း ဖမ်းမိတယ်လို့ ဒီကနေ့ စစ်ကောင်စီက ကြေညာပါတယ်။

    သူတို့ထဲက တချို့ကို လက်နက်တွေနဲ့ အတူ ဖမ်းမိတာ ဖြစ်ပြီး ပွိုင့် - 22 သေနတ်တစ်လက်၊ ပစ္စတို ၄ လက်နဲ့ ကျည်ဆန်တွေ၊ ဗုံးတွေ ကိုပါ သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ဖမ်းမိသူတွေထဲက တချို့ဟာ ရန်ကုန်မြို့ထဲမှာ ဖောက်ခွဲမှုတွေနဲ့အတူ လုပ်ကြံသတ်ဖြတ်မှုတွေကိုပါ ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

    ဒါ့အပြင် သူတို့တွေကို စေခိုင်းသူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အစရှိသူတွေဖြစ်တယ်လို့လည်း စွပ်စွဲ ဖော်ပြထားပါတယ်။

    ဖမ်းမိသူတွေဟာ လှိုင်သာယာ၊ထန်းတပင်၊ ကွမ်းခြံကုန်း၊ စမ်းချောင်း၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံတောင် မြို့နယ် PDF ၈ ခုက အဖွဲ့ဝင်တွေလို့ ဒီထုတ်ပြန်ချက်က ပြောပေမဲ့ တချို့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပြီးနောက် အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ဖမ်းဆီးခံရသူတွေဟာ စွပ်စွဲခံရတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တာ မရှိဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

    သူတို့တွေ ဖောက်ခွဲမှု စုစုပေါင်း ဆယ်ဂဏန်းချီ လုပ်ခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ပါပါတယ်။

    အဲဒီထဲက တချို့ဟာ KNLA တပ်မဟာ၁၊၂၊ ၆ နဲ့ ၇ နယ်မြေတွေမှာ ဖောက်ခွဲရေးသင်တန်းတွေ တက်ခဲ့ပြီး အဲဒီကနေ လက်နက်ဝယ်ယူ ရရှိလာသူတချို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ PDF အသိုင်းအဝိုင်းတွေက လတ်တလော တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

  11. ကျားကြီးကို ချစ်ခဲ့တဲ့ ဝန်ကြီးချုပ်ကတော်

  12. ကိုဗစ်ကာကွယ်ဆေး နှစ်သန်း တရုတ်က ထပ်ရောက်

    တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေး နှစ်သန်း ဒီကနေ့ မြန်မာနိုင်ငံကို ထပ်ရောက်လာတယ်လို့ စစ်ကောင်စီ ရုပ်သံမီဒီယာတွေက ဒီကနေ့ညမှာ ထုတ်ပြန်ပါတယ်။

    ဒီကာကွယ်ဆေးတွေ ရန်ကုန်လေဆိပ်ကို ညနေပိုင်းမှာ ရောက်လာပြီး မနက်ဖြန်ကစပြီး တိုင်းနဲ့ ပြည်နယ်တွေကို ဖြန့်ပြီး အများပြည်သူကို အမြန်ထိုးနှံသွားမယ်လို့လည်း ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မေလကုန်ပိုင်းက စပြီး ကိုဗစ် တတိယလှိုင်း မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးနောက် စစ်ကောင်စီက ကာကွယ်ဆေးထိုးရေးကို လုပ်ဆောင်နေတာမှာ အခုချိန်ထိ ကာကွယ်ဆေးထိုးပြီးသူ ၆ သန်း အထိရှိနေပြီလို့ ဆိုပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်း စစ်ကောင်စီက ထိုးပေးတဲ့ ကာကွယ်ဆေးတွေကို မထိုးလိုသူ အများအပြား ရှိနေပါတယ်။ လူအရေအတွက် အများအပြား ထိုးနှံနိုင်မယ့် ပုဂ္ဂလိက ကာကွယ်ဆေးထိုး လုပ်ငန်းတွေကတော့ တရုတ်သံရုံးရဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့ပြီး လူသုံးသိန်းခွဲစာအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေး ဆိုင်နိုဖမ်းဆေးတွေကို ပထမဆုံးစတင် ထိုးနှံနေပြီ ဖြစ်ပါတယ်။

  13. အန္တရာယ်အသွယ်သွယ်ဝိုင်းနေတဲ့ ရန်ကုန်မြို့

  14. လာအို အထူးစီးပွားရေးဇုန်က မြန်မာအလုပ်သမားတချို့ အသုတ်လိုက် ပြန်လာခွင့်ရ

    လာအိုရွှေတြိဂံ အထူးစီးပွားရေးဇုန်မှာရှိတဲ့ ကာစီနိုလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် တခြားလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တသောင်းကျော်ဟာ ကွာရင်တင်း စင်တာတွေမှာ လနဲ့ချီနေထိုင်ပြီး စားဝတ်နေရေး အဆင်မပြေတာကြောင့် သြဂုတ်လတုန်းက ဆန္ဒပြခဲ့ကြပါတယ်။

    အခုအခါမှာတော့ အဲဒီက အလုပ်သမား အနည်းငယ်ဟာ မြန်မာနိုင်ငံကို အသုတ်လိုက်ခွဲ ပြန်ခွင့်ရနေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း တခါ ပြန်ရင် လူ ၂၀၀ လောက်ပဲ ပြန်နိုင်တာ ဖြစ်တာကြောင့် လူဦးရေ တသောင်း လောက်မှာ တထောင်ကျော်လောက်ပဲ နေရပ် ပြန်နိုင်သေးတဲ့ အခြေအနေမှာ ရှိသေးတယ်လို့ ဒုတိယ အသုတ်နဲ့ ပြန်လာတဲ့ အလုပ်သမားတယောက်က ဘီဘီစီကို ပြောပြပါတယ်။

    အခုလက်ရှိ အခြေအနေအထိ နေရပ်ပြန်လိုသူတွေဟာ အလှည့်နဲ့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပြီး အဲဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်သူ အများစုက တရားမဝင် နေထိုင်လုပ်ကိုင်နေသူတွေလည်းဖြစ်ပါတယ်။

    ထိုင်းနိုင်ငံဘက်မှာလည်း တရားဝင်အလုပ်လုပ်ကိုင်နေသူတွေတောင် အခုလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံကို ပြန်လိုသူတွေ ရှိနေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားအရေးလှုပ်ရှားသူ ဦးမင်းမင်းဦးက အခုလို ပြောပါတယ်

    ဒါ့အပြင် တရုတ်နိုင်ငံကနေ ပြန်လာချင်သူ အလုပ်သမားတွေလည်း ရာနဲ့ချီ ရှိနေပြီး သူတို့ထဲမှာ ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါပါတယ်။

    အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်သူ အများစုဟာ အခုဖြစ်နေတဲ့ကိုဗစ် ရောဂါကြောင့်အလုပ်တွေ မရှိတော့ဘဲ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နနေကြရပါတယ်။

  15. ဝိုင်းမော်မှာ ခလရ ၅၈ တပ်အနီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရ, ဒဏ်ရာရသူ သေဆုံးသွားပြီလို့လည်း သတင်းတွေထွက်ပေါ်နေ

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်၊ မဒိန်းကျေးရွာမှာ ရှိတဲ့ ခြေလျင်တပ်ရင်း ခ.လ. ရ (၅၈) တပ်အနီးမှာ ဒီနေ့ သြဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မဒိန်ကျေးရွာသားတစ်ဦး လက်နက်ထိမှန်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

    အဆိုပါလက်နက်ထိမှန်မှုကြောင့် အဲဒီအမျိုးသား သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပြီး ဒါကို အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ ဝိုင်းမော်မြို့ ခ.လ. ရ (၅၈) တပ်ဘက်မှာ ဒီနေ့နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက် ငယ်ပစ်ခတ်သံတွေကို မိနစ် ၃၀ ခန့် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အိမ်တချို့အတွင်း ကျည်ခွံတွေကျရောက်ခဲ့သလို နေအိမ်တချို့လည်း ပျက်ဆီးသွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

    "နေ့လယ် တစ်နာရီလောက်ကနေစဖြစ်တာဟုတ်တယ်။ ဘယ်လိုဖြစ်ကြ သလဲတော့ မသိဘူး။ ညီမတို့ကတော့ ရွာထဲမှာပေါ့နော်။ ကြောက်တာပေါ့။ အိမ်ထဲမှာပဲ နေနေတာ။ အိမ်တွေမှာ အဲဒီလို ကျည်တွေကျလာလို့ ညီမတို့တောင် ကြောက်လို့ အိမ်ထဲကနေ တောင် မထွက်ဘူး။ ညီမအခန်းမှာလည်း တစ်ခုလာကျတယ်" လို့ ဒေသခံတစ်ဦးကေ ဘီဘီစီကိုပြောပါတယ်။

    ဝိုင်းမော်မှာ ခလရ ၅၈ အနီး ဒီလဆန်းနဲ့လလယ်ပိုင်းတွေတုန်းကလည်း ပစ်ခတ်မှုတွေဖြစ်ခဲ့ သလို ပြီးခဲ့တဲ့နှစ်ပတ်ခန့်က အဲဒီတပ်အနီးက ဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်မှုဖြစ်စဉ်မှာ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

    ဒီနေ့သြဂုတ်လ ၂၈ ရက် ပစ်ခတ်မှုဟာ ခါတိုင်းထက်ပို ကြောက်စရာ ကောင်းတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့KIA တို့အကြား တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်ခန့်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဆိုးဆုံးဖြစ်စဉ် ကတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်းကျေးရွာမှာ ရှိတဲ့ ခလရ ၅၈ တပ်ကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့ သြဂုတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကေအိုင်အေဘက်က လာရောက် တိုက်ခိုက်တာလို့ပြောဆိုပေမယ့် အဲဒီဒေသတဝိုက်မှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲလို မျိုးဖြစ်ပွားတာမရှိဘူးလို့ ဒေသတွင်းသတင်းတချို့က ဖော်ပြနေကြပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကေအိုင်အေဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  16. ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး ဖမ်းခံရတဲ့သတင်းမဟုတ်ဘူးလို့ KBC ငြင်းဆို

    မြစ်ကြီးနားကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာ တူးမိုင် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်ကပြောပါတယ်။

    မနေ့ သြဂုတ် ၂၆ ရက်နေ့ညနေ ၅ နာရီလောက်မှာ KBC အတွင်းရေးမှူး ဆရာတူးမိုင်ကို သက်ဆိုင်ရာက လာရောက်ဖမ်းဆီးချိန်မှာ ဆရာတူးမိုင်ဟာ ထွက်ပြေးလွတ်မြောက် သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေ တာဖြစ်ပါတယ်။

    "ရဲတွေ စစ်သားတွေနဲ့လာဖမ်းတယ်ဆိုတာ အဲ့ဒါတွေက မဟုတ်ဘူး။ အုပ်ချုပ် ရေးမှူးနဲ့စခန်းက ရဲ ၄ ယောက်လာတွေ့ဆုံတာပဲဟုတ်တယ်။ ဖမ်းဖို့မဟုတ်ဘူး။ ကေဘီစီက သြဂုတ်လ ၇ ရက်နေ့တုန်းက ကိုဗစ်အတွက် အသင်းတော်တွေကို ဖြန့်တဲ့စာမှာ နံပါတ် ၆ နဲ့ နံပါတ် ၇ မှာ နိုင်ငံရေးမတည်မငြိမ်ရှိနေတဲ့အတွက် ဆုတောင်းဖို့လည်းပါတယ်။ အဲ့ဒီမှာ အသုံးအနှုန်းတွေက နည်းနည်း ဘာသာပြန်တဲ့နေရာမှာ အာဏာရှင်ဆိုတဲ့ ကချင်လို ရေးထားတာကို အကြမ်းဖက်စစ်တပ်ဆိုတဲ့ အဲ့လို ဘာသာပြန်လိုက်တာမျိုးတွေပေါ့ နော်။ ဆုတောင်းတဲ့အခါမှာ ကေအိုင်အို ခေါင်းဆောင်တွေအတွက် ဆုတောင်းတယ် ဆိုတာမျိုး အဲ့လိုထင်မှတ်စရာဖြစ်သွားတာပေါ့နော်" လို့ ဒေါက်တာခလမ် ဆမ်ဆွမ်က ရှင်းပြပါတယ်။

    ကေဘီစီက အသင်းတော်တွေကို ဆုတောင်းဖို့ဖြန့်ဝေတဲ့စာမှာအချက် ၈ ချက်ပါရှိပြီး နံပါတ် ၆ နဲ့ ၇ မှာ ပါတဲ့ အာဏာရှင် ဆိုတဲ့ ကချင်လိုရေးထားတာကို အကြမ်းဖက် စစ်တပ် ဆိုတဲ့ စကားလုံးဘာသာပြန်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    "အဓိပ္ပာယ်က ကျွန်တော်တို့သုံးတဲ့စကားလုံးက အာဏာရှင်စနစ် ပပျောက်ပြီးမှ ဖက်ဒရယ်ထွန်းကားဖို့ရန် ပါတာပေါ့။ ဒါကို ကချင်လို(ဂွမ်ရှန်) လို့ခေါ်တာပေါ့။ ဒါကို မြန်မာလို အကြမ်းဖက်စစ်တပ် ဆိုတာကို သူတို့က ပြန်ဆိုတာပေါ့။ နောက်ထပ် တစ်ချက်က တိုင်းပြည်ကို ဦးဆောင်သော ခေါင်းဆောင်များ ဆိုတဲ့နေရာမှာသူတို့ကအဲ့ဒါ ကေအိုင် အေ ကေအိုင်အို အတွက် ခေါင်းဆောင်များကို ဆုတောင်းတယ်ဆိုတာ မှတ်ယူတာပေါ့။ ဘယ်သူပြန်သလဲတော့မသိဘူး။ သူတို့က အဲ့လိုပြန်ဆိုပြီးမှ အကြောင်းကြားတဲ့စာကို ကျွန်တော်တို့ကတွေ့ရတာပါ" လို့ ဒေါက်တာခလမ်ဆမ်ဆွမ်က ရှင်းပြပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ပြေလည်အောင်တွေ့ဆုံဖြေရှင်းဖို့ရှိတယ် လို့ပြောပါတယ်။

  17. KNC ပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရတာ ကချင်တစ်မျိုးသားလုံးနစ်နာမှုလို့ ပါတီဘက်က ပြော

    ကချင်အမျိုးသားကွန်ဂရက်(KNC)ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ဖမ်းဆီးခံလိုက်ရတာဟာ ပါတီအတွက်တင်သာမက ကချင်တစ်မျိုးသားလုံးအတွက် နစ်နာမှုတစ်ခုဖြစ်တယ်ဆိုပြီး ပါတီရဲ့တွဲဖက်သတင်းပြန်ကြားသူ ဦးနော်ဂျာက ပြောပါတယ်။

    ဒေါက်တာ ဒေါက်တာM ကောန်လဟာ သြဂုတ်လ ၂၅ ရက်မှာ နေပြည်တော်မှာ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာကို ပါတီဘက်က ပြောထားပါတယ်။

    အခုလောလောဆယ်မှာတော့ ဒေါက်တာM ကောန်လကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးထားတယ်လို့ အကြမ်းဖျင်းသိထားရတယ်လို့လည်း ပါတီဘက်က ပြောပါတယ်။

    ဒေါက်တာ M ကောန်လကို ဘာ့ကြောင့် ဖမ်းဆီးတယ်ဆိုတာမသိရပေမဲ့ စစ်ကောင်စီရဲ့ ရွေးကော်အသစ်နဲ့ပါတီတွေ တွေ့ဆုံပွဲအတွက် KNC လည်း ဖိတ်ကြားခံခဲ့ရပေမဲ့ ပါတီဘက်က တက်ရောက်ဖို့ ၂ ကြိမ်တိုင်တိုင် ငြင်းခဲ့တာ၊ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့မှာလည်း ပါတီဥက္ကဋ္ဌကဦးဆောင်ပြီး ကချင်ပြည်နယ်နဲ့ဆိုင်တဲ့မူဝါဒတွေကို ရေးဆွဲနေတာတွေတော့ ရှိတယ်ဆိုပြီး ပါတီဘက်က ပြောပါတယ်။

    ပါတီအနေနဲ့ကတော့ သူရဲ့မိသားစုဆီ ဖုန်းအဆက်သွယ်နဲ့ သူတို့အတွက် အကောင်းဆုံး ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို စုံးစမ်းမေးမြန်းနေတယ်လို့ပြောပါတယ်။

    ဒေါက်တာM ကောန်လ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေသတစ်ခုအတွင်း ရက်ပေါင်း ၉၀ အတွင်း နေထိုင်ပါက ရောက်ရှိနေရာကနေ မဲပေးခွင့်ရမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို KNC ပါတီက ဦးဆောင်ပြီး မြစ်ကြီးနားမြို့မှာကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

  18. လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဂတိမှုနဲ့ အမှုဖွင့်ခံရ

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို NLD အစိုးရလက်ထက် သူတာဝန်ထမ်းဆောင်ချိန် ငှားရမ်းအသုံးပြုခဲ့တဲ့ရဟတ်ယာဉ်တစ်စင်းကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပြီလို့ စစ်ကောင်စီက သြဂုတ်လ ၂၇ ရက်မှာပြောပါတယ်။

    ဒေါက်တာဝင်းမြတ်အေးဟာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်က သဘာဝဘေးအန္တရာယ်ကြုံတဲ့ဒေသတွေဆီ ကူညီကယ်ဆယ်ရေးလုပ်ဖို့၊ နိုင်ငံတော် အရေးကြီးကိစ္စတွေအတွက် သုံးဖို့ ရဟတ်ယာဉ်တစ်စင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ငှားရမ်းခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတွက် ငွေကြေးပိုင်ဆိုင်မှု ကျပ်ငွေသန်းပေါင်းသောင်းချီဆုံးရှုံးစေခဲ့တယ်ဆိုတာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းတွေ့ရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။

    ရဟတ်ယာဉ်ကို စာချုပ်မှာပါတဲ့နာရီပျံသန်းချိန်အတိုင်းအသုံးမပြုဖြစ်ဘဲ ပျံသန်းမယ့်နာရီပိုနေခဲ့တာ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ဘေးသင့်သူတွေအတွက်သာ သုံးစွဲခွင့်ရှိတဲရန်ပုံငွေကိုသုံးခဲ့တာ၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ကာကွယ်ဝန်ကြီးဌာနကို သဘောထားတောင်းခံတင်ပြတာမျိုးမရှိခဲ့တာ၊ ရဟတ်ယာဉ်နောက်ကျရောက်လာတဲ့အခြေအနေကို သိပေမဲ့ စာချုပ်ကို မပြင်ဘဲ အရင်အတိုင်းထားတယ်လို့လည်းဆိုပါတယ်။

    ဒီလိုအခြေအနေ ကုန်ကျစရိတ်တွေရှိခဲ့တာတွေကြောင့် နိုင်ငံတော်ငွေကြေး ထိခိုက်ဆုံးရှုံးမှုတွေအတွက် ဒေါက်တာဝင်းမြတ်အေးကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ထားတာလို့ ဆိုပါတယ်။

  19. လောင်းလုံးအမျိုးသမီးထုတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီလှုပ်ရှားမှု

  20. ရဲစခန်းတွေမှာအမှုဖွင့်ခံထားရသူတွေထဲက လူ ၂၀၀ ကို အမှုပိတ်ပေးပြီးပြီလို့ စစ်ကောင်စီပြော

    အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ရဲစခန်းတွေမှာ အမှုဖွင့်ခံထားရသူတွေထဲက လူ ၂၀၀ ရဲ့အမှုတွေကို ပိတ်သိမ်းပေးပြီးပြီဆိုပြီး စစ်ကောင်စီဘက်က သြဂုတ်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးက နိုင်ငံသားလူပုဂ္ဂိုလ်တွေကို ဖွင့်ထားတဲ့အမှုတွေကို ပြန်ရုတ်သိမ်းပေးဖို့ ဆက်သွယ်လာရင် ပိတ်သိမ်းပေးမယ်ဆိုပြီး စစ်ကောင်စီက သြဂုတ်လ ၃ ရက်ကတည်းက ပြောဆိုခဲ့တာပါ။

    အဲဒီနောက်ပိုင်း သြဂုတ်လ ၂၆ ရက်နေ့အထိ သက်ဆိုင်ရာရဲစခန်းတွေကို အမှုပိတ်ပေးဖို့ ဆက်သွယ်လာသူ ကျန်းမာရေးနဲ့ပညာရေးအပါအဝင် အလွှာစုံက လူ ၅၉၀ ဦးကျော်ထဲကမှ စိစစ်ပြီး အမှုပိတ်ပေးသူ လူ ၂၀၀ အထိရှိလာတာလို့ စစ်ကောင်စီက ပြောပါတယ်။

    ဆက်သွယ်လာသူတွေကိုလည်း ရဲစခန်းမှာ ရုံးလုပ်ငန်းအရ တိုက်ဆိုင်စိစစ်တာကိုပဲ လုပ်ပြီး ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးတာတွေ မလုပ်ဘူးလို့လည်း ဆိုပါတယ်။

    ဒီလိုအမှုပိတ်သိမ်းတာတွေရှိပေမဲ့ တဖက်မှာလည်း စစ်ကောင်စီဟာ NUG နဲ့ CRPH တို့ကို ဆက်သွယ်တဲ့သူ၊ PDF တွေကို ရိက္ခာထောက်ပံ့ကူညီတဲ့သူတွေဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူပေါင်း ၃၀ နီးပါးကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းဖမ်းဆီးတာ၊ လူငယ်တွေရဲ့ပျောက်ကျားသပိတ်ကို ဖြိုခွင်းဖမ်းဆီးတာ ပြုလုပ်နေပါတယ်။