မင်းပြားမှာ လက်နက်ကြီးကျည်ပေါက်ကွဲလို့ လူ ၃ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲလို့ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ၂ ဦး စစ်တွေဆေးရုံမှာ ကုသမှုခံနေရတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေဟာ စပါးထားရွာသားတွေဖြစ်ကြပြီး မေလ ၇ ရက် မနေ့ည ၈ နာရီခန့်မှာ နေအိမ်အတွင်း လက်နက်ကြီးကျည် ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကတော့ အသက် ၄၂ နှစ်အရွယ် ဦးစိန်လှိုင်၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်ညွန့်နဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်လှတင်နု တို့ဖြစ်ပါတယ်။
မပေါက်ကွဲသေးတဲ့ကျည်ကို ဦးစိန်လှိုင်က မနေ့နေ့လည်ပိုင်း တောထဲ ထင်းခုတ်သွားချိန် ရွာအနီးတောင်ပေါ်မှာ တွေ့လို့ ယူဆောင်လာခဲ့ပြီး ပေါက်ကွဲမှုဖြစ်မှာကို စိုးရိမ်လို့ ချောင်းထဲကို ပစ်ချဖို့ အသွား ဦးစိန်လှိုင်ရဲ့မိခင်အိမ်ကို ခဏဝင်ချိန် ပြုတ်ကျ ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ကျည်ဖူးကိုယူဆောင်လာတဲ့ ဦးစိန်လှိုင်ဟာ ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့သလို အဖော်လိုက်ပါလာသူ ဦးကျော်ညွန့်မှာလည်း ခြေထောက်နဲ့လက်မှာ ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်မှာရှိနေတဲ့ ဦးစိန်လှိုင်ရဲ့အမေ ဒေါ်လှတင်နုလည်း ခြေထောက်ဒဏ်ရာတွေအသီးသီးရခဲ့ကြပါတယ်။
အဲ့ဒီလူနာတွေကို ညတွင်းချင်း မင်းပြားဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီးအခုမနက်ပိုင်းမှာ စစ်တွေဆေးရုံကို တင်ခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်ကလည်း စပါးထားကျေးရွာမှာ မပေါက်သေးတဲ့ကျည်တစ်ခုကို ကလေးတစ်ယောက်က တွေ့ပြီး ခွဲမိလို့ လူ ၁ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။