လွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၂၄ရက်နေ့မှစပြီး ည(၈)နာရီနောက်ပိုင်း ည မထွက်ရ အမိန့်ထုတ်ပြန်ခဲ့တယ် လွိုင်ကော်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ညမထွက်ရအမိန့်ကို ရပ်ကွက်နဲ့ မြို့တွင်းမှာ ကားနဲ့ လှည့်လည်ပြီး ကြေညာသွားတယ်လို့ သိရပါတယ်။
ဘာကြောင့် ညမထွက်ရ အမိန့်ထုတ်တယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကိုမေးလို့ မရသေးပါဘူး။
လွိုင်ကော်မြို့အနီးမှာလည်း တိုက်ပွဲတွေ သြဂုတ်လ ၂၄ ရက်နေ့ ကကဖြစ်ပွားခဲ့တာရှိပြီး ညပိုင်းမှာပစ်ခတ်မှုတွေလည်း မကြာခဏ ဖြစ်နေကြောင်းလည်း ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက်က အရင်က ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့်လည်း လွိုင်ကော်မြို့တွင်း ညအချိန်မှာ တွေ့ရှိတဲ့သူတွေကို သေနတ်ဖောက်ပြီး လိုက်လံပစ်တာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့မနက်ပိုင်းက လွိုင်ကော်မြို့နယ် ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာများကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုရက်ပိုင်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ဒေသခံ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။