အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးညွှန်မှူးအပါအဝင် ဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရ

    တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး၊နဲ့ ကုန်သွယ်ရေးစခန်းကဝန်ထမ်းတွေ ကိုဗစ်နိုင်တင်း ကပ်ရောဂါကူးစက်ခံထားရတယ်လို့ဒေသခံ ပရဟိတအဖွဲ့က တာဝန်ရှိသူတွေကပြောပါတယ်။

    မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အကြီးအကဲ ညွှန်ကြားရေးမှူးနှင့်အတူ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်း ၁၂ ဦးနဲ့ အကောက်ခွန်ဌာနက ဝန်ထမ်း ၇ ဦးဟာလည်း ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်ခံထားရတယ်လို့လည်း ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်ခံရသူတွေကိုကူညီပေးနေတဲ့ အမည်မဖော်လို့တဲ့ ပရဟိတအဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    အခုလိုကုန်သွယ်ရေးဇုန်က ဝန်ထမ်းအကြီးအကဲအပါအဝင်ဝန်ထမ်းတချို့ ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်ခံထားရပေမဲ့ ကုန်သွယ်ရေးစခန်းကိုတော့ဆက်လက်ဖွင့်ထားတယ်လို့ ကုန်သည်တွေကပြောပါတယ်။

    ဒါပေမဲ့လည်း ဇူလိုင်လ ဆန်းကစလို့ တရုတ်နိုင်ငံရွှေလီမြို့ကိုတရုတ်အာဏာပိုင်တွေက လော့ဒေါင်းချထားတဲ့အတွက် တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာလည်း ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။

    ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်က ၇ ရက်နေ့ကထုတ်ပြန်ချက်အရ မူဆယ်မြို့မှာ ပိုးကူးစက်ခံရသူ ၅၁ ဦးနဲ့ နမ့်ခမ်းမြို့မှာ ၃၄ ဦးရှိတယ်လို့ဖော်ပြထားပါတယ်။

    အခုလိုမူဆယ်မြို့မှာ ကိုဗစ်နိုင်တင်းကပ်ရောဂါပိုးကူးစက်ခံရသူ များလာနေတဲ့တွက်မူဆယ်မြို့မှာရှိတဲ့ ဈေး ၃ ခုကို နှစ်ပတ်ကြာပိတ်ထားမယ်လို့တာဝန်ရှိသူတွေက ညွှန်ကြားထားတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

    China-Myanmar Border Gate

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၂၀ နှစ်လယ်ပိုင်းက တွေ့ရစဉ်
  2. ၀န်ကြီးများရုံးအနီး ပေါက်ကွဲမှုဖြစ်

    ရန်ကုန်မြို့၊ အနော်ရထာလမ်းနဲ့ သိမ်ဖြူလမ်းထောင့်မှာရှိတဲ့ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး) အနီးမှာ ဒီနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဝန်ကြီးများရုံးအတွင်းအာဇာနည်နေ့ကျင်းပရေးအတွက် အကြိုအနေနဲ့ စစ်ဆေးသူတွေလည်းရောက်ရှိနေပြီး ထိခိုက်ဒဏ်ရာရှိမှုမသိရသေးပါဘူး။

    The Secretariat office, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. မြန်မာအရေး ထိရောက်အောင် ကုလ ဘာတွေ လုပ်ပေးနိုင်လဲ

  4. အာဏာသိမ်း စစ်တပ်ကို ဖိအားပေးမယ့် နိုင်ငံတွေ အရေးပေါ် ညွန့်ပေါင်းဖွဲ့ကြဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း

    တွမ်အင်ဒရူးစ်

    ဓာတ်ပုံ ရင်းမြစ်, UN

    ဓာတ်ပုံ ပုံစာ, NUG နဲ့ တွဲပြီး အလုပ်လုပ်ဖို့လည်း လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို တွမ်အင်ဒရူးစ် တိုက်တွန်း

    မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အာဏာသိမ်း စစ်တပ် ချုပ်ကိုင်မှုအောက် ကျရောက်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အပေါ်မှာပါ ပိတ်ဆို့ အရေးယူတာတွေ လုပ်ကြဖို့ ထပ်မံ ဆော်ဩပါတယ်။

    ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံရဲ့ ကဏ္ဍတစ်ရပ် အနေနဲ့ မစ္စတာ အင်ဒရူးစ်က မြန်မာပြည် လူ့အခွင့်အရေး အခြေအနေတွေ အကြောင်း ပြောရင်းမှာပဲ၊ သူ တောက်လျှောက် ဆော်ဩနေခဲ့တာကို ထပ်လောင်း တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်၊ ဗြိတိန်နဲ့ အီးယူနိုင်ငံတွေက အာဏာသိမ်း စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပေမယ့်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍ မပါဝင် သေးပဲ ဖြစ်နေပါတယ်။

    မုတ္တမကမ်းလွန်ပြင်ကနေ ဓာတ်ငွေ့ထုတ်ပြီး ထိုင်းကိုပို့တဲ့ လုပ်ငန်းထဲ အမေရိကန် ရှက်ဗရွန်၊ ပြင်သစ် တိုတယ် တို့ အဓိက ပါဝင်ပတ်သက်နေပါတယ်။

    “ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က ရတဲ့ ငွေကြေးဟာ အာဏာသိမ်း စစ်တပ်ကို အသက်ဆက်ပေးနေတယ်။ အဲ့ဒါကို ရပ်မှဖြစ်မယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    “မြန်မာပြည်သူတွေဟာ သူတို့တိုင်းပြည်ကို သူတို့ ကယ်တင်နိုင်အောင် ကြိုးစားနေတာမှာ နိုင်ငံတကာရဲ့ အကူအညီ အင်မတန် လိုအပ်နေတာမို့၊ သိပ်မနောက်ကျလွန်းခင် ကူညီကြပါ” လို့လည်း မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    NUG ကြားကာလ အစိုးရ ထူထောင်ထားရှိတဲ့ လုပ်ရပ်ကို ကိုယ့်တိုင်းပြည်ကိုယ် ကယ်နိုင်အာင် မြန်မာပြည်သူတွေရဲ့ ကြိုးစားမှု အဖြစ် မစ္စတာ အင်ဒရူးစ်က ရည်ညွှန်း ပြောဆိုပါတယ်။

    NUG ဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို ကြိုဆိုတဲ့ သမိုင်းဝင် ခြေလှမ်းမျိုး စနှင့်ခဲ့ပြီးတာ အပါအဝင်၊ အနာဂတ် စည်းလုံး ညီညွတ်သော မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းရေး အခြေခံတွေကို ဖော်ဆောင်နေတာဖြစ်လို့ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ NUG နဲ့ လက်တွဲ လုပ်ဆောင်ပါ ဆိုပြီးတော့လည်း မစ္စတာ အင်ဒရူးစ်က တိုက်တွန်းပါတယ်။

    ကုလ အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်ထဲ မြန်မာပြည်ဆိုင်ရာ အရေးပေါ် ညွန့်ပေါင်း အဖွဲ့တစ်ခု ထူထောင်ထားရှိဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

    အဓိကကတော့ စစ်တပ်ကို စီးပွားရေး အရ ပိတ်ဆို့တာတွေ တညီတညာတည်း လုပ်ဆောင်လိုတဲ့ နိုင်ငံတွေ၊ စစ်တပ်လက်ထဲ လက်နက်တွေ ရောက်မသွားအောင် တားဆီးလိုတဲ့ နိုင်ငံတွေ စုစည်းပြီး မြန်မာနိုင်ငံ ဆိုင်ရာ အရေးပေါ် မဟာမိတ် အဖွဲ့ အဖြစ် ဖွဲ့စည်းထားရှိဖို့ မစ္စတာ အင်ဒရူးစ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

    ကုလ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍကိုပါ ပိတ်ဆို့နိုင်မှ ထိရောက်မယ်
  5. ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်အဖွဲ့သစ်ဖွဲ့

    အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ရဲ့ အစည်းအဝေးကနေ အဖွဲ့ရဲ့ ဦးဆောင် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

    အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီက နိုင်အောင်မင်း၊ အဖွဲ့ဝင်အဖြစ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ဗိုလ်မှူးကြီးခွန်ဥက္ကာ နဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်က ဗိုလ်မှူးကြီးစိုင်းငင်းတို့ကို တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

    ဒီဖွဲ့စည်းမှုဟာ စုပေါင်းခေါင်းဆောင်မှုပုံစံသစ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ဦးနဲ့ ဒုအဖွဲ့ခေါင်းဆောင် နှစ်ဦးကို ၆ လတာ ယာယီ ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ PPST ရဲ့ပြောခွင့်ရသူ နိုင်အောင်မငေးက ပြောပါတယ်။

    လေးရက်တာ ပြုလုပ်တဲ့ အစည်းအဝေး ဒီကနေ့ ပြီးဆုံးခဲ့တာပါ။

    ဒီအစည်းအဝေးကနေ အဖွဲ့ခေါင်းဆောင် အဖြစ်က နုတ်ထွက်ခွင့်တင်ထားတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS က ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို နုတ်ထွက်ခွင့်ပြုပြီး အဖွဲ့ခေါင်းဆောင်မှုကို အခုလို ပြန်ဖွဲ့စည်းခဲ့တာပါ။

    အစည်းအဝေးကနေ အပစ်ရပ်စာချုပ် NCAကိုအခြေခံပြီးနိုင်ငံရေးအကြပ်အတည်းကိုပြေလည်ဖို့ကြိုးပမ်းဖို့ သဘောတူခဲ့တယ်လို့လည်း ကြေညာချက် ထုတ်ခဲ့ပါတယ်။

    ဒါ့အပြင် အချက် ၇ ချက်ပါ အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာ ရှမ်းမြောက် စစ်ရေး ပဋိပက္ခတွေ အပါအဝင် နိုင်ငံအနှံ့က အထွေထွေ အကြပ်အတည်းတွေကို သက်ဆိုင်ရာအဖွဲ့တွေက ငြိမ်းချမ်းစွာ တွေ့ဆုံ ညှိနှိုင်းဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အဲဒီအစည်းအဝေးမှာ ကိုဗစ်ကူးစက်မှုနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

    အဖွဲ့ခေါင်းဆောင် အဖြစ်က နုတ်ထွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အစည်းအဝေး နိဂုံးမိန့်ခွန်းမှာ RCSS ရဲ့ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းကို PPST မှာတာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခဲ့ကြောင်းနဲ့ ဒီအစည်းအဝေးကနေ NCA အပေါ် အဖွဲ့ရဲ့ သဘောထား ရှင်းရှင်းလင်းလင်း ချမှတ်နိုင်တာကို ဝမ်းမြောက်ကြောင်း ပြောပါတယ်။

    ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်အဖွဲ့သစ်ဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, NCA- S EAO

  6. ဟိုပင်မှာ လယ်တောက ပြန်လာတဲ့နွားလှည်းပစ်ခံရလို့ လူရော နွားပါသေဆုံး

    ကချင်ပြည်နယ် ဟိုပင်မြို့နယ်ထဲမှာ ဇူလိုင်လ ၇ ရက်နေ့က လယ်လုပ်ရာက ပြန်လာသူတစ်ဦး စစ်ကောင်စီတပ်တွေနဲ့ တွေ့ပြီး ပစ်ခတ်ခံရ လို့သေဆုံးခဲ့တယ်လို့ ဟိုပင်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူဟာ ဦးဘဂျမ်းဆိုသူဖြစ်ပြီး သူရဲ့နွားလည်း ခြေထောက်ကျည်ထိမှန်ပြီး သေဆုံးခဲတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။

    အိမ်ကို လှည်းနဲ့ရောက်အောင်မောင်းလာပြီးအိမ် အရောက်မှာငါသေနတ်မှန်ထားပြီး လို့ပြောဆိုပြီးနောက် ဦးဘဂျမ်းသေဆုံးခဲ့တာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစား‌ ‌နေဆဲဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. အင်းစိန်ထောင်မှာ ကိုဗစ်ပိုးတွေ့သူတွေ များလာလို့ မနက်ဖြန်ကစလို့ နှစ်ပတ် လော့ခ်ဒေါင်းချထားလိုက်

    အင်းစိန်အကျဉ်းထောင်ကို မနက်ဖြန် ဇူလိုင်လ ၈ ရက်နေ့ကစပြီး သီတင်း နှစ်ပတ်တာ လော့ခ်ဒေါင်းချထားလိုက်ပြီလို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

    အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ တွေ့ခွင့်နဲ့ ထောင်တွင်းတရားရုံးစစ်ဆေးမှုတွေကိုလည်း ယာယီ ရပ်နားထားပါတယ်။

    ဇူလိုင် ၆ရက် မနေ့ကစပြီး ထောင်တွင်းတရားရုံးတွေကို ယာယီ ရပ်နားလိုက်ပြီး ဒါဟာ ထောင်တွင်း အကျဉ်းသားတွေမှာ ကိုဗစ်ပိုးတွေ့သူတွေ ရှိလာတာကြောင့်လို့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ အင်းစိန်ထောင်ကို အခုလို သီတင်း နှစ်ပတ် လော့ခ်ဒေါင်း ချလိုက်တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က လာအပ်တဲ့သူတွေကို စစ်တဲ့အခါမှာ ကိုဗစ်ပိုး ကူးစက်ခံထားရသူတွေ တွေ့ရင် ကျန်တဲ့အကျဉ်းထောင်တွေက လက်မခံပေမဲ့ အင်းစိန်ထောင်ကတော့ လာအပ်တဲ့သူတွေကို အကုန်လက်ခံလေ့ ရှိပြီး ကိုဗစ်ပိုး တွေ့တယ်ဆိုရင် ပိုးတွေ့တဲ့သူတွေကို ကုသတဲ့နေရာမှာ လက်ခံကြောင်းနဲ့ အခုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့က လာအပ်တဲ့သူတွေကို စစ်လိုက်ရင် ပိုးတွေ့တဲ့သူတွေ များလာနေတာကြောင့် ကူးစက်မှုတွေ မပျံ့ပွားအောင် ကာလတစ်ခု သတ်မှတ်ပြီး ထိန်းချုပ်လိုက်တဲ့ သဘော ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော် က ဘီဘီစီကို ပြောပါတယ်။

    ရဲတပ်ဖွဲ့က လာအပ်တဲ့ အချုပ်ကျ အကျဉ်းသားတွေမှာ ပိုးတွေ့သူ များလာတာကြောင့် အင်းစိန်ထောင်ကို လော့ဒေါင်းချလိုက်တာလို့ ဆိုပေမဲ့ အင်းစိန်ထောင်တွင်း အကျဉ်းကျနေသူတွေထဲမှာလည်း ကိုဗစ် ကူးစက်ခံရတာတွေ ရှိနေတယ်လို့ ကာယကံရှင် မိသားစုတချို့ဆီက သိရပါတယ်။

    အင်းစိန်အကျဉ်းထောင်အပြင် ကိုဗစ်ပိုးတွေ့ လူနာတွေ ရှိခဲ့တဲ့ တောင်ငူအကျဉ်းထောင်နဲ့ မြောင်းမြအကျဉ်းထောင်ကိုပါ ယာယီလော့ဒေါင်းချထားတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတချို့မှာလည်း ဖျားနာတာ၊ ကိုဗစ်လက္ခဏာအချို့ခံစားနေရတာတွေ ရှိတယ်လို့ ကာယကံရှင်မိသားစုအချို့က ဘီဘီစီကို ဆက်သွယ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

    အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အကျဉ်းသားတွေအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့် ကလည်း သူ့အမှုသည်တွေထဲမှာတင် အဖျားပျောက်ပြီးမှ တရားရုံးထုတ်လာသူ ၃၊ ၄ ဦးလောက် ရှိနေတယ် လို့ ပြောပါတယ်။ အင်းစိန်ထောင်ထဲမှာ ကိုကိုးကျွန်းတမြို့တည်းကလွဲလို့ စစ်အုပ်ချုပ်ရေးဒေသ ကြေညာထားတဲ့ စစ်ခုံရုံးက ၆ ရုံး၊ အထူးတရားရုံးလို့ ခေါ်တဲ့ မြို့နယ်တရားရုံးက ၃၈ ရုံး၊ စုစုပေါင်း ၄၄ ရုံး ရှိနေတဲ့အတွက် တစ်နေ့တစ်နေ့ အကျဉ်းထောင်တွင်းကို ၃ ရာ လောက် ဝင်လာလေ့ ရှိကြောင်းနဲ့ အပြင်က ဝင်လာသူတွေဆီကနေ အချုပ်သား၊ အကျဉ်းသားတွေဆီ ကိုဗစ်ရောဂါပိုး ကူးစက်ရင် မထိန်းချုပ်နိုင် ဖြစ်သွားမှာ စိုးတဲ့အတွက် ထောင်တွင်းတရားရုံးတွေကို ရပ်နားထားလိုက်တာလို့ ယူဆရကြောင်း ပြောပါတယ်။

    အခုအခါ ထောင်တွင်းမှာတင်မက ပြင်ပမှာလည်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိနှုန်းဟာ လတ်တလောမှာ စံချိန်တင် မြင့်တက်နေသလို သေဆုံးမှုနှုန်းကလည်း တရားဝင်ထုတ်ပြန်ချက်အရ မနေ့က ဇူလိုင် ၆ ရက်နေ့ တစ်ရက်တည်းမှာ ၅၂ ဦး အထိ ရှိခဲ့ပါတယ်။

    တရားဝင် ထုတ်ပြန်ချက်စာရင်းမှာ မပါဝင်ဘဲ ကိုဗစ် သံသယလက္ခဏာနဲ့ သေဆုံးသူကလည်း ကလေးမြို့မှာ ဆယ်ဂဏန်းအထက်မှာ ရှိနေပါတယ်။

    အင်းစိန်အကျဉ်းထောင်၊ ကိုဗစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. မွန်၊ မကွေးနဲ့ ရန်ကုန်က ၁၄ မြို့နယ်ကို Stay at home သတ်မှတ်

    ကိုဗစ်ကူးစက်မှု မြင့်တက်လာလို့ မွန်ပြည်နယ်၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၄ ခုကို Stay at home မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး အဲဒီအမိန့် မနက်ဖြန် မနက် ၄ နာရီက စတင် အသက်ဝင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကြေညာပါတယ်။

    Stay at home သတ်မှတ်မြို့နယ်များ

    မွန်ပြည်နယ်

    မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံ

    မကွေးတိုင်း

    ဂန့်ဂေါ

    ရန်ကုန်တိုင်း

    မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်း

    အခုလို ထပ်မံ ကြေညာမှုကြောင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော် တို့မှာ Stay at home မြို့နယ် နဲ့ ဒေသ ၄၅ ခု ရှိလာပြီ ဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်သူ တစ်နေ့တည်း လေးထောင်နီးပါး ရောက်လာ

    ကိုဗစ်ကူးစက်သူ အသစ် ဒီကနေ့ တွေ့ရှိမှု ၃၉၄၇ ဦး နဲ့ သေဆုံးသူ ၅၇ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၇၅,၉၂၃ ဦး ရှိပြီး သေဆုံးသူ ၃,၅၇၀ ဦး ရှိပြီ ဖြစ်ပါတယ်။

    မွန်၊ မကွေးနဲ့ ရန်ကုန်က ၁၄ မြို့နယ်ကို Stay at home သတ်မှတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. မုံရွာမြို့ပေါ်စျေးကြီးတွေမှာ အခွန်မဆောင်ရင် ဆိုင်ခန်းပြန်သိမ်းပြီး ထောင်ချမယ်လို့ စာပို့

    မုံရွာမြို့ပေါ် စျေးကြီးတချို့က ဆိုင်ရှင်တွေကို စာပို့ပြီး ဆိုင်ခန်းငှားခတွေဆောင်ဖို့ စည်ပင်က ဖိအားပေးနေတယ် လို့ မုံရွာမြို့ခံဆိုင်ရှင်တွေက ပြောပါတယ်။

    ထုတ်ပြန်ချက်စာမှာ ဥပဒေတွေနဲ့ ဖော်ပြထားပြီးတော့ ဆိုင်ခန်းကို ဆုံးရှုံးရမယ်ဆိုတဲ့ အချက်တွေပါသလို ငွေဒဏ် ထောင်ဒဏ်တွေကိုပါဖော်ပြထားတယ်လို့လည်း သူတို့ကပြောပါတယ်။

    စျေးသူစျေးသားတွေက ဆိုင်ခန်းငှားခတွေကို စစ်တပ်အာဏာသိမ်းပြီးကတည်းက ပေးဆောင် ခြင်းမရှိဘဲ နေခဲ့ကြတာဖြစ်ပါတယ်။

    စျေးသူစျေးသားတွေကို စာထုတ်ခဲ့တဲ့ မြို့နယ်အမှုဆောင်အရာရှိဟာ မုံရွာ နွေဦးတော်လှန်ရေး အ​စောပိုင်းကာလတွေမှာ ရဲတပ်ဖွဲ့နဲ့ အတူ ဆန္ဒထုတ်ဖော်ပွဲတွေကို ရှေ့ဆုံးကစောင့် ကြည့်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

    မုံရွာစည်ပင်ဟာ မုံရွာမှာ CDMမလုပ်သူ အများဆုံးဌာနလည်းဖြစ်သလို အစပိုင်းကာလတွေမှာ ရုံးပြန်တက်သူများခဲ့တဲ့ ဌာနလည်းဖြစ်ပါတယ်။

    အရင်ကလည်း မုံရွာ စည်ပင်ဌာနက အဂတိမှုတွေကို စစ်ဆေးပေးဖို့ မြို့နေလူထု ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    စည်ပင်က မြေခွန်တွေအတွက် မြို့နယ်နိမိတ်အတွင်းက အိမ်တွေကို စာရွက်တွေ​ဝေတာတွေ လုပ်ဆောင်နေတယ်လို့မုံရွာမြို့ခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. အောက်ဆီဂျင် အခက်အခဲကြောင့် ကိုဗစ်လူနာ သေဆုံးမှုတွေ ရှိနေတဲ့ ကလေးမြို့

    ကလေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က ကိုဗစ်ကြောင့် တစ်ရက်တည်း လူ ၄၀ လောက် သေဆုံးခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ အောက်ဆီဂျင် မရလို့ သေဆုံးသူတချို့ ပါဝင်တယ်လို့ ကလေးမြို့ အိတ်စွပ်စင်တာက အကူအညီပေးရေး လုပ်ကိုင်နေသူ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အောက်ဆီဂျင်မရလို့ သေဆုံးခဲ့သူတွေထဲက အများစုဟာ နေအိမ်တွေမှာ ကုသမှု ခံယူနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကလေးမြို့မှာ အောက်ဆီဂျင် အခက်အခဲ ပိုဖြစ်လာတာ ၃ ရက်လောက် ရှိနေပြီ ဖြစ်ပြီး အကူအညီပေးသူတွေရှိပေမယ့် လိုအပ်ချက်နဲ့မမျှ ဖြစ်နေတာလို့လည်း သူက ပြောပါတယ်။ အောက်ဆီဂျင် ၄၀ လီတာဘူး တစ်ဘူးကို ၂ သိန်း ၃ သောင်းလောက်အထိ စျေးပေါက်နေပြီး ကလေးမြို့မှာ လတ်တလော ဝယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

    လူ ၄၀၀ လောက် ကုသပေးနေတဲ့ ကလေးမြို့ အိတ်စွပ်စင်တာမှာတော့ အောက်ဆီဂျင် ပြတ်လတ်တာမျိုး မရှိသေးဘူးလို့ သူကပြောပါတယ်။

    ကလေးမြို့မှာ ကိုဗစ်လူနာတွေအတွက် တစ်ရက်ကို အောက်ဆီဂျင်ဘူး ၂၀၀ နဲ့ ၃၀၀ ကျော် အကြား လိုအပ်နေပြီး အောက်ဆီဂျင်ဖြည့်တဲ့စက် ရောက်လာပေမယ့်လည်း စက်လည်ပတ်နိုင်အောင် ကြိုးစားနေကြဆဲ လို့ သိရပါတယ်။

    အရင်က အောက်ဆီဂျင်ကို ရန်ကုန်နဲ့ မန္တလေးမြို့တို့ကနေ မှာယူရပြီး ၃ ရက်လောက်အတွင်း ရောက်နိုင်ခဲ့ပေမဲ့ အခုအခါ ရန်ကုန်နဲ့ မန္တလေးမှာလည်း ကိုဗစ်ဖြစ်ပွားမှုတွေ များပြီး အောက်ဆီဂျင် လိုအပ်ချက် ရှိလာတဲ့အတွက် ကလေးမြို့ကို အောက်ဆီဂျင် ရောက်လာဖို့ အရင်ကထက် ၅ ရက်၊ ၆ ရက် ရက်ကြာကြာ ပိုစောင့်ရတယ်လို့လည်း သူကပြောပါတယ်။

    ကလေးမြို့မှာ တစ်ရက်ကို အောက်ဆီဂျင် ၄၀ လီတာ ဘူးကြီး အလုံးကြီး ၂၀၀ ကနေ ၄၀၀ လောက်အထိလိုအပ်ချက် ရှိတယ်လို့လည်း အကူအညီပေးသူတွေက ပြောပါတယ်။

    ကလေးမြို့မှာ အောက်ဆီဂျင်ဖြည့်နေတဲ့ နေရာအချို့မှာ အောက်ဆီဂျင် အခက်အခဲရှိနေပြီး အောက်ဆီဂျင် မပြတ်ဘူး ဆိုရင် ဆေးကုသရေးမှာ အခုထက် ပိုထိရောက်နိုင်တယ်လို့လည်း ကုသရေးစင်တာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ကလေးမြို့မှာ အောက်ဆီဂျင်တန်းစီနေသူများ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့မှာ အောက်ဆီဂျင်တန်းစီနေသူများ
  11. မြန်မာ့အရေး အချက် ၅ ချက်ပါ သဘောတူချက် အကောင်အထည်ဖော်ရေး အာဆီယံတွင်း ကြိုးပမ်းနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

    မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြပ်အတည်းကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီနဲ့ သဘောတူထားတဲ့ အချက် ၅ ချက်ပါ သဘောတူချက်ကို အမြန် အကောင်အထည်ဖော်နိုင်အောင် အာဆီယံအဖွဲ့တွင်းမှာ ကြိုးပမ်းနေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် က ပြောပါတယ်။

    ဒီအချက် ၅ ချက်ပါ သဘောတူချက် အကောင်အထည်ဖော်ရေးက နှောင့်နှေးကြန့်ကြာနေပြီး နည်းနည်းတော့ စိတ်ပျက်စရာ ဖြစ်နေတယ်ဆိုတာကို အာဆီယံအဖွဲ့အနေနဲ့ အသိအမှတ်ပြု ဝန်ခံပါကြောင်း ဗီဗီယန် ဘာလာခရစ်ရှ်နန် က ပါလီမန်မှာ မေးလာတဲ့ မေးခွန်းတွေကို စာနဲ့ဖြေကြားစဉ်မှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လူတွေ ထိခိုက်နစ်နာနေရတဲ့ အခြေအနေတွေကို လျှော့ချနိုင်ရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးကို မျှော်မှန်းပြီး ဒီသဘောတူချက် အလျင်အမြန် အကောင်အထည်ဖော်နိုင်ဖို့အတွက် အာဆီယံအဖွဲ့အတွင်း ကြိုးစား လုပ်ဆောင်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေ၊ တည်ငြိမ်အေးချမ်းမှု ရေရှည်ရရှိလာနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံး ပါတဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်ရေးကို ကြိုးစားနေကြောင်း သူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အကြပ်အတည်းကို ဖြေရှင်းနိုင်ရေး ရှေ့ရှုတဲ့ အချက် ၅ ချက်ပါ သဘောတူချက်ကို အာဆီယံက ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ကြေညာခဲ့တာပါ။ အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အချိန်အတိအကျကိုတော့ သဘောတူထားခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့လတုန်းကတော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှုတွေ ရပ်ဆိုင်းကြဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ပြဌာန်းခဲ့ပြီး နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီ ဆုံးဖြတ်ပြဌာန်းချက်ကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အရပ်သား အစိုးရအဖွဲ့ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဦးကျော်မိုးထွန်းတို့က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဘရူနိုင်း၊ ကမ္ဘေားဒီးယား၊ လာအိုနဲ့ ထိုင်းတို့က ကြားနေမဲ ပေးခဲ့ကြပါတယ်။

    ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ပြဌာန်းချက် ပဏာမမူကြမ်းမှာတော့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်တားမြစ်ဖို့ ပြင်းထန်တဲ့ စာသားတွေနဲ့ ဖော်ပြထားခဲ့တာပါ။ ဒါပေမဲ့ ရိုက်တာစ် သတင်းဌာနက မေလတုန်းက ထုတ်ဖော်တွေ့ခဲ့ရတဲ့ အဆိုပြုချက်ထဲမှာ အဲဒီစာသားတွေကို ဖြုတ်ပေးဖို့ စင်္ကာပူ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    လွယ်ကူ လျင်မြန်မှာ မဟုတ်ပေမဲ့ ဒီအချက် ၅ ချက်ပါ သဘောတူချက် လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး ကြိုးပမ်းသွားဖို့နဲ့ ထောက်ခံအားပေးသွားဖို့ အာဆီယံအဖွဲ့အနေနဲ့ ကတိပြုထားတဲ့အတိုင်း ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

    ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ပြဌာန်းချက်ဟာ စင်္ကာပူနိုင်ငံရဲ့ရပ်တည်ချက်နဲ့ ကိုက်ညီနေတဲ့အတွက် စင်္ကာပူက ထောက်ခံမဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး၊ လဲလှယ်ရေး ကိစ္စရပ်ဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်တွေကို စင်္ကာပူနိုင်ငံအနေနဲ့ တင်းတင်းကျပ်ကျပ် လိုက်နာ ဆောင်ရွက်နေပြီး ကုလသမဂ္ဂရဲ့ ဘယ်နိုင်ငံပေါ်ကိုမဆို ဒဏ်ခတ်ပိတ်ဆို့ထားမှု ဒါမှမဟုတ် ပိတ်ပင်တားမြစ်ထားမှုအတိုင်း စင်္ကာပူက လိုက်နာ ဆောင်ရွက်နေတယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ဖြည့်စွက်ပြောခဲ့ပါတယ်။

    စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်
  12. မြန်မာနဲ့ နယ်စပ်ကုန်သွယ်မြို့ ယူနန်ထဲက ရွှေလီ လော့ခ်ဒေါင်းကျ

    လော့ခ်ဒေါင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လော့ခ်ဒေါင်း တင်းတင်းကျပ်ကျပ်ချတဲ့နည်းကို တရုတ်အာဏာပိုင်တွေ ကျင့်သုံး

    မြန်မာနဲ့နယ်စပ်ချင်းထိနေတဲ့ ရွှေလီမြို့ကို တရုတ်အာဏာပိုင်တွေ လော့ခ်ဒေါင်းချ လိုက်ပါတယ်။

    ကိုဗစ်ရောဂါကူးစက်မှု ထပ်ပြီးပေါ်ပေါက်လာတဲ့ အတွက် အခုလို မြို့ကို လော့ခ်ဒေါင်းချတာ ဖြစ်ပါတယ်။

    စီးပွားရေး လုပ်ငန်းတွေ အားလုံးနီးပါး ပိတ်သွားပြီး လူတွေ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေဖို့ အာဏာပိုင်တွေက ညွှန်ကြားတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့ရသူ နောက်ထပ် ၁၅ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီ့မတိုင်ခင် ၂ ရက် တုန်းကလည်း ၆ ဦး တွေ့ရှိထားပါတယ်။

    ရွှေလီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဆေးရုံ၊ ဆေးဆိုင်နဲ့ မရှိမဖြစ် ပစ္စည်းတွေ ရောင်းတဲ့ ကုန်စုံဆိုင်တွေကလွဲလို့ စီးပွားရေး အားလုံး ပိတ်ရမယ်လို့ ဆိုပါတယ်။

    ရွှေလီမြို့ပေါ်တင်မက ရွှေလီအုပ်ချုပ်မှု အောက်မှာ ရှိတဲ့ ပတ်ဝန်းကျင် ဒေသတွေပါ အခု လော့ခ်ဒေါင်း အမိန့် သက်ရောက်မယ်လို့ နားလည်ရပါတယ်။

    ရွှေလီမှာ ကိုဗစ် ပျံ့နှံ့မှု မတ်လတုန်းကလည်း ဖြစ်ခဲ့ပြီး ဧပြီလအတွင်း တမြို့လုံး ကာကွယ်ဆေးထိုးနှံရေး လုပ်ဆောင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ကိုင်တွယ်တဲ့အခါ လော့ခ်ဒေါင်းကို စည်းကမ်း တင်းတင်းကျပ်ကျပ်နဲ့ ချတဲ့နည်းလမ်းကို အဓိက အသုံးပြု ပြီး ပိုးရှိမရှိ တတ်နိုင်သလောက် လူအများအပြားကို စစ်တာမျိုးလည်း လုပ်ကြပါတယ်။

    ကာကွယ်ဆေးကိုလည်း လူဦးရေရဲ့ ၈၀% အထိ ထိုးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဗဟိုအဆင့် ကျန်းမာရေး အာဏာပိုင်တွေက ပြောထားပါတယ်။

    မြန်မာပြည်ထဲကနေ ပြန်လာတဲ့ တရုတ်နိုင်ငံသားတချို့မှာ ကိုဗစ်ပိုး ရှိကြောင်း တွေ့ရတယ် ဆိုပြီး ပြီးခဲ့တဲ့ ရက်တွေမှာပဲ မြန်မာနဲ့ အဝင်အထွက် နယ်စပ်ဂိတ်တွေကို တင်းကျပ်ထားပါတယ်။

    တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာလည်း၊ အဓိက နေရာဖြစ်တဲ့ မူဆယ်နဲ့ထိနေတဲ့ ရွှေလီ- ကျယ်ဂေါင် ဘက်ခြမ်း တရုတ်နိုင်ငံထဲကို အဝင် အထွက် လုပ်လို့မရ ဖြစ်နေပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကတည်းက မူဆယ်နယ်စပ်ဂိတ်ကနေ လူအဝင် မခံတော့ပဲ၊ ဝမ်တိမ်ဂိတ်တစ်ခုထဲ တရုတ်အာဏာပိုင်တွေက ဖွင့်ပေးထားတာ ဖြစ်ပါတယ်။

    အခုလို တရုတ်ပြည်ထဲ သွင်းတဲ့ ကုန်တွေ ဖြတ်သန်းရာ အဓိကနေရာတွေ လော့ခ်ဒေါင်း ကျသွားတဲ့နောက်၊ မြန်မာဘက်ခြမ်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံမှာ ကုန်သွယ်မှုလုပ်ငန်းတွေ အပေါ် ထိခိုက်နေတဲ့ အကြောင်း ဒေသခံ ကုန်သည် အသိုင်းအဝိုင်းက ပြောကြပါတယ်။

    မူဆယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နယ်စပ်ကုန်သွယ်ရေး ရိုတ်ခတ်ခံနေရ
  13. ထိုင်းနိုင်ငံထဲ တရားမဝင်လာလို့ နယ်စပ်မှာမိသူတွေကို မြန်မာနိုင်ငံဘက်ကို ထိုင်းပြန်မပို့နိုင်သေး

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နယ်စပ်ကနေ ထိုင်းဘက်ကို တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နယ်စပ်ကနေ ထိုင်းဘက်ကို တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

    ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာချိန် နယ်စပ်မှာ ဖမ်းမိသူတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ထိုင်းအာဏာပိုင်တွေက ပြန်မပို့နိုင်သေးဘူးလို့ လက်ရှိမှာ ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းခံထားရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးဆီကနေ သိရပါတယ်။

    လက်ရှိမှာ နယ်စပ်မှာ ဖမ်းမိခဲ့သူတွေထဲက လူဆယ်ချီကို မဲဆောက်မြို့လေယာဉ်ကွင်းနားက စစ်သင်တန်းကျောင်းမှာ ထားထားတယ်လို့ သိရပါတယ်။

    ဖမ်းမိသူတွေထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင်ဝင်လာလို့ တခြားလူ ၂၅ ယောက်နဲ့အတူ ဖမ်းမိတဲ့ မဖူးဖူး(နာမည်လွှဲ)လည်းပါဝင်ပြီး ဖမ်းမိတဲ့အချိန် ထိုင်းဆေးရုံတစ်ခုမှာ ကိုဗစ်စစ်ဆေးနေတုန်း ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာမှ သမီးဖြစ်သူနဲ့ ပြန်အဆက်အသွယ်ရတယ်လို့ မဖူးဖူးရဲ့ဖခင် ဦးမောင်မောင်က ပြောပါတယ်။

    ''၁၆ ရက်လောက်ကြာမှာ ဒီနေ့ပဲ သမီးနဲ့အဆက်အသွယ်ရတယ်။ သူတို့ကို မြဝတီနယ်စပ်ပိတ်ထားလို့ ပြန်ပို့လို့မရသေးဘူးတဲ့။ အဲတော့ စစ်သင်တန်းကျောင်းထဲက အဆောင်မှာထားတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ။ တပတ် ၂ ရက် အချိန်ပိုင်း ဖုန်းပေးပြောတယ်။''လို့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ မဖူးဖူးရဲ့ဖခင်က ဘီဘီစီကို ပြောပါတယ်။

    အဲဒီသင်တန်းကျောင်းမှာ ထိန်းသိမ်းထားသူတွေထဲ မဖူးဖူးတို့ ၂၅ ဦးအပြင် နောက်ပိုင်း နယ်စပ်မှာ ဖမ်းမိထားတဲ့လူဆယ်ချီကိုလည်း ထားရှိထားတယ်လို့ သိရပါတယ်။

    ''အကျွေးအမွေးလည်း မဆိုးပါဘူးတဲ့။ ဒါပေမဲ့ အစားကြီးတဲ့သူဆို သူတို့ပေးတဲ့ ထမင်းက မဝဘူးပြောတယ်။ သမီးကလည်း သူလည်း ထမင်းမဝဘူးပြောလို့ ကျတော့တော့ ဒီနေ့ ထိုင်းငွေ ဘတ် ၁၀၀၀ ကို မြဝတီက မိတ်ဆွေကို လွှဲပေးဖို့ လုပ်နေတယ်။ သူကနေ တဆင့် ကလေးဆီကို နာမည်၊ အခန်းနံပါတ်နဲ့ လွှဲမှာပေါ့''လို့လည်း မဖူးဖူးရဲ့ဖခင်က ပြောပါတယ်။

    မြန်မာနိုင်ငံထဲမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေ နှစ်နိုင်ငံ နယ်စပ်မှာ မြင်းတွေနဲ့ ခပ်စိပ်စိပ်ကင်းလှည့်နေလို့ ဒီကာလအတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်တာမျိုး သတိထားကြဖို့ ထိုင်းရောက် မြန်မာတွေ အရေး ကူညီပေးနေသူတွေက သတိပေးနေပါတယ်။

  14. မြန်မာနိုင်ငံအတွင်း အပြန်အလှန် သတ်ဖြတ်မှုတွေ ရှိလာ

  15. တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သန်း ဒီလထဲရမယ်

    တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်သန်း ဒီလထဲရမယ်

    ဓာတ်ပုံ ရင်းမြစ်, AFP

    မြန်မာကဝယ်ထားတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ( Sinovac )တစ်သန်းကို လာမယ့် တစ်ပတ်အတွင်းရဖို့ရှိပြီး ဇူလိုင်လကုန်လောက်မှာ နောက်တစ်သန်းထပ်ရဖို့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သိရပါတယ်။

    Sinovac ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ကြောင်း အတည်ပြုချက်ကို ဇွန်လကမှ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

    ဒီဆေးတွေကိုလည်း အိန္ဒိယထုတ် ကိုဗစ်ရှီး ကာကွယ်ဆေးထိုးတုန်းကလိုပဲ ဦးစားပေးအုပ်စုအလိုက်ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

    တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး အလုံးရေ ၅ သိန်း မေလက ပေးလှူခဲ့ပါသေးတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်အတွင်း ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း ဝယ်ယူခဲ့ပေမယ့် တရုတ်ဆေးတွေက ခပ်စောစောပဲရောက်လာခဲ့တာပါ။

    စစ်ကောင်စီအနေနဲ့ ရုရှားဆီက နောက်ထပ် ကာကွယ်ဆေး ၇ သန်း ထပ်ဝယ်ဖို့ ရှိပါသေးတယ်။

    အိန္ဒိယကနေ သန်းချီဝယ်ထားတဲ့ ကိုဗစ်ရှီးကတော့ အိန္ဒိယရဲ့ ကပ်ရောဂါအခြေအနေကြောင့် ရောက်လာဖို့ကြာဦးမယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းကခန့်မှန်းထားပါတယ်။

  16. ဆာရာယေဗိုအမျိုးသားပြတိုက်ရောက် မြန်မာ့နွေဦးတော်လှန်ရေးဓာတ်ပုံတွေ

    ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

    မြန်မာ့နွေဦးတော်လှန်ရေးဆိုင်ရာ ဓာတ်ပုံတွေကို ဘော့စ်နီးယားနိုင်ငံက ဆာရာယာဗိုအမျိုးသားပြတိုက်မှာ ပြသနေပါတယ်။ မြန်မာဓာတ်ပုံဆရာ ၁၂ ဦးရဲ့လက်ရာ ဓာတ်ပုံတွေကို ဇူလိုင်လ ၅ ရက်ကတည်းက ပြသနေတာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၅ ရက်အထိ ၁၀ ရက်ကြာ ခင်းကျင်းပသထားမယ်လို့ သိရပါတယ်။

    ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
    ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ဆာရာယေဗိုအမျိုးသားပြတိုက်မှာ ၁၀ ရက်ကြာကျင်းပနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးဓာတ်ပုံပြပွဲထဲက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
  17. ဒီမော့ဆိုမှာ စစ်ဘေးရှောင်တွေအချင်းချင်း ကိုယ်ထူကိုယ်ထ စာပြန်သင်ပေးနေ

    ဒီမော့ဆိုမှာ စစ်ဘေးရှောင်တွေအချင်းချင်း ကိုယ်ထူကိုယ်ထ စာပြန်သင်ပေးနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကယားပြည်နယ်၊ ဒီမော့ဆိုမြို့က ပူဖားကျေးရွာစစ်ဘေးရှောင်ကလေးတွေကို စစ်ရှောင်ဆရာ၊ဆရာမတွေက ကိုယ်ထူကိုယ်ထ စာသင်ပေးနေပါတယ်။

    ''ကျမက အရင်က စာလိုက်သင်တယ်။ မူကြိုကျောင်းမှာလည်း သင်ဖူးတယ်ဆိုတော့ ကလေးတွေ ပညာမပြတ်သွားအောင် ပြန်သင်ပေးတဲ့ဖြစ်တာပါ။ အခုကတော့ နေရာအခက်အခဲကလည်းရှိနေပြန်တော့ KG(မူကြို)၊ သူငယ်တန်း၊ တစ်တန်း အဲလိုမျိုး တွဲလိုက်တယ်။ ပထမတန်းနဲ့ ဒုတိယတန်းတစ်ဖွဲ့၊ နောက်ပြီးတော့ တတိယတန်းနဲ့စတုတ္ထတန်းတစ်ဖွဲ့ တွဲသင်လိုက်တယ်။''လို့ စစ်ဘေးရှောင်ရင်း ကလေးတွေကို ပညာသင်ပေးနေတဲ့ဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လောလောဆယ်မှာတော့ အဲဒီက စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်ရင်း လာရောက်ပညာသင်နေတဲ့ကျောင်းသူကျောင်းသား ၂၀၀ နီးပါးအထိရှိနေပါတယ်။

    ''ခက်ခဲတာကတော့ မိုးကာပဲ။ မိုးယိုနေတယ်လေ ကျမတို့ ကလေးတွေ။ အဲဒါပါပဲ။ နောက် ကလေးတွေအတွက်အသွားအလာပေါ့နော်။ မိဘတွေကတော့ ရောက်အောင်လာပို့ကြပါတယ်။ ကျမတို့စာသင်တဲ့နေရာ နည်းနည်းဝေးတယ်လေ'' လို့ ပညာဒါနသင်ပေးနေတဲ့ဆရာမ တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ အဲဒီစစ်ဘေးရှောင်စခန်းမှာ စာသင်ပေးနေတဲ့ဆရာ၊ ဆရာမ ၆ ဦးရှိပြီး အများစုဟာ နေရပ်မပြန်တော့ဘဲ စစ်ရှောင်စခန်းမှာပဲ နေထိုင်နေကြတယ်လို့ သိရပါတယ်။

    ရှမ်းပြည်နယ်နဲ့နယ်စပ် ကယားပြည်နယ်ထဲက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲဟာ ပြည်နယ်ထဲက ဒီမော့ဆိုအထိ ကျယ်ပြန့်လာခဲ့လို့ ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာပြေးရှောင်နေကြရတာ လချီကြာမြင့်လာပြီဖြစ်ပါတယ်။

  18. မြန်မာ့အရေးဟာ ဒေသတွင်းမတည်ငြိမ်မှုအထိ ဖြစ်လာနိုင်တယ်လို့ ကုလလူ့အခွင့်အရေးအကြီးကဲ သတိပေး

    မြန်မာ့အရေးဟာ ဒေသတွင်းမတည်ငြိမ်မှုအထိ ဖြစ်လာနိုင်တယ်လို့ ကုလလူ့အခွင့်အရေးအကြီးကဲ သတိပေး

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံထဲ လက်နက်စီးဆင်းမှုဟန့်တားရေး အထွေထွေညီလာခံရဲ့တိုက်တွန်းချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ မဟာမင်းကြီးက ထပ်လောင်းတောင်းဆိုပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်ပြီး ဒေသတွင်းမတည်ငြိမ်မှုဘက်ကိုလည်း ရောက်လာနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးကသတိပေးလာပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြီးခဲ့တဲ့လတွေအတွင်းဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ဘက်ပေါင်းစုံလူ့အခွင့်အရေးကပ်အဖြစ် ပုံစံပြောင်းလာနေတယ်လို့ မဟာမင်းကြီး Michelle Bachelet က ဇူလိုင်လ ၆ ရက်မှာပြုလုပ်တဲ့ကုလလူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။

    ''နိုင်ငံတဝန်းဖြစ်နေတဲ့ထိခိုက်ခံစားရမှုတွေနဲ့အကြမ်းဖက်မှုတွေဟာ ရေရှည်တိုးတက်မှုအလာအလာကောင်းတွေကို ပျက်စီးစေသလို ကျဆုံးနိုင်ငံဖြစ်လာနိုင်တာနဲ့ ပြည်တွင်းစစ်ကျယ်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ အာဏာသိမ်းမှုစကတည်းက မြန်မာ နိုင်ငံတွင်းဖြစ်နေတဲ့အခြေအနေဆိုးရွားမှုကိုကြည့်ရင် ဒေသတွင်းအထိ မတည်ငြိမ်မှုဖြစ်လာနိုင်တဲ့အခြေအနေ ဦးတည်နေစေတယ်''လို့ သူက ပြောပါတယ်။

    အာဏာသိမ်းပြီးကတည်းက လူပေါင်း ၉၀၀ နီးပါးသတ်ဖြတ်ခံခဲ့ရတာပြီး နောက်ထပ်ပြည်သူ ၂ သိန်းနီးပါး အိုးအိမ်စွန့်ခွါထွက်ပြေးနေရတယ်လို့လည်း သူက ပြောပြပါတယ်။

    ''မြန်မာစစ်တပ်က အာဏာသိမ်းမှုအဖြစ် စတဲ့အစက အရပ်သားလူဦးရေအပေါ် အကွက်ကျကျနဲ့ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုပုံစံအဖြစ် တဖြည်းဖြည်းနဲ့ပုံစံပြောင်းလာနေတယ်''လို့ ကုလမဟာမင်းကြီးက ပြောပါတယ်။

    အဖမ်းခံရလို့ လူတွေပျောက်ကုန်တာ၊ ထိန်းသိမ်းခံရချိန်သေဆုံးတာတွေနဲ့ နှိပ်စက်တာတွေအပြင် ဆွေမျိုးတွေကို ဖမ်းဆီးတာ၊ ကလေးတွေကိုတောင် အာဏာပိုင်တွေက ခေါ်သွားတာတွေကိုလည်း သူက ထောက်ပြပါတယ်။

    ကုလသမဂ္ဂစနစ်ကြီးတစ်ခုလုံးဟာ မြန်မာနိုင်ငံအတွက် အရေးတယူဆောင်ရွက်ပေးဖို့ ပျက်ကွက်တာမျိုး ထပ်မဖြစ်အောင် မြန်မာနိုင်ငံထဲလက်နက်စီးဆင်းမှုမရှိအောင်ဟန့်တားတဲ့အထွေထွေညီလာခံရဲ့တောင်းဆိုချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ နိုင်ငံတွေအားလုံးကို တိုက်တွန်းတယ်လို့လည်း သူကပြောပါတယ်။

  19. စစ်ကောင်စီလက်အောက် ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒဖော်ထုတ်ရင်း ပြုလုပ်

    ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် စစ်အာဏာရှင်ဖြုတ်ချရေး ရန်ကုန်ကဆန္ဒဖော်ထုတ်ပွဲ
    ဓာတ်ပုံ ပုံစာ, ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် စစ်အာဏာရှင်ဖြုတ်ချရေး ရန်ကုန်ကဆန္ဒဖော်ထုတ်ပွဲ

    ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျောင်းသားလူငယ်တွေက ၅၉ နှစ်ပြည့်ပြီဖြစ်တဲ့ ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်အခမ်းအနားကို လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ရင်း ဒီနေ့ ဇူလိုင်လ ၇ ရက် မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။

    ရန်ကုန်မှာတော့ ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့အထွေထွေသပိတ်ကော်မတီ သပိတ်စစ်ကြောင်းက ၅၉ နှစ်မြောက်ဆဲဗင်းဂျူလိုင်နေ့ထိမ်းအမှတ်အနေနဲ့ "ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ"၊ "စစ်အာဏာရှင်စနစ်ကိုရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

    မန္တလေးမှာတော့ သပိတ်တပ်ပေါင်းစုက ဆဲဗင်းဂျူလိုင် ဝမ်းနည်း ခြင်းအထိမ်းအမှတ် ဂုဏ်ပြုချီတတ်ပြီး အသိမှတ်ပြုဆန္ဒပြတာဖြစ်သလို လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို ရှုတ်ချတဲ့အနေနဲ့ အကြောင်းရာပေါင်းစုံ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သပိတ်မှာပါဝင်သူတဦးကပြောပါတယ်။

    ၁၉၆၂ ခုနှစ်၊ မတ်လမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဦးနုဆီကနေ နိုင်ငံ့အာဏာကို သိမ်းပြီးတဲ့နောက် ၄ လအကြာ ဇူလိုင်လ ၇ ရက်မှာ တက္ကသိုလ်တွေကို ထိန်းချုပ်တဲ့စည်းကမ်းတွေ ပြင်ဆင်ခဲ့လို့ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

    အဲဒီဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ကျောင်းသားတွေ ဒါဇင်နဲ့ချီသေဆုံး၊ ဒဏ်ရာရခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

  20. ကိုဗစ်လှိုင်းသစ်ဒဏ်ခံနေရတဲ့ကလေးမြို့မှာ သေဆုံးသူအလောင်းတွေ သင်္ဂြိုဟ်စက်မှာ ပုံနေ

    တပတ်အတွင်း သေဆုံးသူ ၁၇၀ ကျော်လာတဲ့ကလေးမြို့မှာ ပိုးသတ်ဆေးတွေဖြန်း

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, တပတ်အတွင်း သေဆုံးသူ ၁၇၀ ကျော်လာတဲ့ကလေးမြို့မှာ ပိုးသတ်ဆေးတွေဖြန်း

    စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်တတိယလှိုင်းကြောင့် ကိုဗစ်အတည်ပြုလူနာတွေအများစုအပါအဝင် လူဆယ်ချီသေဆုံးနေလို့ သင်္ဂြိုဟ်စက်တွေမှာ အလောင်းတွေ ပုံနေတာမျိုးတောင်ဖြစ်နေတယ်လို့ ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

    အိမ်တွင်းနေထိုင်ရေးအမိန့်ချမှတ်ထားတာ ၁ လကျော်ကြာလာတဲ့ကလေးမြို့မှာ သေဆုံးသူ အလောင်းတွေ ထပ်နေပြီး ညနေပိုင်းဆို မီးသင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းနေရတယ်လို့ ပြောပါတယ်။

    မနေ့ ဇူလိုင်လ ၇ ရက် တစ်ရက်တည်းမှာတင် ကိုဗစ်အတည်ပြုလူနာအပါအဝင် လူ ၄၀ သေဆုံးခဲ့တာဖြစ်ပါတယ်။

    အခုလဆန်းပိုင်းကစလို့ တစ်ပတ်အတွင်းသေဆုံးသူပေါင်း ၁၇၀ ကျော်ရှိလာပါတယ်။

    သေဆုံးသူအများစုဟာ ကိုဗစ် -၁၉ ရောဂါလက္ခာပြနေတဲ့သူတွေဖြစ်ပြီး အဲဒီထဲမှာ ရောဂါအခံရှိသူတွေ၊ လူငယ်တွေပါဝင်သလို အောက်စီဂျင် ကျတဲ့သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

    လတ်တလော နိုင်ငံရေးကြောင့်ဖြစ်နေတဲ့ ကန့်သတ်ချက်တွေ၊ ကျန်းမာရေးနဲ့လူမှုကယ်ဆယ်ရေးဝန်ထမ်းတွေ လျော့နည်းနေတာတွေကလည်း လူနာတွေအသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြတာလို့ လက်ရှိကိုဗစ်လှိုင်းမှာ လူမှု ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

    ''၈ နာရီနောက်ပိုင်းကို ထွက်ခွင့်မရှိတဲ့အတွက်လေ၊ တချို့လူနာတွေ အနေနဲ့ကျတော့လည်း အိမ်ထဲမှာ ကြိတ်ပြီးမှ ကုတာလည်းရှိတယ်။ ဆေးရုံဆေးခန်းကို အချိန်မီမရောက်နိုင်တာလည်းရှိတယ်။ တချို့ကျတော့လည်း ဆေးရုံမှာ အရင်လို ၂၄ နာရီ မလည်ပတ်နိုင်တဲ့အတွက် ဝန်ထမ်းအင်အားလည်းနည်းတယ်ဆိုတော့ ပညာရှင်ဝန်ထမ်းအင်အားနည်းတဲ့အတွက်ကိုလည်း ဆေးရုံကို ကျတော်တို့ အချိန်မီ မပို့နိုင်တဲ့အတွက် ဆုံးပါးကြတယ်လို့ ကျတော်တို့ ဒီလိုပဲ သုံးသပ်ပါတယ်။''လို့ မြို့ခံလူမှုကယ်ရေးစေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    လူနာရှင်တွေအနေနဲ့ ကိုယ့်လူနာတွေရဲ့အခြေအနေကိုကြည့်ပြီး မနက်ခင်းနှောင်းပိုင်းနဲ့ နေ့လည်ပိုင်းမရောက်ခင် ဆေးရုံဆေးခန်း ပို့နိုင်အောင်လုပ်ကြမယ်ဆိုရင် ရောဂါကြောင့် လူသေဆုံးမှုကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတစ်နည်းဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြသလို တတ်နိုင်သမျှအိမ်ထဲမှာပဲ နေထိုင်ဖို့၊ လူနာရှိပြီဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာနေထိုင်ဖို့ သူက တိုက်တွန်းပါတယ်။

    ကလေးမှာ ကိုဗစ်ပိုးကူးစက်မှု လှိုင်းသစ်မှာ သေဆုံးသူတွေထဲ သင်းအုပ်ဆရာတွေပါပါဝင်လာပြီးတဲ့နောက် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ဆိုပြီး နာရေးရှိရင် သင်းအုပ်ဆရာတွေ နေအိမ်အထိမလာတော့ဘဲ သုသာန်ကပဲစောင့်ကာ ဆာလံနဲ့ကောင်းချီးမပေးတော့မယ်လို့ ကလေးမြို့ ကက်သလစ်ကျောင်းတိုင်ဆရာတော်တွေက စုပေါင်းကြေညာချက် ထုတ်ပြန်ထားတာ ပြီးခဲ့တဲ့သီတင်းပတ်တွေ ကတည်းက ဖြစ်ပါတယ်။