မြန်မာနိုင်ငံထဲက တရုတ်ပြည်မကြီး အစိုးရပိုင် ကုမ္ပဏီတွေကို
အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ ထည့်လိုက်ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်ကို အမေရိကန်က ဖိအားတွေ ဆက်ပေးနေတာမှာ၊
နောက်ထပ် လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အပေါ် ကန့်သတ် ပိတ်ဆို့မှုတွေ ဇူလိုင် ၂ ရက်နေ့က
ထပ်ပြီး ချမှတ် ခဲ့ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ မွေးနေ့အကြို
အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အကြိုမှာ အခုလို
အမေရိကန်ရဲ့ ထပ်ဆင့် ဒဏ်ခတ် အရေးယူမှုတွေ ထွက်ပေါ်လာတာ
ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် တပ်ချုပ်ရာထူး
၆၅ နှစ် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ထားပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနက အရေးယူမှုတွေ
ချမှတ်ကြောင်း မနေ့ ဇူလိုင် ၂ ရက်နေ့က ထုတ်ပြန်တဲ့ နာမည်ပျက် စာရင်းထဲ မုံရွာ၊ လက်ပံတောင်းတောင်
ကြေးနီ စီမံကိန်းလို ကမ္ဘာသိ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ နေရာတွေမှာ
မြန်မာစစ်တပ်နဲ့ စီးပွားဖက် အလုပ်လုပ်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင် ကုမ္ပဏီနဲ့
သူ့ရဲ့ လက်ခွဲ ကုမ္ပဏီ ၂ ခု လည်း ပါဝင်တာ ဖြစ်ပါတယ်။
ဝမ်ပေါင်သတ္တုတွင်းလုပ်ငန်း ၊ ဝမ်ပေါင်မြန်မာနဲ့ မြန်မာယန်စီ
ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေကနေ မြန်မာစစ်တပ်ဟာ ဝင်ငွေတွေ ရရှိနေတဲ့အတွက် ပိတ်ဆို့ရတာ
ဖြစ်တယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ကို ဂြိုဟ်တု ဆက်သွယ်ရေး
ဝန်ဆောင်မှုတွေ ပေးနေလို့ ဆိုပြီး King Royal Technologies လို့ ခေါ်တဲ့ ကုမ္ပဏီကိုလည်း
တပါတည်း ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနက ထည့်သွင်းပါတယ်။
ရွေးကောက်ခံ အစိုးရကို တရားမဝင် ဖယ်ရှားရာမှာ ကြံရာပါမှု
တစ်ရက်တည်းမှာပဲ၊ အမေရိကန် ဘဏ္ဍာရေးဌာနကလည်း လူပုဂ္ဂိုလ်
၂၂ ယောက် ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်ကြောင်း ကြေညာပါတယ်။
အဲဒီ အထဲ အာဏာသိမ်း စစ်တပ်က တိုင်းရင်းသား နိုင်ငံရေး
ပါတီတွေထဲကနေ ရွေးချယ်ပြီး စစ်ကောင်စီ အဖွဲ့ဝင်တွေ အဖြစ် ခန့်ထားတဲ့ စောဒင်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊
ဒေါ်အေးနုစိန် စတဲ့သူတွေ၊ တခါ ၊ စစ်ဗိုလ် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) နဲ့ ဒေါ်သက်သက်ခိုင်တို့
အပါအဝင် စစ်တပ်က ဝန်ကြီးနေရာ ပေးထားသူ ၄ ယောက်တို့လည်း ပါဝင်ပါတယ်။
သူတို့ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို ဥပဒေနဲ့
မညီပဲ ဖယ်ရှားခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံသူတွေ ဖြစ်လို့ အရေးယူရတာ
ဆိုပြီး အမေရိကန် အစိုးရက ပြောထားပါတယ်။
ကျန်တဲ့သူတွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှက
စလို့ ၊ စစ်ကောင်စီဝင် ထိပ်ဆုံးဗိုလ်ချုပ်တွေရဲ့ ဇနီးသည်တွေနဲ့ အရွယ်ရောက် သားသမီးတွေ
ဖြစ်ပါတယ်။
အခု ချမှတ်လိုက်တာတွေကို ကြည့်ရင် မြန်မာ စစ်ခေါင်းဆောင်တွေ
အာဏာသိမ်းတာကို စွန့်ပြီး၊ ဒီမိုကရေစီကို ပြန် မသွားမခြင်း၊ အမေရိကန် အနေနဲ့ ဆက်ပြီး
အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာကို ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီဘလင်ကင်က
ပြောပါတယ်။