မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ပြည်ပ ခရီးသွားရာဇ၀င် မရှိဘဲ ကိုဗစ်ရောဂါ ကူးစက်ခဲ့သူ ၃ ဦး တနင်္ဂနွေနေ့က တွေ့ရှိခဲ့အပြီးမှာ အရေးပေါ်အဆင့် ၃ သတ်မှတ်ပြီး လော့ခ်ဒေါင်း ချမှတ်လိုက်ပါတယ်။
အဲဒီ ၃ ဦးထဲမှာ နှစ်ဦးက တရုတ်လူမျိုးတွေ ဖြစ်ပြီး တစ်ဦးက မြန်မာလူမျိုး ဖြစ်တယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက တရုတ်လူမျိုး တစ်ဦးမှာ ရောဂါ လက္ခဏာ မပြဘဲ ရောဂါပိုး တွေ့ထားပြီး ပြည်ပကနေ ဝင်လာသူ ၅ ဦးလည်း ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ၅ ဦးထဲမှာ ၃ ဦးက မြန်မာနိုင်ငံက ဝင်လာတာ ဖြစ်ပြီး ကျန် ၂ ဦးကတော့ အင်ဒိုနီးရှားနိုင်ငံက လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေလီမြို့မှာ မြို့ခံတွေကို ကိုဗစ်စစ်ဆေးမှုတွေ မှန်မှန် မပြတ်လုပ်နေရာမှာ အဲဒီလို စစ်ဆေးမှုအတွင်း ပြည်ပ ခရီးသွားရာဇဝင် မရှိသူ ၃ ဦးမှာ အခုလိုရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ကြောင်း ရွှေလီမြို့ အစိုးရ သတင်းရပ်ကွက်ဆီက သိရတယ်လို့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို တွေ့ရှိရာကနေ ရွှေလီမြို့မှာ လူထုကျန်းမာရေး အရေးပေါ် အဆင့် ၃ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး မြို့ထဲကနေ အပြင်ထွက်တဲ့ လမ်းကြောင်းတွေကို ပိတ်ထားလိုက်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်ပက ဝင်လာသူ ၅ ဦးမှာ တွေ့ရတဲ့ ရောဂါပိုးကို ဓာတ်ခွဲစစ်ဆေးကြည့်ခဲ့ရာမှာ ကူးစက်မြန် ဒယ်လ်တာ မျိုးပြောင်း ကိုဗစ်ပိုး တွေ့ခဲ့ရတယ်လို့ ရွှေလီမြို့ အစိုးရသတင်းရပ်ကွက်က Global Times သတင်းစာကို ပြောပါတယ်။ ဒါပေမဲ့ ခရီးသွား ရာဇဝင်မရှိဘဲ ရောဂါ ကူးစက်ခံထားရသူ ၃ ဦးမှာ ဒယ်လ်တာပိုး ကူးစက်ခံထားရသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
ရောဂါကူးစက်ခံထားရသူတွေ နေထိုင်နေတဲ့ နေရာတွေကို အခုအခါ အဝင်အထွက်တွေ ပိတ်ဆို့ထားပါတယ်။ ဒါပေမဲ့ မြို့ခံအတော်များများက ကာကွယ်ဆေး ထိုးထားပြီး ဖြစ်တာမို့ ကျန်တဲ့ နေရာတွေမှာတော့ လွတ်လွတ်လပ်လပ် သွားလာနေနိုင်ကြဆဲလို့ သိရပါတယ်။
ဒီကနေ့ တနင်္လာနေ့ မနက် ၈ နာရီကစလို့ စစ်မှုထမ်းအားလုံး မလိုအပ်ရင် ရွှေလီမြို့ထဲကနေ ထွက်ခွာတာ ဒါမှမဟုတ် ရွှေလီမြို့ထဲ ဝင်တာ မလုပ်ကြဖို့ကိုလည်း ရွှေလီမြို့ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
တရုတ်မြန်မာ ကျယ်ဂေါင်တံတားကို ယာယီပိတ်ထားပြီး ရွှေလီမြို့ထဲကနေ လူတွေနဲ့ ကားတွေကို ထွက်ခွာခွင့် တားမြစ်ထားပါတယ်။
ရွှေလီမြို့မှာ နေထိုင်သူ ဒါမှမဟုတ် အလုပ်လုပ်သူတွေကို သက်သေအထောက်အထား ပြနိုင်မှသာ ၀င်ခွင့်ပြုမှာဖြစ်ပြီး အကြောင်းတစုံတရာကြောင့် ရွှေလီမြို့ထဲက ထွက်ခွာလိုသူတွေအနေနဲ့ ၃ ရက်အတွင်း ကိုဗစ်ဆေးစစ်ထားကြောင်းနဲ့ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာပြမှသာ ထွက်ခွာခွင့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ပြန်ဖြစ်လာနေချိန်မှာ မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်သူ အရေအတွက် ၁၆၅၀၀၀ ကျော်၊ စုစုပေါင်း သေဆုံးသူ ၃၄၁၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images