ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. NLD ပါတီနာယက ဦဝင်းထိန်အမှု အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာစစ်ဆေး, ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက် ပြင်ဆင်မှု တင်တာ ထပ်မံပလပ်ခံရ

    နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးဝင်းထိန်ကို ဒီနေ့ဇူလိုင် ၉ ရက် မှာ နေပြည်တော်က သီးသန့်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ တယ်လို့တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

    " ဒီနေ့နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ် ။ နောက်တပတ် သောကြာနေ့၁၆ရက်နေ့မှာတော့ စွဲချက်တင်သင့်မတင်သင့်အမိန့်ချပါမယ် ။ ဘဘက ကျန်းမာရေးတော့ကောင်းပါတယ် ကိုယ်အလေးချိန်တော့ တော်တော်ကျသွားတယ် ။ အရင်ရောက်ကာစ ပေါင် ၁၉ဝ ကနေ ၁၆ဝပဲရှိတော့တယ် "လို့တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

    တခါ ဒီကနေ့ ဇူလိုင် ၉ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဒက္ခိဏခရိုင်တရားရုံးကိုပြင်ဆင်မှုတင်ခဲ့တာမှာလည်း ထပ်မံ ပလပ်ခြင်းခံရတယ်လို့ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါ တယ်။

    "အတိုင်ပင်ခံရဲ့အမှုကို အပြန်လှန်မေးခွန်းမေးတဲ့နေရာမှာ ကျွန်မတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့တရားစွဲဆိုတဲ့ဟာကို ဒါဟာတရားစွဲဆိုရန် အကြောင်းအရာမပေါ်ပေါက်ဘူးဆိုတာသိရဲ့လားလို့မေးတာကို တဖက်ဥပဒေအရာရှိက ဒီမေးခွန်းမမေးသင့်ဘူးဆိုတာကို ကန့်ကွက်တယ် ။ ဒါကိုတရားရုံးကလည်းလက်ခံတယ် ။ အဲ့ဒါကိုကျွန်မတို့ကပြင်ဆင်ဖို့ထပ်လျှောက်တာကိုလည်းဒီနေ့မှာထပ်ပြီးပလပ်ခံလိုက်ရပါတယ် ။ ကျွန်မတို့ဘက်ကတော့ တိုင်းတရားလွှတ်တော်ကိုဆက်တက်မယ်။အမေ့ဘက်ကလည်းပြောထားတယ် ဥပဒေအရလုပ်လို့ရတာအကုန်ဆက်လုပ်ပါဆိုတာ " လို့ရှေ့နေဒေါ်မင်းမင်းစိုးက ဆက်ပြောပါတယ်။

  2. လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက်လုပ်ရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ်လို့ KNDF ပြော

    အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ လူထုအပေါ် အခွင့်အရေးချိုးဖောက်မူတွေဆက် လုပ်လာရင် တိုက်ပွဲတွေပြန်ဖြစ်သွားနိုင်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ကပြောပါတယ်။

    " PDF ဆိုတာ လူထုပေါ်အခြေပြုပြီးဖွဲထားတာဖြစ်တဲ့အတွက် လူထုကိုစိတ်ဒုက္ခရောက်အောင်လုပ်လာရင် အရင်လိုမတည်မငြိမ် အခြေအနေပြန်ဖြစ်နိုင်တယ်၊ စစ်ကောင်စီအနေနဲ့အပစ်ခတ် ရပ်စဲရေးကတိကဝတ်တွေကိုသေချာလိုက်နာဖို့လိုပါတယ် ။ ဒေသခံပြည်သူလူထုအနေနဲ့လည်း မယုံကြည်နိုင်ဘူးဆိုတာသိပေမယ့်ကိုယ့်ဒေသမှာ ကိုယ်အေးအေးဆေးဆေးပြန်နေနိုင်စေချင်တယ်။ လုပ်ငန်းတွေပြန်လည်ပတ်စေချင်တယ် ။ တဖက်မှာလည်း တော်လှန်ရေးက ဆက်လုပ်သွားမှာပါ ။ အပစ်ရပ်သက်တမ်းတိုးရေးမတိုးရေးကတော့ ဖြစ်လာတဲ့အခြေနေပေါ်မူတည်တယ်လို့ " ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

    ကရင်နီပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီ တပ်ဖွဲ့တွေကြား မေလထဲမှာ အပြန်လှန်ပစ်ခတ်မူတွေဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့ ဇွန်လ ၁၅ရက် မှာတော့ အပစ်ခတ် ရပ်စဲရေးယာယီရပ်ဆိုင်းခဲ့ကြတာပါ ။

    အဲ့ဒီနောက်ပိုင်းမှာပဲ စစ်ကောင်စီဘက်က စစ်ဘေးရှောင်ပြည်သူတွေဆီပို့မယ့် ရိက္ခာလမ်းကြောင်းတွေကို တားဆီးတာ ၊ စစ်ဘေးရှောင်တွေ စစ်ရှောင်နေတဲ့နေရာတွေကို နယ်မြေချဲ့တာတွေနဲ့ လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့စစ်ဘေးရှောင်တွေနဲ့စစ်ဘေးရှောင်စခန်းကပြည်သူတွေကို အကူညီပေးနေတဲ့အဖွဲ့အစည်းတွေကလည်းပြောပါတယ် ။

    "လက်ရှိအပစ်ရပ်ထားတာလည်း စစ်ကောင်စီဘက်ကနယ်မြေစိုးမိုးချင်လို့ လုပ်ထားတဲ့ပုံစံဖြစ်နေတယ် ။ သူတို့ဗျူဟာအရလို့ဆိုမလား ။ စစ်ဘေးရှောင်ရှိတဲ့နယ်မြေတွေအထိလွှမ်းမိုးနိုင်အောင်ကြိုးစားပြီးတော့အပစ်ခတ်ရပ်ဖို့လုပ်တာ ။ စစ်ဘေးရှောင်စခန်းတွေကိုလည်းရောက်ရင်လည်း ဖိအားပေးတယ် ။ ရွာကိုအတင်းပြန်ခိုင်းတယ်။ မင်းတို့ပြန်လာနေပါဘာာမှမလုပ်ဘူးလို့ပြောတယ်။ ရွာကလူတွေက မယုံပေမယ့် အဖမ်းခံရမှာလည်းကြောက်တယ် ။လက်နက်တွေလည်း မြို့ထဲကိုလာထုတာတွေရှိတယ် ။ သေနတ်သံတွေကလည်းကြားနေရ တုန်းပဲ ။ အပစ်ခတ်ရပ်စဲရေးကသက်တမ်းထပ်တိုးမယ့်ပုံလည်းမရှိဘူး ဒီလအတွင်းပဲ တကျော့ပြန်ပစ်ခတ်မူတွေပြန်ကြားရလိမ့်မယ် ထင်တယ် " လို့ ကရင်နီလူမူအဖွဲ့အစည်းက အမှုဆောင်ဦးခူးရယ်က ပြောပါတယ် ။

    လက်ရှိမှာ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနဲ့ကရင်နီဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၇၆ယောက်ရှိနေပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေကတော့ ၁၃ဝထိရှိခဲ့တယ်လို့ကရင်နီလူမူအဖွဲ့အစည်းများကွန်ယက်ကက ဇူလိုင် ၇ ရက်က ထုတ်ပြန်ကြေညာပါတယ်။

    ဒါ့အပြင်အပစ်ခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာလည်း ဒေသခံတွေရဲ့ကျေးရွာထဲကလူနေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းတွေကိုယူဆောင်တာ ၊ စစ်ရှောင်စခန်းတွေနားအထိတပ်စွဲထားတာတွေကလည်း ကရင်နီပြည်သူလူထုအပေါ်အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ် ။

    နှစ်ဖက်တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပါတယ်။ လက်ရှိမှာတော့ ဒေသခံတချို့ကရပ်ရွာ အတွင်းပြန်လည်နေထိုင်ကြတာရှိသလို နယ်စပ်စခန်းတွကိုရွှေ့ပြောင်းတာတွေ မြို့ပေါ်တက်တိမ်းရှောင်တာတွေလည်းရှိနေတယ်လို့သိရပါတယ် ။

  3. ကလေးမြို့ကို အောက်ဆီဂျင် ဝင်ရောက်မှုနည်းနေလို့ အလှည့်ကျသာဖြည့်ပေးနေရ

    ကလေးမြို့ကို အောက်ဆီဂျင်ဝင်ရောက်တာ မရှိသလောက်နည်းနေလို့ မြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ကုမ္ပဏီတွေ က ရတဲ့အောက်ဆီဂျင် နဲ့လက်ကျန်ရှိတာတွေကို အလှည့်ကျပုံစံနဲ့ ဖြန့်ဝေပေးနေကြရတယ်လို့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ ကလေးမြို့မှာ အိမ်တိုင်းနီးပါး ကိုဗစ်ကူးစက်ခံနေရလို့ အောက်ဆီဂျင် အိုးကြီး၊အိုးသေး ဖြည့်ပေးတဲ့နေရာ ၁၀နေရာလောက်ရှိပေမယ့် လိုအပ်ချက်များပြီး အောက်ဆီဂျင်ပြတ်လပ်တဲ့ အထိဖြစ်နေတာလို့ ဆိုပါတယ်။ '' အမှန်က တော့ အောက်ဆီဂျင်လုံလုံလောက်လောက်ရရင် အသက်တွေလည်းကယ်နိုင်မယ်၊ အရင်နှစ်ရက် ဒီမှာ အောက်ဆီဂျင်လုံးဝပြတ်တော့ လူနာ ၄၀ကျော်လောက်အထိသေသွားကြရတယ်၊ ဒီမှာ လုံးဝမရလို့ ရန်ကုန်၊မန္တလေး အထိဆင်းဝယ်ကြရတယ်၊ ဒါပေမယ့် ဝယ်မရကြဘူး၊ဒီရက်ကတော့နည်းနည်း ပြန်ဝင်လာတယ်၊ဒါပေမယ့်မလုံလောက်ဘူး၊ ဒီနေ့တော့ မနက်ပိုင်းက တချို့နေရာတွေဖြည့်ပေးကြတယ်၊ နေ့လည်းပိုင်းတချို့ဖြည့်ပေးကြတယ်'' လို့ ကလေးမြို့မှာ အောက်ဆီဂျင်ရရှိရေး ကူညီပေးနေတဲ့ Lucas Tuang ဆောက်လုပ်ရေးက ဝန်ထမ်းတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကလေးမြို့မှာ ကိုဗစ်ကူးစက်သူဦးရေ ရာချီရှိနေပြီး ကူးစက်နှုန်းမြင့်တက်နေသလို သေဆုံးသူကနေ့စဉ် ၂၀ ခန့်ရှိနေတာပါ။ လတ်တလောမှာ လူနာတွေအတွက် အောက်ဆီဂျင်မရရှိသလို အောက်ဆီဂျင်ထည့်ဖို့ဘူးခွံအထိရှားပါးလာတယ်လို့ မြို့ခံတွေ ကပြောပါတယ်။

  4. မူဆယ်မြို့တွင် ပိုးတွေ့လူနာ ၃၀၀နီးပါးရှိလာလို့ ရပ်ကွက်အလိုက် လော့ခ်ဒေါင်းချလာ

    ရှမ်းမြောက် ၊ မူဆယ်မြို့ မှာ နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင်၊မြို့တွင်း ကိုဗစ်ကူးစက်သူ ဦးရေ ၃၀၀နီးပါးရှိလာလို့ အဖြစ်များတဲ့ ရပ်ကွက် အလိုက် လောခ့်ဒေါင်းချ ထားတယ်လို့ မူဆယ်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ လက်ရှိမှာမြို့တွင်း လူအသွားအလာမရှိသလောက်ဖြစ်နေပြီး လုပ်ငန်းတွေလည်း ပိတ်ထားကြတယ်လို့ ဆိုပါတယ်။ တခါ တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်ကြီးတွေဖြစ်တဲ့ ဝမ်တိန်၊မန်ဝိန်းနဲ့ ကျင်စန်းကျော့ ဂိတ်အားလုံးကိုလည်း ခေတ္တပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက် အဝင်ကိုလည်း တရုတ်ဘက်ကလုံးဝခွင့်မပြုတော့ဘဲပိတ်ထားလိုက်ပြီး ရွှေလီနဲ့ကြယ်ဂေါင်ထဲမှာရှိနေသူ အားလုံးကို ကိုဗစ်စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

  5. လျှပ်စစ်မီတာခတွေ ပုံမှန်ပြန်လည်ပေးဆောင်ဖို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်လာ

    ပြည်သူတွေအနေနဲ့ လစဉ် လျှပ်စစ်ဓာတ်အားခပေးဆောင်ရတာဟာ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်လို့ ပုံမှန်ပေးဆောင်ပေးကြဖို့ဆိုပြီး စစ်ကောင်စီလက်အောက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ကထုတ်ပြန်လာပါတယ်။ ပြည်သူတွေ ဓာတ်အားခ မပေးချေကြဖို့ နဲ့ လျှပ်စစ်ဓာတ်အားခတွေ ကောက်ခံနေတာကို ရပ်တန့်ဖို့ ဆိုတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ) ရဲ့ သတိပေးချက်ဆိုတာဟာ ပြည်သူတွေ ထိခိုက်အန္တရာယ်ရှိလာအောင် ပြုလုပ်နေတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ လျှပ်စစ်ဓာတ်အားကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးဖို့အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့နဲ့(LNG) ဓာတ်အားခတွေအတွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး ပြည်သူတွေ လျှပ်စစ်မီးလျော့နည်း ရရှိကာ မီးများအလှည့်ကျပေးရတဲ့အထိ ဖြစ်အောင် (ဖ.ဆ.လ.တ) ကလုပ်ဆောင်နေတာဆိုပြီး ပြောဆိုရေးသားထားတာကို အဲဒီထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့အပြင် ပုဂ္ဂလိကပိုင်စက်ရုံတွေကလည်း လျှပ်စစ်ဓာတ်အားတွေကို ဝယ်ယူဖြန့်ဖြူးပေးနေရတာကြောင့် လျှပ်စစ်ဓာတ်အားခတွေကို ပေးသွင်းမှသာ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူးပေးနိုင်မယ်လို့ လည်းပါရှိပါတယ်။ ပြည်သူအများစုကတော့ စစ်ကောင်စီလက်အောက် ကောက်ခံမယ့် အခွန်အမျိုးမျိုးကို ပေးဆောင်မှာ မဟုတ်ဘူးလို့ လူမှုကွန်ရက်အပါအဝင် အချင်းချင်းကြားပြောဆိုနေကြ တာတွေ့ရပါတယ်။

  6. ရန်ကုန် စမ်းချောင်းလျှပ်စစ်ရုံးပေါက်ကွဲမှုဖြစ်

    ရန်ကုန် မြေနီကုန်းစီးတီးမတ် ဈေးဝယ်စင်တာ အနီးမှာရှိတဲ့ စမ်းချောင်းမြို့နယ် လျှပ်စစ်ရုံးမှာ ဒီကနေ့ မနက် ၁၀နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်တယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။ " မနက်ကတည်းက အဲ့ဒီမီတာရုံးထဲမှာ စစ်သားတွေရောက်နေတာတွေ့တယ် ။ဗုံးမပေါက်ခင်ကတည်းကရောက်နေတာ။ကြည့်ရတာမီတာခ လိုက်ကောက်ဖို့ထင်တယ် ။ခဏနေတော့ ကျွန်တော်စီးတီးမတ်ထဲသွားနေတုန်း ပေါက်တဲ့အသံကြားလိုက်တာပေါက်တာကတော့ EPC ရုံးထဲမဟုတ်ဘူး ။ ရုံးဘေးက ဓါတ်တိုင်မှာ ပေါက်တာပေါက်ပေါက်ချင်းပဲ အထဲကစစ်သားတွေထွက်လာတာ တွေ့ရတယ် ။ လူတော့မထိဘူးထင်တယ်လို့"ပေါက်ကွဲမူဖြစ်စဉ်အနီးမှာ ရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။လက်ရှိမှာတော့ စမ်းချောင်းလမ်းနဲ့ မြေနီကုန်းစီးတီးမတ်အနီးတဝိုက်မှာ ပိတ်ဆို့စစ်ဆေးမူတွေလုပ်နေတယ်လို့သိရပါတယ် ။ ဒီနေ့မနက်ပိုင်းက လည်း လမ်းမတော်နဲ့မင်္ဂလာဒုံ မြို့နယ်အနီးမှာရှိတဲ့လျှပ်စစ်မီတာရုံးတွေလည်း ပေါက်ကွဲမူဖြစ်ခဲ့ပါသေးတယ် ။

  7. လှည်းကူးမြို့မှာ အောက်ဆီဂျင်အိုး လိုအပ်မှုတွေ များလာ

    လှည်းကူးမြို့မှာ အောက်ဆီဂျင်အိုး လိုအပ်မှုတွေ များလာသလို သေဆုံးသူအားလုံးနီးပါးဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ ကူညီလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ ရန်ကုန်မြို့မှာလည်း လိုအပ်နေတဲ့ အောက်စီဂျင်ဝယ်မရဖြစ်နေတာကြောင့် လှည်းကူးမြို့နယ်အတွက် အောက်စီဂျင်အခက်အခဲတွေဖြစ်နေကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းကပြောပါတယ်။ "ကရုဏာရှင်မှာက အောက်စီဂျင် အိုးကြီး ၈၀၊ အိုးသေး ၁၅၀လောက်ရှိတယ်။ အဓိကကတော့ ရပ်ကွက် ၅ခုကို အဓိကထားရတာပေါ့ ၊ အခမဲ့ပါပဲ။ ကျေးရွာတွေကိုကျတော့ ဒီတခြားပရဟိတအဖွဲ့တွေကကျွန်တော်တို့ဆီက ပြန်ယူပြီး ကူပေးနေကြတာပေါ့။ ဆေးရုံကလည်း သူတို့ကို တခါတည်းဖြည့်ပေးတာ။ အရင်ကလည်ပတ်တယ်။ အခုကျတော့ အသစ်အဟောင်းလှယ်တာတွေက ရန်ကုန်မှာလည်း မရဘူးဖြစ်နေတော့ ခဏရပ်ထားရတယ်။ အောက်စီဂျင်ဖြည့်ဖို့ တန်းစီထားရတယ် " လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းက ပြောပါတယ်။ လှည်းကူးမြို့မှာ ဇူလိုင် ၈ ရက်နေ့ တစ်ရက်တည်း ကိုဗစ်သံသယလူနာ ၃ ဦးနီးပါးကို သင်္ဂြိုဟ်ပေးရတယ်လို့ ကူညီလုပ်ဆောင်ပေးနေတဲ့ ကရုဏာရှင်အသင်း လူမှုကူညီရေးအသင်းကပြောပါတယ်။ အဆိုပါ သံသယလူနာ ၃ ဦးဟာ ဒီနေ့ တစ်ရက်တည်း အောက်ဆီဂျင်ကျပြီး သေဆုံးခဲ့တာဖြစ်ပြီး ကိုဗစ်သံသယနဲ့ သင်္ဂြိုဟ်ပေးရတယ်လို့ ပြောပါတယ်။ " လူနာတွေက အခုက ရောနေတာ၊ ကိုဗစ်ပုံစံမျိုးနဲ့ အောက်ဆီဂျင်ကျပြီး အပြင်ကလူတွေလည်း သေကြတာ" လို့ သေဆုံးလူနာတွေကို ကူညီသင်္ဂြိုဟ်ပေးရတဲ့ ကရုဏာရှင်အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လှည်းကူးမြို့နယ်က ကိုဗစ်အတည်ပြုလူနာတွေကို မြို့နယ်ဆေးရုံအပြင် ရန်ကုန်မြို့မှာရှိတဲ့ ကိုဗစ်ကုသစင်တာတွေကိုလည်းလွှဲပြောင်းပြီး ကုသမှုပေးနေရတယ်လို့ ဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရသူတစ်ဦးက ပြောပါတယ်။ " ရန်ကုန်က ကုသစင်တာတွေကိုလည်း လွှဲပေးနေရတယ်ပြောတယ်။ ဒီနေ့တင် ကျွန်မတို့နေတဲ့အဆောင်ကိုထပ်ဝင်လာတာတွေများတယ်၊ ခုတင်မရဘာမရနဲ့၊ ဒီတိုင်းနေရတာပဲ။တစ်နေ့ပြီး တစ်နေ့ထပ်တိုးလူနာတွေများလာတာ၊ ၉၀လောက်တော့ရှိမယ်ထင်တယ် " လို့ သူကပြောပါ တယ်။ လှည်းကူးမြို့မှာလည်း ကိုဗစ်သံသယလူနာတွေဟာ နေအိမ်မှာသီးသန့် ကုသမှုတွေရှိနေကြပြီး အိမ်မှာနေထိုင်ရင်း အသက်ရှူကြပ်တဲ့ အခါ အောက်ဆီဂျင် ဘူးတွေ ရှာနေဝယ်နေရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ " ဘယ်သွားကုရမှန်းလည်းမသိဘူး။ သွားလည်းလက်မခံတာကများတယ်။ အသိတစ်ယောက်ဆိုဗျာ ဆေးရုံတွေက ဟိုလွှဲဒီလွှဲရင်းပဲ လမ်းမှာဆုံးသွားရတယ်။ အဲတော့ ဆရာဝန်တွေနဲ့ ချိတ်ဆက်တယ်။ သူတို့လမ်းညွှန်မှုနဲ့ပဲ ကိုယ့်ဘာကိုယ် ကုနေရတယ်။ အဲလိုတွေလည်း တို့မြို့မှာများတယ် ၊ ဆေးရုံသွားလည်း ဒီအတိုင်းပဲ၊အဲတော့မထူးဘူး " ဟု ကိုယ်တိုင်ကြုံတွေ့နေရသူတစ်ဦးက ပြောပါတယ်။ ကိုဗစ်တတိယလှိုင်းကို စတင်ရင်ဆိုင်လာရတဲ့ လှည်းကူးမြို့မှာလည်း အောက်စီဂျင်ရှားပါးမှုဖြစ်ပေါ်နေပြီး အခုရက်ပိုင်းအတွင်းမှာ အောက်ဆီဂျင်မရလို့ နေအိမ်တွေမှာ နေထိုင်ကုသနေတဲ့ ကိုဗစ်သံသယ လူနာတွေ သေဆုံးမှုတွေရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

  8. တစ်နိုင်ငံလုံး ကျောင်းတွေ မနက်ဖြန်က စပြီး ယာယီ ပိတ်မယ်

    ကိုဗစ် ကူးစက်မှု များပြားလာတဲ့ အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးက အခြေခံပညာကျောင်းတွေကို မနက်ဖြန်က စပြီး သီတင်းနှစ်ပတ်ခန့် ယာယီ ပိတ်မယ်လို့ ကိုဗစ် ထိန်းချုပ်ကုသရေး ဗဟို ကော်မတီက ဒီကနေ့ရက်စွဲနဲ့ ကြေညာပါတယ်။

    ကျောင်းတွေကို မနက်ဖြန် ဇူလိုင် ၉ ရက်ကနေစပြီး ၂၃ ရက် အထိ ယာယီ ပိတ်ထားဖို့ အဲဒီ ကြေညာချက်မှာ ပါပါတယ်။

    ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းအားလုံး ပိတ်ထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    မေလနောက်ဆုံး သီတင်းပတ်တွေမှာ ကိုဗစ်ကူးစက်မှု ပြည်တွင်းမှာ မြင့်တက်လာခဲ့ပေမဲ့ အခြေခံပညာကျောင်းတွေကို ပုံမှန်အတိုင်း ဇွန်လ ၁ ရက်မှာ စဖွင့်ခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမဲ့ အခုနှစ်မှာ ကိုဗစ်ကူးစက်မှု စိုးရိမ်မှုတွေ အပြင် စစ်အာဏာသိမ်း ဆန့်ကျင်တာကြောင့် ကျောင်းအပ်နှံသူ အများကြီးလျော့နည်းခဲ့ပါတယ်။

  9. အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

    မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဖမ်းဆီးထားတာကို ရှုတ်ချကြောင်း အမေရိကန် ရှေ့နေများ ဘားအသင်း ABA က ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ABA ရဲ့ လက်ရှိ ဥက္ကဌ မစ္စ ပက်ထရစ်ရှာ လီရီဖိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

    အဲဒီစာထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ရူးလ်အော့ဖ်လောကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ် ဆိုပြီး ရေးသားထားပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေး။ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အခြေခံဥပဒေနဲ့ညီတဲ့ အစိုးရတွေ ထူထောင်ထားရှိရေး ဆိုတဲ့ အာဆီယံ ပဋိညာဥ်ပါ အချက်တွေကို ချိုးဖောက် ရာရောက်နေတယ်လို့ အမေရိကန် ရှေ့နေများ ဘားအသင်းရဲ့ ဥက္ကဌက ထောက်ပြထားပါတယ်။

    အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားတဲ့ လုပ်ရပ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို မလေးစား မလိုက်နာတဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မစ္စ လီရီဖိုက ရှုတ်ချပါတယ်။

    စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ တရားရေးစနစ်တစ်ခုလုံးကို ပစ်ပယ်လိုက်တာ ဖြစ်ပြီး၊ ရှေ့နေနဲ့ တရားသူကြီးတွေဟာ အမှီအခိုကင်း သီးသန့်လွတ်လပ်ဖို့ လိုတယ် ဆိုတဲ့ အခြေခံမူကိုပါ ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

    သီးသန့်လွတ်လပ်တဲ့ တရား စီရင်ရေး အာဏာကို ပျက်ပျယ်စေတဲ့ မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လုပ်ရပ်တွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရှေ့နေတွေကိုပါ မရှောင် ပစ်မှတ်ထား ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေဟာလည်း အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ ရေးသားထားပါတယ်။

    စစ်ခေါင်းဆောင်တွေ အနေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို လေးစားပြီး အရပ်သား အစိုးရနဲ့ CRPH အဖွဲ့ဝင်တွေ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ထံ အာဏာပြန်အပ်ဖို့ အေဘီအေ အဖွဲ့က တောင်းဆိုပါတယ်။

    ဒါ့အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိဖို့၊ ရှေ့နေတွေကို အန္တရာယ်မပြုဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနေတာတွေ ရပ်ဖို့နဲ့ ကျုးလွန်တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ ဖို့ ဆိုတာတွေလည်း အေဘီအေ အဖွဲ့က အကြံပြုပါတယ်။

    အမေရိကန် ရှေ့နေများ ဘားအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တရားလွှတ်တော်ရှေ့နေတွေ အပါအဝင် ဥပဒေ ပညာရှင်တွေ ပေါင်းစုထားတဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

    ဥပဒေကျောင်းတွေမှာ ပညာရပ်ပိုင်းဆိုင်ရာ စံနှုန်းတွေ သတ်မှတ်တဲ့ အခါမျိုး၊ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းရင် ထားရှိရမယ့် ကျင့်ဝတ်တွေကို အဓိပ္ပာယ်ဖွင့် ဖော်ဆောင် သတ်မှတ်တဲ့ အခါမျိုးတွေမှာ ဩဇာရှိ လွှမ်းမိုးတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

    အေဘီအေရုံးချုပ်ဟာ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်မှာ ရှိပြီး ဝါရှင်တန်ဒီစီမြို့ ရုံးခွဲကလည်း နာမည်ကျော်ထင်ရှားတဲ့ အေဘီအေရုံးပဲ ဖြစ်ပါတယ်။

  10. တရုတ်နယ်စပ် ဂိတ်အားလုံး ပိတ်၊မြန်မာ တရုတ် ကုန်သွယ်မှု ရပ်

    မြန်မာ-တရုတ်နယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ တိုးလာလို့ဆိုပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်တွေကို ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က တရုတ်နိုင်ငံဘက်က ပိတ်လိုက်တယ်လို့ မြန်မာ-တရုတ် နယ်စပ်ကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လောလောဆယ် ရက်အကန့်အသတ်မရှိ ပိတ်ထားပေမယ့် ၁၄ ရက် သို့မဟုတ် ၂၁ ရက်လောက် ကြာနိုင်တယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

    ပို့ကုန်ရော သွင်းကုန်ရော ပိတ်လိုက်တဲ့ မြန်မာ-တရုတ် နယ်စပ်မှာ ဟိုဘက် ဒီဘက် ကားစီးရေ ၂၀၀၀ လောက် ပိတ်မိနေတယ် လို့ သူကပြောပါတယ်။

    မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ ရွှေလီမြို့ကို ကိုဗစ်ရောဂါကူးစက်မှု ထပ်ပြီးပေါ်ပေါက်လာတဲ့ အတွက် တရုတ်အာဏာပိုင်တွေ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က လော့ခ်ဒေါင်းချခဲ့ပါတယ်။

    စီးပွားရေး လုပ်ငန်းတွေ အားလုံးနီးပါး ပိတ်သွားပြီး ရွှေလီမြို့က လူတွေ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်က ရွှေလီမြို့မှာ ပိုးတွေ့ရသူ နောက်ထပ် ၁၅ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီ့မတိုင်ခင် ၂ ရက် တုန်းကလည်း ၆ ဦး တွေ့ရှိထားပါတယ်။ ရွှေလီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဆေးရုံ၊ ဆေးဆိုင်နဲ့ မရှိမဖြစ် ပစ္စည်းတွေ ရောင်းတဲ့ ကုန်စုံဆိုင်တွေကလွဲလို့ စီးပွားရေး အားလုံး ပိတ်ရမယ်လို့ လည်းထုတ်ပြန်ခဲ့ပါတယ်။

    အရင်ကတော့ နယ်စပ်တွေမှာ ပိတ်မိနေတဲ့ ကားတွေကို နှစ်နိုင်ငံ ကုန်သွယ်ရေး အစီစဥ်နဲ့ ကြားဖြတ်ထုတ်ပေးတဲ့ အစီစဥ်တွေရှိလေ့ရှိပြီး ချက်ခြင်းကြီးတော့ မဖြစ်နိုင်ကြောင်း ၊ အနည်းဆုံး‌ ၅ ရက် ကနေ တစ်ပတ်လောက်တော့ စောင့်ရဖို့ရှိတယ်လို့ လည်း သူကရှင်းပြပါတယ်။

  11. ဝေ့မန်းနီး က ပုံမှန်ဆက်လည်ပတ်မယ်လို့ ပြော

    Telenor Group ရဲ့ အစုရှယ်ယာဝင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဝေ့မန်းနီးဟာ မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို ဆက်လက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    အစုရှယ်ယာတွေ ရောင်းချလိုက်တဲ့ တယ်လီနော မြန်မာနဲ့ ဝေ့မန်းနီးတို့ဟာ သီးခြားရပ်တည်တဲ့လုပ်ငန်းတွေဖြစ်ပြီးတော့ တယ်လီနောမြန်မာကို လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းဟာ ဝေ့မန်းနီးနဲ့ တိုက်ရိုက်ဆက်နွယ်မှုမရှိဘူးလို့ ပြောပါတယ်။

    တယ်လီနော ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာ ၁၀၅ သန်း နဲ့ လက်ဘနွန်အခြေစိုက် M1 ဆက်သွယ်ရေး ကုမ္ပဏီကို ရောင်းချလိုက်တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    အခုလိုရောင်းချလိုက်ပေမဲ့ တယ်လီနောကုမ္ပဏီ ရဲ့ဝန်ဆောင်မူ့လုပ်ငန်းတွေဟာ ဆက်လက် လည်ပတ်နေမှာဖြစ်သလို့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မူ့ပေးနေတဲ့လုပ်ငန်းတွေလည်း လက်ရှိအခြေအနေ အတိုင်း ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း တယ်လီနောမြန်မာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  12. နမ္မတီးမြို့ အာဏာရှင်စနစ်ဆန့်ကျင့်တဲ့ ပြောက်ကျားသပိတ်ပြုလုပ်

    မိုးကောင်းမြို့နယ် နမ္မတီးမြို့က အာဏာရှင်စနစ်ကို ပြောက်ကျားသပိတ်နဲ့အခက်အခဲတွေကြား မှာ ဆက်လက်တော်လှန်နေဆဲဖြစ်တယ်လို့ပြောပါတယ်။

    အရင်က ဆိုင်ကယ်သပိတ် လမ်းလျှောက်သပိတ်ဆိုပြီး မြို့တွင်းမှာ သပိတ်တွေလှုပ်ရှားပေမဲ့ အခုကတော့ ပြောက်ကျားသပိတ် နဲ့ဘဲ တော်လှန်နေရတာပါ။

    မြို့ကကျဉ်းပေမဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တာကတော့ အားရစရာဖြစ်တယ်လို့ ပြောပါတယ်။

    မြို့ကကျဥ်းတော့ ခက်ခဲမှုရှိသလို အခုဖြစ်နေတဲ့ ကိုဗစ်အခြေအနေနဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာလည်း ပိုပြီး ဂရုစိုက်နေရတယ်လို့ပြောပါတယ်။

    ကိုဗစ်ကို အမှုမထားဘဲ အာဏာရှင်စနစ်ကို ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ သပိတ်ပါဝင်သူက ပြောပါတယ်။

  13. ကိုဗစ်ကူးစက်သူ တစ်ရက်တည်း လေးထောင်ကျော် ရောက်လာ

    ကိုဗစ်ကူးစက်မှုနှုန်း ၁၀ ရက် အတွင်း လေးဆဝန်းကျင် တိုးလာပြီး ကိုဗစ်ကူးစက်သူ အသစ် ဒီကနေ့ တွေ့ရှိမှု ၄၁၃၂ ဦး နဲ့ သေဆုံးသူ ၅၁ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

    ဒါဟာ တတိယလှိုင်းအတွင်း ပထမဆုံးအကြိမ် တစ်ရက်တည်း လေးထောင်ကျော် အထိ တွေ့ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့လ ၂၈ ရက်မှာ ပထမဆုံး တစ်ရက်တည်း ကူးစက်သူ တစ်ထောင်ကျော်ရှိခဲ့ရာက ရက်ပိုင်းအတွင်း အခုလို မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၈၀,၀၅၅ ဦး ရှိပြီး သေဆုံးသူ ၃,၆၂၁ ဦး ရှိပြီ ဖြစ်ပါတယ်။

    ကူးစက်မှု များပြားလာတာနဲ့အတူ ကိုဗစ်ကူးစက်သူနဲ့ သံသယလူနာတွေ ကုသမှု ခံယူရမယ့်နေရာ အခက်အခဲနဲ့ အောက်ဆီဂျင် လိုအပ်မှုတွေက ကူးစက်မှု မြင့်ခဲ့တဲ့ နယ်မြို့တွေမှာသာမက မြို့ကြီးတွေမှာပါ ခက်ခဲလာပါတယ်။

    ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် နိုင်ငံတစ်ဝန်း Stay at home သတ်မှတ်ထားတဲ့ မြို့နယ်နဲ့ ဒေသ ၄၅ ခု အထိ ရှိနေပါပြီ။

  14. မန္တလေး ကိုဗစ် သေဆုံးသူအများစု အောက်ဆီဂျင် ပြတ်လပ်မှုကြောင့်လို့ဆို

    မန္တလေးမြို့မှာ ဒီနေ့ တစ်ရက်တည်း အောက်ဆီဂျင်ပြတ်ပြီး ကိုဗစ်နဲ့ သေဆုံးသူ ၂၇ ယောက်ကို သင်္ဂြိုဟ်ပေးရတယ်လို့ ပရဟိတ လူမှုကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

    " ဒီနေ့ ရင်ခွဲရုံမှာကို မနိုင်လို့ ကျန်ခဲ့သေးတယ်။ ဆေးရုံမှာရော အပြင်က သေဆုံးသူတွေပါ ပါတယ်။ အောက်ဆီဂျင်ပြတ် သေတာ။ ကိုဗစ်ပုံစံမျိုးနဲ့ အောက်ဆီဂျင်ကျပြီး အပြင်ကလူတွေလည်း သေကြတာ" လို့ သေဆုံးလူနာတွေကို သယ်ဆောင် သင်္ဂြိုဟ်ပေးရတဲ့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌက ပြောပါတယ်။

    ဇူလိုင် ၈ရက် ကိုဗစ်လူနာ သေဆုံးသူတွေထဲမှာ အသက် ၂၉နှစ်အရွယ် ကနေ ၈၈ နှစ် အရွယ်တွေအထိ ဖြစ်ပါတယ်။

    မန္တလေးမြို့မှာ အောက်ဆီဂျင်အိုး လိုအပ်မှုတွေ များလာသလို သေဆုံးသူအားလုံးနီးပါးဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးရတာဖြစ်တယ်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

    ဇူလိုင် ၇ ရက် က ကိုဗစ်လူနာ သေဆုံးစာရင်းမှာ တစ်လခွဲအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။

    မန္တလေးမြို့က ကိုဗစ်အတည်ပြုလူနာတွေကို ဆေးရုံကြီး၊ တိုင်းရင်းဆေး၊ ဇီဝိတဒါန သံဃာ့ ဆေးရုံတွေအပြင် လက်ရှိမှာ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံတွေမှာပါ ကုသမှုပေးနေပါတယ်။

  15. ရန်ကုန်မှာ အောက်ဆီဂျင်ဝယ်မရဖြစ်

    ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေ အတွက် ဆေးရုံတွေ တက်ဖို့အခက်အခဲရှိနေသလို လိုအပ်တဲ့ အောက်ဆီဂျင်လည်း ဝယ်မရဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကိုဗစ်လူနာတွေဟာ အိမ်မှာနေထိုင်ရင်း အသက်ရှူကျပ်တဲ့ အခါရှူဖို့အောက်ဆီဂျင် ဘူးတွေ လိုအပ်ပြီး လိုအပ်ချက်ရှိလို့ ညမထွက်ရ အမိန့်ကို တောင်မမှုဘဲ အောက်ဆီဂျင် ထွက်ရှာနေကြရတယ်လို့လည်း ရန်ကုန်မြို့ခံ အချို့ကပြောပါတယ်။

    အောက်ဆီဂျင် ဘယ်လောက်ပြတ်လဲဆိုတော့ ပေးစရာအိုးလည်းမရှိတော့ဘူး ၊ရောင်းဖို့လည်းမရှိတော့ဘူး ၊ ထုတ်တဲ့သူတွေရော၊ စက်ရုံတွေရော၊ ဝယ်ရောင်းလုပ်သူတွေရော ၊ ဖုန်းတောင်မကိုင်တော့တဲ့ အနေအထား မပေးနိုင်တော့တဲ့ အနေအထားဖြစ်နေတယ်လို့ ကိုဗစ်လူနာတွေအောက်ဆီဂျင်ရရှိရေး အကူအညီပေးနေတဲ့ စေတနာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    ကိုဗစ်-၁၉ ရောဂါနဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းကလေးမြို့မှာလည်း အောက်ဆီဂျင်ပြတ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကအောက်ဆီဂျင်မရလို့ နေအိမ်တွေမှာ နေထိုင်ကုသနေတဲ့ ကိုဗစ်သံသယ လူနာတွေ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  16. မော်လမြိုင်ဆေးရုံကြီး ဇူလိုင် ၈ ရက် နေ့ ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြု လူနာငါးဦး သေဆုံး

    မော်လမြိုင်ဆေးရုံကြီးမှာ ကိုဗစ် -၁၉ဓာတ်ခွဲအတည်ပြုလူနာအဖြစ် ဆေးကုသမှုခံယူနေတဲ့ လူနာငါးဦး ဇူလိုင် ၈ ရက် နေ့က သေဆုံးခဲ့တယ်လို့ မော်လမြိုင် ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

    သေဆုံးသူတွေဟာ အသက် ၅၀ ကနေ ၆၀နှစ် အတွင်းရှိတဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်ပြီးတော့ မော်လမြိုင်မြို့ပေါ်နဲ့ နယ်ဘက်ကလူတွေလည်းပါဝင်တယ်လို့လည်း သူတို့ကပြောပါတယ်။

    မော်လမြိုင်မှာ ကိုဗစ်လူနာသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီးတော့ ဇွန်လ နဲ့ ဇူလိုင်လ အစအတွင်း သေဆုံးသူ(၄၀)ခန့်ရှိသွားပြီလို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကမော်လမြိုင်မှာ ကိုဗစ် အတည်ပြုလူနာ ၁၁ ဦး အထိသေဆုံးခဲ့ပါတယ်။

  17. ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်၊ နှစ်ဦးသေဆုံး

    ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာမှာ ဇူလိုင်လ ၇ ရက် ညပိုင်းက ဒေသန္တရပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပျူစောထီးလို့ ယူဆရတဲ့ အဖွဲ့တို့ ပစ်ခတ်မှုတွေဖြစ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နှစ်ဦးသေဆုံးကြောင်း ဒေသခံရွာသားအချို့ရဲ့ပြောကြားချက်တွေကို ကိုးကားပြီးDawei Watch ကရေးပါတယ်။

    ရောင်းမော်ကျေးရွာ မူလတန်းကျောင်းမှာ ဇူလိုင် ၇ ရက်နေ့ည မနေ့ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီးနောက် ပျူစောထီးအဖွဲ့နဲ့ ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်တဲ့ သေနတ်သံတွေ ကြားရကြောင်း အခင်းဖြစ်ပွားတဲ့နေရာအနီးမှာနေထိုင်တဲ့ ရောင်းမော်ကျေးရွာသူတစ်ဦးက ပြောတယ်လို့ဆိုပါတယ်။

    ဒေသခံများက ပျူစောထီးအဖွဲ့ လို့ပြောဆိုကြပေမဲ့ ဟုတ်မဟုတ်ဆိုတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဒေသတွင်း အခြားသတင်းအချို့မှာတော့ ဒီပစ်ခတ်မှုမှာပါဝင်ခဲ့သူတွေက သူတို့ဟာ ပျူစောထီးအဖွဲ့မဟုတ်ဘဲ ပြည်သူ့စစ်အဖွဲ့သာဖြစ်တယ်လို့ လည်းပြောပါတယ်။

    ပစ်ခတ်မှုတွေဖြစ်ပွားပြီး ခဏအကြာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကား ၆ စီးခန့်ရောက်လာပြီး သေနတ်တွေ ဆက်တိုက်ကြားရကြောင်း ဒေသခံအမျိုးသမီးက ပြောပါတယ်။

    သေဆုံးသူနှစ်ဦးဟာ ဗုံးလာထောင်သူ ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကက သက်လတ်ပိုင်းအမျိုးသားတစ်ဦးနဲ့ အသက်ငယ်ပိုင်း အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်တွေက အလောင်းကို သယ်သွားတယ်လို့လည်းပြောပါတယ်။

    အဲ့ဒီရွာမှာ မနေ့ည ၁၂ နာရီခန့်ကတည်းက အနီးဝန်းကျင်က နေအိမ်တွေ လမ်းကြားတွေကို အဓိကထား ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနေအိမ်အချို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ သလို ဒီကနေ့ ဇူလိုင်လ ၈ ရက်‌နေ့ မနက်ပိုင်းမှာလည်းရှာဖွေမှုတွေလုပ်နေလို့ ရွာသားအချို့စိုးရိမ်ပြီးရှောင်တိမ်းနေကြတယ်လို့လည်းသိရပါတယ်။

  18. ရခိုင်တပြည်နယ်လုံး ကိုဗစ်ကူးစက်သူပေါင်း ၅၀၀ ခန့်ရှိလာ, ပိုးတွေ့ကျောင်းတွေမှာ ပညာသင်ကြားမှု ယာယီရပ်နားထား

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားနေတဲ့အချိန် ပိုးကူးစက်ခံထားရသူတွေကို တစ်နေ့ထက်တစ်နေ့ စစ်ဆေးတွေ့ရှိလာနေရပြီး တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ကူးစက်ခံထားရသူပေါင်း ၅၀၀ ဝန်းကျင်အထိ စစ်ဆေးတွေ့ရှိထားပါတယ်။

    လက်ရှိမှာ ကျောင်းဖွင့်ရာသီဖြစ်ပြီး ကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့အချိန်လည်းဖြစ်သလို ကူးစက်ခံထားရသူတွေထဲ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေလည်း တွေ့ရှိထားတာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၁၀ ခုကျော် ရှိလာနေပြီး အဲဒီထဲက သံတွဲ၊ မောင်တော၊ ပေါက်တော၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ ပိုးကူးစက်ခံထားရတဲ့ ဆရာဆရာမ ၇ ဦးနဲ့ ကျောင်းသူကျောင်းသား ၉ ဦး စုစုပေါင်း ၁၆ ဦးတို့မှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ပြည်နယ်ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။

    အဲ့ဒီကျောင်းတွေမှာ ပိုးတွေ့ရှိထားသူတွေနဲ့ ဆက်စပ်သူတွေမှာ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးမှုတွေပြုလုပ်ပြီး ရောဂါလက္ခဏာမပြသူတွေကို နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်ကြဖို့၊ ကျောင်းတွေကိုလည်း ပညာသင်ကြားမှုတွေ ယာယီရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့ရှိမှုတွေများပြားလာနေပေမယ့် ဒေသတွင်းကူးစက်မှုက ၁၇ ရာခိုင်နှုန်းသာရှိပြီး အများစုကတော့ ပြည်နယ်ပြင်ပက ဝင်ရောက်လာသူတွေမှာ တွေ့ရှိနေရတာဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

    ပိုးတွေ့ရှိမှုအများဆုံးမြို့နယ်တွေကတော့ မောင်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေဖြစ်ကြပြီး စစ်တွေမြို့နယ်အတွင်းမှာတော့ ပိုးတွေ့ရှိသူအများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်စည်ပို့ဆောင်ရေးလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းက သင်္ဘောသားတွေဖြစ်ကြပြီး မောင်တောမြို့နယ်မှာလည်း ပြည်မဘက်က ပြောင်းရွှေ့လာခဲ့ကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုလည်း မကြာခင်ပိတ်သိမ်းသွားတော့မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။

  19. ရွှေနန်းတော်ရွှေဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

    စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ရွှေနန်းတော်စိန်ရွှေရတနာဆိုင်မှာ ဒီနေ့မွန်းလွဲ ၂ နာရီထိုးခါနီလောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။

    အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ ပါသွားတယ်လို့ ရွှေနန်းတော်ရွှေဆိုင်ရဲ့တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

    "အခုလေးတင်ပဲ ဖြစ်သွားတာပါ။ အရောင်းဆိုင်ဝန်ထမ်းအမျိုးသမီးရဲ့ လက်ကိုထိသွားတယ်။ ပစ္စည်းပါသွားတာပေါ့။ ဗုံးက ကောင်တာကိုကွဲအောင်လုပ်တာပေါ့။ တန်ဖိုးကတော့ ခုမှစာရင်းစစ်နေတုန်းပါ" လို့ သူကပြောပါတယ်။

  20. တယ်လီနောက မြန်မာနိုင်ငံက မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းအားလုံးကို ကုမ္ပဏီတစ်ခုကိုရောင်းချကြောင်း သတင်းထွက်

    နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှာ သူ့ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို M1 Group ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ကြောင်း globenewswire ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

    တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံအတွင်းက သူ့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်မှုအားလုံးကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချတာဖြစ်ပြီး အဲဒီထဲကနေ ဒေါ်လာ ၅၅ သန်းကို ငါးနှစ်အတွင်းပေးချေဖို့ သဘောတူထားတယ်လို့ ဖော်ပြပါတယ်။ M1 Group အနေနဲ့ တယ်လီနောမြန်မာရဲ့ ရှယ်ယာတွေအားလုံးကို ရရှိမှဖြစ်ပြီး မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေကို ဆက်လက်လည်ပတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

    မေလ ၄ ရက်နေ့တုန်းက တယ်လီနောကနေ သူတို့ကုမ္ပဏီရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့တာရှိခဲ့ပါတယ်။ Telenor ကမြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပြီး အနာဂတ်မှာ ဆက်ပြီး တည်ရှိလုပ်ကိုင်နိုင်ဖို့က တိုင်းပြည်ရဲ့ တိုးတက်မှုနဲ့ မြန်မာပြည်သူလူထုကို အပြုသဘောဆောင်တဲ့ အထောက်အကူပြုပေးနိုင်မယ့်အခြေအနေပေါ်မှာ မူတည်လိမ့်မယ်လို့လည်း အဲဒီတုန်းက ပြောခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုပြီးဆိုးရွားလာတာနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ကုမ္ပဏီကို ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ရတဲ့အဓိကကျတဲ့အချက်လည်း ဖြစ်တယ်လို့တယ်လီနောရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    "မြန်မာမှာ လွန်ခဲ့တဲ့လတွေအတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ လူထုရဲ့ လုံခြုံမှု၊ စည်းမျဉ်းစည်းကမ်းတွေလိုက်နာနိုင်မှုနဲ့ ပတ်သက်လို့ တယ်လီနောအတွက် စိန်ခေါ်မှုတွေ ရှိလာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွေးချယ်စရာနည်းလမ်းတွေအားလုံးကို အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပြီးတဲ့အခါမှာ ကုမ္ပဏီကို ရောင်းချလိုက်တာက ဒီအခြေအနေမှာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်" လို့တယ်လီနောရဲ့ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Sigve Brekke က ပြောကြောင်း ဖော်ပြထားပါတယ်။

    တယ်လီနောဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစလို့ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သုံးစွဲသူ သန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။

    အခု တယ်လီနောက သူ့ရဲ့လုပ်ငန်းတွေကိုရောင်းချလိုက်တယ်ဆိုတဲ့ M1 Group ကုမ္ပဏီဟာ လက်ဘနွန်အခြေစိုက် ကုမ္ပဏီဖြစ်တယ်လို့လည်းရိုက်တာသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။