ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း အခြေခံစားကုန်တွေကို ပြည်တွင်းမှာထုတ်နိုင်တဲ့အတွက် စားသောက်ကုန်မရှားပါးနိုင်ဘူးလို့စစ်ကောင်စီဥက္ကဋ္ဌပြော, ဈေးကားတွေနဲ့လှည့်ရောင်းပေးနေတာ အားရတယ်လို့ဆို
ပြည်တွင်းမှာကိုဗစ်ရောဂါကူးစက်ပျံ့ပွားချိန်မှာ ကန့်သတ်ချက်တွေရှိလာတာကြောင့် ကုန်ထုတ်လုပ်မှုစရိတ်တွေ လည်းမြင့်မားလာပြီး ကုန်ဈေးနှုန်းတွေမြင့်တက်လာတာကိုတွေ့ ရပေမယ့် အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ကုန်ပစ္စည်းရှားပါးမှုတွေမဖြစ်နိုင်ဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။
ကုန်ဈေးနှုန်းတွေမြင့်တက်လာပေမယ့် အခြေခံစားသောက်ကုန်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်တဲ့အတွက် စားသောက်ကုန်တွေမရှားပါးနိုင်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက သြဂုတ်လ ၃၀ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက်အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဈေးကားတွေနဲ့နေရာအနှံ့စားသောက်ကုန်တွေဖြန့်ဝေရောင်းချပေး နေတာတွေဟာ ပြည်သူတွေနဲ့နိုင်ငံဝန်ထမ်းတွေအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူတွေရဲ့စားဝတ်နေရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးတာဖြစ်ကြောင်းနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက် အခုထက်ပိုပိုဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာဖော်ပြထားပါတယ်။
တဖက်မှာလည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းထိကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ဘက်ကထုတ်ပြန်ချက်တွေရှိသလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း လာမယ့် လအနည်းငယ်အတွင်း မြန်မာပြည်လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိ အငတ်ဘေးကြုံတွေ့နိုင်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ပြည်တွင်းကိုဗစ်တတိယလှိုင်းမှာတော့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုမြင့်တက်လာပြီး နောက်ပိုင်းမှာ အခြေခံစားသောက်ကုန်တွေဈေးနှုန်းမြင့်တက်လာတာတွေ၊ အလုပ်လက်မဲ့အရေအတွက်များပြားလာတာတွေကြောင့် စားဝတ်နေရေးကြပ်တည်းမှုတွေရှိခဲ့တဲ့အတွက် ပြည်သူမှပြည်သူသို့ဆိုတဲ့ အစားအသောက်တွေကို ဈေးလျော့ရောင်းချပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုအစားအသောက်တွေလှည့်လှည်ရောင်းချမှုတွေဟာဆိုရင် ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းနဲ့လူမှုကူညီရေးပရဟိအသင်းတွေကဦးဆောင်ရောင်းချပေးတာတွေဖြစ်ပြီး စစ်ကောင်စီရဲ့အစီအစဉ်နဲ့ရောင်းချမှုတွေကိုတော့ မတွေ့ရဘူးလို့ ဈေးလျော့ကမ်ပိန်းမှာ ပါဝင်ရောင်းချသူတွေကပြောပါတယ်။