ကလေးမြို့မှာ အောက်ဆီဂျင် မရလို့ လူနာတချို့ သေဆုံး

အောက်ဆီဂျင် ဖြည့်ဖို့တန်းစီနေကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင် ဖြည့်ဖို့တန်းစီနေကြ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်ဆီဂျင် အချိန်မီ မရလို့သေဆုံးတဲ့ လူနာတွေရှိနေတယ်လို့ ကလေးမြို့က အောက်ဆီဂျင် လိုအပ်တဲ့ ကိုဗစ်လူနာတွေကို အကူအညီပေးနေသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ကလေးမြို့တာဟန်းရပ်ကွက် ဘူတာအနီးက လူနာတစ်ဦးဟာ အောက်ဆီဂျင် ဘူးသွားပို့တဲ့အချိန်မှာ အချိန်မီ မရလို့ သေဆုံးသွားခဲ့ပြီဖြစ်ပြီး အဲ့ဒီလူနာဟာ ကလေးမြို့မှာ ကိုဗစ်သံသယနဲ့ နေအိမ်မှာ ကုသမှုခံယူနေသူ တစ်ဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းတွေကတည်းက အောက်ဆီဂျင်မရလို့ သေဆုံးမှုတွေ ရှိနေခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကနေ့‌ တာဟန်းရပ်ကွက်က‌ သေဆုံးခဲ့သူဟာ အောက်ဆီဂျင် ၄၀ လီတာဘူး ၅ ဘူး မှာ ထားခဲ့တာ ဖြစ်ပြီး ဒီကနေ့ သွားပို့ချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

ကလေးမြို့တစ်မြို့လုံးမှာ အောက်ဆီဂျင်လိုအပ်မှုက တစ်ရက်ကို ၄၀ လီတာဝင် ဘူး ၃၀၀ လောက်လိုအပ်နေပြီး မန္တလေးမြို့ကနေ ကားနဲ့မှာယူနေရတယ်လို့လည်း သူတို့က ပြောပါတယ်။

အောက်ဆီဂျင် ၄၀ လီတာတစ်ဗူးကို ၂ သိန်းကျော်ကျ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင် ၄၀ လီတာတစ်ဗူးကို ၂ သိန်းကျော်ကျ

အောက်ဆီဂျင်ရဖို့ကို ကလေးမြို့မှာ တန်းစီဝယ်နေရပြီး အောက်ဆီဂျင်ဘူး များများမဝယ်ထားနိုင်တဲ့ ကိုဗစ်လူနာတွေဟာ သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"အောက်ဆီဂျင်ကို မန္တလေးကမှာပြီး ဝယ်ရတယ် ၊ အောက်ဆီဂျင်ဖိုး သိန်း ၃၀ လောက်ကုန်ပြီးမှ ဆုံးသွားတဲ့လူနာ ရှိတယ် "လို့ ကလေးမြို့ အိပ်စွပ်စင်တာက အကူအညီပေးနေသူနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အောက်ဆီဂျင် ၄၀ လီတာဝင် ဆလင်ဒါဘူးခွံ တစ်ဘူးကို တစ်သိန်းခွဲကျပြီး ဖြည့်ခက တစ်ဘူးကို ကလေးမြို့ အရောက် တန်ဆာခအပြီး ၂ သောင်းပေးရကြောင်း၊ ကလေးမြို့ကို မန္တလေးကနေ အောက်ဆီဂျင်ဘူး ရောက်လာဖို့ ၃ ရက်လောက် စောင့်ရကြောင်း ကလေးမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် တီးတိန်မြို့က ကိုဗစ်လူနာတွေဟာ အောက်ဆီဂျင်ပြတ်နိုင်တဲ့ အခြေအနေရှိနေပြီး အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေများပြားလာနေတဲ့ အတွက် ဒေသခံ လူမှုရေးအသင်းတွေက အလှူခံနေကြရပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

တီးတိန်မြို့က ကိုဗစ်လူနာတွေ သီးသန့်ထားတဲ့အဆောင်မှာ တက်ရောက်ကုသနေသူ လူနာ ၃၅ ဦးရှိပြီး တစ်ရက်ကို ၄၀ လီတာဝင် အောက်ဆီဂျင်ဘူး ၄၀ လောက် လိုအပ်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

အောက်ဆီဂျင်ပြတ်လုနီးပါး အခြေအနေရှိနေပြီး တွန်းဇံမြို့နယ်ထဲ က ကျီခါးကို သွားရောက်အလှူခံနေရတယ်လို့လည်း တီးတိန်က လူမှုကူညီရေး အသင်းက ပြောပါတယ်။

တီးတိန်က ကိုဗစ်လူနာတွေ အတွက် အောက်ဆီဂျင်ဘူးတွေကို မိုင် ၅၀ ကျော်ဝေးတဲ့ ကလေးမြို့ကို သွားရောက်ယူနေရပြီး ကလေးမြို့မှာလည်း ကိုဗစ်လူနာတွေများနေတဲ့ အတွက် လိုသလောက်မရတဲ့ အပြင် အောက်ဆီဂျင် မျှပြီး သုံးနေရတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့မှာ အောက်ဆီဂျင်ဖြည့်တဲ့စက် ရောက်ပြီဆိုပေမယ့် အခုအထိ မလည်ပတ်နိုင်သေးကြောင်းလည်း ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

တီးတိန်မှာ ကိုဗစ်လူနာ ၂၅၀ နဲ့ ၃၀၀ ကြားရှိပြီး တီးတိန်ဆေးရုံဟာ ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်နေတဲ့ အတွက် ရောဂါပြင်းထန်သူတွေကိုသာ ဆေးရုံမှာ ထားပြီးတော့ တချို့ကို တခြားနေရာ တစ်ခုထားပြီး ကုသမှုတွေ လုပ်ပေးနေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာလည်း တီးတိန်မှာ ကိုဗစ်ရောဂါနဲ့ အတည်ပြု သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တီးတိန်ဆေးရုံ ကိုဗစ် သီးသန့်ကုသဆောင်မှာ တက်ရောက်နေသူ ၂၉ ဦးရှိပြီး အောက်ဆီဂျင်ပေးနေရသူ ၇ ဦးခန့်ရှိတယ်လို့လည်း စေတနာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

၄၀ လီတာဝင် အောက်ဆီဂျင်တစ်ဘူးကို လူနာတစ်ဦး ၃ နာရီခန့်သာ သုံးနိုင်ပြီးတီးတိန် ဆေးရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြတ်လုနီးပါး ဖြစ်သွားပြီး အောက်စီဂျင် မပြတ်အောင်လုပ်နေကြရကြောင်းလည်း သူတို့က ပြောပါတယ်။

ရောဂါပြင်းတဲ့လူနာဆိုရင် တစ်ရက်ကို ၄၀ လီတာဝင်ဘူးကြီး ၈ ဘူးလောက်အထိကိုလိုတယ်လို့ လည်း ကလေးမြို့အိပ်စွပ် စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးမြို့အိပ်စွပ် စင်တာမှာ တက်ရောက်ကုသမှုခံနေသူ ၄၀၀ နီးပါးရှိတယ်လို့လည်း သူကပြောပါတယ်။

"ရောဂါဖြစ်လို့ အောက်ဆီဂျင်ဘူး ၃ ဘူးလောက်ဆောင်ထားနိုင်မှ၊ နိုမို့ဆိုရင် မလွယ်ဘူး"လို့ ကလေးမြို့အောင်မင်္ဂလာရပ်ကွက်နေသူတစ်ဦးက ရှင်းပြပါတယ်။

ဇွန်လ ၁ ရက်နေ့က နေ ဇွန်လ ၃၀ ရက်နေ့ အထိ ကလေးမြို့မှာ လူ ၅၀၀ နီးပါး ကိုဗစ်အတည်ပြုနဲ့ ကိုဗစ်သံသယကြောင့် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့လည်း ကလေးမြို့ တာဟန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ တစ်ရက်တည်းမှာကိုပဲ သေဆုံးသူ ၁၀ ဦးခန့်အထိ ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

တီးတိန်မှာ အောက်စီဂျင် ဆလင်ဒါဘူး ၁၀၀ ခန့်ရှိပြီး အောက်စီဂျင် ဖြည့်တဲ့စက်ကို တပ်ဆင်နိုင်ရေး ကြိုးပမ်းနေကြတယ်လို့ စေတနာဝန့်ထမ်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ တစ်ရက်ကို အောက်ဆီဂျင် ၃၄ ဘူး ထုတ်တဲ့ စက် တီးတိန်ကိုရောက်ရှိနေခဲ့တာ ဖြစ်ပြီး တပ်ဆင်လည်ပတ်နိုင်ရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

တီးတိန်မြို့အလားတူ ကလေးမြို့မှာလည်း ကိုဗစ်လူနာတွေ များလာနေတဲ့ အတွက် အောက်ဆီဂျင် လိုအပ်ချက်တွေရှိနေပြီး ဒေသလူမှုရေးအသင်းတွေက ကိုယ်ထူကိုယ်ထနဲ့ အလှူငွေကောက်ပြီး အောက်ဆီဂျင် မပြတ်အောင်လုပ်နေကြတယ်လို့လည်း ကလေးမြို့ခံတွေက ပြောပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

တီးတိန်မှာ အခုအချိန်အထိ အောက်ဆီဂျင်မရလို့ သေဆုံးသူ မရှိသေးဘူးလို့ စေတနာ့ဝန်ထမ်းတွေက ပြောပေမယ့် လူနာအရေအတွက်များလာရင် ရေရှည်မလွယ်ကြောင်းလည်း စေတနာဝန်ထမ်းတွေက ပြောပါတယ်။

ကလေးမြို့မှာကတော့ အောက်ဆီဂျင်ကို တန်းစီပြီးစောင့်ယူနေရပြီး အဲဒီလို့စောင့်နေစဥ်မှာပဲ အောက်ဆီဂျင်မရလို့ သေဆုံးသွားသူတွေရှိတယ်လို့လည်း ကလေးမြို့ခံတွေက ပြောပါတယ်။