အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ အိန္ဒိယ နယ်စပ် ရေပြင်မှာ မူးယစ်ဆေးအများအပြား ဖမ်းမိ

    မြန်မာ အိန္ဒိယ ရေပြင် နယ်နိမိတ် မျဉ်းအနီးမှာရှိတဲ့ ပင်လယ်ပြင်မှာ အိုက်စ် (methamphetamine) စိတ်ကြွဆေးပြား အလေးချိန်စုစုပေါင်း ၁၅၀၀ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးမြန်မာအသံကနေ ည ၈ နာရီ သတင်းမှာ ကြေညာသွားပါတယ်။

    ကာလတန်ဖိုး ငွေကျပ် ၃၇ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ အဲဒီ မူးယစ်ဆေးဝါးတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ လုပ်နေစဉ်အတွင်း ဇွန်လ ၂၇ ညပိုင်းမှာ စက်လှေတစ်စီးပေါ်ကနေ ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနေလာတယ်လို့ဆိုတဲ့ အဲဒီလှေပေါ်ကအမျိုးသား ၇ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

    အဲဒီလှေပေါ်ကအမျိုးသား ၇ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ပြော

    ဓာတ်ပုံ ရင်းမြစ်, MRTV

    ဓာတ်ပုံ ပုံစာ, အဲဒီလှေပေါ်ကအမျိုးသား ၇ ဦးကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ပြော
  2. မင်းကင်း အနီးမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တွေနဲ့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ - PDF(မင်းကင်း)တို့အကြား ဇူလိုင် ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF တွေက တစ်ဆင့်သိရပါတယ်။

    နယ်မြေလုံခြုံရေးဆောင်ရွှက်နေသူတွေကို ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ဇူလိုင်လ ၁ ရက်နေ့ည က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားပြီးပါက အနီးအနားရှိရွာတွေမှာတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ရှိတဲ့အတွက် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့လပိုင်းက ကနီ ၊မင်းကင်း နယ်တစ်ဝိုက် တိုက်ပွဲတွေကြောင့် မင်းကင်းမြို့နဲ့ အနီးတစ်ဝိုက် မြစ်ရိုးတလျှောက်က ရွာပေါင်း ၂၅ ရွာက ဒေသခံ တစ်သောင်းကျော် တောထဲကို ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရပါတယ်။

    ဇူလိုင် ၁ ရက်နေ့ တိုက်ပွဲကြောင့် နှစ်ဖက် အကျအဆုံး မထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်ကတော့ တူမီးသေနတ် တစ်လက်သိမ်းမိကြောင်းနဲ့ နယ်မြေရှင်းလင်း‌ရေးတွေလုပ်နေတယ်လို့ ပြောပါတယ်။

    မင်းကင်း အနီးက စစ်ဘေးရှောင်တွေတောထဲကို ‌ပုန်းရှောင်နေကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်းကင်း အနီးရွာတွေက စစ်ဘေးရှောင်တွေတောထဲကို ‌ပုန်းရှောင်နေကြ
  3. မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက မြို့နယ်တချို့ကို Stay At Home ကြေညာ

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့အတွက် ပဲခူးတိုင်းအတွင်းက မြို့နယ် ၂ မြို့နယ်နဲ့ မန္တလေးတိုင်းအတွင်းက ၇ မြို့နယ်ကို Stay At Home မြို့နယ်တွေအဖြစ် စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဇန်နဝါရီလ ၁ ရက်နေ့မှာ တိုးမြင့်သတ်မှတ်လိုက်ပါတယ်။

    ပဲခူးတိုင်းအတွင်းက သာယာဝတီမြို့နယ်၊ မင်းလှမြို့နယ် အပါအဝင် မန္တလေးအတွင်းက ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နဲ့ အမရပူရမြို့နယ်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ နေအိမ်တွေအတွင်းမှာပဲနေကြဖို့ ကြေညာလိုက်တာပါ။

    ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ပုဒ်မ ၂၁ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ မနက် ၄ နာရီကစပြီး ဒီအမိန့် စတင်အသက်ဝင်မယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ၁ ရက် ညနေပိုင်းအထိ သာယာဝတီမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၆၅ ဦး ရှိပြီး မင်းလှမြို့နယ်မှာတော့ ၃၁ ဦး ရှိပါတယ်။

    Stay At Home သတ်မှတ်လိုက်တဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေထဲမှာတော့ ကိုဗစ် ကူးစက်ခံရသူပေါင်း ၉၉ဦး ရှိပြီး သေဆုံးသူ ၁ ဦး ရှိတာ တွေ့ရပါတယ်။

    ဇူလိုင်လ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာန်ိုင်ငံတစ်ဝန်း ကိုဗစ် အတည်ပြုလူနာ ၂၀၇၀ ဦး ရှိပြီး သေဆုံးသူ ၁၃ ဦး ရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    မန္တလေးမှာ ကိုဗစ်လူနာတွေကို ဆေးရုံပို့ဆောင်ပေး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ ကိုဗစ်လူနာတွေကို ဆေးရုံပို့ဆောင်ပေး
  4. ကိုဗစ် ကူးစက်ခံရသူ တစ်ရက်တည်း နှစ်ထောင်ကျော်လာ

    ဇူလိုင် ၁ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ် ကူးစက်ခံရသူ ၂၀၇၀ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဇွန်လ ၂၉ ရက်‌နေ့ နဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း ကိုဗစ်ကူးစက်သူ အသစ် တစ်ရက်တည်း တစ်ထောင်ကျော်ထိ နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ပြီး ဒီကနေ့မှာလည်း ကိုဗစ်ကူးစက်သူ အသစ် ၂၀၇၀ဦးနဲ့ တွေ့ရှိပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ကိုဗစ် ကူးစက်ခံရသူ တစ်ထောင်ကျော်တာ ဒီကနေ့နဲ့ဆိုရင် ‌လေးရက်မြောက်နေ့ ဖြစ်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၅၉,၃၄၇ ဦး ရှိပြီး သေဆုံးသူ ၃,၃၄၇ ဦး ရှိပြီ ဖြစ်ပါတယ်။

    no tag
  5. တီးတိန်မှာ ကိုဗစ်လူနာ ၆ ဦးသေဆုံး ၊လူနာတွေအတွက် အောက်ဆီဂျင်ပြတ်နိုင်လို့ အလှူခံနေ

    ချင်းပြည်နယ် တီးတိန်မြို့မှာ ဒီကနေ့ ဇူလိူင်၁ ရက်နေ့က ကိုဗစ်လူနာ ၆ ဦးသေဆုံးခဲ့ပြီး ကုသမှုခံယူနေတဲ့ ကိုဗစ်လူနာတွေဟာ အောက်ဆီဂျင်ပြတ်နိုင်တဲ့ အခြေအနေ‌ရှိလို့ ဒေသခံ လူမှုရေးအသင်းတွေက အလှူခံနေကြပါတယ်။

    တီးတိန်မြို့က ကိုဗစ်လူနာတွေသီးသန့်ထားတဲ့အဆောင်မှာ တက်ရောက်ကုသနေသူ လူနာ ၃၅ ဦးရှိပြီးတော့ တစ်ရက်ကို ၄၀ လီတာဝင် အောက်ဆီဂျင်ဘူး ၄၀ ခန့်လိုအပ်နေတယ်လို့လည်း သူတို့ကဘီဘီစီကို ပြောပါတယ်။

    အောက်ဆီဂျင်ပြတ်လုနီးပါး အခြေအနေရှိနေပြီးတော့ တွန်းဇံမြို့နယ်ထဲက ကျီခါးကို သွားရောက်အလှူခံနေရတယ်လို့လည်း တီးတိန်က လူမှုကူညီရေး အသင်းကပြောပါတယ်။

    တီးတိန်က ကိုဗစ်လူနာတွေ အတွက် အောက်ဆီဂျင်ဘူးတွေကို မိုင် ၅၀ ကျော်ဝေးတဲ့ ကလေးမြို့ကိုသွားရောက်ယူနေရပြီး ကလေးမြို့မှာ လည်းကိုဗစ်လူနာတွေများနေတဲ့ အတွက် လိုသလောက်မရတဲ့ အပြင် အောက်ဆီဂျင် မျှပြီး သုံးနေရတယ်လို့လည်း ဆိုပါတယ်။

    တီးတိန်မြို့မှာ အောက်ဆီဂျင်ဖြည့်တဲ့စက်ရောက်ပြီဆိုပေမယ့် အခုအထိ မလည်ပတ်နိုင်သေးကြောင်းလည်းကလေးမြို့ခံတစ်ဦးကပြောပါတယ်။

    တီးတိန်မှာကိုဗစ်လူနာ ၂၅၀ နဲ့ ၃၀၀ ကြားရှိပြီးတော့ တီးတိန်ဆေးရုံ ဟာခုတင် ၁၀၀ ဆန့်ဆေးရုံဖြစ်နေတဲ့ အတွက် ရောဂါပြင်းထန်သူတွေကို သာဆေးရုံမှာ ထားပြီးတော့ အချို့ကို အခြားနေရာတစ်ခုထားပြီးကုသမှုတွေလုပ်ပေးနေရတယ်လို့ လည်း ဒေသခံတွေကနေသိရပါတယ်။

    ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာလည်း တီးတိန်မှာ ကိုဗစ်ရောဂါနဲ့ အတည်ပြု သေဆုံးသူ ၆ ဦးရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    edited - ဇူလိုင် ၁ ရက် ည ၁၁ နာရီ

    ‌နောက်ဆုံးထပ်မံသိရတဲ့ သတင်းအရ တီးတိန်မြို့မှာ ဇူလိုင် ၁ ရက်နေ့ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇ ဦး အထိရှိတယ်လို့ ဒေသခံတွေဆီက နေတစ်ဆင့်သိရပါတယ်။

    ချင်းပြည်နယ်က ကိုဗစ်လူနာတစ်ဦး အောက်ဆီဂျင်နဲ့ ကုသမှုခံယူမှု

    ဓာတ်ပုံ ရင်းမြစ်, Be stornf Supporting Group

    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်က ကိုဗစ်လူနာတစ်ဦး အောက်ဆီဂျင်နဲ့ ကုသမှုခံယူမှု
  6. ကျိုတ်လတ်မြို့မှာ လူ ၅၀ ကျော်ခန့် ကို စစ်ကောင်စီတပ်တွေဖမ်းဆီး

    ဧရာဝတီတိုင်း ကျိုတ်လတ်မြို့အထက်တန်းကျောင်းနဲ့ နေရာအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မြို့ပေါ်က လူအများအပြားကို စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးနေတယ်လို ကျိုတ်လတ်မြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မြို့ပေါ်က လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ အဖမ်းခံနေရသလို အနည်းဆုံး လူ ၅၀ ခန့်ထိဖမ်းဆီးထားတယ်လို့လည်း သူတို့ကပြောပါတယ်။

    ဇွန်လ ၃၀ ရက်နေ့ ညပိုင်းမှာ နေအိမ်တွေမှာ စစ်ကောင်စီတပ်တွေက လိုက်ပြီးဖမ်းသလို ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ထပ်မံဖမ်းဆီးတာတွေရှိတာကြောင့် အချို့လည်း တိမ်းရှောင်နေကြရတယ်လို့လည်း သူတို့က ပြောပါတယ်။

    ဖမ်းဆီးခံရ သူအများစုဟာ ဆန္ဒပြပွဲမှာ ပါဝင်သူတွေဖြစ်ပေမယ့် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှုမရှိကြောင်း တရားခံမဖော်ထုတ်နိုင်လို့ အခုလို အများအပြားကို လိုက်ဖမ်းပြီး စစ်ဆေးနေတာဖြစ်နိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

    ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဇွန်လ ၂၉ ရက် မနက်ပိုင်းနဲ့နေ့လယ်ခင်းမှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး အနည်းဆုံး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။

    ဇွန်လ ၂၉ ရက် ပေါက်ကွဲမှုတွေဟာ မြို့ပေါ် ၁ ရပ်ကွက်မှာရှိတဲ့ အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနဲ့ ကျိုက်လတ်မြို့ကနေ ဖျာပုံမြို့ဘက်ကို အထွက် စစ်ဆေးရေးဂိတ်တို့မှာ ၁၅ မိနစ်စီခန့်ခြားပြီး ဖြစ်ခဲ့တာလို့ သိရပါတယ်။

    ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

    ကျိုတ်လတ်မြို့ အထက ၁ မှာ ဇွန်လ ၂၉ ရက် ပေါက်ကွဲမှု အပြီး မိဘတွေရောက်လာခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျိုတ်လတ်မြို့ အထက ၁ မှာ ဇွန်လ ၂၉ ရက် ပေါက်ကွဲမှု အပြီး မိဘတွေရောက်လာခဲ့ကြ
  7. ကလေးသူငယ်အပေါ်အခွင့်အရေးချိုးဖောက်တယ်လို့ မြန်မာစစ်တပ်သတ်မှတ်ခံရ

    ကလေးသူငယ်အပေါ်အခွင့်အရေးချိုးဖောက်တယ်လို့ မြန်မာစစ်တပ်သတ်မှတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, AFP

    မြန်မာစစ်တပ်ကို ကလေးသူငယ်တွေအပေါ်အခွင့်အရေးချိုးဖောက်တဲ့စစ်တပ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထည့်သွင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်လာပါတယ်။

    လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့အခွင့်အရေးချိုးဖောက်မူတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ အခုလိုထည့်သွင်း သတ်မှတ်လိုက်တာဆိုပြီး NUG ဘက်ကသတင်းထုတ်ပြန်တာပါ။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူတွေ ၊ ကလေးတပ်သားစုဆောင်းတာတွေ ၊ ကိုယ်လက်အင်္ဂါချို့တဲ့အောင်လုပ်တာတွေနဲ့ ကလေးငယ်သေဆုံးမူတွေဖြစ်တဲ့ဖြစ်ရပ်တွေကြောင့်လို့ဆိုပါတယ်။

    ဒီသတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝခုနှစ်ကဖြစ်ရပ်တွေအတွက် သတ်မှတ်ထည့်သွင်းလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

    ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကြီးလေးတဲ့ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကလေးသူငယ်တွေကို သတ်ဖြတ်တာနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းအောင် ပြုလုပ်တာ၊ တပ်သားအဖြစ် စုဆောင်;တာနဲ့အသုံးပြုတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊ စာသင်ကျောင်းနဲ့ဆေးရုံများကို တိုက်ခိုက်တာ၊ ကလေးတွေအတွက် လူသားချင်းစာနာထောက်ထားမှုဝင်ထွက်ခွင့် ပိတ်ပင်တားဆီးတာ စတဲ့အချက်တွေဖြစ်ပါတယ်။

    မြန်မာကလေးသူငယ် ၁,ဝ၁၂ ဦးဟာ ကြီးလေးတဲ့ အခွင့်အရေးချိုးဖောက်မှု ၁,ဝ၃၉ ကြိမ် ကျူးလွန်ခံခဲ့ရပြီး၊ အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာလို့ကုလသမဂ္ဂကအတည်ပြုခဲ့ပါတယ်။

    ဒါ့ပြင် ဇွန်လ ၂၈ရက်မှာပြုလုပ်ခဲ့တဲ့ ကလေးသူငယ်များအရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မြင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုတဲ့မိန့်ခွန်း ရေးသားပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ တခြား ကုလသမဂ္ဂနိုင်ငံတွေနည်းတူ မိန့်ခွန်း ပေးပို့ခဲ့တာဖြစ်ပါတယ်။

    အဲဒီမိန့်ခွန်းထဲ ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေပစ်မှတ်ထားတိုက်ခိုက်ခံရမူတွေ၊ စစ်တပ်က စာသင်ကျောင်းမှာတပ်စွဲထားတာအပြင် စစ်အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်ဦးရေ ၆ဝကျော်နဲ့ပြည်သူ ၉ဝဝ တို့အရေးကို ထည့်သွင်းပြောထားတာကိုလည်းတွေ့ရပါတယ်။

    ဒါ့ပြင် အခုလိုကလေးငယ်တွေအပေါ်အခွင့်အရေးကျူးလွန်မူတွေကို ရပ်တန့်ဖို့၊ စစ်အာဏာသိမ်းမှုကိုရပ်စဲဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးအတွက် တောင်းဆိုမူတွေပြုလုပ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ ထံပေးပို့တဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က မှတ်ချက်ပေးတုံ့ပြန်တာမျိုးမတွေ့ရသေးပါဘူး။

  8. ကလေးမြို့မှာ အောက်ဆီဂျင် မရလို့ လူနာတချို့ သေဆုံး

  9. ရုရှားနဲ့ မြန်မာကြားက လက်နက်ဆက်ဆံရေး (သို့မဟုတ်) ရုရှခရီးမှာ စစ်ခေါင်းဆောင် ဘာရလိုက်သလဲ။

  10. RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ကနေ နုတ်ထွက်ဖို့ စာတင်ထား

    ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဟာ အပစ်ရပ် ၁၀ ဖွဲ့ နဲ့ ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် ကနေ နုတ်ထွက်ဖို့ စာတင်ထားတယ်လို့ RCSS ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

    PPST ယာယီဥက္ကဋ္ဌ နေရာကနေ နုတ်ထွက်အနားယူဖို့ သူကိုယ်တိုင်က နုတ်ထွက်ခွင့်တောင်းထားတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းကျင်းပနေတဲ့ PPST အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ဆိုပါတယ်။

    '' RCSS/SSA ကနေ နှုတ်ထွက်တာမဟုတ်ဘူး၊ PPSTအနားယူချင်လို့ နုတ်ထွက်တာဖြစ်တယ်၊ တခြားဘာကိစ္စကြောင့်မှတော့ မဟုတ်ပါဘူး '' လို့ ဆိုပါတယ်။

    PPST ကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး အစိုးရ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် မှာ PPST အဖွဲ့ခေါင်းဆောင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူက PPST ခေတ္တထွက်ခွာခဲ့တဲ့နောက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။

    RCSS

    ဓာတ်ပုံ ရင်းမြစ်, RCSS

    ဓာတ်ပုံ ပုံစာ, RCSS
  11. ဘူးသီးတောင်ကနယ်ခြားစောင့်ရဲနှစ်ဦးမှာကိုဗစ်ပိုးတွေ့ ဆက်စပ်သူ တစ်ရာကျော်ကိုစစ်ဆေးဖို့ရှိ

    ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိထားတယ်လို့ ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက အတည်ပြုပြောဆိုပါတယ်။အဲ့ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင်နှစ်ဦးတို့ဟာ အနံ့ပျောက်နေတဲ့အတွက် ဇွန်လ ၂၉ ရက်နေ့က ဆေးရုံကိုလာရောက်ပြသပြီး စစ်ဆေးမှုခံယူခဲ့ရာ ပိုးကူးစက်ခံထားရကြောင်း ဇွန်လ ၃၀ ရက်နေ့ မနေ့က တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သူတို့နဲ့ဆက်စပ်သူ ၁၀၀ ကျော်ကိုလည်း ကော်ရန်တင်းသွင်းထားပြီး ပိုးကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးမှုတွေဆောင်ရွက် နေတယ်လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။အဲ့ဒီလူတွေအကုန်လုံးဟာ ဘူးသီးတောင်မှာနေထိုင်ကြသူတွေမဟုတ်ဘဲ တာဝန်နဲ့ပြောင်းရွှေ့လာခဲ့ကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဖြစ်ကြတယ်လို့သိရပါတယ်။“အခုတွေ့တာက နှစ်ယောက်ပါ။ အနံ့ပျောက်လို့ဆိုပြီး နခခက ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆေးရုံလာပြတဲ့အခါမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေတော့မဟုတ်ဘူး။ အခုမှ ရန်ကုန်က တာဝန်နဲ့ပြောင်းရွှေ့လာခဲ့ကြသူတွေပါ။ ဆက်စပ်သူ တစ်ရာကျော်ကိုတော့ စစ်ဆေးဖို့ရှိနေပါတယ်။”လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။ပိုးတွေ့ရှိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ရောက်ရှိလာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာ မိသားစုတွေလည်းပါဝင်တာကြောင့် လူအင်အား သုံးရာကျော် လေးရာနီးပါးခန့်ရှိနိုင်တယ်လို့ သိရပါတယ်။လတ်တလောမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားလူတွေဖြစ်ကြတယ်လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

    ဘီဘီစီမြန်မာပိုင်း

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း

    ဓာတ်ပုံ ပုံစာ, ဘီဘီစီမြန်မာပိုင်း
  12. အောင်ဘာလေထီဖွင့်ပွဲကျင်းပ

    စစ်ကောင်စီ လက်အောက် (၂၈)ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ဒီကနေ့ ဇူလိုင် (၁)ရက် ရန်ကုန်မြို့ အောင်ဘာလေထီရုံးမှာကျင်းပခဲ့ပါတယ်။ အရင်ကာလ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲ ဆု ကနေ အာဏာသိမ်းပြီးတဲ့နောက် ကျပ်သိန်းငါးထောင်ဆု ကိုသာ အမြင့်ဆုံးပေါက်မဲ အဖြစ် ဖွင့်နိုင်တာဖြစ်ပါတယ်။

    အောင်ဘာလေထီဖွင့်ပွဲကျင်းပ

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

  13. ပြန်လည်လွတ်မြောက်လာတဲ့ မိုးကုတ်မြို့က လေးနှစ်သမီးငယ်လေး ဖခင်နဲ့ပြန်လည်တွေ့ခဲ့ရ

    မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူဦးစိုးဌေးကို ဝရမ်းထုတ်ဖမ်းဆီးရာမှာကိုယ်စားဖမ်းဆီးခံထားရတဲ့ လေးနှစ်သမီးမစုထက်ဝိုင်းကို မနေ့ကဇွန်လ ၃ဝရက်နေ့မှာပြန်လွှတ်ပေးလိုက်ပြီလို့မိသားစုဝင်တွေက ပြောပါတယ် ။ မစုထက်ဝိုင်းကိုပြန်လွှတ်ပေးလိုက်ပေမယ့်အတူဖမ်းဆီးသွားတဲ့ မိခင်ဖြစ်သူနဲ့အစ်မဖြစ်သူကိုတော့ဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါတယ်။"မနေ့ကအဆက်သွယ်ရတယ် ။ အိမ်နီးနားချင်းတစ်ယောက်နဲ့ကလေးကိုထည့်ပေးလိုက်တယ်။သူ့အမေလည်းမရှိဘူး ။ ကျွန်တော်ကလည်းပြေးနေရတယ် ။ သူ့အကိုနှစ်ယောက်ကလည်းပြေးနေရတယ် ။ အဆက်သွယ်ရသလောက်လုပ်ပြီး မြို့ကလူငယ်တွေက ကလေးကိုခေါ်ထားပေးတယ်။ထမင်းကျွေးတော့လည်း ကလေးကမစားဘူး ။ နောက်ဆုံးဝိုင်းပြီးကူညီကျတာနဲ့သမီးလေးကအခု ကျွန်တော့်ဆီရောက်လာပြီ ။ ရောက်လာတော့ သူထမင်းဝအောင်မစားရဘူး ။ အိမ်သာရေနဲ့ရေချိုးရတယ်ပြောတယ် ။ နောက်ထပ် မေးရင်းတွေတွေလေးဖြစ်သွားတယ်။ ဒီမနက်တော့ သူ့အမေက မှာလိုက်တယ်တဲ့ မေမေကငါးနှစ်လောက်ကြာရင်ကြာမှာ လိမ်လိမ်မာမာနေပါလို့ပြောတယ် " လို့ဖခင်ဖြစ်သူ ဦးစိုးဌေးက ဘီဘီစီကိုပြောပါတယ် ။လက်ရှိမှာတော့ မစုထက်ဝိုင်း မိခင်ဖြစ်သူကဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုလည်း မိသားစုဆွေမျိုးတွေကသိခွင့်မရဘူးလို့ဆိုပါတယ် ။စစ်အာဏာသိမ်းပြီးတဲ့နောက် မိုးကုတ်မြို့မှာ တက်ကြွ လှုပ်ရှားသူအဖြစ်ပါဝင်ခဲ့တဲ့ ဦးစိုးဌေးကိုစစ် ကောင်စီတပ်ဖွဲ့ဝင်တွေက ဝရမ်းထုတ်ဖမ်းဆီးရင်းလက်ရှိမှာတော့ မိသားစုဝင်တချို့ဖမ်းဆီးခံရတဲ့အပြင် ကျန်တဲ့မိသားစုဝင်အားလုံးပါ ရှောင်တိမ်းနေရတဲ့အခြေနေဖြစ်တယ်လို့ ဦးစိုးဌေးကပြောပါတယ်။

    ပြန်လည်လွတ်မြောက်လာတဲ့ မိုးကုတ်မြို့က လေးနှစ်သမီးငယ်လေး ဖခင်နဲ့ပြန်လည်တွေ့ခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း

  14. အကယ်ဒမီများရှင် ညွန့်ဝင်း ကွယ်လွန်

    ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်း ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကပြောပါတယ်။ ထင်ရှားတဲ့ ရွှေမန်းဇာတ်သဘင်တည်ထောင်သူ အင်္လကာကျော်စွာရွှေမန်းတင်မောင်ရဲ့ သားဖြစ်သူ အကယ်ဒမီညွန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ ၈၁ နှစ် ရှိပြီဖြစ်ပါတယ်။ဦးညွန့်ဝင်းဟာအသက် ၂၀ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ် တက်ရောက်ခဲ့သလို ၊ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် တို့မှာ ရေဒီယိုအီလက်ထရောနစ် ဘာသာရပ်ကို သင်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စု၊ အော်ရီကန်စတိတ်တက္ကသိုလ် မှာ ဇာတ်ခုံအလင်းအမှောင်ပညာနဲ့ ဆက်တင်ဆိုင်ရာပညာတွေကို ၁ နှစ်ခန့် သင်ယူခဲ့သူဖြစ်ပါတယ်။ အကယ်ဒမီညွန့်ဝင်းရဲ့ ပထမဆုံး စတင်သရုပ်ဆောင်တဲ့ ဇာတ်ကားဟာ မြဇော်ဖလင်က ထုတ်လုပ်တဲ့ သတို့သမီးအလိုရှိသည် ဇာတ်ကားဖြစ်ပါတယ်။ ညွန့်ဝင်းရဲ့ထင်ရှားတဲ့ဇာတ်ကားမှာ ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားဖြစ်ပြီး အဲဒီဇာတ်ကားနဲ့အကယ်ဒမီဆုကိုစတင်ရရှိခဲ့တာပါ။ အဲဒီနောက် ချစ်သူဝိုင်းဝိုင်းလည်၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊ သီတာခုနှစ်တန်၊ ဆန်ရေ ၊ သူ့ကျွန်မခံပြီ နဲ့ လျှို့ဝှက်သောနှင်း ဇာတ်ကားတွေဟာ ထင်ရှားသလို အဲဒီဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့တာပါ။ အကယ်ဒမီ ညွန့်ဝင်း ဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားတဲ့ ဂန္ထဝင်အနုပညာရှင်ဖြစ်ပါတယ်။

    အကယ်ဒမီများရှင် ညွန့်ဝင်း ကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

  15. စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ ပျက်ကွက်တာ ရှက်စရာကောင်းတယ်လို့ တီမောလက်စ်တေ သမ္မတဟောင်းပြော

    မြန်မာအရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲခွဲကြတုန်းက အရှေ့တီမောလို့ အသိများတဲ့ တီမောလက်စ်တေ နိုင်ငံက ကြားနေမဲ ပေးခဲ့တဲ့ လုပ်ရပ်အပေါ် တီမောလက်စ်တေ သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဟိုဇေး ရားမို့စ်-အိုရ်တာ José Ramos-Horta က ပြစ်တင် ပြောဆိုလိုက်ပါတယ်။

    မြန်မာပြည် စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်းနဲ့ မြန်မာပြည်ထဲ လက်နက်တွေ မဝင်ရောက်ရေး ထိန်းချုပ်ကြဖို့ ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်ဟာ မဲအများစု (၁၁၉ မဲ) နဲ့ အခု ဇွန်လထဲ အတည်ဖြစ်ခဲ့ပေမယ့်၊ ကြားနေ ၃၆ ၊ ကန့်ကွက်မဲ ၁ မဲ ရှိခဲ့ပါတယ်။

    တီမောလက်စ်တေရဲ့ ရပ်တည်မှုအတွက် တောင်းပန်ကြောင်း မစ္စတာ ရားမို့စ်-အိုရ်တာကပြောပြီး ကြားနေမဲ ပေးတာ အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ လည်း ဆိုပါတယ်။

    အင်ဒို-ပစိဖတ် ရေးရာတွေ အပေါ် အာရုံစိုက်တဲ့ ဝါရှင်တန် ဒီစီ အခြေစိုက် The Diplomat မဂ္ဂဇင်းရဲ့ ရေးသားချက်အရ ... “ကြားနေမဲပေးတယ် ဆိုတာ အကြမ်းဖက် စစ်အာဏာသိမ်းတာကို မကန့်ကွက်ဘဲ ကြားနေတာ၊ အရပ်သား ၈၀၀ ကျော်ကို သတ်ဖြတ်တာကို မကန့်ကွက်ပဲ ကြားနေတာပဲ” ဆိုပြီး ၁၉၉၆ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မစ္စတာ ရားမို့စ်-အိုရ်တာက ပြောတယ်လို့ ဆိုပါတယ်။

    တီမောလက်စ်တေဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အဖြစ် အသိအမှတ်ပြု ခံရဖို့ ကြိုးစား နေတာမှာ မအောင်မြင်သေးဘဲ ဖြစ်နေပါတယ်။

    တီမောလက်စ်တေ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာရေးကို ကျောထောက်နောက်ခံပြုပေး နေတဲ့ ကမ္ဘောဒီးယားဟာ လာမယ့်နှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပါလိမ့်မယ်။

    ဒီ အချိန်မှာ တီမောလက်စ်တေဟာ ကမ္ဘောဒီးယားနဲ့ ထပ်တူ မြန်မာအရေးမှာ ရပ်တည်ပြခဲ့တာပဲလို့ အကဲခတ်တွေက ဆိုပါတယ်။ ဒါ့အပြင် မြန်မာ အာဏာသိမ်း စစ်ကောင်စီထံက ထောက်ခံမဲကိုလည်း သူတို့ အာဆီယံ အဖွဲ့ဝင် ဖြစ်လာရေးမှာ တီမောလက်စ်တေက မျှော်လင့်နေပုံ ရတယ်လို့လည်း ထောက်ပြကြပါတယ်။

    ကုလ အထွေထွေညီလာခံမှာ မြန်မာအရေး ကြားနေခဲ့တဲ့ နိုင်ငံတွေထဲ အာဆီယံ နိုင်ငံတွေထဲကဆိုရင် ဘရူနိုင်း၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား ပါဝင်ပါတယ်။

    တီမောလက်စ်တေကို အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့ သဘောမတူ ဖြစ်နေတဲ့ စင်္ကာပူ အတွက်တော့ အခု မြန်မာပြည် စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့ တီမောလက်စ်တေ အပေါ် ပိုပြီး မလိုလားမှုတွေ ဖြစ်လာ နိုင်တယ်လို့လည်း နိုင်ငံတကာ ဆက်ဆံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

    တီမောလက်စ်တေဟာ အင်ဒိုနီးရှားကနေ ကုလသမဂ္ဂ အသိအမှတ်ပြု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ အဖြစ် ၁၉၉၉ မှာ ဖြစ်လာခဲ့ပြီး၊ ၂၀၀၂ မေလထဲ သီးသန့် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်လာပါတယ်။

    ဟိုဇေး ရားမို့စ်-အိုရ်တာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၁၉၉၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၊ တီမောလက်စ်တေ သမ္မတဟောင်း ဟိုဇေး ရားမို့စ်-အိုရ်တာ
  16. မန္တလေး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှု တရားလို သက်သေ စစ်ဆေးပြီး

    စစ်ကောင်စီက တရားစွဲဆို ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့အမှုတွေအတွက် တရားလိုသက်‌သေစစ်ဆေးပြီးစီးပြီ ဖြစ်ပါတယ်။

    အဲဒီနောက်ဇူလိုင်၅ရက်မှာ စွဲချက်လျှောက်လဲချက်ရုံးချိန်း ရှိတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေထံက သိရပါတယ်။

    ဇွန်လတစ်လလုံးမှာ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဝန်ကြီးဒေါက်တာစိုးသန်း၊ ဝန်ကြီးဦးဇာနည်အောင်၊ တိုင်းNLD အတွင်းရေးမှူးဦးတင်ကိုကိုတို့အမှုအတွက် တရားလိုနဲ့ တရားလိုသက်သေတွေကိုစစ်ဆေးပြီးခဲ့တာပါ။

    ဝန်ကြီးဦးမျိုးသစ်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့က တရားလိုပြသက်သေ ထပ်စစ်ဖို့ ရုံးချိန်း ကျန်ပါသေးတယ်။

    " နောက်ရုံးချိန်းမှာ ဆရာဇော်နဲ့ လိုပြစစ်ပြီးသူတွေကို စွဲချက်တင်မယ်၊မတင်ဘူး အမိန့်ချမယ်။ ဒေါက်တာရဲလွင်အတွက် တရားလိုကို မလာသေးလို့။ တရားလိုက လာအစစ်မခံသေးတာ။ ဘာကြောင့်ဆိုတာ မသိသေးပါဘူး" လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့အမှု‌တွေလိုက်ပါဆောင်ရွက်သူထဲက တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

    မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေကို အချုပ်လွတ် အမှုရင်ဆိုင်ခွင့်အာမခံလျှောက်ထားချက်ကို ခရိုင်တရားရုံးကပါ ပယ်ချခဲ့လို့ ဇွန်လကစတင်ပြီး အမှုတွေကို စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့၊၊ ကော်မတီဝင်နဲ့ တိုင်း NLD အတွင်းရေးမှူးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ နှစ်ခုလုံး ဒါမှမဟုတ်ပုဒ်မတခုစီနဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    လက်ရှိအချိန်အထိ အထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရသူတွေဟာကျန်းမာရေးကောင်းမွန်ပေမယ့် မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. ကိုဗစ် ကူးစက်သူ အသစ် ၁၅၈၀ ဦးတွေ့၊ ၁၄ ဦး သေဆုံး

    ကိုဗစ်ကူးစက်သူ အသစ် တစ်ရက်တည်း တစ်ထောင်ကျော်ထိ တွေ့ရှိခဲ့ရမှု နှစ်ရက်ဆက်တိုက်ရှိခဲ့ရာက ဒီကနေ့မှာလည်း ကိုဗစ်ကူးစက်သူ အသစ် ၁၅၈၀ ဦး တွေ့ရှိပြီး သေဆုံးသူ ၁၄ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၅၅,၂၇၇ ဦး ရှိပြီး သေဆုံးသူ ၃,၃၃၄ ဦး ရှိပြီ ဖြစ်ပါတယ်။

    မနေ့က ကူးစက်သူအသစ် ၁၃၁၂ ဦး ရှိခဲ့ပါတယ်။

    ဒါ့အပြင် ပြည်တွင်း ပြည်ဝင်လာမယ့် သူတွေနဲ့ ပတ်သက်တဲ့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းတဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဇူလိုင် ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်တယ်လို့ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာခဲ့ပါတယ်။

    ကိုဗစ် ကူးစက်သူ အသစ်၁၅၈၀ ဦးတွေ့၊ ၁၄ ဦး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, MPA

  18. အပစ်ရပ် တစ်လ ထပ်ရပ်တယ်လို့ စစ်တပ် ကြေညာ

    ငြိမ်းချမ်းရေးနဲ့ ကိုဗစ်တားဆီးကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တပ်မတော်က အပစ် တစ်လ ထပ်ရပ်တယ်လို့ ဒီကနေ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

    အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဇူလိုင် ၁ ရက် ကနေ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းထားမယ်လို့ ကြေညာတာဖြစ်ပါတယ်။

    စစ်ကောင်စီက အာဏာ သိမ်းပြီးနောက် အပစ်ရပ်ဆိုင်းကြောင်း တစ်လစီ ကြေညာနေတာ ဒီကနေ့ ဇွန်လ ၃၀ ရက်မှာ ရက်ပြည့်ခဲ့ပြီး အခုလို သက်တမ်းတိုးတာ ဖြစ်ပါတယ်။

    အပစ်ရပ်တယ်လို့ ကြေညာတဲ့ နေ့မှာပဲ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ခိုက်မှုတွေ ရှိနေပြီး ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ဖြစ်လို့ စစ်ကောင်စီ တပ်တွေက စစ်ဆေးတာ စတာတွေ ရှိနေပါတယ်။

  19. ရန်ကုန်က ကဗျာဆရာတွေအားလုံး ပြန်လွတ်

    ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ကဗျာဆရာ တွေအားလုံးပြန်လည်လွတ်မြောက်လာပြီလို့ ကဗျာဆရာအသိုင်းဝိုင်းကသိရပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၇ရက်နေ့က ရန်ကုန်မြို့ပန်းဆိုးတန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ကဗျာဆရာတွေအပါဝင်စာပေအသိုင်းဝိုင်းက ၁၄ ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။

    ဖမ်းဆီးထိန်းသိမ်းပြီးရက်ပိုင်းအတွင်းမှာ အမျိုးသမီး ၆ယောက်ကိုပြန်လည်လွှတ်ပေးခဲ့ပြီးကျန်ရှိနေတဲ့သူတွေကိုတော့ ဒီနေ့ဇွန်လ ၃ဝရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ကနေပြန်လည်လွှတ်ပေးလိုက်လို့ ရန်ကုန်မြို့မှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ကဗျာဆရာတွေအားလုံးပြန်လည်လွတ်မြောက်လာပြီပဲဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းစစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရန်ကုန်အပါဝင်နယ်မြို့ကကဗျာဆရာ ၁၅ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

    ရန်ကုန်မြို့ကကဗျာဆရာတွေ ဒီနေ့ဇွန်လ ၃ဝရက်နေ့မှာလွတ်မြောက်လာပေမယ့် မြိတ်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ကဗျာဆရာမောင်ယုပိုင်ကိုတော့ပြန်လွှတ်ပေးတာမရှိသလို မိသားစုကလည်းတွေ့ခွင့်မရဘူးလို့မိသားစုဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေလမှာလည်း မုံရွာမြို့နယ်က ကဗျာဆရာတွေဖြစ်တဲ့ ကဗျာဆရာကေဇဝင်းနဲ့ ခက်သီတို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးခဲ့ပါတယ်။

  20. မြန်မာနောင်းသတင်းထောက်မကေဇွန်နွေးလည်း ပြန်လွတ်, အင်းစိန်ထောင်တွင်းက သတင်းထောက်တွေအားလုံးပြန်လွတ်ပေမယ့် မြစ်ကြီးနားက သတင်းထောက်တွေ ပြန်လွတ်မလာသေး

    ရန်ကုန်၊ စမ်းချောင်းမှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြပွဲ သတင်းယူရင်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့မြန်မာနောင်းသတင်းဌာနက သတင်းထောက်မကေဇွန်နွေးကို ဒီနေ့ဇွန်လ ၃ဝရက်နေ့မှာ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ကပြန်လွှတ်ပေးလိုက်ပြီလို့မိသားစုဝင်တွေကပြောပါတယ် ။

    မကေဇွန်နွေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မြို့မြေနီကုန်းမှာပြုလုပ်တဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာသတင်းရယူရင်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က) နဲ့ထောင်တွင်းမှာလေးလတာတရားရင်ဆိုင်ခဲ့ရတာပါ။

    ထောင်တွင်းတရားရင်ဆိုင်နေရဆဲကာလမှာလည်း အင်းစိန်ထောင်အာဏာပိုင်တွေကမကေဇွန်နွေးကို တစ်လကျော်ကြာမှားယွင်းပြီးတိုက်ပိတ်ထားတယ်လို့ သက်ဆိုင်ရာ မြန်မာနောင်းသတင်းဌာနကလည်းဖော်ပြခဲ့ပါသေးတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမား ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သတင်းမီဒီယာတိုက် ၇ ခုနဲ့ ဒေသတွင်းမီဒီယာတချို့ဟာလည်းထုတ်ဝေခွင့်တွေရပ်ဆိုင်းခံခဲ့ရပါတယ်။

    ဒီနေ့ဇွန် ၃၀ ရက်မှာအင်းစိန်ထောင်တွင်းက သတင်းထောက်အားလုံး ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့လည်း အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ဥပဒေအကျိုးဆောင်တွေရှေ့နေတွေကပြောပါတယ်။အင်းစိန်ထောင်တွင်းမှာ 7Day သတင်းဌာနက ကိုအောင်ရဲကို၊ ဇီးကွက်မီဒီယာက ကိုပြည့်ဖြိုးဇော်၊ အလွတ်တန်းသတင်းထောက်ကိုဗညားဦးနဲ့ ကိုစိုးရာဇာထွန်းတို့လည်းပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ဥပဒေအကြံပေးကအတည်ပြုပါတယ်။

    ဒါပေမဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားက သတင်းထောက်ငါးဦးနဲ့ ဖားကန့်က အလွတ်တန်းသတင်းထောက်တစ်ဦး စုစုပေါင်း ၆ ဦးကတော့ ခုည ၇ နာရီကျော်တဲ့အထိ ပြန်မလွတ်သေးပါဘူး။ ဒါ့အပြင် နေပြည်တော်အချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ မဇ္ဈိမသတင်းထောက်ကိုသန်းထိုက်အောင်လည်းပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

    Journalist

    ဓာတ်ပုံ ရင်းမြစ်, Social Media