
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကာကွယ်ဆေးဒုတိယတစ်ကြိမ်ထိုးဖို့ ဆေးစစ်ချိန် ပိုးတွေ့သူတွေလည်းရှိနေတဲ့ မိုင်ဂျာယန်မှာ အပြင်ထွက်သွားလာတာကိုလည်း ကန့်သတ်ထားပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့နယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၂ဝဝ ကျော်လောက်ရှိနေပြီလို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။
လက်ရှိပိုးတွေ့သူအများစုဟာ မိုင်ဂျာယန်ဒေသက ကျောင်းသားတချို့မှာဖြစ်ပြီး လက်ရှိအချိန်ထိစစ်ဆေးတွေ့ရှိမူအရ တွေ့ရတဲ့အရေအတွက်အရသိရတဲ့စာရင်းဖြစ်ပြီး နောက်ဆက်တွဲထပ်ပြီးစစ်ဆေးမူတွေလည်း လုပ်နေသေးတယ်လို့လည်းသိရပါတယ်။
"ပိုးတွေ့တဲ့သူတွေကို သီးသန့်ခွဲထားပါတယ်။ ပေါ့စတစ်လူနာတွေကလည်း ကျန်းမာရေးအားလုံးကောင်းကြပါတယ်။ ကျန်တဲ့ကြိုတင်ကာကွယ်တဲ့အစီစဉ်ပိုင်းကတော့မိုင်ဂျာယန်မြို့တွင်းမှာ အားလုံးစည်းကမ်းကြပ်မတ်ထားပါတယ်။ လူစုလူဝေးနဲ့မြို့အဝင်ထွက်တွေကိုလည်း ပိတ်ထားပါတယ်'' လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
ကေအိုင်အေထိန်းချုပ်နယ်မြေထဲ ကိုဗစ်ကာကွယ်ဆေးရရှိမှု၊ ထိုးပေးတဲ့အခြေအနေကိုလည်း သူက အခုလိုပြောပါတယ်။
''ကာကွယ်ဆေးထိုးဖို့လည်း အားလုံးထိုးနိုင်ဖို့ ဆေးနှစ်ခါထိုးနိုင်အောင်ကြိုးစားပေးနေပါတယ်။ ရတဲ့ဆေးနဲ့လည်းပြည်သူလူထုတွေ ကလေးတွေအားလုံးကိုထိုးပေးနေပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီးကွဲလွဲတယ်လို့လည်းမကြားရပါဘူး။ဆေးကုမ္ပဏီရဲ့ညွန်ကြားချက်ကိုမသိဘဲစိုးရိမ်ကြတာရှိတယ်။ မဟုတ်မမှန်သတင်းတွေဖြစ်တဲ့တားဆေးဖြစ်တယ် ကလေးမရနိုင်ဘူးဆိုတဲ့သတင်းတွေကြောင့် ပြည်သူလူထုက ဇဝေဇဝါဖြစ်သွားတာပါ။ အခုဆေးရဲ့ အကျိုးတွေကိုရှင်းပြတဲ့နောက်ပိုင်းမှတော့ ဒါမျိုးဖြစ်တာတွေ သိပ်မရှိတော့ပါဘူး"လို့ သူက ပြောပါတယ်။
မိုင်ဂျာယန်မြို့မှာဆိုရင် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီကိုလည်းဖွဲ့ထားပြီး တရုပ်နိုင်ငံဘက်ကအကူညီနဲ့ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ထဲက လူဦးရေ ၂ သောင်းကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်လို့ဒေသခံလူမူကူညီရေးအသင်းတွေက ပြောပါတယ်။
"အခုကိုဗစ်လူနာတွေ တွေ့တာက များသောအားဖြင့် ဒုတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးဖို့စစ်ရင်းတွေ့ကြတာ။ များသောအားဖြင့်ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာပိုးတွေ့ရတာများတယ်။ ကာကွယ်ဆေးနဲ့ပတ်သတ်လို့ကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်မထိုးကြတဲ့သူတွေလည်းရှိတယ်။ တရုပ်ပြည်ကကာကွယ်ဆေးဖြစ်လို့သဘောမကျတာတွေလည်းရှိတယ်။ ကိုယ့်ကျန်းမာရေး
အခြေနေနဲ့ကိုယ်မထိုးကြတာရှိတယ်။ တချို့ကလည်းထိုးမှဖြစ်မယ်ဆိုပြီးထိုးကြတယ်။တချို ကလည်းဒွိဟဖြစ်နေကြတယ်" လို့မိုင်ဂျာယန်မြို့မှာ နှစ် ၂ဝ လောက်နေထိုင်ပြီးလူထုအခြေပြုလုပ်ငန်းတွေဦးဆောင်နေသူတဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမိုင်ဂျာယန်မြို့တွင်းမှာ လည်း KIA ရဲ့ကိုဗစ်ကော်မတီက ရောဂါထိန်းချုပ်မှုတွေ၊ ကိုဗစ်စည်းကမ်းကန့်သတ်မှုတွေလုပ်ထာသလို ကျောင်းတွေနဲ့ဈေးဆိုင်တွေကိုလည်းပိတ်ထားပြီး အပြင်ထွက်ချိန်ကိုလည်း ကန့်သတ်ထားတယ်လို့ဆိုပါတယ်။
ဒါ့ပြင် စစ်ဘေးရှောင်(IDP)စခန်းတွေလည်းရှိတဲ့အတွက်လူဦးရေ ကျပ်တည်းတဲ့ ဒုက္ခသည်စခန်းတွေဆီကိုဗစ်ရောဂါကူးစက်မှာကိုလည်း စိုးရိမ်မှုတွေရှိနေပေမဲ့ လက်ရှိအချိန်စစ်ဆေးမူတွေအထိတော့ IDPစခန်းတွေမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။
"ကေအိုင်အိုဘက်ကလည်းထောက်ပံ့တာတွေလုပ်ပေးနေပါတယ်။ ဒါပေမယ့် အဓိကလိုအပ်တာတော့ ကျန်းမာရေးအာဟာရနဲ့ပတ်သတ်တဲ့ထောက်ပံ့မူတွေလိုတယ်။ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ၊ နှာခေါင်းစည်း ၊ PPE ဝတ်စုံ ၊ လက်သန့်ဆေးရည်စသည်ဖြင့်လိုတယ်။ ဒီမှာက ဒေသခံပြည်သူဆိုတာနည်းတယ် မိဘနဲ့ခွဲနေရတဲ့ကျောင်းသားများတော့ ကလေးတွေအတွက် အာဟာရတွေလိုတယ်။ နောက်ပြီး လော့ဒေါင်းချထားတော့ IDP စခန်းတွေမှာ အခြေခံစားသောက်ကုန်တွေလိုတယ်အရမ်းကြီးအခြေနေဆိုးတဲ့အထိ သက်ကြီးရွယ်အိုတွေအတွက် အောက်ဆီဂျင်လိုတဲ့အထိဖြစ်လာမှာကိုတော့စိုးရိမ်ပါတယ်။ ထပ်စစ်ရင် တရက်ဘယ်လောက်ထပ်တိုးလာမလားလည်းစိုးရိမ်တယ်။တရုပ်က ဆေးတောင်ကူညီပေးထားတာဆိုတော့ အရမ်းဆိုးတဲ့အခြေနေရောက်ရင်လည်းအကူညီရမယ်လို့မျှော်လင့်ပါတယ်" ဒေသခံလူမူကူညီကယ်ဆယ်ရေးဦးဆောင်လုပ်ပေးနေသူတွေကဆိုပါတယ် ။