ဇွန်လဆန်းတုန်းက
ကရင်ပြည်နယ်၊ ကနဲလေး ဆိုတဲ့ အရပ်မှာ အရပ်ဝတ်နဲ့ လက်နက်မဲ့ လူ ၂၅ ယောက်ကို အစုလိုက်
အပြုံလိုက် သတ်ခဲ့တာဟာ သူတို့ အဖွဲ့က ဖြစ်တယ် ဆိုပြီး ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း
KNDO ရဲ့ ထိပ်တန်း ခေါင်းဆောင်ပိုင်း နှစ်ယောက်က ဖော်တီဖိုင်းရိုက်စ် လို့ ခေါ်တဲ့ လူ့အခွင့်အရေး
ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကို အတည်ပြု ပြောကြား
ခဲ့တယ်လို့ ဖော်တီဖိုင်းရိုက်စ်က ထုတ်ပြန်ပါတယ်။
ဒီအမှုနဲ့
ပတ်သက်ပြီး စုံစမ်း အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်တဲ့ အဖွဲ့ ဖော်တီဖိုင်းရိုက်စ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို
တောင်းဆိုလိုက်ပါတယ်။
KNDO
ဆိုတာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်ပိုင်းဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ ရှိတဲ့ အထဲက
တစ်ဖွဲ့ဖြစ်ပါတယ်။ (နောက်တစ်ဖွဲ့ကတော့ KNU ရဲ့ အဓိက စစ်အင်အားလို့ ခေါ်နိုင်တဲ့ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် KNLA ဖြစ်ပါတယ်။)
ဖော်တီဖိုင်းရိုက်စ်ကို
ပြောခဲ့တဲ့သူတွေဟာ KNDO ထိပ်တန်း တပ်မှူး ဗိုလ်ချုပ် နာဒါမြနဲ့ ဗိုလ်စောဘဝါးတို့
ဖြစ်တယ်လို့ ဆိုပါတယ်။
လူ
၂၅ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီးတဲ့နောက် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ဖြစ်စဥ်ကို
အတည်ပြု ပေမယ့်၊ အဲဒီသူတွေဟာ မြန်မာစစ်တပ်ရဲ့ သူလျှိုတွေ ဖြစ်လို့ သတ်ရတာ ဖြစ်တယ်လို့
နာဒါမြက ပြောတယ်ဆိုပြီး ဖော်တီဖိုင်းရိုက်စ် ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
အဲဒီလိုမှ
မလုပ်ရင် ထွက်ပြေးသွားပြီး၊ သူတို့ ပြန်လာရင် အဖွဲ့အတွက် အန္တရာယ် များလွန်းတဲ့
အတွက် သူ့ရဲ့ တပ်သားတွေက ရှင်းလိုက်ရတာ ဖြစ်တယ်လို့ ပြောကြောင်း ဖော်တီဖိုင်းရိုက်စ်က
ရေးထားပါတယ်။
မေလ
၃၁ ရက်နေ့မှာ KNDO ဟာ အမျိုးသား ၃၇ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၁၀ ယောက်
စုစုပေါင်း လူ ၄၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ လမ်းဖောက်နေတဲ့
စီမံကိန်းထဲ အလုပ်လုပ်နေကြသူတွေနဲ့ မိသားစုတွေ ဖြစ်တယ်လို့ နားလည်ရပါတယ်။
မြဝတီ
မြို့နယ် ထိုင်းနယ်စပ် အနီး ကနဲလေးရွာမှာ ဖြစ်ခဲ့တာပါ။ အဲဒီထဲက အမျိုးသား ၂၅ ယောက်ကို
စစ်တပ်ရဲ့ သူလျှိုဆိုတဲ့ စွပ်စွဲချက်နဲ့ KNDO တပ်သားတွေက သတ်ခဲ့တာ ဖြစ်ကြောင်း အခု
တပ်မှူးကိုယ်တိုင်က ဖော်တီဖိုင်းရိုက်စ်ကို အတည်ပြု ပြောတာ ဖြစ်ပါတယ်။
ပင်မအဖွဲ့အစည်း
ဖြစ်တဲ့ KNU အနေနဲ့ အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့
ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး သမားတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်မယ်၊ သက်သေအထောက်အထားတွေ ဝေမျှသွားမယ် ဆိုပြီး
ဖော်တီဖိုင်းရိုက်စ်ကို ပြောဆိုထားတယ်လို့ ဆိုပါတယ်။
အဲဒီအမှု
ကိစ္စ ပေါ်ပေါက်လာပြီးတဲ့နောက် တရားစီရင် စစ်ဆေးတာမျိုး၊ ခုံရုံးတင်တာမျိုး
မရှိပဲ အခုလို သတ်ဖြတ်ခဲ့မှု အပေါ် KNU အဖွဲ့အတွင်းမှာလည်း စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့
ဆိုပါတယ်။
နာဒါမြကတော့
KNDO အနေနဲ့ ဘာအမှားအယွင်း တစုံတရာမှာ လုပ်ခဲ့ခြင်း မရှိကြောင်း၊ သေဆုံးသွားသူတွေဟာ
မြန်မာစစ်တပ် အတွက် သတင်းပေး လုပ်နေတဲ့သူတွေ သူလျှိုတွေ ဖြစ်ကြောင်း ၊ စစ်ဇုန်ထဲမှာ အခုလို အဖြစ်အပျက်မျိုးတွေ ရှိတတ်တာကို
သဘောပေါက်သင့်ကြောင်း ဖော်တီဖိုင်းရိုက်စ်နဲ့ အင်္ဂလိပ်လို အင်တာဗျုး မေးမြန်းခန်းမှာ
ပြောခဲ့တယ်လို့ ဆိုပါတယ်။
KNDO
တပ်သားတွေက အဲဒီ ၂၅ ယောက်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ ဆိုတာကို သူ့ထံကနေ အမိန့်တောင်းခံ
လာခဲ့ကြောင်းနဲ့ သူက အဲဒီနယ်မြေထဲ ကိုယ်တိုင် ရှိနေတာ မဟုတ်တာကြောင့် သင့်တော်မယ်ထင်သလို
စီရင်ဖို့ ပြောခဲ့တယ် ဆိုပြီး နာဒါမြက ဖော်တီဖိုင်းရိုက်စ်ကို ဖြေကြားခဲ့တယ်လို့
ဆိုပါတယ်။