မြန်မာစစ်တပ်ကို ကလေးသူငယ်တွေအပေါ်အခွင့်အရေးချိုးဖောက်တဲ့စစ်တပ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထည့်သွင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်လာပါတယ်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့အခွင့်အရေးချိုးဖောက်မူတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ အခုလိုထည့်သွင်း သတ်မှတ်လိုက်တာဆိုပြီး NUG ဘက်ကသတင်းထုတ်ပြန်တာပါ။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူတွေ ၊ ကလေးတပ်သားစုဆောင်းတာတွေ ၊ ကိုယ်လက်အင်္ဂါချို့တဲ့အောင်လုပ်တာတွေနဲ့ ကလေးငယ်သေဆုံးမူတွေဖြစ်တဲ့ဖြစ်ရပ်တွေကြောင့်လို့ဆိုပါတယ်။
ဒီသတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝခုနှစ်ကဖြစ်ရပ်တွေအတွက် သတ်မှတ်ထည့်သွင်းလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။
ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကြီးလေးတဲ့ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကလေးသူငယ်တွေကို သတ်ဖြတ်တာနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းအောင် ပြုလုပ်တာ၊ တပ်သားအဖြစ် စုဆောင်;တာနဲ့အသုံးပြုတာ၊
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊ စာသင်ကျောင်းနဲ့ဆေးရုံများကို တိုက်ခိုက်တာ၊ ကလေးတွေအတွက် လူသားချင်းစာနာထောက်ထားမှုဝင်ထွက်ခွင့် ပိတ်ပင်တားဆီးတာ စတဲ့အချက်တွေဖြစ်ပါတယ်။
မြန်မာကလေးသူငယ် ၁,ဝ၁၂ ဦးဟာ ကြီးလေးတဲ့ အခွင့်အရေးချိုးဖောက်မှု ၁,ဝ၃၉ ကြိမ် ကျူးလွန်ခံခဲ့ရပြီး၊ အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာလို့ကုလသမဂ္ဂကအတည်ပြုခဲ့ပါတယ်။
ဒါ့ပြင် ဇွန်လ ၂၈ရက်မှာပြုလုပ်ခဲ့တဲ့ ကလေးသူငယ်များအရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မြင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုတဲ့မိန့်ခွန်း ရေးသားပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ တခြား ကုလသမဂ္ဂနိုင်ငံတွေနည်းတူ မိန့်ခွန်း ပေးပို့ခဲ့တာဖြစ်ပါတယ်။
အဲဒီမိန့်ခွန်းထဲ ကလေးငယ်တွေရဲ့စာသင်ကျောင်းတွေပစ်မှတ်ထားတိုက်ခိုက်ခံရမူတွေ၊ စစ်တပ်က စာသင်ကျောင်းမှာတပ်စွဲထားတာအပြင် စစ်အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်ဦးရေ ၆ဝကျော်နဲ့ပြည်သူ ၉ဝဝ တို့အရေးကို ထည့်သွင်းပြောထားတာကိုလည်းတွေ့ရပါတယ်။
ဒါ့ပြင် အခုလိုကလေးငယ်တွေအပေါ်အခွင့်အရေးကျူးလွန်မူတွေကို ရပ်တန့်ဖို့၊ စစ်အာဏာသိမ်းမှုကိုရပ်စဲဖို့၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးအတွက် တောင်းဆိုမူတွေပြုလုပ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ ထံပေးပို့တဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က မှတ်ချက်ပေးတုံ့ပြန်တာမျိုးမတွေ့ရသေးပါဘူး။