ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာနိုင်ငံမှာ ရေကြီးမှုဒဏ်ခံရသူ ၁၂၅,၀၀၀ အထိ ရှိနေ

    မြန်မာနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုကြောင့် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ရေကြီးမှုဒဏ်ခံရသူ ၁၂၅,၀၀၀ နီးပါးရှိတယ်ဆိုပြီး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေးရုံး(OCHA)က ပြောပါတယ်။

    အခုလို လူပေါင်း တစ်သိန်းနှစ်သောင်းခွဲနီးပါး ရေကြီးမှုဒဏ်ခံရတာဟာ ဇူလိုင်လ ၂၁ ရက်ကတည်းကဖြစ်တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့အချက်အလက်တွေကို ကိုးကားပြီး OCHA က သြဂုတ်လ ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။

    တချိန်တည်းမှာပဲ မြစ်ရေကြီးမှုအခြေအနေကို ကြည့်ရင် ဧရာဝတီဖြစ်ရေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ အဲဒီမြို့တွေရဲ့စိုးရိမ်ရေမှတ်ရောက်ဖို့ ပျမ်းမျှ ၂၀ စင်တီမီတာနီးပါးစီနဲ့ ဆက်မြင့်တက်နေတယ်လို့ မိုးဇလဌာနက ဒီနေ့ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

    တဖက်မှာလည်း မြန်မာနိုင်ငံအထက်ပိုင်းက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသဌာနက ဒီနေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားလို့ ကချင်ပြည်နယ်ကနေစတဲ့ ဧရာတီမြစ်ရေ မြင့်တက်လာမှာကို မြစ်တစ်လျှောက်မှာနေထိုင်တဲ့ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    မိုးသည်းမှုတွေကြောင့် လူသေဆုံးမှုတွေကို ကြည့်ရင် အခုလအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်မြို့တစ်မြို့တည်းမှာတင် မိုးဆက်တိုက်ရွာသွန်းအပြီးဖြစ်တဲ့မြေပြိုမှုတွေကြောင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

  2. တောင်ကိုရီးယားမှာ နွေဦးတော်လှန်ရေး ယဉ်ကျေးမှုပြပွဲတွေ ကျင်းပမယ်

    တောင်ကိုရီးယား နိုင်ငံမှာလာမယ့် သီတင်းပတ်ထဲမှ မြန်မာ့နွေဦး (ကိုရီးယား) အဖွဲ့က"ဂွမ်ဂျူတွင် တွေ့ဆုံသော မြန်မာ့နွေဦး" ယဉ်ကျေးမှုပြပွဲ ကျင်းပသွားဖို့ ရှိပါတယ်။

    ပြွပွဲ ၂ ပွဲ​ ကျင်းပသွားဖို့ ရှိပြီး ဂွမ်ဂျူမြို့ နဲ့ ယောဆူမြို့ တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီခွဲမှာ ဂွမ်ဂျူမြို့မှာ ပထမပွဲကို ကျင်းပမှာ ဖြစ်ပြီး ယောဆူမြို့မှာ ဒုတိယပွဲအဖြစ် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။

    အဲဒီ ပွဲတွေက ရရှိလာမယ့် အနုပညာကြေးတွေ အားလုံးကို မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွေနဲ့ နွေဦး တော်လှန်ရေး ဆိုင်ရာ ကိစ္စတွေမှာ အသုံးပြုဖို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာ့နွေဦး(ကိုရီးယားအဖွဲ့) ဟာ စတင်ဖွဲ့စည်းပြီးချိန်ကစပြီး မြန်မာနိုင်ငံအတွင်းက နွေဦးတော်လှန်ရေးနဲ့ ကိုဗစ် ကုသရေးတွေအပါအဝင် တခြား လိုအပ်တဲ့ အထွေထွေ ကိစ္စတွေအတွက် အလှူငွေတွေ လှူဒါန်းပေးနေခဲ့တာ ဖြစ်ပြီး မြန်မာငွေကျပ် ၇၅ သိန်း ဝန်းကျင် လှူဒါန်းပြီး ဖြစ်ပါတယ်။

    ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံအကြောင်း ယဉ်ကျေးမှုပွဲနဲ့ သွေးလှူပွဲတွေကနေတဆင့် စဉ်ဆက်မပြတ် အသိပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

  3. သုံးလ နားထားတဲ့ WFP ရိက္ခာတွေ ပြန်စပေး

    ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP က ကချင် ၊ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ ရှိတဲ့ စားနပ်ရိက္ခာ အခက်အခဲရှိသူ လူဦးရေ သုံးသိန်းခြောက်သောင်းကို လစဉ်ပေးနေကျ အထောက်အပံ့တွေ ပြန်ပေးနေပြီလို့ ကြေညာလိုက်ပါတယ်။

    ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ မွတ်ဆလင် IDP စခန်းတွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ အဲဒီအစီအစဉ်က ရပ်နားထားတာ သုံးလရှိခဲ့ပြီ ဖြစ်ပါတယ်။

    အခုလို WFP က ကြေညာအပြီးမှာတော့ ဇွန်လက ရပ်နားထားတဲ့ ရိက္ခာတွေကို ပြန်ပေးနေပြီလို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးစခန်းရဲ့ တာဝန်ခံ ဦးလှဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

    လူတဦးကို တစ်သောင်းခွဲခန့်တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ပဲ ထောက်ပံ့တာဖြစ်တယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။

    စစ်တွေမြို့နယ်ထဲမှာ မွတ်ဆလင် IDP စခန်း ၁၁ ခုရှိပြီး အဲစခန်းတွေကို WFP က တာဝန်ယူထောက်ပံ့နေတာဖြစ်ပါတယ်။

    အဲဒီထဲကမှ UNHCR အပါအဝင် နိုင်ငံတကာ အကူအညီတွေ ပေးနေရတဲ့ မင်းတပ်မြို့ကိုလည်း သြဂုတ်လ ၂၆ ရက်နေ့မှာ နိုင်ငံတကာ ကြက်ခြေနီ ယာဉ်တန်း ရောက်လာတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်ရှယ်ဟာဟုမ်းက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်စခန်းတွေ ပိုများလာပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF၊ CDF တို့ရဲ့ တိုက်ပွဲတွေ နဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်မှုကြောင့် ဒေသခံစစ်ရှောင်တွေဟာ ထောင်နဲ့ချီ ရှိလာပြီ ဖြစ်ပါတယ်။

  4. နယ်ဘဏ်တချို့ဆီ ငွေသားလွှဲဖို့ ခက်ခဲ

    ရန်ကုန်မှာရှိတဲ့ ဘဏ်ကြီးတွေကနေ မန္တလေးအပါအဝင် နယ်ဒေသတွေက ဘဏ်ခွဲတခုခုကို ငွေသားနဲ့ လူကိုယ်တိုင်ဘဏ်သွားပြီး ငွေလွှဲတာတောင်မှ ထုတ်ယူရမယ့်ဘဏ်မှာ ငွေလက်ကျန်နည်းနေလို့ ငွေလွှဲမရတာမျိုးဖြစ်လာတယ်လို့ဘဏ်အသုံးပြုတချို့က ပြောပါတယ်။

    ငွေလွှဲမယ့်သူက ငွေထုတ်ပေးမယ့် ဘဏ်ရဲ့ငွေလက်ကျန်ပေါ်မူတည်ပြီးတစ်ဝက်ပဲ လွှဲလို့ရတာ ဒါမှမဟုတ် လွှဲခဲ့ရပြီး နေ့ချင်းထုတ်မပေးတာမျိုးတွေ ကြုံနေရတယ်လို့ ဘဏ်အသုံးပြုသူတွေက ပြောပါတယ်။

    တခါ ငွေလွှဲမယ့်သူတွေအနေနဲ့ တစ်ဖက်ကနေ ငွေလွှဲလက်ခံမယ့် ဘဏ်မှာ ငွေသားရှိ၊မရှိ မလွှဲခင် အရင် စစ်ကြည့်ရပြီး ငွေသားရှိမှ လွှဲခွင့်ရတဲ့ အခြေအနေကိုလည်းကြုံနေရတယ်လို့ ဘဏ်ငွေလွှဲစနစ်အသုံးပြုသူအများစုက ပြောကြပါတယ်။

    ဘဏ်အများစုကတော့ ဒါဟာ ဗဟိုဘဏ်က ငွေသားထုတ်ပေးမှု နည်းတာကြောင့်လို့ ပြောပါတယ်။

    ဗဟိုဘဏ်ဘက်ကတော့ ဒီအခက်အခဲဟာ ဘဏ်တွေမှာ အပ်ငွေထက် ထုတ်ငွေများနေလို့ ဖြစ်ကြောင်းနဲ့ ရန်ကုန်မှာ အပ်ငွေ ပြန်များလာပေမဲ့ နယ်ဘဏ်တချို့မှာ အပ်ငွေနည်းနေလို့ ဒီအခက်အခဲ ရှိနေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ပြောပါတယ်။

    လတ်တလောမှာတော့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်သုံးစွဲသူတွေအနေနဲ့ ဘဏ်မှာ ငွေသွင်းငွေထုတ်ခက်ခဲတဲ့ အခြေအနေတွေကိုကြုံတွေ့နေရသလို၊ Visa အပါအဝင် Prepaid ကတ်တွေကို Mobile Banking ကတဆင့် ငွေဖြည့်ခြင်းတွေ လုပ်ဆောင်လို့ မရတာမျိုးလည်း ကြုံနေရတယ်လို့ သိရပါတယ်။

    ဗဟိုဘဏ်ကတော့ ဗီဇာကတ်တွေ ငွေဖြည့်လို့မရတဲ့ ပြဿနာဟာ ဘဏ်တစ်ခုချင်းစီရဲ့ အခက်အခဲကြောင့် ဖြစ်နိုင်ပြီး ယာယီ ဖြစ်တာကြောင့် ပြန်အဆင်ပြေဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

  5. ရေစကြိုမြို့နယ် ဇီးတောစံပြကျေးရွာက သတင်းပေးလို့ ဆိုသူ တစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာက စစ်ကောင်စီသတင်းပေးလို့နာမည် ကြီးတဲ့ ဦးသန်းဌေးဆို သူတစ်ဦး ဒီကနေ့သြဂုတ်လ ၂၇ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။"မနက်ပိုင်းက အပစ်ခတ်ခံရတာပါ။ သူ့သားကလည်းစစ်ဗိုလ်။ သူ့တူကလည်း ဇီးတောရွာက အုပ်ချုပ်ရေးမှူး။ ရွာထဲမှာလည်း လူငယ်တွေမနေရဲတာကြာပြီ။ ဇီးတောအုပ်ကြီးက အားအားနေစစ်တပ်ခေါ်နေတာ။ ဆယ်ကြိမ်အထက်ရှိတော့မနေရဲကြတာများတယ်။ ရွာတဝက်လောက်ရှောင်နေရတာ" လို့အနီးနားရွာကဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဒီလိုနာမည်ကြီးသတင်းပေးသူလို့ပြောဆိုကြတဲ့ ဦးသန်းဌေးပစ်ခတ်သေဆုံးမှုကြောင့်ဇီးတောရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တချို့ရောက်နေပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ကာ အလောင်းကိုယူဆောင်သွား တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ရေစကြိုမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့က ရေစကြို PDF နဲ့ MG6 ပြောက်ကျားတပ်တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ အခုလိုပစ်ခတ်သေဆုံးမှုနဲ့သက်လို့ ရေစကြိုမြို့နယ်ရဲစခန်းနဲ့စစ်ကောင်စီဘက်ကိုဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  6. ရုရှားလေကြောင်းရန်ကာ စနစ်နှစ်စုံ မြန်မာစစ်တပ်ရမယ်

  7. တန့်ဆည်မြို့နယ်က ကပေါင်းကျရွာမှာ နေအိမ်အချို့မီးရှို့ခံရပြီး ရွာလုံးကျွတ်တိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျ ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့တပ်စွဲထားပြီး မနေ့က သြဂုတ်လ ၂၆ ရက်နေ့မှာတော့ နေအိမ်အချို့ မီးရှို့ဖျက်စီးခံရမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    "သူတို့က စစ်ကြောင်းသုံးခု ခွဲထွက်သွားတယ်။ ရွာပတ်လည်ကိုသွားတယ်။ ပြီးတော့ ရွာထဲကိုပြန်ဝင်လာပြီး ရွာအနောက်ဘက်က တောတွေထဲဝင်ပြီး ရွာထဲတခါ ပြန်ဝင်လာပြီး အိမ် ၆ လုံးလောက်မီးရှို့ခဲ့တယ်။ ဒလန်လက်ညှိုးထိုးတဲ့အိမ်တွေကို ရှို့တာ ဆိုတော့ ဘယ်သူ့အိမ်တွေလဲတော့ သေချာမသိဘူး။ အခုတော့ ရွာထဲက လူ ၇၀၀ လောက်က စစ်ဘေးရှောင်ပြီးပြေးနေရပါတယ်'' လို့ ရွာကနေတိမ်းရှောင်နေရတဲ့ ကပေါင်းကျရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ကျေးရွာအနီးက ဒေသကာကွယ်ရေးသင်တန်းဆင်းလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ ရွာသားတွေဘက်ကပြောဆိုကြပြီး ဘီဘီစီဘက်ကတော့ဒါနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    ကပေါင်းကျကျေးရွာထဲကို အခုလိုဝင်ရောက်တပ်စွဲဖမ်းဆီးတာတွေ မလုပ်ခင်ရက်မှာလည်း PDF တွေလက်နက်ချဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းဖို့ လှည့်လှည်ပြီး ကြေညာတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကပေါင်းကျကျေးရွာအပြင် အနီးအနားမှာရှိတဲ့ ကျေးရွာအချို့ကို ဝင်ရောက်ဖို့ပြင်ဆင်နေတာကြောင့် ကျေးရွာအချို့လည်း ကြိုတင်တိမ်းရှောင်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  8. ရန်ကုန်ပြောက်ကျားသပိတ် ဖြိုခွင်းခံရ, အနီးနားက လူငယ်တချို့ကိုပါဖမ်းဆီး

    ရန်ကုန်မြို့၊တာမွေမြို့နယ်ထဲမှာ ဒီကနေ့ သြဂုတ်လ ၂၇ရက် မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ဖြိုခွင်းခံရပြီး သပိတ်မှာပါဝင်ခြင်းမရှိတဲ့ အနီးအနားကလူငယ်တွေကိုပါရိုက်နှက်ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။

    "ကျွန်တော်သပိတ်စစ်ကြောင်းမှာပါတဲ့သူအားလုံးလွတ်ပါတယ်။အနားကစက်ဘီးနဲ့ဖြတ်သွားတဲ့လူငယ်တစ်ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတာရှိလိုက်တယ်။ မဲမဲမြင်ရာအကုန်ဖမ်းတဲ့ပုံစံပါပဲ"လို့ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းကပြောပါတယ်။

    ဒီကနေ့ တာမွေမြို့နယ်ထဲမှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်မှာတော့ တကသကျောင်းသားဟောင်းတွေ၊ လက်ရှိတကသကျောင်းသားအဖွဲ့ဝင်တွေနဲ့အတူမြို့နယ်ပေါင်းစုံက သပိတ်စစ်ကြောင်းတွေ ပါဝင်တယ်လို့ သပိတ်စစ်ကြောင်းမှာပါဝင်သူတွေကပြောပါတယ်။

    ဒီကနေ့သပိတ်မှာ ပြည်သူအားလုံးနေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုဒုက္ခတွေနဲ့ အထွေထွေအကျပ်အတည်းကြားကရုန်းထွက်ပြီး လူထုလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲကြဖို့ဆိုတဲ့ ကြွေးကြော်ဆန္ဒပြ လှုပ်ရှားမှုလုပ်ခဲ့တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေကပြောပါတယ်။

    ပြည်တွင်းမှာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမူတွေကိုပုံစံမျိုးစုံနဲ့ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွင်းမှုတွေလည်း ဆက်တိုက်ဆိုသလိုလုပ်ခဲ့ကြပါတယ်။

    ဒီလိုပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်းအများအပြားရှိခဲ့ပါတယ်။

  9. ကောလင်းမှာ ပေါက်ကွဲမှုဖြစ်အပြီး မြို့ထဲ စစ်ကောင်စီတပ်တွေ ရှင်းနေတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ မနေ့ သြဂုတ်လ ၂၇ ရက်မှာ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် မြို့တွင်းမှာ ခါတိုင်းမြင်တွေ့နေရတဲ့စစ်ကောင်စီတပ်တွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ''ခါတိုင်းဆို စစ်ကား ၂ စီးလောက်က ပတ်နေတယ်။ ပြီးတော့ မြို့ထဲက အုပ်ချုပ်ရေးမှူးရုံး၊ လဝကရုံးနဲ့စာသင်ကျောင်းတွေရှိတဲ့နေရာမှာ တွေ့နေကျပေါ့။ ဒီနေ့တော့ အဲဒီ စစ်ကားတွေ မတွေ့ရဘူး။ မနေ့ကလည်း သူတို့ကို တွေ့တွေ့နေကျ ထွေအုပ်ရုံးနားမှာ ပေါက်ကွဲမှုဖြစ်တယ်လေ။ ခုတော့ သူတို့ကို မတွေ့ရဘူး''လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကောလင်းမှာ မနေ့ ညနေပိုင်းက မြို့နဲ့ မိုင်အနည်းငယ်အကွာက သစ်စိမ့်ရိုးဘက်မှာ စစ်ကား ၂ စီးကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    အဲဒီမှာ ပေါက်ကွဲမှုဖြစ်အပြီး မိနစ်ပိုင်းခြားရုံမှာပဲ ညနေ ၄ နာရီ ဝန်းကျင်မှာ မြို့ထဲပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ကောလင်းမြို့မှာ ကိုဗစ်ကာကွယ်ဖို့ဆိုပြီး မနက် ၄ နာရီကနေ နေ့လယ် ၁၂ နာရီ အထိပဲ အပြင်ထွက်ခွင့်ပေးထားတာဖြစ်ပါတယ်။ သွားလာလှုပ်ရှားသူတွေဟာလည်း အဲဒီအချိန်တွင်းပဲ သွားလာကြလို့ ၁၂ နာရီနောက်ပိုင်းမှာ မြို့ထဲ လူသွားလူလာမရှိဘဲ ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရင်ကလို ဝတ်စုံအပြည့်နဲ့လှုပ်ရှားတာမျိုးနည်းသွားပေမဲ့ အရပ်ဝတ်တွေနဲ့လှုပ်ရှားနေတယ်လို့တော့ ဒသေခံတွေက ပြောထားပါတယ်။

  10. ၁၂၂ လမ်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဦးသိန်းမင်းထွန်းအလောင်းပြန်ရ

    ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂လမ်းမှာ မနေ့ကသြဂုတ်လ ၂၆ရက်နေ့ညပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနီးအနားမှာ နွားနို့ရောင်းနေတဲ့ အသက် ၃၉ နှစ်အရွယ် ဦးသိန်းမင်းထွန်း (ခေါ်) ဦးဖာရွတ်ဟာ သေနတ်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။

    ပစ်ခတ်မှုဖြစ်စဉ်ဟာ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားသူတချို့ကို စစ်ကောင်စီဘက်က ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ထဲက လူတွေပြေးလွှားရုန်းရင်းဆန့်ခတ်ဖြစ်အပြီးမှာ ဦးသိန်းမင်းထွန်းကို နောက်ဖေးလမ်းကြားမှာ လည်ပင်းသေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ တွေ့ရတာဖြစ်တယ်လို့မိသားစုတွေက ပြောပါတယ်။

    "ရပ်ကွက်ထဲကလူတချို့အရက်မူးပြီးသောင်းကျန်းနေတာကို စစ်ကားတွေရဲကားတွေက လာဖြေရှင်းတယ်။ ရပ်ကွက်ထဲကလူတွေကလည်း ရဲတွေကိုပြန်ဆဲတော့ ရပ်ကွက်ထဲကို ရမ်းသမ်းပစ်ပြီးဝင်လာတာ။ လူတွေကပြေးတော့ နွားနို့ရောင်းနေတဲ့ ဦးလေးက သူ့ဆိုင်အနောက်က တိုက်ကြားထဲကိုပြေးဝင်သွားတာ၊ အကုန်လုံးကလည်းရောက်တတ်ရာရာ ပြေးကြတာပဲ။ သူ့ကိုမတွေ့တော့မိသားစုတွေက အဖမ်းခံရတယ်ထင်ပြီး ရဲစခန်းကိုဖုန်းဆက်တာ။ သူပုန်းသွားတဲ့နေရာကိုသွားရှာတော့မှ အမှောင်ရိပ်လမ်းကြားထဲမှာ ခွေခွေလေးလဲနေတာ။ လည်ပင်းကိုထိသွားတာ " လို့ဦးသိန်းမင်းထွန်းရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီဘက်က အလောင်းကို သယ်ဆောင်သွားပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့အလောင်းကိုပြန်ရခဲ့ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးသိန်းမင်းထွန်းကို ဘာသာရေးထုံးစံအတိုင်းနာရေးပြုလုပ် ခွင့်ရခဲ့တယ်လို့မိသားစုတွေကပြောပါတယ်။

    သေဆုံးသူ အသက် ၃၉ နှစ်အရွယ်ဦးသိန်းထွန်းဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ဇာတိဖြစ်ပြီး နွားနို့ရောင်းတဲ့အလုပ်နဲ့ အသက်မွေးဝ်မ်းကျောင်းပြုလုပ်နေသူ တစ်ဦးဖြစ်ကာ ကွယ်လွန်ချိန်မှာသားသမီးတွေကျန်ရှိခဲ့တယ်လို့လည်း မိသားစုတွေကပြောပါတယ်။

    မနေ့ကသြဂုတ်လ ၂၆ ရက်နေ့မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုမှာ လူငယ်တချို့ကိုဖမ်းဆီးတာ၊ လမ်းမပေါ်မှာရိုက်နှက်စစ်ဆေးနေတာ တွေကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ရပ်ကွက်အတွင်း နေထိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

  11. ကျေးရွာအနီးစစ်ကြောင်းထိုးမယ့်သတင်းကြောင့် KNU ထိန်းချုပ်နယ်မြေအနီးက ရွာတချို့တိမ်းရှောင်

    တင်္နသာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ်ထဲက KNU တပ်မဟာ ၄ ထိန်းချုပ်ဧရိယာတစ်ခုဖြစ်တဲ့ ကျေးဇူးတော်ကျေးရွာအနီးမှာ စစ်ကောင်စီဘက်က တပ်စွဲထားပြီး ထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းတွေကြောင့် အနီးအနားက ကျေးရွာပေါင်း ၅ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ရွာသားတွေကပြောပါတယ်။

    "တပ်လာစွဲထားတာတော့ရက်ပိုင်းလောက်ရှိပါပြီ။ မနေ့ကတော့ ရွာအနားထိ ရောက်လာတယ်။ KNU ဘက်ကလည်း ရွာသားတွေကို ရှောင်ဖို့ သတိပေးလာလို့ မနေ့က(သြဂုတ်၂၆ရက်) ညနေကစပြီး ရှောင်လာကြတာပါ။ ရှောင်တာတော့ တရွာလုံးအကုန်ပဲ ရွာလုံးကျွတ်ရှောင်တာ၊ ရွာထဲမှာဆို တိရစ္ဆာန်တွေပဲကျန်မယ်။ အနားက ရွာတွေလည်း ၄ရွာ၊ ၅ရွာလောက်ရှိမယ် ရှောင်ကြတာ။ ရုတ်တရက်ရှောင်ရတာဆိုတော့ ရိက္ခာလည်း နည်းနည်းစီပဲ ပါလာတယ်" လို့တိမ်းရှောင်လာတဲ့ ကျေးဇူးတော်ကျေးရွာက ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကျေးဇူးတော်ကျေးရွာဟာဆိုရင် KNU တပ်မဟာ၄ထိန်းချုပ်ဧရိယာတစ်ခုဖြစ်ပြီး ကရင်တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေရဲ့ကားတွေ ရွာအနီးမှာအင်အားအများအပြားနဲ့တပ်စွဲထားလို့ ရွာသားတွေဘက်ကစိုးရိမ်မှုတွေရှိခဲ့တယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။

    သြဂုတ်လအစောပိုင်းကစလို့ စစ်ကောင်စီဘက်က ကရင်တိုင်းရင်းသားများနေထိုင်တဲ့ဒေသအများစုနဲ့ မူတြောခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဘက်ကို ထိုးစစ်ဆင်မှုတွေလုပ်ခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့တာကိုလည်း KNU သတင်းနဲ့ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာဆိုရင် သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားပစ်ခတ်မှု ၅၆ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုလို ထိုးစစ်ဆင်နေတဲ့သတင်းတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

  12. PDF တွေကို ရိက္ခာထောက်ပံ့လို့ ရန်ကုန်လူမှုရေးဝန်ကြီးရဲ့ဇနီးကို ဖမ်းတာလို့ စစ်ကောင်စီပြော

    ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းရဲ့ဇနီး ဒေါ်ခင်စန္ဒာဝင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေကို ရိက္ခာထောက်ပံ့မှုမှာပါဝင်မှုနဲ့ဆက်စပ်ဖမ်းဆီးခဲ့တာဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒေါ်ခင်စန္ဒာဝင်းဟာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ထောင်အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ NUG နဲ့ဆက်သွယ်ပြီး CDM ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့တာနဲ့ PDF အဖွဲ့တွေကို ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်းထောက်ပံ့သူတွေကို ဆက်စပ်ဖမ်းဆီးရာကနေ ဒေါ်ခင်စန္ဒာဝင်းကို အင်းစိန်အကျဉ်း ထောင်အနီး လှိုင်မြစ်လမ်းပေါ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေပါ၀င်တဲ့လူအယောက် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်မှာ ဒေါ်ခင်စန္ဒာဝင်းလည်း သြဂုတ်လ ၂၅ ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

    ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့တုန်းကလည်း ဦးနိုင်ငံလင်းရဲ့ ကိုယ်ရေးအရာရှိ တာဝန်ယူခဲ့သူတစ်ဦးဖြစ်သူ ကိုအေးမင်းစိုး အဖမ်းခံခဲ့ရသလို မင်္ဂလာဒုံက ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ NLD ပါတီဝင် အချို့ အဖမ်းခံခဲ့ရပါတယ်။

  13. လောင်းလုံမြို့ပေါ်ကစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

  14. ကယား PDF အဖွဲ့ဝင် ၁၀ ဦးနဲ့ ထောက်ပံ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

    ကယားပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၁၀ ဦးနဲ့ ထောက်ပံ့ပေးသူ ၃ ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က သြဂုတ်လ ၂၆ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

    ကယားပြည်နယ်ထဲက PDF အဖွဲ့တွေကို ထောက်ပံ့ပေးနေသူတွေထဲက အမျိုးသမီးတစ်ဦးကို ရန်ကုန်၊ သန်လျင်မြို့နယ်ထဲမှာ သြဂုတ်လ ၁၂ ရက်တုန်းက ဖမ်းမိခဲ့တာဖြစ်ပြီး သူကနေတဆင့် လွိုင်ကော် PDF၊ ဒီးမော့ဆို PDF နဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNDF)တပ်ဖွဲ့တွေဆီ ရိက္ခာ၊ စစ်ဝတ်စုံ၊ ဆေးဝါးထောက်ပံ့နေသူ အမျိုးသား ၂ ဦးကို လွိုင်ကော်မြို့မှာ သြဂုတ်လ ၁၅ ရက်တုန်းက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    သူတို့ရဲ့ ထွက်ဆိုချက်နဲ့ဆက်စပ်ပြီး Super Custom ကားပေါ်ပါလာတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် ၁၀ ဦးကို သြဂုတ်လ ၁၈ ရက်ညပိုင်းမှာ ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သေနတ်အချို့နဲ့ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပါတယ်။

    တဖက်မှာလည်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်အာဏာ သိမ်းမှုအပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခံထားရသူ အယောက် ၈၀ နီးပါးအထိရှိနေတယ်လို့ ကရင်နီပြည်နယ်လူငယ်များသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

  15. စစ်ကောင်စီနဲ့တွေ့ဆုံမှု မရှိဘူးလို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ပြော

    မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM ) ဟာ စစ်ကောင်စီ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းစတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံမှုတွေမှာပါဝင်လုပ်ဆောင်တာမျိုးတွေရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ဖော်ပြနေပေမဲ့ CTUM အဖွဲ့ဘက်က ငြင်းဆိုလာပါတယ်။

    ''ILO(နိုင်ငံတကာအလုပ်သမားအဖွဲ့)အဖွဲ့ဝင်တွေ အားလုံးကလည်း ကုလသမဂ္ဂရဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်။ အဲတော့ ပြည်တွင်းမှာဆို အထူးသဖြင့် အီးယူ(ဥရောပသမဂ္ဂ)ပေါ့ဗျာ။ ပြည်တွင်းမှာရှိတဲ့ အီးယူတို့၊ အမေရိကန်သံရုံးတို့ကို သူတို့က ပြချင်တာက အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေနဲ့ အစိုးရနဲ့ သုံးပွင့်ဆိုင် ယန္တရား ကောင်းနေပါတယ်၊ တိုင်းပြည်ကြီး အေးချမ်းနေပါတယ်ဆိုတာကို သူတို့က ပြချင်တာ။ ဒါက အပြည်ပြည်ဆိုင်ရာ ကိုရော ပြည်တွင်းကိုရော သူတို့ လိမ်ပြောချင်တဲ့ကိစ္စဆိုတာ ကျွန်တော်တို့ သိပါတယ်'' လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

    အထည်ချုပ်လို ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းမှာ ဝန်ထမ်းပေါင်း ခြောက်သိန်းနီးပါး ရှိခဲ့ပေမဲ့ ကိုဗစ်ပထမလှိုင်းမှာ ၂ သိန်း အလုပ်လက်မဲ့ဖြစ်ခဲ့သလို ပထမလှိုင်းနဲ့ဒုတိယလှိုင်းကြောင့် နိုင်ငံတကာမှာ အရောင်းကျပြီး ကုန်မှာယူတာကျဆင်းလို့ အလုပ်ရှင်တချို့ ပြန်ထွက်သွားကြတာကလည်း အလုပ်လက်မဲ့ဖြစ်ရတဲ့အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖမ်းဆီး ပစ်ခတ် နှိမ်နင်းမှုတွေကြောင့် သက်ဆိုင်ရာနေရပ်ကို ပြန်သွားကြတဲ့လူငယ်တွေဟာ မြို့ပေါ်ပြန်တက်လာဖို့ ကြောက်ရွံပြီး လုပ်ငန်းခွင်ထဲ ပြန်မဝင်လာကြတာကလည်း အကျပ်အတည်းတစ်ခုဖြစ်တယ်လို့ ဦးမောင်မောင်က ပြောပါတ်ယ။

    လက်ရှိမှာ စစ်တမ်းကောက်နိုင်ခြင်းမရှိသေးပေမဲ့ ကျန်နေသေးတဲ့အလုပ်သမား ၆ သိန်းထဲက သုံးပုံတစ်ပုံပဲ လုပ်ငန်းခွင်ထဲ ကျန်တော့တယ်လို့လည်း သူကပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအငြင်းပွားမှုဖြေရှင်းဆိုင်ရာဝန်ထမ်းတွေ CDM (အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု)မှာ ပါဝင်ကြတာကြောင့် ခြောက်လကျော် ကာလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုညှိနှိုင်းဖြေရှင်းယန္တရားလည်း ပျက်စီးပြီး မြေပြင်မှာ အလုပ်ရှင်တွေက အလုပ်သမားတွေကို မျှမျှတတဆက်ဆံခြင်းမရှိဘဲ အလုပ်ထုတ်ပစ်တာမျိုးရှိနေတယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

  16. ရုရှား နိုင်ငံတကာ စစ်တပ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာစစ်တပ် လေကြောင်းချီတပ်ဖွဲ့ ပထမဆုံးဝင်ပြိုင်

    ရုရှားနိုင်ငံမှာ နှစ်စဥ်ကျင်းပနေကျ နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာစစ်တပ်က ဝင်ရောက်ယှဥ်နေပြီး ဒီကိုယ်စားလှယ်အဖွဲ့နဲ့အတူ တပ်မတော်(ကြည်း၊ရေ၊လေ)ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးပါ လိုက်ပါသွားပါတယ်။

    မြန်မာစစ်တပ်က တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့ပြိုင်ပွဲနဲ့ လေကြောင်းချီတပ်ဖွဲ့ပြိုင်ပွဲတို့ကို ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။

    လေကြောင်းချီတပ်ဖွဲ့ပြိုင်ပွဲဟာ စစ်သည်တွေက လေယာဥ်ပေါ်ကနေ လေထီးနဲ့ဆင်းလာပြီး မြေပြင်ပေါ်က သံချပ်ကာယာဥ်တွေနဲ့ စုဖွဲ့ပြီးပစ်မှတ်ကို တိုက်ခိုက်ရတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

    ဒီပြိုင်ပွဲကို မြန်မာက ပထမဆုံးအကြိမ်ဝင်ပြိုင်တာ ဖြစ်ပြီး နိုင်ငံပေါင်း၁၈ နိုင်ငံ ဝင်ပြိုင်နေပါတယ်။

    ရုရှားဟာ ဒီပြိုင်ပွဲနဲ့အတူ နိုင်ငံတကာစစ်ရေးနည်းပညာဖိုရမ်ကိုပါ ကျင်းပလေ့ရှိပါတယ်။

    ဒီဖိုရမ်ကို ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဒုဝန်ကြီး ဖိုမင်နဲ့ပါ သြဂုတ် ၂၃ ရက်က တွေ့ဆုံခဲ့ပါတယ်။

    ဒီတွေ့ဆုံမှုအပြီးမှာတော့မြန်မာက မှာယူထားတဲ့ Pantsir (ပန်ဆီယာ) လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်ပါ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ့်အကြောင်း ရုရှားသတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

    ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။

  17. ပုဂ္ဂလိက ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဥ်နဲ့ လူသုံးသိန်းခွဲစာ ဆေးထိုးလုပ်ငန်းစ

    မြန်မာနိုင်ငံမှာ ပထမဆုံးပုဂ္ဂလိက ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းကို သြဂုတ် ၂၅ရက်မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

    အဲဒီအစီအစဉ်ကို တရုတ်ကုန်သည်ကြီးများအသင်း နဲ့ တရုတ်သံရုံးတို့ ပူးပေါင်းဆောင်ရွက်တာပါ။

    ရန်ကုန်သုဝဏ္ဍဘူမိ အီးဗန့်ပက်ခ်မြေနေရာမှာ စတင်လိုက်တဲ့ ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ အခုတစ်ကြိမ်မှာ လူဦးရေ သုံးသိန်းခွဲစာအတွက် ကာကွယ်ဆေး အလုံးရေ ၇သိန်းထိုးမှာ ဖြစ်ပါတယ်။

    နိုင်ငံတဝန်း မြို့ကြီးတွေ အပါအဝင် ဝေးလံခေါင်ဖျားတဲ့ဒေသတွေအတွက်လည်း အစီအစဉ်ရှိတယ်လို့ တရုတ်ကုန်သည်ကြီးများအသင်းဘက်က ပြောပါတယ်။

    အဲဒီလို ထိုးပေးနေတဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်စာအတွက် လူတစ်ဦးကို ငွေကျပ် ၅၀၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

    အဲဒီဆေးတွေဟာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်းကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပြီး မြို့တော် ဘေဂျင်းကထုတ်တဲ့ ဆေးတွေဖြစ်တယ်လို့လည်း အဲဒီအသင်းက ဘီဘီစီကို ပြောပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ကတော့ ကာကွယ်ဆေးစထိုးခဲ့တဲ့ ဇန်နဝါရီလကစလို့ လက်ရှိအာဏာသိမ်းကာလ ၇ လအတွင်း စုစုပေါင်းလူဦးရေ ၄သန်းခွဲကျော် ကာကွယ်ဆေးထိုးပြီးပြီလို့ သြဂုတ်၂၄ရက်အထိ စာရင်းအရ သိရပါတယ်။

  18. မြန်မာပြည်က အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ်လို့ ကန် ဒုသမ္မတ ပြော

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ အင်မတန်စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်ဒုသမ္မတ ကာမလာ ဟဲရစ်က ပြောပါတယ်။

    အမေရိကန်အနေနဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချသလို မြန်မာပြည်သူတွေနဲ့ ရပ်တည်နေတယ်လို့လည်း ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စဟဲရစ်က ဆိုပါတယ်။

    ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ဆုံး ပြန်ရောက်ဖို့၊ တရားမ၀င် ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ အမေရိကန် ဒုသမ္မတ ကာမလာ ဟဲရစ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၁၀၁၆ ဦး သေဆုံးခဲ့ပြီး ၆၀၀၀ နီးပါး အဖမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက သတင်းထုတ်ပြန်ထားပါတယ်။

  19. NUG နဲ့ ဆက်လက်ထိတွေ့ဆက်ဆံမယ်လို့ တောင်ကိုရီးယားပြော

    မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ် ပြန်လည်ကြီးစိုးဖို့၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

    အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။

    NUG အစိုးရကို တရား၀င် အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုဖို့အတွက် တောင်ကိုရီးယားအစိုးရကို လူပေါင်း ၂၆၈,၀၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုထားတာကို သမ္မတရုံးဘက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံအားပေးသလို အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ရပ်တန့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် ထိန်းသိမ်းခံထားသူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်ကိုရီးယားအစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။

  20. ဟာသ သရုပ်ဆောင်ဆင်မကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရဘူးလို့မိသားစုပြော

    သြဂုတ်လ ၂၄ ရက်နေ့ညပိုင်းမှာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင် ဆင်မကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာမသိရသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့မိသားစုဝင်တွေကပြောပါတယ်။

    " လာဖမ်းတုန်းကတော့ အင်အားတော်တော်များများတယ်။ ကိုဗစ်ကာလဆိုတော့ဘယ်မှလည်း ပြောင်းနေလို့မရဘူးလေ။ ညဘက်ကြီးစစ်ကားတွေလာတာတောင် ကိုဆင်မက ဘယ်သူတွေကို လာဖမ်းပြန်ပြီလဲ မသိဘူးဆိုပြီးစိုးရိမ်နေတာ။သူ့ကိုလာဖမ်းတယ်လို့ကိုမထင်တာ။ တိုက်ကိုအရှေ့အနောက်ဝိုင်းပြီးဖမ်းတာပါ။ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်လာပေမယ့် အိမ်ထဲကိုနေရာအနှံ့ရှာတယ်၊ခွေးတွေအူလို့ ပစ်ဖို့ထားထားတဲ့ လေးခွတစ်ခု သိမ်းတယ်။ ဝါယာကြိုးသေးသေးလေးလည်းသိမ်းတယ်။ ဧည့်စာရင်းတိုင်ထားလားမေးပြီး အဝတ်အစားနည်းနည်းထည့်ပြီး လိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲ။ အခုထိဘယ်မှာထားတယ်ဆိုတာ အဆက်အသွယ်မရပါဘူး။ ဘာလုပ်လို့လုပ် ရမှန်းလည်း မသိဘူး "လို့ သရုပ်ဆောင်ဆင်မရဲ့ဇနီးက ဘီဘီစီကိုပြောပါတယ်။

    ဟာသသရုပ်ဆောင်ဆင်မဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့အိမ်မှာပဲနေထိုင်ကာ လှုပ်ရှားမှုတွေထဲပါဝင်တာမရှိဘူးလို့ မိသားစုတွေကပြောပါတယ်။

    ဒါ့အပြင် စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ရုပ်ရှင်အစည်းအရုံးက အမှုဆောင်ရွေးချယ်ပွဲမှာ ပြည်သူတွေစိတ်ဆင်းရဲနေချိန်နဲ့ အနုပညာရှင်တွေ ဖမ်းဆီးခံရချိန်မှာ အစည်းအရုံးမှာ မပါဝင်နိုင်ဘူး ဆိုတဲ့ခံယူချက်နဲ့အစည်းအရုံးကနေ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့မိသားစုဝင်ကပြောပါတယ်။