မြိတ်မှာ မေလအတွက် လျှပ်စစ်မီတာမဆောင်သေးသူ ၃၀၀၀ နီးပါးအထိရှိနေ
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မေလ အတွက် လျှပ်စစ်မီတာခ မပေးဆောင်သေးတဲ့ မြို့ခံ ၃၀၀၀ နီးပါးအထိရှိနေတယ်လို့ မြိတ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီဘက်က သိရပါတယ်။
မေလအတွက် မီတာမဆောင်သူတွေကို လျှပ်စစ်ဓာတ်အားသုံးစွဲခကို ဇွန်လ (၂၅) ရက်နောက်ဆုံးထားပေးဖို့ ဓာတ်အားဖြန့်နေတဲ့ Petro and Trans ကုမ္ပဏီက သုံးစွဲသူတွေဆီကို အကြောင်းကြားစာ ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းချိန် ကုမ္ပဏီဘက်က အခုလိုပြောလာတာပါ။
အကြောင်းကြားစာပေးပို့ခံရတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မြို့ခံတချို့ကတော့ မြိတ်မှာ ဒီလို နို့တစ်(အကြောင်းကြားစာ)ပို့ပြီး မီတာခတောင်းတာ ပထမဆုံးလို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ သုံးစွဲသူတွေ မီတာခမပေးဆောင်သေးရင် ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားဆောင်ဖို့ သီတင်း ၂ ပတ်ကြိုပြီးအကြောင်းကြားတာ အရင်လတွေကတည်းက ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းမှုနောက်ပိုင်း ဧပြီလကုန်ပိုင်းလောက်ကစလို့ လူထုဆီကို လျှပ်စစ်ဓာတ်အားသုံးစွဲခ မီတာစာရွက်တွေ ပေးပို့ခဲ့သလို မီတာ မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေကနေ ထည့်ကြေညာတဲ့ထိ ဖြစ်ခဲ့ပါတယ်။
တဖက်မှာလည်း နိုင်ငံတဝန်း မီတာမဆောင်၊ အခွန်မဆောင်တဲ့လူထုလှုပ်ရှားမှုက ဆက်ရှိနေချိန်မှာပဲ မြိတ်မြို့မှာလည်း မီတာ မဆောင်သူတွေရှိနေတာပါ။
ဒါပေမဲ့မြိတ်မြို့မှာ နိုင်ငံတော်ကလျှပ်စစ်ဖြန့်ဝေတာမဟုတ်ဘဲ လက်ရှိ လုပ်ကိုင်ခွင့်ရနေတဲ့ ပုဂ္ဂလိကကုမ္ပဏီ Petro and Trans က မီးစက်တွေနဲ့ လျှပ်စစ် ဖြန့်ဝေနေတာဖြစ်ပါတယ်။