အင်းစိန် အောင်ဇေယျကြိုးတံတားအနီးရပ်ထားတဲ့စစ်ကားပေါ် ဗုံးပစ်ခံရ, စစ်ကောင်စီတပ်တွေက အနီးနား အိမ်ရာထဲဝင်ပြီး သပိတ်မှာပါဝင်တယ်လို့ ယူဆရခံတဲ့လူငယ်တချို့ကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ထဲက အောင်ဇေယျကြိုးတံတားခြေရင်းမှာ ရပ်ထားတဲ့စစ်ကားတစ်စင်းထဲကို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့လည်တုန်းက ဗုံးပစ်ထည့်မှု ဖြစ်ခဲ့ပေမဲ့ ပေါက်ကွဲမှုတော့မရှိခဲ့ဘူးလို့ အနီးနားရပ်ကွက်မှာနေထိုင်သူတွေ ဆီကနေ သိရပါတယ်။
လှိုင်မြစ်ပေါ်က အောင်ဇေယျကြိုးတံတားဟာ လှိုင်ယာသာမြို့နယ်နဲ့ အင်းစိန်မြို့နယ်ကို ဆက်ထားတဲ့တံတားဖြစ်ပြီး အင်းစိန်ဘက်ခြမ်းမှာဆို လှိုင်မြစ်လမ်းပေါ်မှာ ရှိပါတယ်။
ဗုံးပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ အနီးနားက ကမ်းနားရပ်ကွက်မှာရှိတဲ့ အောင်ဇေယျအိမ်ရာထဲကို စစ်ကားတွေနဲ့ဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ လည်းသိရပါတယ်။
အဲဒီရှာဖွေမှုမှာ လူငယ် ၂ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ရာထဲက ဈေးရှေ့မှာ ဖမ်းဆီးထားတဲ့လူငယ်တွေကို ရိုက်နှက်နေခဲ့တယ်ဆိုတဲ့အကြောင်းကို မျက်မြင်တချို့က လူမှုကွန်ယက်မှာ ပြောဆိုနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဗုံးပစ်ထည့်ခံရတဲ့နေရာမှာ အမှတ် ၁၁ မူလတန်းကျောင်းလည်း ရှိနေတာကြောင့် အဲဒီအနီးနား တံတားခြေရင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြဲလိုလို တွေ့ရတတ်တယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက တံတားအောက် ကမ်းနားဘက်ကို မကြာခဏ လှည့်လေ့ရှိပြီး အိမ်ရာမှာလည်း အကြိမ်ကြိမ် ဝင်ရှာခဲ့ဖူးတာကြောင့် စစ်ကားပေါ် ဗုံးပစ်ထည့်ခံရမှုဖြစ်ပြီးနောက်ပိုင်း ရပ်ကွက်ထဲနဲ့ အိမ်ရာထဲမှာ စစ်ကောင်စီတပ်တွေ ပိုခြေရှုပ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။


















