ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ့အရေး အာဆီယံသံတမန်ရေး ကြိုးပမ်းမှုကို ရုရှား ထောက်ခံတယ်လို့ ပြော

    မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အာဆီယံရဲ့ သံတမန်ရေး ကြိုးပမ်းမှုကိုရုရှားကအလေးအနက် ထောက်ခံပြီး မြန်မာ စစ်ခေါင်းဆောင်ပိုင်းကိုလည်း အလားတူ သတင်းစကားပြောထားတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောပါတယ်။

    မြန်မာ့အရေး ဖြေရှင်းရေးမှာ အချက်ငါးချက်ပါ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို အခြေခံလုပ်ဆောင်သင့်တယ်လို့ ရှရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာရော့ဗ်က အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိစဥ် ပြောပါတယ်။

    အင်ဒိုနီးရှားကို ရောက်နေစဥ် မစ္စတာ လာရော့ဗ်ဟာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ စစ်ကောင်စီ ရုပ်သံ မီဒီယာတွေကနေ ကြေညာပါတယ်။

    မစ္စတာ လာရော့ဗ်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေဟာ အရေးပါပြီး မြန်မာစစ်တပ်နဲ ရုရှားကြား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ရှိနေချိန်မှာ ဒီလို ပြောဆိုတာပါ။

    ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက မြန်မာ့ စီးပွားရေးနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေလုပ်တာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ သူက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ဘက်အားလုံး ဆွေးနွေးမှုတွေ လုပ်ဖို့၊ မြန်မာကို စေလွှတ်မယ့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်ဖို့၊ လူသားချင်း စာနာမှု အထောက်အကူပေးရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကို အာဆီယံက ကြိုးပမ်းနေပေမဲ့ မြန်မာစစ်တပ်ဘက်က အားထုတ်မှု မရှိတာကို အာဆီယံထဲမှာ သူ့တို့ သဘောထားတွေ ထုတ်ပြောနေတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က အားမရ ဖြစ်နေပါတယ်။

    မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောခဲ့ပေမဲ့ ရုရှားဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို အသိအမှတ်ပြုတာနဲ့ မြန်မာဗိုလ်ချုပ်တွေနဲ့ တွေ့ဖို့ ထိပ်တန်းအရှိတွေ စေလွှတ်တဲ့ နိုင်ငံ အနည်းအကျဥ်းထဲက တစ်နိုင်ငံ ဖြစ်ပြီး မြန်မာစစ်တပ်ကို လက်နက်တွေ အဓိက ပံ့ပိုးနေတာနဲ့ လေ့ကျင့်ပေးနေတာတွေကို လုပ်ဆောင်နေပါတယ်။

  2. တရုတ်နဲ့ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေ ဆွေးနွေးပွဲ မြန်မာ့အရေး ထည့်သွင်း ဆွေးနွေး

    တရုတ်၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေ အွန်လိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ အကြောင်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့ မနေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အရေးကိစ္စတွေကို ဆွေးနွေးရာမှာ အီရန် နျူကလီးယားအရေး၊ အာဖဂန်နစ္စတန်အရေးတို့နဲ့အတူ မြန်မာအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘယ်လို ကိစ္စတွေ အသေးစိတ် ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ မဖော်ပြပါဘူး။

    အဲဒါမတိုင်ခင် တရုတ်နိုင်ငံမှာ ဇူလိုင် ၃ရက်ကပြုလုပ်တဲ့ (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားကို ထုတ်ပြောထားပါတယ်။

    မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ကြဖို့၊ အကြမ်းဖက်ကိစ္စတွေ ထပ်မဖြစ်အောင်ရှောင်ကြည်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တစ်ဖက်သတ် အရေးယူဒဏ်ခတ်တာတွေနဲ့ မသင့်လျော်တဲ့ ကြားဝင်မူတွေကို ရှောင်ကြဉ်ဖို့ဆိုပြီး ပြောခဲ့ပါတယ်။

    တရုတ်နိုင်ငံဟာ မြန်မာစစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေး ပြန်လည်ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှု မလုပ်သင့်ကြောင်း အစဥ်တစ်စိုက် ပြောဆိုနေပြီး အမေရိကန်နဲ့ ဥရောပ အနောက်နိုင်ငံကြီးတွေကတော့ စစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်လုပ်ဆောင်နေပါတယ်။

  3. နေပြည်တော်နဲ့ ပဲခူးက မြို့နယ် ငါးခု ကို Stay at home သတ်မှတ်

    ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ နေပြည်တော်က ဇမ္ဗူသီရိ၊ ပျဥ်းမနားနဲ့ ပဲခူးတိုင်းက တောင်ငူ၊ ပဲခူးနဲ့ ပြည်မြို့နယ်တို့ကို Stay at home မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး အဲဒီအမိန့် မနက်ဖြန် မနက်၄နာရီက စတင်အသက်ဝင်မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

    အခုလိုထပ်မံကြေညာမှုကြောင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ Stay at home မြို့နယ်နဲ့ ဒေသ ၃၁ ခုရှိလာပြီ ဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်မှု

    ကိုဗစ်ကူးစက်သူ အသစ် ဒီကနေ့ တွေ့ရှိမှု ၃၆၀၂ ဦး နဲ့ သေဆုံးသူ ၅၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

    ဒါဟာ ကိုဗစ် တတိယလှိုင်းမှာ ပထမဆုံး သုံးထောင်ကျော် အထိ ရှိလာတာ ဖြစ်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၇၁,၉၇၆ ဦး ရှိပြီး သေဆုံးသူ ၃,၅၃၁ ဦး ရှိပြီ ဖြစ်ပါတယ်။

    ကိုဗစ် တတိယလှိုင်းမှာ တစ်နေ့တည်းကူးစက်သူ အသစ် တစ်ထောင်ကျော် တွေ့ရှိမှု ဇွန်လ ၂၈ ရက်က စတင်ခဲ့ပြီး အဲဒီက စပြီး နေ့စဥ် ထောင်ဂဏန်း အထက် တွေ့ရှိနေတာ ဖြစ်ပါတယ်။

  4. ယူကေ ဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

    ယူကေနိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဝန်ကြီး နိုင်ဂျယ်အဒမ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း NUG ဝန်ကြီးတွေဟာ ပြင်သစ် လွှတ်တော်နိုင်ငံခြားရေး ကော်မတီနဲ့ အမေရိကန် အာရှ-ပစိဖိတ်ရေးရာ အကြီးတန်းအရာရှိ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    စစ်ကောင်စီ ပြန်ကြားရေးက ကုလသမဂ္ဂနဲ့ ကမ္ဘာနိုင်ငံတွေက စစ်ကောင်စီကို “မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ အဖြစ် အသိအမှတ် ပြုထားပြီး” ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပေမဲ့ အမေရိကန်နဲ့ ယူကေ စတဲ့ အင်အားကြီးနိုင်ငံတွေက အစိုးရ အဆင့်မြင့် အရာရှိတွေ အပါအဝင် နိုင်ငံတကာ လွှတ်တော် တချို့က NUG နဲ့သာထိတွေ့ ဆက်ဆံနေတာကို အဲဒီ နိုင်ငံတွေရဲ့ တရားဝင် သတင်းထုတ်ပြန်မှုတွေ အရလည်း သိရပါတယ်။

  5. မော်လမြိုင်မှာ တစ်ရက်တည်း ကိုဗစ်လူနာ ၁၁ ဦး သေဆုံး

    မော်လမြိုင်မှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရပြီး ဇူလိုင်လ ၆ ရက်နေ့က တစ်ရက်တည်း သေဆုံးသူ ၁၁ ဦးရှိကြောင်း သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးခဲ့တဲ့ ရာမည လူမှုကယ်ဆယ်ရေး အသင်းက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးသူတွေကို မော်လမြိုင်ဆေးရုံကနေ သယ်ယူပြီး သုသာန်ကို ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကိုဗစ်တတိယလှိုင်းကာလ မော်လမြိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေရှိခဲ့ပေမယ့် ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ဟာ သေဆုံးသူ အများဆုံးဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

    သေဆုံးသူ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး အသက် ၃၅ နှစ် အရွယ်တစ်ဦးပါသလို အသက် ၇၈ နှစ် အရွယ်ထိ အသက်အရွယ်ကြီးရင့်သူတို့ ပါဝင်တယ်လို့လည်းသူကပြောပါတယ်။

    ဒီကနေ့ မော်လမြိုင်ဆေးရုံမှာ သေဆုံးခဲ့သူ ၁၁ ဦးထဲ မှာ မုပွန်က တစ်ဦး၊ ချောင်းဆုံက တစ်ဦး၊ ကျိုက်ထိုက တစ်ဦးနဲ့ သထုံက တစ်ဦးတို့လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တင်ပြတဲ့ တရားလိုကိုဆက်လက်မစစ်ဆေးဖို့ လျှောက်လဲချက်ကို တရားရုံးပယ်ချ, ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးဖြစ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှု အတွက် ရှေ့နေတွေရဲ့ကန့်ကွက်မှုတွေကို တရားရုံးက ဒီကနေ့ ဇူလိုင် ၆ ရက် ရုံးချိန်းမှာ ဆက်တိုက်ပယ်ချခဲ့ပါတယ်၊၊

    ပုဒ်မ ၅၀၅ (ခ) အမှုအတွက်ကြားဖြတ်အမိန့်ကို အထက်တရားရုံးကို ပြင်ဆင်မှုတက်ထားလို့ တရားလိုကိုဆက်မစစ်ဘဲ ရုံးချိန်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က လျှောက်ထားတာကို သီးသန့်တရားရုံးက ခွင့်မပြုခဲ့ပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ကြားဖြတ်အမိန့်ကို ဒက္ခိဏခရိုင်တရားရုံးကို မနေ့က ပြင်ဆင်မှုတက်တာလည်း အကျဥ်းနည်းနဲ့ ပယ်ချခံရပါတယ်။ ဒါကြောင့် ရှေ့နေအဖွဲ့က တစ်ဆင့်မြင့်တဲ့မန္တလေးတိုင်းတရားလွှတ်တော်ကို ပြင်ဆင်မှုထပ်တက်မှာပါ။

    ‘ခရိုင်တရားရုံးက ကျယ်ကျယ်ပြန့်ပြန့်မစစ်ဘဲ အကျဉ်းနည်းနဲ့ ပယ်ချလိုက်လို့ စွပ်စွဲခံရသူတွေဘက်က နစ်နာတယ်။ အထက်တရားရုံးက စွပ်စွဲခံရသူတင်တဲ့ပြင်ဆင်မှုကို လက်ခံရင် အခုစစ်တာက အဟောသိကံ ဖြစ်သွားမှာလေ’ လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ရုံးတော်က တရားလိုကို ဆက်စစ်တဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့ ဇွန်လကမှ နေပြည်တော်ကောင်စီကိုပေးပို့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စာရင်းကို တရားလိုဘက်က သက်သေအဖြစ်ထပ်တင်ပါတယ်။

    ဒါဟာ ရုံးတော်ကို ဦးတိုက်လျှောက်ထားစဥ်က တင်သွင်းတဲ့ သက်သေခံစာရင်းထဲ မပါလို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ထပ်ကန့်ကွက်ပြန်ပါတယ်။ ဒီကန့်ကွက်မှုကိုလည်း ရုံးတော်က ထပ်ပယ်ချပြီး သက်သေခံအဖြစ် တင်သွင်းခွင့်ပြုခဲ့ပါတယ်။

    ဒီကနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးတဲ့အကြောင်းကို သိခဲ့ရတဲ့အကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

  7. ရန်ကုန်က ကိုဗစ် သံသယလူနာ အချို့ဆေးကုဖို့ အခက်တွေ့

    ရန်ကုန်မြို့က ကိုဗစ် သံသယလူနာအချို့ကိုအစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေက လက်ခံကုသဖို့ ငြင်းတာခံရပြီး ဆေးရုံတက်ရောက်ပြီးဆေးကုဖို့ အခက်တွေ့နေရကြောင်း ဇူလိုင်လ ၂ ရက်နေ့က ကိုဗစ်သံသယ လူနာကို ဆေးရုံ ကိုယ်တိုင်လိုက်ပို့ပေးခဲ့တဲ့ ဒီဃာယုက လူမှုကူညီရေးအသင်းက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်မြို့ ၉၁လမ်းက ဖျားနာ အောက်ဆီဂျင် ၉၂ ရှိ လူနာကို ရန်ကုန်ဆေးရုံကြီး ကနေ ဂျပန်ဆေးရုံ အဲ့ဒီကနေ ကုတင်၅၀၀ နောက် ဗဟိုစည်ဆေးရုံ အဲ့ဒီကတစ်ဆင့် ရွှေလမင်းဆေးရုံ နောက် ပန်းလှိုင်ဆေးရုံ လှိုင်သာယာဆေးရုံ ပြီးတော့နောက်ဆုံး အင်းစိန်ဆေးရုံထိ ပေးခဲ့ရပြီး ဆေးရုံတွေမှာ ကုသခွင့်မရဘဲ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရပြီး လူနာကိုနေအိမ်သို့ပြန်လည်ခေါ်ဆောင်ခဲ့ရတယ်လို့လည်းသူ ကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့မြောက်ဥက္ကလာပ သန္တာလမ်းက ကိုဗစ်လူနာတစ်ဦးလည်း ဆေးရုံတက်ဖို့ အဆင်မပြေဖြစ်ခဲ့ပြီးတော့ နေအိမ်မှာ စောင့်ဆိုင်းနေခဲ့ရတယ်လို့လည်း လူနာရှင်တွေကပြောပါတယ်။

    ဂျပန်ဆေးရုံလို့ လူသိများတဲ့ ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီးဆိုရင် ကိုဗစ်လူနာဆိုပါက ဆေးရုံဝန်းထဲကို အဝင်မခံဘဲ ဂိတ်ကနေ ကားကို လှည့်ပြန်ခိုင်းတယ်လို့လည်း ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

    ဇူလိုင်လ ၂ ရက်နေ့ တစ်နေ့ကုန်နီးပါးဆေးရုံ တွေဆီသွားခဲ့ပေမဲ့ လူနာလက်မခံတဲ့အတွေ့အကြုံကိုသင်ခန်းစာယူပြီး ဆေးရုံတက်ချင်တဲ့လူနာတွေအနေနဲ့ ကိုယ်တိုင်ကုတင်လွတ်မယ့်ဆေးရုံကိုစုံစမ်းကာ ချိတ်ဆက်ပြီးတော့မှ လူမှုကူညီရေးအသင်းကားနဲ့ လိုက်ပို့တဲ့ စနစ်စပြီးကျင့်သုံးလာတဲ့အကြောင်း ဒီဃာယုက လှုမှုကူညီရေးအသင်းအတွင်းရေးမှူးက ပြောပါတယ်။

    ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယား စင်တာအား ဇူလိုင်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၂၄)ဦးကို စတင်ကုသပေးနေပြီဖြစ်ကြောင်းနဲ့(မရမ်းကုန်း) အင်းယား စင်တာအနေနဲ့ လူနာစုစုပေါင်း (၅၀၀)ခန့်အား လက်ခံကုသပေးနိုင်မှာဖြစ်ပြီး လူနာတွေအတွက်လုံလောက်တဲ့ အောက်ဆီဂျင်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းန မကြာမီရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ)ကိုလည်း မြန်ဆုံးဖွင့်လှစ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။

  8. ရန်ကုန်က မြို့နယ် အချို့မှာ မီတာဆောင်ဖို့ လိုက်လံဆော်သြနေ

    ရန်ကုန်မြို့တွင်းက မြို့နယ်တချို့မှာ လစဉ်မီတာဆောင်ဖို့ လိုက်လံကြေညာပြောဆိုတာတွေရှိနေပြီးမီတာမဆောင်တဲ့ အိမ်တချို့ကို မီးကြိုးတွေလိုက်ဖြုတ်တာတွေရှိနေတယ်လို့ ကမာရွတ်၊ပုစွန်တောင်၊ ဗိုလ်တစ်ထောင် နဲ့မင်္ဂလာတောင်ညွန့်မှာနေထိုင်သူတွေကပြောပါတယ်။"လမ်းထိပ်မှာ စစ်ကားတစီးစောင့်နေပြီး လျှပ်စစ်ကမန်နေဂျာနဲ့ဝန်ထမ်းတချို့လည်းပါတယ် ။ဒီနေ့ ၁ဝနာရီကနေ ၂နာရီထိ ရပ်ကွက်ရုံးမှာ မီတာကြွေးကျန်လာဆောင်ဖို့အော်တယ် ။လာအော်ပြီးတာနဲ့ ရပ်ကွက်ရုံးမှာ တချို့ကသွားဆောင်ကြတယ် ။ ရုံးမသွားချင်တဲ့သူတွေကိုကျတော့မီတာရုံးကအမျိုးသမီးတွေက တခါတည်းချလန်ဖြတ်ပေး တခါတည်းဆောင် လုပ်ပေးတယ် "လို့ဒီနေ့ဇူလိုင် ၆ ရက်နေ့မှာရပ်ကွက်အတွင်းဖြစ်သွားတဲ့ဖြစ်စဉ်ကို ပုစွန်တောင်မြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။ဒါ့ပြင် ကမာရွတ်မြို့နယ်အတွင်းမှာလည်း ကြွေးကျန်မီတာခတွေဆောင်ဖို့နဲ့မီတာမဆောင်ရင် မီးဖြတ်တောက်မယ်ဆိုတာတွေကို လော်စပီကာနဲ့လှည့်အော်နေတယ်လို့ကမာရွတ်မြို့နယ်အတွင်းနေထိုင်သူတွေက ပြောပါတယ် ။"အခုဖြုတ်နေတာတွေမြင်ရတာတော့ မီတာဘောက်စ်က ကြိုးကိုပဲဖြုတ်တာ ။ဓါတ်တိုင်ကဖြုတ်တာမဟုတ်ဘူး။နည်းလမ်းတခုခုတော့ရှာပြီးသုံးရမှာပဲ ။ မီတာတော့လုံးဝ မဆောင်နိုင်ဘူးလို့" အိမ်ရှင်မတဦးက ဘီဘီစီကိုပြောပါတယ် ။အလားတူတာမွေမြို့နယ်ထဲမှာလည်း နေအိမ်တိုက်ခန်းတွေ အောက်က မီတာဘောက်စ်တွေထားတဲ့နေရာတွေထဲဝင်ရောက်ပြီး မီးဖြတ်တောက်တာတွေလုပ်နေပြီး မီးဖြတ်တောက်ခံရ သူတွေလည်းရှိနေပါတယ် ။ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီတာဘေလ်ပေးဆောင်တာနဲ့ ပတ်သက်ပြီး ပေးဆောင်တာမလုပ်ဘူးဆိုတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေပါဝင်ခဲ့တာပါ ။ လက်ရှိမှာတော့ လျှပ်စစ်မီတာဘေလ်ကောက်ခံတဲ့ စာရွက်တွေကို ဖေဖော်ဝါရီလ အတွက်ကစပြီး စုပေါင်းကောက်ခံနေတာဖြစ်ပါတယ် ။NLD အစိုးရလက်ထက်မှာတော့ ကိုဗစ်ဒုတိယလိူင်းကာလအတွင်းပြည်သူတွေ စားဝတ်နေရေးကြပ်တည်းတာကြောင့် လစဉ်မီတာခ ၁၁၅ဝဝအထိကင်းလွတ်ခွင့်ပေးခဲ့ပါတယ် ။ လက်ရှိလျှပ်စစ်ဓါတ်အားပေးဆောင်တဲ့ တောင်းခံလွှာမှာတော့ဖေဖော်ဝါရီလနဲ့မတ်လကလွဲရင် ကျန်လတွေမှာ ကင်းလွတ်ခွင့် ကျပ် ၁၁၅ဝဝ မပါတော့တာကိုတွေ့ရပါတယ် ။

  9. မီတာဆောင်ဖို့ စစ်ကောင်စီက ဒဂုံမြောက်ပိုင်းမှာ လိုက်လံ အသိပေး

    ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းကရပ်ကွက်အချို့မှာ စစ်ကောင်စီကလုံခြုံရေး အပြည့်ကား တန်းနဲ့မီတာဆောင်ဖို့လိုက်အသိပေးနေတယ်လို့ မြောက်ဒဂုံနေထိုင်သူတွေကပြောပါတယ်။

    စစ်ကောင်စီကလုံခြုံရေး အပြည့်ကားတန်းမှာ ထိပ်ဆုံးက ရဲကားတစ်စီး၊ ပြီးရင် မီတာဆောင်ဖို့ လိုက်အော်နေတဲ့ အသံချဲ့စက်တင် ထားတဲ့ကား၊အဲ့ဒီကားနောက်က ရဲကားကြီး တစ်စီးလိုက်ပါလာပြီး ဘေးမှာလည်း ရဲတွေကဆိုင်ကယ်တွေနဲ့ လုံခြုံရေးယူလိုက်ပါလာတာတွေ့ရတယ်လို့ သူတို့ကပြောပါတယ်။

    မီတာဆောင်ဖို့ လိုက်လံ အသိပေးနေတဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းကရပ်ကွက်တွေက ၃၇၊ ၃၈ ၊ ၃၉ ၊ ၄၀ ရပ်ကွက်တွေလို့ သိရပြီးသူတို့ ၃၀၊ ၃၁ ၊၃၂ ရပ်ကွက်မှာတော့ လိုက်အသိပေးတာ မကြားသေးဘူးလို့ ၃၀ရပ်ကွက်နေပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မီတာခမ ဆောင်ရင်ဇူလိုင်လ ၆ရက် ၇ရက်မှာ မီးဖြတ်မယ်လို့ မြို့နယ်လျှပ်စစ်ရုံးက ဝန်ထမ်းတွေကပြောကြောင်းမြောက်ဒဂုံ မှာနေသူတွေက ပြောပါတယ်။

  10. ဗန်းမော် စစ်ဘေးရှောင်စခန်းတွေထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေရှိလာ

    ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ထဲကစစ်ဘေးရှောင်စခန်းတွေထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေရှိလာပြီးလော့ဒေါင်းချ ၊အဝင်ထွက်တွေပိတ်ဆို့လိုက်တာကြောင့် စစ်ရှောင်တွေရဲ့ စားဝတ်နေရေးတွေပိုပြီးခက်ခဲမှုရှိလာတယ်လို့စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗန်းမော်မြို့နယ်ထဲမှာ တစ်ပတ်အတွင်းကိုဗစ် လူနာ၅၀ လောက်ဖြစ်တဲ့အထိဖြစ်ပွားမှုမြင့်တက်ခဲ့ပြီး အဲ့ဒီထဲမှာ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူ တချို့ပါ ပါဝင်လာတာပါ။ " ရောဘတ်စစ်ရှောင်စန်းမှာတစ်ယောက်စတွေ တယ် ။ သူက အပြင်က ရေဆေးဆီဆိုင်မှာ အလုပ်လုပ်ရင်းဖျားတော့ ဌက်ဖျားဆိုပြီးဆေးရုံတက်စစ်လိုက်ရာမှာ ကိုဗစ်ရောဂါတွေ့တာ ။ သူနဲ့ဆက်စပ်သူတွေကိုတော့ လော့ဒေါင်းချပြီး စစ်ဘေးရှောင်စခန်းကိုလည်း အဝင်ထွက်ပိတ်လိုက်ပြီ ။ အရင်ကစစ်ရှောင်စခန်းကလူတွေ့အပြင်မှာနေ့စားလုပ်တယ်လေ ။ ပန်းရံ ၊လက်ကသမား ၊ ကျောက်သယ်တာတွေလုပ်ကြတာအခုတော့ အပြင်လည်းထွက်မရတော့ မြို့ထဲမှာ လည်း ကိုဗစ်ဖြစ်တော့ သူတို့ပိုပြီး ကျပ်တည်းလာကြပြီ။ကူညီထောက်ပံ့တယ်ဆိုတာလည်း မိသားစုတွေလုံလောက်တဲ့အထိပြေလည်မူမရှိနိုင်ပါဘူး " လို့စစ်ဘေးရှောင်စန်းက တာဝန်ရှိ သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ် ။ လက်ရှိမှာ စစ်ဘေးရှောင်စခန်းတွေထဲမှာတင်ပိုးတွေ့လူနာ ၃ယောက်လောက်ရှိနေပြီဖြစ်ပြီး စစ်ရှောင်စခန်းတွေရဲ့ ကျပ်တည်းတဲ့နေထိုင်မူတွေကြောင့် ရောဂါထပ်ပြန့်လာမှာကို လည်းဒေသခံတွေကစိုးရိမ်မူတွေရှိနေကြတယ်လို့ဆိုပါတယ် ။ ဗန်းမော်မြို့ထဲမှာ စစ်ဘေးရှောင်စခန်း ၃ခုလောက်ရှိနေပြီး မြို့ပေါ်ကဘုန်းတော်ကြီးကျောင်းတွေမှာလည်းမှီခိုနေထိုင်သူတွေလည်းရှိနေပါတယ် ။ လက်ရှိမှာတော့ အိမ်ထောင်စု ၁ဝဝဝ ကျော်လောက်နဲ့စစ်ရှောင်လူဦးရေ ၆ဝဝဝ ဝန်းကျင်ရှိတယ်လို့စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့ကူညီပေးနေသူတွေက ပြောပါတယ် ။ဗန်းမော်မြို့ထဲမှာ ကိုဗစ်လူနာအရေအတွက် တပတ်အတွင်း ၅ဝလောက်ဖြစ်တာကြောင့်လက်ရှိမှာ ဗန်းမော်မြို့ထဲကဈေးကြီးတွေကိုလည်း ပိတ်ထားလိုက်ပြီလို့ကိုဗစ်ရောဂါကူညီစောင့်ရှောက်ရေးအဖွဲ့တွေကပြောပါတယ် ။

  11. ကောလင်းမြို့မှာ အုပ်ချုပ်ရေးမှူးတွေတပြိုင်တည်း နူတ်ထွက်မှုဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်တွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေတပြိုင်တည်းနူတ်ထွက်တာတွေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ် ။ ဇူလိုင် ၄ရက် မှာ အုပ်ချုပ်ရေးမှူး ၈ ဦးက နူတ်ထွက်ကြောင်း တပြိုင်တည်းစာတင်ခဲ့ကြသလို လူမှုကွန်ယက်ပေါ်မှာလည်း နူတ်ထွက်ကြောင်းစာတွေဖြန့်ဝေခဲ့ကြတယ်လို့နူတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးအချို့က ပြောပါတယ်။ အခုလိုနူတ်ထွက်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေထဲမှာ တချို့ကတော့ အရင်အုပ်ချုပ်ရေးမှူး အဟောင်းတွေဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတချို့ပါဝင်တယ်လို့လည်းသိရပါတယ်။ " ကျွန်တော်ကတော့အရင်ကတည်းကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးဖြစ်လို့ ခြိမ်းခြောက် ခံရတာ ဖိအားပေးတာမျိုးမရှိပါဘူး ။တခြားမြို့နယ်တွေမှာဖြစ်ပျက်နေတဲ့အနေထားကိုကြည့်ပြီး ကျွန်တော်တို့ကလည်းလက်ရှိမှာ အုပ်ချုပ်ရေးမှူးဆိုတဲ့နာမည်ရှိနေတဲ့အတွက် ကိုယ့်ဟာကိုယ်ဂရုစိုက်နေရပါတယ်။နေ့တိုင်းလည်းစိုးရိမ်ရတာတွေရှိတယ်၊ ဒါကြောင့်တညီတညွတ်တည်း တိုင်ပင်ပြီးနူတ်ထွက်တာပါ ။ တစ်ယောက်နဲ့တစ်ယောက်သဘောထားမတူတာတွေလည်း ရှိတယ်။ တချို့ကလည်း ဖိအားပေးမှာ ၅ဝ၅ -က နဲ့တရားစွဲမှာကြောက်တယ် ။ အခုလည်း နူတ်ထွက်လိုက်လို့ဖိအားပေးလာမလားစိုးရိမ်ပါတယ် "လို့ နူတ်ထွက်လိုက်တဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးကဘီဘီစီကိုပြောပါတယ် ။ လက်ရှိမှာတော့ ကောလင်းမြို့နယ်ထဲက ရပ်ကွက်အုပ်စုလိုက် နူတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးရေ ၂၀ ထက် မနည်း ရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတွေသေဆုံးမှုဟာ ၃၆ ဦးထက်မနည်း ရှိနေပြီး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေဗုံးခွဲခံရမူတွေလည်းဆက်တိုက်ဆိုသလိုရှိနေပါတယ် ။

  12. နှာခေါင်းစည်း နဲ့ လက်သန့်ဆေးတွေ ဈေးတင်ရောင်းရင် အရေးယူမယ်

    ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို ဈေးတင်ရောင်းရင်၊ ဈေးကစားဖို့ ‌လှောင်ထားရင် အရေးယူမယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၆ ရက်မှာ ကြေညာပါတယ်။

    ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်ပြီး အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။

    ဒီဥပဒေအရ ထောင်ဒဏ် ခြောက်လ ကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။

    လက်ရှိအချိန်မှာ မြန်မာမှာ ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေပြီး ဇူလှိုင် ၅ ရက်မှာ တစ်ရက်အတွင်း လူနာ သုံးထောင် နီးပါး တွေ့ပြီး သေဆုံးသူ ၄၂ ဦးအထိရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ် လူနာ ခုနစ်ထောင်ကျော်တွေ့ပြီး စုစုပေါင်း ၉၇ ဦးအထိ သေဆုံးခဲ့တာပါ။ အဲ့ဒီအခြေအနေမှာ ကျပ် တစ်ထောင်ကျော် ဈေးနှုန်းရှိတဲ့ နှာခေါင်းစည်း အခု ၅၀ ပါ တစ်ဘူးဟာ ကျပ် သုံးထောင်နီးပါးအထိ ဈေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။

  13. ကြယ်ဂေါင်မြို့ကို လော့ဒေါင်းချ

    မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့အဓိကမြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ၊ ကြယ်ဂေါင်မြို့ကို တရုတ်အစိုးရက ဇူလိုင်လ ၃ ရက်ကစလို့ ၂ ပတ်ကြာ လော့ဒေါင်းချထားလိုက်တယ်လို့ ကြယ်ဂေါင် ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

    "မြန်မာနိုင်ငံထဲကနေ ပြန်ဝင်လာတဲ့ တရုတ်နိုင်ငံသား ၃ ယောက်လောက်မှာ ကိုဗစ်ပိုးတွေ့လို လော့ဒေါင်း ချလိုက်တာ။ ကြယ်ဂေါင်ကနေ ရွှေလီလည်း သွားလို့မရတော့ဘူး။ ရွှေလီကနေ ကြယ်ဂေါငါလည်း လာလို့မရတော့ဘူး" လို့ ကြယ်ဂေါင်အခြေစိုက်ကုန်သည်တစ်ဦးကပြောပါတယ်။

    ကြယ်ဂေါင်မြို့ဟာ မြန်မာနိုင်ငံမူဆယ်မြို နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်မြို့ဖြစ်သလို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲ တင်ပို့မဲ့ကုန်ပစ္စည်းတွေဟာ တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ကိုဖြတ်သန်းပြီး ပို့ဆောင်ရတာဖြစ်ပါတယ်။

    ခုတော့ ကြယ်ဂေါင်မြို့ကို လော့ဒေါင်းချလိုက်တဲ့အတွက် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရဲ့ကုန်သွယ်မှုလုပ်ငန်းတွေဟာ ရပ်တန့်လုနီးပါးဖြစ်နေပြီး မြန်မာနိုင်ငံကထွတ်ကုန်တွေလည်း တရုတ်နိုင်ငံထဲပို့မရဖြစ်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။

    မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲ အလုပ်သွားရောက်လုပ်ကိုင်တဲ့သူအချို့မှာ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတွက် ဧပြီလကုန်းပိုင်းလောက်စလို့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲလူဝင်လူထွက်ဂိတ်တွေကို တရုတ်အစိုးရက ပိတ်ထားခဲ့ပြီး ဝမ်တိန်ဂိတ်တစ်ခုကိုသာ ဖွင့်ပေးထားတာပါ။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်နိုင်တင်း ကပ်ရောဂါဂယက်တွေကြောင့် နယ်စပ်ကုန်သွယ်ရေးရဲ့ကုန်သွယ်မှုပမာဏာဟာလည်း ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်ရင် ထက်ဝက်လောက်ကျဆင်းသွားတယ်လို့ကုန်သည်တွေကပြောဆိုနေကြပါတယ်။

  14. စစ်ကိုင်းတိုင်း၊ ရွာသန်းကျေးရွာမှာ သတင်းပေးဆိုသူတစ်ဦး ဓါးနဲ့ခုတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ၊ ရွာသန်းကျေးရွာမှာနေထိုင်တဲ့ သတင်းပေးသူတစ်ဦး ဒီနေ့ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းမှာ ဓါးခုတ်ဒဏ်ရာနဲ့သေဆုံးမူဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေက ပြောပါ တယ် ။သေဆုံးသူမှာ စစ်ကောင်စီကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့ တပည့်တစ်ဦးဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဦးအုန်းမြိုင်ဆိုသူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် ။"သူက သူ့လက်ထဲမှာ သေနတ်ရှိတယ်လို့ရွာထဲမှာ ကြွားပြောနေတာကြာပြီ ။သူသတင်းပေးလို့ရွာထဲကိုလာလာမွှေတာ ၈ခါလောက်ရှိပြီ ။ ရွာထဲကလူငယ်လူကြီးတွေထွက်ပြေးရတာလည်း ၁ဝခါလောက်ရှိနေပြီ ။ ဒါကြောင့်လုပ်တယ်ထင်တာပဲ မနက် ၈နာရီ ၄ဝလောက်ကဖြစ်သွားတာ ရွာအနောက်ဘက်ကလယ်တောထဲမှာ လူတစုဓါးနဲ့လာခုတ်သွားတယ်လို့မြင်တဲ့သူတွေကလည်းပြောတယ် " ရွာသန်းကျေးရွာမှာနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ခင်ဦးမြို့နယ် အနီးတဝိုက်ကရွာတွေမှာလည်း သတင်းပေးသူတွေ အခုလိုသေဆုံးတဲ့ဖြစ်ရပ်တွေငါးကြိမ်ထက်မနည်းရှိနေပြီလို့ဒေသခံတွေက ပြောပါတယ် ။

  15. ကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

    မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၂၀တိုကျိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီလို ကမ္ဘာ့ကြက်တောင်အားကစားအဖွဲ့ချုပ် Badminton World Federation (BWF) ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ BWF ရဲ့ကြေညာချက်အရ သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူအပါအဝင် အခြားနိုင်ငံအလိုက်ပြိုင်ဖက် ၄၃ ဦးရွေးချယ်ထားတာပါ။ ''သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ်ဝင်ခွင့်ရခဲ့ပါပြီ။ အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်‌အောင်လို့ပါ။ သက်ထားက မြန်မာပြည်သူပြည်သားအားလုံးအတွက် အကောင်းဆုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ'' လို့သက်ထားသူဇာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ Badminton World Federation (BWF) ဟာ တိုကျို ၂၀၂၀ အိုလံပစ်အားကစားအတွက် ဆန်ကာတင်ရွေးချယ်ပြီး နောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံအလိုက် ကြက်တောင်ကစားသမားစာရင်းကို ဇူလိုင် ၅ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီမှာ နိုင်ငံအလိုက် ကိုယ်စားပြု အမျိုးသား ကစားသမား ၈၇ ဦး နဲ့ အမျိုးသမီးကစားသမား ၈၆ ဦး ကိုရွေးချယ်ထားတယ်လို့ဆိုပါတယ်။

  16. ဖာပွန်ခရိုင်ထဲက စစ်ရှောင်ပြည်သူတွေ ဌက်ဖျားနဲ့ဝမ်းရောဂါအတွက် ဆေးဝါးတွေ လိုအပ်နေ

    စစ်ကောင်စီတပ် နဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မူတြော် (ဖာပွန်) ခရိုင်အတွင်း က စစ်ဘေးရှောင် ပြည်သူတွေအတွက် အရေးပေါ် ဆေးဝါး လိုအပ်ချက်တွေရှိနေတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) က တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ ’’ လိုအပ်ချက်တွေကရှိတယ်၊ဒါပေမယ့် KDHW အနေနဲ့လည်းဖြည့်ဆည်းတာတွေလုပ်တယ်၊ တခုရှိတာကတော့ လူဦးရေကများတော့ အကုန်လုံးကို လွှမ်းခြုံနိုင်ဖို့ကတော့ခက်တယ်၊ အားလုံး ဝိုင်းလုပ်မှရမယ့် သဘောပေါ့ ’’ လို့ ဆိုပါတယ်။ လက်ရှိမှာ မိုးရာသီဖြစ်နေလို့ ငှက်ဖျားကုသရေးပတ်သက်တဲ့ ဆေးဝါးတွေ၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်တွေ နဲ့ ဝမ်းပျက်ဝမ်းလျှောတာကို ကုသတဲ့ ဆေးဝါးတွေ လည်းလိုအပ်နေတယ်လို့ တယ်လို့ဆိုပါတယ်။ ဇွန်လ အထိ KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲ ရှိခဲ့ပြီး အခုရက်ပိုင်းမှာ တိုက်ပွဲမရှိပေမယ့်လုံခြုံစိတ်ချရတာမရှိတာလို့ စစ်ရှောင်တွေ ကနေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။ လက်ရှိ မှာ ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ ၅နယ်မြေအတွင်းတိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက် ဟာ ထောင်ချီ ရှိတယ်လို့ KDHW က သိရပါတယ်။

  17. တောင်ဒဂုံ NLD ရပ်ကျေး အလုပ်အမှုဆောင် ဦးခင်ကျော် သေနတ်နဲ့ အပစ်ခံရ

    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ၅၇ ရပ်ကွက် NLD ရပ်ကျေး အလုပ်အမှုဆောင် ဦးခင်ကျော် ဇူလိုင်၅ရက် မနေ့က ညပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အနီးဝန်းကျင် မှာနေထိုင်သူတွေက အတည်ပြုပါတယ်။ ဦးခင်ကျော်ရဲ့ ဇနီးဖြစ်သူ ရဲ့ ပေါင် ကို ကိုလည် ကျဉ်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူကတော့ ဆေးကုသမှုခံယူနေရတယ်လို့ ၅၇ ရပ်ကွက်မှာနေထိုင်သူ တစ်ဦးကပြောပါတယ်။ ''မနေ့ကည ၉နာရီကျော် လောက်ရောက်တော့ ဦးခင်ကျော်အိမ်ကနေအရင်ဆုံး သေနတ်သံ တစ်ချက် အရင်ကြားရတယ်၊ပြီးမှာနောက် နှစ်ချက်ကဆက်တိုက်ကြားတာ၊ ခဏနေတော့ ဦးခင်ကျော်ကိုလာပစ်သွားတယ်ဆိုတာ သိရတယ် ၊အဲဒီအချိန် မတိုင်ခင်လေးကပဲ မီးပျက်နေတာ '' လို့ ၅၇ ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ၅၇ရပ်ကွက်မှာနေထိုင်သူအချို့ကတော့ သေဆုံးသူ ဦးခင်ကျော်ရဲ့ အလောင်း ကိုတော့ စစ်တပ်က ယူဆောင်သွားတယ်လို့ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရယူနိုင်တာမျိုးမရှိသေးဘဲ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ကြိုးစားနေပါတယ်။

  18. နိုင်ငံတကာအရေးယူမှုတွေ လုပ်နိုင်ရေး အထောက်အကူပြုနိုင်တဲ့ လုပ်ငန်းအဖွဲ့ ပေါ်ပေါက်လာ

    မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး ချိူးဖောက်ခံရတဲ့ သက်သေ အထောက်အထား တွေကို မှတ်တမ်းတင်တာတွေ၊ အတည်ပြုတာတွေနဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်မယ့် လုပ်ငန်းအဖွဲ့တစ်ခုကို မြန်မာ ဝစ်တနက်စ် Myanmar Witness အမည်နဲ့ ထူထောင် ထားရှိလာပါတယ်။

    သူတို့ ထိန်းသိမ်းထားရှိမယ့် သက်သေခံ အထောက်အထားတွေကို ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား IIMM ကို မျှဝေသွားမှာ ဖြစ်တယ်လို့ မြန်မာ ဝစ်တနက်စ်က ထုတ်ပြန်ပါတယ်။

    ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် နောက်နောင် အနာဂတ် တရားစီရင်ရေး လုပ်ငန်းစဥ်တွေမှာ အသုံးချနိုင်ဖို့ရာ IIMM ထံကို မျှဝေတာဖြစ်တယ် လို့လည်း ဆိုပါတယ်။

    မြန်မာ ဝစ်တနက်စ် အဖွဲ့ဟာ မြန်မာနိုင်ငံတဝန်း လူထုအခြေပြု အဖွဲ့အစည်းတွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဗြိတိန် အခြေစိုက် သတင်းအချက်အလက် ရှာဖွေ ဖော်ထုတ်ရေး CIR အဖွဲ့nပူးပေါင်းတည်ထောင်တဲ့ စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်။

    ( အဲဒီ Centre for Information Resilience CIR အဖွဲ့ဟာ Open-source intelligence OSINT နည်းစနစ်ကို အသုံးပြုပြီး သတင်း အချက်အလက် ရှာဖွေ စိစစ်ရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်)

    ဒီ စီမံကိန်းကိုဗြိတိန်ရဲ့ နိုင်ငံခြားရေး၊ ဓနသဟာရနဲ့ ဖွံ့ဖြိုးရေးရုံးက ရန်ပုံငွေပေး ထောက်ပံ့ထားတယ်လို့ နားလည်ရပါတယ်။

  19. ရုရှားနဲ့ မြန်မာပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထုတ်မယ်

    ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတွေမှာ ကိုဗစ်ကာကွယ်ဆေး ပူးပေါင်းထုတ်ဖို့ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

    အခုလို ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ အတွက် မြန်မာနိုင်ငံက ရှိပြီးသားစက်ရုံတွေကို ပြုပြင်ပြီး ထုတ်နိုင်ခြေ ရှိမရှိဆိုတာနဲ့ ပတ်သက်လို့ အကြိုလေ့လာမှု လာလုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်မှာ သဘောတူညီမှု ရခဲ့ပြီးဖြစ်ကြောင်းနဲ့ မကြာခင် ရုရှားဘက်က မြန်မာနိုင်ငံကို လာရောက်ပြီး လေ့လာမှုတွေ လုပ်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

    တစ်နှစ်ကို ကာကွယ်ဆေး ၅ သန်း အထိ ထုတ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သူက ပြောပါတယ်။

    နှစ်နိုင်ငံ ပူးပေါင်းထုတ်ဖို့ စီစဉ်ထားတဲ့ ဆေးအမျိုးအစားကတော့ ရုရှားနိုင်ငံက မြန်မာနိုင်ငံကို လက်ဆောင်ပေးခဲ့တဲ့ ရုရှားနိုင်ငံထုတ် Sputnik-V စပွတ်နစ်ခ် ဗီအမျိုးအစား ဖြစ်ဖို့ များတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ရုရှားထုတ် စပွတ်နစ်ခ် ဗီ ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ မှတ်ပုံတင်လိုက်ပြီလို့ စပွတ်နစ်ခ် ဗီ ထုတ်တဲ့ ဆေးကုမ္ပဏီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ စပွတ်နစ်ခ် ဗီ ကာကွယ်ဆေး အသုံးပြုမှုကို တရားဝင် လက်ခံ အတည်ပြုခဲ့တဲ့ ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံ ဖြစ်ပါတယ်။

    ရုရှားနိုင်ငံထုတ် စပွတ်နစ် ဗီ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုံးစွဲနိုင်တဲ့ ကာကွယ်ဆေး အဖြစ် အတည်ပြုထားခြင်း မရှိသေးပါဘူး။

    ရုရှားနိုင်ငံဘက်ကတော့ ဒီကာကွယ်ဆေးကို လာမဲ့ နှစ်လအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

  20. ကလေးမှာ ကိုဗစ်အတည်ပြုနဲ့ သံသယလူနာအပါအဝင် တစ်လကျော်အတွင်း သေဆုံးသူ ၃၀၀ ကျော်ရှိလာ