ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သတင်းယူရင်းဖမ်းခံရတဲ့ MPA သတင်းထောက် ကိုရဲမျိုးခန့် ပြန်လွတ်လာ

    ရန်ကုန်မြို့၊ မြေနီကုန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို သတင်းရယူရင်း ဖမ်းဆီးခံလိုက်ရတဲ့MPA ( Myanmar Pressphoto Agency) ရဲ့ ဓာတ်ပုံသတင်းထောက်ကိုရဲမျိုးခန့်ကို ဒီနေ့ဇွန်လ ၃ဝရက်နေ့မှာအင်းစိန်အကျဉ်းထောင်ကပြန်လည်လွှတ်ပေးလိုက်ပြီလို့မိသားစုဝင်တွေကပြောပါတယ်။

    ဓာတ်ပုံသတင်းထောက်ကိုရဲမျိုးခန့်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမူတွေစတင်တဲ့ အစောပိုင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပဲဖြစ်ပါတယ် ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းသမား ၅ဝလောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သတင်းမီဒီယာတိုက် ၇ ခုဟာလည်းထုတ်ဝေခွင့်တွေရပ်ဆိုင်းခံခဲ့ရပါတယ်။ ဒီကနေ့နိုင်ငံတဝန်းကတရားရင်ဆိုင်ဆဲ အကျဉ်းသား ၂ဝဝဝ ကျော်ကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် လက်ရှိမှာ ဓါတ်ပုံသတင်းထောက်ကိုရဲမျိုးခန့်ပြန်လည်လွတ်မြောက်လာပြီး ကျန်ရှိနေသေးတဲ့သတင်းသမားတွေရဲ့အခြေအနေကို ဘီဘီစီက ဆက်လက်စုံစမ်းပြီးတင်ဆက်ပေးပါမယ်။

  2. မကွေးထောင်ကလွတ်သူတွေထဲ ကိုလျှံဖြိုးအောင်မပါဝင်

    မကွေးအကျဉ်းထောင်ထဲက ဒီနေ့ ဇွန် ၃၀ ရက်မှာ ပြန်လည် လွတ်မြောက်သူတွေထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီလို့ မျက်လုံးနဲ့လက်တစ်ဖက် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်မပါဝင်ဘူးလို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၇ ရက်နေ့က မကွေးစစ်ဆေးရုံကနေ ဆင်းလာချိန်မှာ မကွေးထောင်ထဲကို ပို့ဆောင်ခံခဲ့ရပါတယ်။ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

    လက်ရှိမှာ ကိုလျှံဖြိုးအောင်ဟာ ဆေးဆက်လက်ကုသခွင့်ရဖို့၊ အချုပ်လွတ်(အာမခံ)ရရှိဖို့ လျှောက်ခဲ့တယ်လို့ သိရပါတယ်။

  3. ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ်

    ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေး အာဏာသိမ်း စစ်တပ်ကို ဂျပန်နိုင်ငံ အနေနဲ့ အပြင်းအထန် ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတေးဂိက လောလောလတ်လတ် မှာပဲ ပြောခဲ့တယ် ဆိုပြီး ဂျပန် ပြည်တွင်း သတင်းဌာနတွေက ရေးနေပါတယ်။

    စက်မှုထိပ်သီး နိုင်ငံ ၂၀ G20 ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့မှာ တွေ့ဆုံကြတုန်း၊ ဝန်ကြီး မိုတေးဂိဟာ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်တနို မာဆုဒီ နဲ့ ဘရူနိူင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ပီဟင်း ယူဆွဖ် တို့နဲ့လည်း သီးခြားဆီ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတုန်းမှာ ဂျပန်နိုင်ငံရဲ့ မြန်မာဆိုင်ရာ သဘောထားတွေကို ဝန်ကြီး မိုတေးဂိ ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံထဲထိ အာဆီယံ အထူးသံတမန် သွားရောက်ပြီး မြန်မာ့ အကျပ်အတည်း ပြဿနာတွေကို ကူညီဖြေရှင်းမယ် ဆိုတဲ့ အစီအစဥ်ကို ဂျပန်က ထောက်ခံကြောင်းလည်း ဝန်ကြီး မိုတေးဂိက ပြောခဲ့ပါတယ်။

    စစ်အာဏာ အသိမ်းခံရတဲ့ နောက်ပိုင်း မြန်မာအရေးဟာ နိုင်ငံတကာ တွေ့ဆုံပွဲတွေမှာ ဦးစားပေး ထည့်သွင်းဆွေးနွေး ပြောဆိုစရာ အကြောင်းအရာ ဖြစ်နေပါတယ်။

    အခု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ ခဲ့တဲ့ အာဆီယံနိုင်ငံတွေကို ကြည့်ရင်၊ ဘရူနိုင်းဟာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်နေသလို၊ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး မစ္စမာဆုဒီဟာလည်း မြန်မာအရေး အာဆီယံ အစည်းအဝေး ဖြစ်လာအောင် ကမကထလုပ် ဆော်ဩခဲ့သူ ဖြစ်ပါတယ်။

  4. ပုဇွန်တောင်၊ရေကျော်လမ်းမပေါ်က ရပ်ကွက်ရုံးနားဗုံးပေါက်၊ ထိခိုက်သူရှိ

    ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်ထဲမှာရှိတဲ့ ရေကျော်လမ်းမပေါ်က အမှတ် ၉ ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ဇွန်လ ၃ဝရက် ညနေပိုင်းကပေါက်ကွဲမူဖြစ်ခဲ့တယ်လို့ ရပ်ကွက်အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    ပေါက်ကွဲမှု ရပ်ကွက်ရုံးအနီးဂိတ်ထိုးထားတဲ့ ဆိုက်က္ကားဆရာတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    "၃နာရီဝန်းကျင်လောက်ကဖြစ်တာ။ ရပ်ကွက်ရုံးနားလက်ဖက် ရည်ဆိုင်အရှေ့ဘက်ကဖြစ်တာ။ ပေါက်ကွဲသံကနှစ်ချက်ကြားတာ အိမ်ပါတုန်တယ်။ မြင်လိုက်တာတော့ ဆိုက်က္ကားဆရာကိုတော့ လူနာတင်ယာဉ်နဲ့ခေါ်သွားတယ်။ လက်ပြတ်သွားတယ်လို့တော့ပြောတယ်"လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမူကြောင့်ထိခိုက်ဒဏ်ရာရထားသူရဲ့နောက်ဆက်တွဲအခြေနေကိုတော့အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီပေါက်ကွဲမူဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ပေါက်ကွဲမူဖြစ်ပြီး ညနေပိုင်းကတည်း ရေကျော်လမ်းထဲက လက်ဖက်ရည်ဆိုင်တွေမှာထိုင်နေတဲ့လူငယ်တချိူ့ကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ဆေးမူတွေရှိခဲ့တယ်လို့လည်းအနီးနားနေထိုင်သူတွေကပြောပါတယ် ။

  5. မြန်မာပြည်ထဲ အကူအညီပေးရေးလုပ်ဆောင်ဖို့ မလွယ်ကူနိုင်ဖြစ်နေဆဲလို့ ယူနီဆက်ဖ်ပြော

    မြန်မာနိုင်ငံထဲ လူသားချင်း စာနာနားလည်ခြင်းဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး အတွက် အခက်အခဲ၊ အတားအဆီးတွေ ဆက်လက် ကြုံတွေ့ နေရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အဖွဲ့ ယူနီဆက်ဖ် UNICEF က ထုတ်ပြန်ပါတယ်။

    အခု ဇွန်လအကုန် နောက်ဆုံးထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အခြေအနေ အကြောင်း သတင်းလွှာထဲ ပြောထားတာ ဖြစ်ပါတယ်။

    ယူနီဆက်ဖ်ရဲ့ အကူအညီတွေ လက်တွေ့ အကောင်အထည်ဖော်ရေးမှာ လက်တွဲ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေနဲ့ကြား သဘောတူမှု MoU တွေ သက်တမ်းတိုးရေးမှာ အခက်အခဲတွေ ရှိနေသလို၊ လိုအပ်တဲ့ နေရာတွေကို သွားလာခွင့်ရဖို့လည်း မလွယ်ကူနိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံထဲ ဘဏ်စနစ် အကြီးအကျယ် အခက်အခဲ ဖြစ်နေတာကလည်း ကူညီမှုပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မလွယ်ကူဖြစ်ရတဲ့ အကြောင်းထဲ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြစ်ရပ်တွေ ဆက်လက် ပေါ်ပေါက်နေပြီး၊ အသွားအလာ ကန့်သတ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ ယူနီဆက်ဖ် သတင်းလွှာထဲ ဆိုထားပါတယ်။

    ဒါ့အပြင် ကိုဗစ်ရောဂါ ပျံ့နှံ့မှုကလည်း မေလဆန်းမှာ တခါပြန်ဖြစ်လာတာမှာ ရောဂါပိုး ကူးစက်မှု အတွေ့များတဲ့ ချင်းမှာ ရှိတဲ့ ဖလမ်းနဲ့ မင်းတပ် ခရိုင် ဆေးရုံတွေနဲ့ ဟားခါး ပြည်နယ်အဆင့် ဆေးရုံကို ယူနီဆက်ဖ်က အောက်စီဂျင်စက်တွေ အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

    ကလေးနဲ့တမူး ခရိုင်ဆေးရုံတွေကိုလည်း အလားတူ ကူညီ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်လို့လည်း ယူနီဆက်ဖ်ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ယူနီဆက်ဖ် အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ မြန်မာနိုင်ငံမှာ အကူအညီ အထောက်အပံ့ ပြုလုပ်ဖို့ လိုအပ်နေတဲ့ ကလေးသူငယ် အရေအတွက် လေးသိန်း ငါးသောင်းငါးထောင် ၄၅၀,၀၀၀၊ အရွယ်ရောက် ဦးရေ တစ်သန်း ၁,၀၀၀,၀၀၀၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ သုံးသိန်းသုံးသောင်းခြောက်ထောင် ၃၃၆,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

    ဇွန်လ ၂၁ ရက် နောက်ဆုံး စာရင်းအရ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် ၅၉ ယောက် အပါအဝင်၊ လူ ၈၇၃ ယောက် အသတ်အဖြတ် ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် အတွက် မြန်မာနိုင်ငံထဲ ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ အမေရိကန်ဒေါ်လာ ၆၁.၇ သန်း လိုအပ်တယ်လို့ ယူနီဆက်ဖ်က လျာထားပါတယ်။

    လက်ရှိ ၁၃.၈ သန်းပဲ ရန်ပုံငွေ ရရှိထားတာကြောင့်၊ ဘတ်ဂျက်လိုငွေ ဒေါ်လာ ၄၇.၈ သန်း ရှိနေပါတယ်။

  6. သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ

  7. အာဏာသိမ်းမှုနောက်ပိုင်း ကုန်သေတ္တာတင်ယာဉ်မောင်း ၂၀ ရာခိုင်နှုန်းလောက်သာ အလုပ်ရှိတော့

    စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ကုန်သေတ္တာ(ကွန်တိန်နာ)တင်ယာဉ်မောင်း ၂၀ ရာခိုင်နှုန်းလောက်သာ အလုပ်ရှိတော့တယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ်မောင်းအသင်းကနေ သိရပါတယ်။

    အရင်နှစ်က ကိုဗစ်ကပ်‌ရောဂါပျံ့နှံ့မှုကြောင့် အလုပ်နည်းပါးခဲ့ပေမဲ့ ပြန်အဆင်ပြေခါနီးအချိန်မှာ အာဏာသိမ်းမှုဖြစ်ရပ် ပေါ်ပေါက်ခဲ့လို့ ကိုဗစ်နဲ့နိုင်ငံရေး(၂)ခုရောပြီး အလုပ် ၂၀ရာခိုင်နှုန်းသာရှိတော့တာဖြစ်ပါတယ်။

    ပို့ကုန်သွင်းကုန်တွေကိုအဓိကအားထားရတဲ့ ဒီယာဥ်မောင်းတွေဟာ ပို့ကုန်ရော သွင်းကုန်ပါနည်းပါးလာတဲ့အခါ သူတို့အတွက် အလုပ်အကိုင်လျော့နည်းလာတာပါ။ ဒါကြောင့် တချို့ယာဉ်မောင်းတွေက နယ်ပြန်ကုန်ကြပြီလို့လည်း သိရပါတယ်။

    “အခုချိန်ထိတော့ တောင့်ခံထားနိုင်သေးတယ်။ ဘယ်လောက်တောင့်ခံထားနိုင်မလဲမသိဘူး။ ဒါ့ထက် ဆိုးရင်တော့ အခြေအနေမကောင်းဘူး။ အခုလောလောဆယ်က စားသောက်ကုန်တွေ ပို့လို့ရသလောက်တော့ ပို့နေတယ်။”လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ်မောင်းအသင်း ဒုဥက္ကဋ္ဌ ဦးစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

    ပြည်တွင်းကိုဗစ်ကူးစက်မှုက တဖန်မြင့်တက်ပေမဲ့ မောင်းနေဆဲ ကုန်သေတ္တာတင်ယာဉ်မောင်းတွေကို မြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးတာသိပ်မရှိဘူးလို့ သူက ဆိုပါတယ်။

    မကြာခင်တော့ ရန်ကုန်အထွက် ဇီရိုးမိုင်မှာ စစ်ဆေးမှုရှိမယ်လို့သိရပေမဲ့ ညွှန်ကြားချက်တစ်စုံတရာ တိတိကျကျ မကြားရဘူးလို့ သူကဆက်ပြောပြပါတယ်။

    တဖက်မှာလည်း အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းဝယ်လိုအားကျပြီး ပြည်ပကနေ ကွန်တိန်နာနဲ့ကုန်တင်သွင်းမှုနည်းနေတာကြောင့် ကွန်တိန်နာတွေ အဝင်နည်းနေတယ်လို့ ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

    ဒီအခြေအနေမှာ ဝင်လာတဲ့ကွန်တိန်နာတွေကို ပြန်ငှားပြီး ပြည်ပကို ကုန်တင်ပို့ရတဲ့လုပ်ငန်းရှင်တွေဟာ ငှမ်းရမ်းခ ၃ ဆ နီးပါးပေးနေရတဲ့အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တချို့က ဘီဘီစီကို အစောပိုင်းက ပြောထားဖူးပါတယ်။

  8. ကိုဗစ်လှိုင်းသစ်မှာ ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိသူတွေ ကွာရန်တင်းစင်တာကို အလာနည်း

    မြန်မာနိုင်ငံထဲ ကိုဗစ်နိုင်တင်းရောဂါ(ကိုရိုနာဗိုင်းရက်စ်ပိုး) ကူးစက်ပျံ့နှံ့မှု တတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူတွေနဲ့ထိတွေ့ဆက်စပ်သူတွေဟာ သံသယလူနာတွေကို ထားတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာ(ကွာရန်တင်းစင်တာ)တွေကို လာရောက်တာနည်းနေတယ်လို့သိရပါတယ်။

    ပိုးတွေ့သူနဲ့ထိတွေ့ဆက်စပ်သူတွေ အခုလိုအလာနည်းနေတာဟာ ရောဂါကူးစက်မှုမြင့်လို့ လိုအပ်မှနေအိမ်အပြင်ထွက်ရမယ့် Stay at Home ကြေညာခံထားရတဲ့မြို့နယ်တွေမှာဖြစ်နေတာလို့ အဲဒီမြို့နယ်တချို့က ကွာရန်တင်းစင်တာတာဝန်ခံတွေက ပြောပါတယ်။

    "အရင်လှိုင်းတွေတုန်းကတော့ အုပ်ချုပ်မှုနိုင်နင်းတဲ့အချိန်ဖြစ်တော့ ပေါ့စတစ်(ပိုးတွေ့)ဖြစ်တဲ့သူတွေ ၊ ပေါ့စတစ်လူနာနဲ့ထိတွေ့တဲ့သူတွေအနေနဲ့ကွာရတင်းစင်တာတွေကိုမသွားမဖြစ်သွားရတယ်။ စေတနာ့ဝန်ထမ်းအင်အားတွေကလည်းကောင်းတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရှိတယ်။ ဆယ်အိမ်ခေါင်းတွေရှိတယ်။အခုတော့အဲ့ဒီစနစ်တွေအားလုံးပျက်သုဉ်းသွားပြီ။ ဥပမာ နိုင်ငံခြားကပြန်လာတယ် အိန္ဒိယဘက်ကခိုးဝင်လာတယ်၊ ရန်ကုန်၊ မန္တလေး၊လားရိူးဘက်က လာမယ်၊ ပေါ့စတစ်ဖြစ်နေမယ်ဆိုရင် ရပ်ကွက်က အတင်းပြောနေရုံကလွဲရင် မတိုက်တွန်းနိုင်ဘူး။ သူ့ကိုအုပ်ချုပ်မယ့်သူလည်းမရှိဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ်သွားမှာပဲရတာ"လို့ ကလေးမြိုနယ်က ကိုဗစ်စင်တာတွေမှာ ဦးဆောင်ပြီးလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒါ့ပြင် အရင်ကိုဗစ်လှိုင်းတွေနဲ့မတူဘဲ နီးစပ်ရာမြို့နယ်တွေမှာကွာရတင်းစင်တာတွေမရှိတာ၊ အလှူရှင်တွေမရှိသလောက်နည်းပါးတာတွေကြောင့် ကိုယ့်စရိတ်နဲ့ကိုယ်ကွာရတင်းဝင်ရတာတွေကလည်း ကွာရတင်းစင်တာတွေကိုသွားဖို့အဟန့်အတားတစ်ခုဖြစ်နေတာပါ။

    "တရက်ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ ၁ဝဝ ပေးပြီးနေရမယ်လို့စာထုတ်ထားတယ်။ ယွမ် ၁ဝဝ ဆို တရက် မြန်မာငွေနှစ်သောင်းပေးရမှာ။ တရက်တည်းမဟုတ်ဘူး နေ့တိုင်းပေးရမှာ။ ကွာရတင်းဝင်ဖို့တောင်ခပ်လန့်လန့်ဖြစ်နေတယ်။ စတေးဟုမ်းမကြေညာခင် လမ်းတွေပိတ်ထားတာပဲ။ သုံးလလောက်ရှိနေပြီလေ။လူတွေက ဒီအချိန်အဆင်မပြေကြဘူး ။ အဲ့လိုဆိုတော့ ကွာရန်တင်းစင်တာကိုသွားမယ့်သူနည်းမှာ"လို့ စတေးဟုမ်းကြေညာထားတဲ့ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်ထဲက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လောက်ကိုင်မြို့နယ်က ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါတွေအပြင် ကလေးမြို့နယ်ထဲက ကွာရန်တင်းစင်တာတချို့မှာလည်းကျန်းမာရေးဝန်ထမ်းမလုံလောက်တာ၊ ဆရာဝန်လုံးဝမရှိတဲ့ စင်တာတွေရှိနေတာတွေလည်းရင်ဆိုင်နေရတယ်လို့ ကလေးမြို့၊ တာဟန်းရပ်ကွက် ကိုဗစ်စင်တာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ မြို့နယ်အလိုက်ကွာရန်တင်းစင်တာတွေ ထားရှိပေးတာတွေနဲ့ကိုဗစ်ထိန်းချုပ်မူလုပ်ငန်းစဉ်တွေကို သူ့အင်တာနက်စာမျက်နှာတွေမှာဆက်တိုက်ထုတ်ပြန်နေတာတွေ့ရပါတယ်။

    လက်ရှိပြည်တွင်းမှာတော့ ကိုဗစ်လူနာတွေ့ရှိမူများတာကြောင့် စတေးဟုမ်းအဖြစ်သတ်မှတ်ထားတဲ့မြို့နယ် ၁၁ မြိုနယ်အထိရှိလာနေပါပြီ။

    ကျန်းမာရေးဌာနက မနေ့ကဇွန်လ ၃ဝရက်နေ့မှာထုတ်ပြန်တဲ့စာရင်းတွေအရ ကိုဗစ်စစ်ဆေးသူ ၈၂၃၃ဦးမှာ ပိုးတွေ့သူ ၁၃၁၂ ဦးအဖြစ် တတိယလှိုင်းမှာ အများဆုံးစံချိန်တင်ခဲ့ပါတယ်။

  9. ထားဝယ်မှာ မြို့အဝင်လုံခြုံရေးတင်းကျပ်နေ

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ပြင်ပကနေ မြို့ထဲအဝင်ကို စစ်ကောင်စီတပ်တွေက ဒီနေ့ ဇွန်လ ၃၀ ရက်မှာ မနက်ခင်းပိုင်းကစလို့ ခါတိုင်းထက် လုံခြုံရေးတင်းကျပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ''မြို့ထဲက အထွက်ထက် မြို့ထဲအဝင်ကို လုံခြုံရေးတင်းကျပ်နေတယ်။ ကမြောကင်;တံတားဘက်ပေါ့။ မှတ်ပုံတင်တိုက်စစ်တာတွေရှိတယ်။ ဘာ့ကြောင့်စစ်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဝင်လာတဲ့သူတွေ အပြောအရဆိုရင် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေပါ ပေးခဲ့ရတယ်။ ဒီနေ့ဆို မြို့ထဲမှာ လူသွားလူလာလည်း အတော်လေးရှင်းနေတယ်။ '' လို့မြို့ခံတစ်ဦးက ပြောပါတယ်။

    လတ်တလောမှာ ကိုဗစ်ကာကွယ်ကုသရေးအပြင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြို့ခံပရဟိတအဖွဲ့တစ်ဖွဲ့ကလည်း ဒီနေ့ အစစ်အဆေးတင်းကျပ်တဲ့အခြေအနေကြောင့် သူတို့ပုံမှန်ပေးနေကျ အကူအညီပေးရေးလုပ်ငန်း တွေကို လျှော့လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    မနက်ပိုင်းတုန်းကတော့ စစ်ကောင်စီတပ်တွေ မြို့ထဲ ကင်းလှည့်နေခဲ့တယ်လို့ မြို့ခံတွေက ပြောထားပါတယ်။

  10. နိုင်ငံတဝန်း တရားရင်ဆိုင်နေရသူပေါင်း ၂,၀၀၀ ကျော် ပြန်လွတ်ဖို့ရှိ

    နိုင်ငံတဝန်း နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မတချို့နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားလို့ တရားရင်ဆိုင်နေရဆဲ အချုပ်ကျနေသူပေါင်း ၂,၀၀၀ ကျော်ပြန်လည်လွတ်မြောက်ဖို့ရှိပြီးအဲဒီထဲမှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ ၇၂၀ ဦး လွတ်မြောက်မယ်လို့ အကျဉ်းဦးစီးဌာနနီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ပြန်လည်လွတ်မြောက်မယ့်အထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တချို့လည်း ပါဝင်ဖို့ရှိတယ်လို့ သိရပြီး သတင်းယူရင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တချို့လည်း လွတ်မြောက်လာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာ လွတ်မြောက်လာမယ့်သူတွေကို ကြိုတင်စောင့်ဆိုင်းနေတဲ့သူတွေ တစထက်တစ များပြားလာနေတာကိုတွေ့ရပါတယ်။

    လွတ်မြောက်လာသူတွေကို ဝိုင်ဘီအက်စ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးမှာဖြစ်ပြီး ထောင်ဘက်ကနေ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေဆီ လွှဲပြောင်းပေးပြီး ရဲစခန်းတွေကနေ ပြန်လည်လွှတ်ပေးမယ်လို့ သိရကြောင်း ဖမ်းဆီးခံသတင်းသမားတချို့ကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေအဖွဲ့ထဲက ဥပဒေအကြံပေးတစ်ဦးက ရှင်းပြပါတယ်။

  11. မိုးကုတ်က ဖမ်းဆီးခံ လေးနှစ်သမီး ပြန်မလွတ်သေး, ဒီနေ့ လွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်ဖို့ရှိမရှိ မသိရသေး။

    မိုးကုတ်မြို့က ဖမ်းဆီးခံထားရတဲ့ လေးနှစ်အရွယ်ကလေးငယ်ကို ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာတဲ့အထိပြန်လွှတ်ပေးတာမရှိသလို ဘယ်မှာဖမ်းထားတယ်ဆိုတာမသိရဘူးလို့မိသားစုတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့က မိုးကုတ်မြီု့ကတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝရမ်းထုတ်ပြီးလာရောက်ဖမ်းဆီးခဲ့ရာမှာ မတွေ့တာကြောင့် လေးနှစ်အရွယ် သမီးဖြစ်သူအပါဝင် မိသားစုဝင် ၃ဦးကိုဖမ်းဆီးသွားခဲ့တာပါ ။ " အခုအချိန်အထိကျွန်တော့်ကို တရားဝင်ဆက်သွယ်လာတာမရှိဘူး။ မိသားစုကိုလည်း လွတ်လာပါပြီလို့ဆက်သွယ်လာတာမရှိဘူး။ ဖမ်းသွားတဲ့နေ့ကစပြီး ဒီနေ့အချိန်ထိ မိသားစုကဆက်သွယ်လို့မရသလို ဘာမှလည်းပို့လို့မရဘူး ။ ဘယ်မှာ ထားတယ်ဆိုတာလည်းမသိရဘူး " လို့ ဖခင်ဖြစ်သူဦးစိုးဌေးက ဘီဘီစီကိုပြောပါတယ် ။ အခုလိုအသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားတာနဲ့ ပတ်သတ်လို့NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း နိုင်ငံတကာကိုဖိအားပေးတောင်းဆိုထားပါတယ်။

    ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို ချုပ်နှောင်ဖမ်းဆီးမှုတွေဆက်တိုက်ဆိုသလိုရှိနေပြီး ပစ်ခတ်နှိမ်နှင်းမှုတွေကြား သေဆုံးခဲ့ရတဲ့ အသက်၁၈နှစ်အောက်ကလေးငယ် စုစုပေါင်း ၇၂ ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ် ။

  12. အင်းစိန်ထောင်တွင်း အချုပ်သား ၇၀၀ ကျော် လွှတ်ဖို့ရှိ

    ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မတချို့နဲ့တရားစွဲဆိုခံရပြီး တရားရင်ဆိုင်နေရဆဲ အချုပ်သားပေါင်း ၇၀၀ ကျော်ကို ဒီနေ့ဇွန် ၃၀ ရက်မှာ လွှတ်ပေးဖို့ရှိကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတချို့က ဘီဘီစီကိုအတည်ပြုပါတယ်။

    အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူတွေထဲက လွှတ်ပေးမှာဖြစ်တယ်လို့သိရပြီး အင်းစိန်ထောင်တွင်း အကျဉ်းချခံနေရတဲ့ နာမည်ကျော်အနုပညာရှင်တချို့လည်း လွတ်မယ့်စာရင်းထဲပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

    တခြားတိုင်းနဲ့ပြည်နယ်အအသီးသီးက အကျဉ်းထောင်တွေကနေလည်း တရားရင်ဆိုင်ဆဲအချုပ်သားတွေ လွတ်မြောက်ဖို့ရှိတယ်လို့သိရပါတယ်။

  13. ကိုနေသန်မောင်ရဲ့ စစ်ကြောရေး အတွေ့အကြုံများ

  14. ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ ပစ်ခတ်မှုတွေရှိ

  15. ၅၀၅-ကနဲ့အမှုဖွင့်ထားတဲ့ အနုပညာရှင်၂၄ ဦးကို အမှုက ရုပ်သိမ်းလိုက်တယ်လို့ ကြေညာ

    အာဏာဖီဆန်ရေးCDM စီဒီအမ်လှုပ်ရှားမှုတွေနဲ့ ဖေ့စ်ဘွတ်ခ်ကနေ လှုံ့ဆော်မှုတွေကြောင့် ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင်တွေထဲက ၂၄ ဦးကို အမှုက ရုပ်သိမ်းပေးလိုက်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာပါတယ်။

    အဲဒီလို ရုပ်သိမ်းပေးခဲ့တဲ့သူတွေထဲမှာ ချစ်သုဝေ၊ သက်မွန်မြင့်၊ GFatt၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ မထက်နဲ့ အောင်ထက် စတဲ့ အနုပညာရှင်တွေ ပါဝင်ပါတယ်။

    ဧပြီ ၂ ရက်ကနေ မေလ ၁ ရက်အတွင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားတဲ့ သဘင်၊ ဂီတနဲ့ ရုပ်ရှင်လောကက အနုပညာရှင်တွေကို အမှုဖွင့်ထားရာကနေ တချို့ကို အခုလို ရုပ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

    အဲဒီ ၂၄ ဦးဟာ ပြင်ပ ပယောဂ တစ်စုံတစ်ရာကြောင့် အဲဒီလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ယူဆရတာကြောင့် အမှုက ရုပ်သိမ်းပေးခဲ့တာလို့ ဆိုပါတယ်။

    ဒါ့အပြင် ဆန္ဒပြမှုတွေမှာ ပါဝင်ခဲတဲ့ စစ်ဆေးဆဲသူတွေထဲက ပထမဦးစားပေး ပြန်လွှတ်သင့်သူတွေကိုလည်း အမှုက ရုပ်သိမ်းပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    ဆန္ဒပြမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ အနုပညာရှင် တချို့နဲ့ လူမှုကွန်ရက်က ထင်ရှားသူတချို့ တော့ ဒီစာရင်းထဲမှာ ပါဝင်တာ မတွေ့ရဘဲ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် ခံရသူတွေထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားခဲ့တဲ့ ဆေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။

  16. ကိုဗစ် ကူးစက်သူ အသစ်၁၃၁၂ ဦးတွေ့၊ ၁၁ ဦး သေဆုံး

    မနေ့က ကိုဗစ်ကူးစက်သူ အသစ် တစ်ရက်တည်း တစ်ထောင်ကျော်ထိ တွေ့ရှိခဲ့ရာကနေ့ ဒီကနေ့မှာလည်း ကိုဗစ်ကူးစက်သူ အသစ် ၁၃၁၂ ဦး တွေ့ရှိပြီး သေဆုံးသူ ၁၁ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၅၅,၆၉၇ ဦး ရှိပြီး သေဆုံးသူ ၃,၃၂၀ ဦး ရှိပြီ ဖြစ်ပါတယ်။

    မနေ့က ကူးစက်သူအသစ် ၁၂၂၅ ဦး ရှိခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှုတိုးမြင့်လာတာကြောင့် Stay at home သတ်မှတ်ထားတဲ့မြို့နယ်နဲ့ဒေသတွေလည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ စုစုပေါင်း ၁၁ ခု အထိ ရှိလာပြီ ဖြစ်ပါတယ်။

  17. အာဏာသိမ်းစစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ ကျောက်စိမ်းလုပ်ငန်းအကြောင်း Global Witness သတိပေး

    ဘီလျံပေါင်းများစွာ တန်တဲ့ ကျောက်စိမ်းတွင်းတွေဟာ ပြည်သူတွေကို နှိပ်ကွပ်နေတဲ့ မြန်မာစစ်တပ်အတွက် ထောက်ပံ့ငွေတွေ ပေးနေတဲ့ လုပ်ငန်းကြီး ဖြစ်လာနေတယ်လို့ Global Witness နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး မြန်မာနိုင်ငံထွက် ကျောက်စိမ်းတွေ၊ ကျောက်မျက်ရတနာတွေ မဝယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံဟာ ကျောက်စိမ်းအများဆုံး ထုတ်လုပ်တဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အရည်အသွေးပြည့်ဝတဲ့ ကျောက်စိမ်းတွေကို အိမ်နီးချင်း တရုတ်နိုင်ငံက တွန်းအားပေး ဝယ်လိုအားများနေတာကြောင့်လည်း မြန်မာ့ကျောက်စိမ်းလုပ်ငန်း အကြီးအကျယ် အောင်မြင်နေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းဟာ ပွင့်လင်းမြင်သာမှု မရှိဘဲ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပါ။ ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာ တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကရော မြန်မာ စစ်တပ်ကပါ ကျောက်စိမ်းလုပ်ငန်းကနေ ငွေကြေး အထောက်အပံ့တွေ ရနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကျောက်စိမ်းလုပ်ငန်း လုပ်ပိုင်ခွင့်ကို စစ်တပ်က ထိန်းချုပ်ထားတဲ့အတွက် အခုအခါ အာဏာကို ချုပ်ကိုင်ထားချင်တဲ့ အာဏာသိမ်းစစ်တပ်အတွက် မသမာငွေတွေ ထောက်ပံ့ပေးနိုင်တဲ့ အရင်းအမြစ်လုပ်ငန်းတစ်ခု ဖြစ်လာနေပြီလို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကျောက်စိမ်းလုပ်ငန်းကို စစ်တပ်က ဘယ်လောက်တောင် အခိုင်အမာ ထိန်းချုပ်ထားသလဲ ဆိုရင် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေကို ငွေမထောက်ပံ့ဘဲ ကျောက်စိမ်း ဝယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ လို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အကြံပေးပုဂ္ဂိုလ် ကီးလ် ဒီယက်ဇ်က ပြောပါတယ်။

    မြန်မာနိုင်ငံထွက် ကျောက်စိမ်းတွေနဲ့ ကျောက်မျက်ရတနာတွေ အားလုံး ဝယ်ယူတင်သွင်းတာကို တားမြစ်တဲ့ ဒဏ်ခတ်ပိတ်ပင်မှုတွေ လုပ်ဖို့နဲ့ ကုမ္ပဏီတွေ ကျောက်မျက်သုံးစွဲသူတွေအနေနဲ့လည်း မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်စိမ်းတွေ ကျောက်မျက်ရတနာတွေကို ဝယ်မသုံးကြဖို့ Global Witness အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    ကျောက်စိမ်းလုပ်ငန်းကရတဲ့ အမြတ်ငွေ မဆိုစလောက်ကလေးကိုပဲကချင်ပြည်နယ်ရဲ့ဘဏ္ဍာငွေအတွက် အသုံးပြုပြီး အကောင်းဆုံး အရည်အသွေးပြည့် ကျောက်စိမ်းတွေကို တရုတ်နိုင်ငံထဲ နယ်စပ်ကနေ မှောင်ခိုတင်ပို့နေတာလို့ ဆိုပါတယ်။

    စစ်တပ်က အာဏာမသိမ်းခင်အချိန်က ကချင်ပြည်နယ် ဖားကန့်ဒေသက ထွက်တဲ့ ကျောက်စိမ်း ၇၀ ကနေ ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ဝင်ငွေထဲ ထည့်သွင်းဖော်ပြတာမျိုး မရှိဘဲ နယ်စပ်ကနေတဆင့် မှောင်ခို တင်ပို့နေခဲ့တာလို့ Global Witness ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

    ကျောက်စိမ်းတွေ အတင်းလိုက်ဝယ်နေတဲ့ တရုတ်နိုင်ငံဟာလည်း ကျောက်စိမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ အဂတိလိုက်စားမှုတွေ၊ ပဋိပက္ခတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ အာဏာသိမ်းမှုကလည်း ကချင်ပြည်နယ်ထဲမှာ ကေအိုင်အေ ကချင် လွတ်လပ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ထဖြစ်လာဖို့ လှုံ့ဆော်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အန္တရာယ်များပြီး စည်းမျဉ်းကျင့်ထုံးတွေ ကင်းမဲ့နေတဲ့ ကျောက်စိမ်းလုပ်ငန်းကို ပြင်ဆင်ပြောင်းလဲဖို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက စတင်လုပ်ဆောင်နေခဲ့တာတွေကလည်း အခု စစ်အာဏာသိမ်းမှုကြောင့် သိသိသာသာကြီး ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

    အစိုးရခွင့်ပြုထားတဲ့ ကုမ္ပဏီတွေရဲ့ မြေတူးစက်တွေ ချန်ထားရစ်တဲ့ မြေစာပုံကြီးတွေကနေ ကျောက်တွေ ရှာလို့ ရလိုရငြား တရားမဝင် ကျောက်တူးသမား ထောင်ပေါင်းများစွာ ကချင်ပြည်နယ်ကို နှစ်စဉ် သွားလေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း ရေမဆေး ကျောက်သမားအများအပြားဟာ အဲဒီမှာ ကြီးစိုးနေတဲ့ မှောင်ခိုဂိုဏ်းတွေနဲ့ လက်နက်ကိုင်အုပ်စုအများအပြားရဲ့ မတရား အသုံးချတာကိုပဲ ခံကြရလေ့ရှိတယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

    မြေတူးစက်တွေနဲ့ အလွန်အကျွံ တူးဖော်ထားတဲ့ တောင်တွေမှာ မြေပြိုမှုတွေ မတော်တဆ ဖြစ်ရပ်တွေ အထူးသဖြင့် မိုးသည်းထန်တဲ့ မိုးတွင်းကာလမှာ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။ မနှစ်တုန်းကဆိုရင် မြေပြိုမှုတစ်ခုအတွင်း ကျောက်တူးသမား ၃၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

    မြန်မာပြည်သူတွေ အသက်စတေးပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ဆန့်ကျင် တွန်းလှန်နေကြချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုချိန်မှာ ဦးစားပေး လုပ်ဆောင်သင့်တာက ဒီအာဏာသိမ်းမှု အဆုံးသတ်သွားရေး နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရ ပြန်လည်အာဏာရလာရေးကို ကူညီဆောင်ရွက်သင့်တယ်လို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အကြံပေးပုဂ္ဂိုလ် ကီးလ် ဒီယက်ဇ်က တိုက်တွန်းထားပါတယ်။

    "ဒီလိုလုပ်ဖို့ အရေးပါတဲ့ အပိုင်းတစ်ခုက ကျောက်စိမ်းလုပ်ငန်းအပါအဝင် စစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခြင်းအားဖြင့် စစ်တပ်ထဲ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ပစ်ဖို့ ဖြစ်ပါတယ်"

  18. ငါန်းဇွန်မြို့နယ်ထဲ ကုလရွာကို စစ်ကောင်စီတပ်တွေဝင်လို့ ရွာသားတွေ ကြောက်လန့်ထွက်ပြေးနေ

    မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်ထဲပါတဲ့ ငါန်းဇွန်မြို့နယ်ထဲက ကုလကျေးရွာမှာ မနေ့ ဇွန်လ ၂၈ ညပိုင်းက ပစ်ခတ်မှုတွေအပြီး ဒီနေ့မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ ရွာသူရွာသားတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

    ''မနေ့ညပိုင်း ၇ နာရီလောက်မှာ စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့အပေါင်းအပါတသိုက်က ပြဿနာရှာလို့ ငါန်းဇွန်ကနေ ဈေးသိမ်းပြီးပြန်လာတဲ့ ကျွန်တော်တို့ရွာသားတချို့နဲ့ ပြဿနာဖြစ်ကြတယ်။ ဓားထိုးမှုဖြစ်တယ်ပေါ့။ အဲဒါဖြစ်အပြီး ည ၁၀ နာရီလောက်မှာ သူတို့ ရောက်ချလာတယ်။ သူတို့ကားပေါ်မှာ အုပ်ချုပ်ရေးမှူးလည်း လိုက်လာတယ်။ မနေ့ည ၂ နာရီခွဲဝန်းကျင်မှာပြန်သွားပြီး ဒီနေ့မနက်ပိုင်းမှာ စစ်ကား ၁၀ စီးကျော်နဲ့ပြန်ရောက်လာကြတာ။ သေနတ်တွေနဲ့လည်း ပစ်ထားတာဆိုတော့ ရွာသားတွေက ကြောက်လန့်ပြီး ပုန်းကြတာပေါ့။''လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့ညပိုင်းက ဓားထိုးမှုမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက် ဓားထိုးခံရပြီး ဆေးရုံတင်လိုက်ရသလို အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်လာလို့ သေနတ်ပစ်ခတ်ချိန် အမျိုးသားတစ်ယောက်လည်း မျက်စိကို ကျည်မှန်လို့ ငါန်းဇွန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

    မနေ့ညပိုင်းက ပစ်ခတ်ချိန် ရွာသား ၄ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ညပိတ်တွေ၊ ဆုတောင်းမေတ္တာပို့ပွဲတွေ ကုလရွာမှာ ပြုလုပ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ အခုလို ရွာထဲအထိ လာရောက် ပစ်ခတ်တာ အခုတစ်ကြိမ်က ပထမဆုံးလို့ သိရပါတယ်။

  19. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။