ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြင်းမူမှာ ပစ်ခတ်မှုတွေအပြီး တစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်းမြင်းမူမြို့မှာ ဒီကနေ မေလ ၉ ရက်နေ့ နေ့လယ်ပိုင်း ပစ်ခတ်မှုတွေအပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    အစောပိုင်းကတော့ သေဆုံးသူရဲ့ ကျန်ရစ်သူ မိသားစုတွေကို ဆက်သွယ်လို့မရသေးဘူးလို့လည်းပြောပါတယ်။

    နောက်ပိုင်းမှာတော့ သေဆုံးသူဟာ မြင်းမူမြို့က အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦးလို့ ပြောပါတယ်။

    မေလ ၉ ရက်နေ့ မနက်ခင်းဆန္ဒပြပွဲစုရပ်မှာ လူစုနေချိန် စစ်ကောင်စီတပ်တွေက ရောက်လာပြီး လူစုခွဲကာ ဆန္ဒပြသူ နှစ်ဦးကို မြို့မရဲစခန်းကို ခေါ်သွားတာကြောင့် ဆန္ဒပြသူတွေက လွှတ်ပေးဖို့ ရဲစခန်းကို ချီတက်ချိန် တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာပါ။

    မြင်းမူမှာ သုံးကြိမ်တိတိ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနေ့လယ်ပိုင်း လက်လုပ်ဗုံးနဲ့ ပစ်ခတ်ဖိုကြိုးစားသူ အမျိုးသားတစ်ဦးဟာ လက်ထဲမှာ လက်လုပ်ဗုံးပေါက်ကွဲပြီး ဒဏ်ရာရကာ သေဆုံးခဲ့တယ်လို့ လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာရုပ်မြင်သံကြားက ထုတ်ပြန်သွားခဲ့ပါတယ်။

  2. စစ်ကောင်စီက ဒေါ်လာ ၂.၅ ဘီလီယံတန် တရုတ် ဓာတ်အားပေးစီမံကိန်းကို လုပ်ကိုင်ခွင့်ပြု

    စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးစီမံကိန်းသစ် တစ်ခုကို လုပ်ကိုင်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    ဧရာဝတီတိုင်းအတွင်း မီးလင်းကြိုင်ဒေသမှာ အကောင်ထည်ဖော်မယ့် ဒီစီမံကိန်းပြီးရင် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မီဂါဝပ် ၁၃၀၀ ကျော်တိုးပြီးထုတ်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

    တရုတ်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက supreme ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက သဘောတူထားခဲ့တာဖြစ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း supreme ကုမ္ပဏီဘက်က ပြောပါတယ်။

    အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၅ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တစ်ဟုန်ထိုး ကျဆင်းနေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

  3. မန္တလေး သပိတ်စစ်ကြောင်းက မသန်စွမ်းဆန္ဒပြသူတစ်ဦးကို အရပ်ဝတ်တွေဖမ်းသွား

    မန္တလေးမြို့ မေလ ၉ ရက်နေ့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ မသန်စွမ်းဆန္ဒပြသူတစ်ဦးကို ဆန္ဒပြပွဲအပြီးမှာ အရပ်ဝတ်တွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

    ဒီ့ကနေ့ မေလ ၉ ရက်နေ့ နေ့ခင်း စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ မန္တလေးမြို့ မြတောင်သံဃသမဂ္ဂသပိတ်မှာ ဝှီးချဲနဲ့ လိုက်ပါခဲ့သူ ကိုစိုင်းလှမင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

    " သူက မသန်စွမ်းလေ၊အမြဲတန်း စစ်ကြောင်းမှာ တက်တက်ကြွကြွ ဝန်းရံပေးပါတယ်၊ အခုလောလောဆယ် ရှေ့နေတွေနဲ့တိုင်ပင်နေတယ်"လို့ သံဃာ့သမဂ္ဂမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    သံဃာ့သမဂ္ဂ သပိတ်ဟာ လူစုခွဲပြီးနောက် ကိုစိုင်းလှမင်း‌က သပိတ်စစ်ကြောင်း လူစုခွဲအပြီး ပြန်ချိန်မှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေချိန်မှာ စစ်ကောင်စီဘက်က အရပ်ဝတ် အိမ်စီးကားတွေနဲ့ ၅၈ ၁၁၃လမ်းလောက်မှာ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်၊

    လက်ရှိ အောင်ပင်လယ်စခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရသလို အဖမ်းခံရသူ လေးယောက်ရှိတယ်လို့ ပြောပေမဲ့ သတင်းကို အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

    သံဃာ့သမဂ္ဂဟာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတာကို နေ့စဉ်ပြုလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်း ဖြစ်ပါတယ်။

  4. မြင်းခြံမြို့မှာ ပေါက်ကွဲမှုတွေဖြစ်

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဒီနေ့ မေလ ၉ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ပေါက်ကွဲမှုတွေဟာ မြို့နယ်ပညာရေးမှူးရုံး၊ ကုန်လမ်းပို့ဆောင်ရေးညွှန်းကြားမှု(ကညန)ရုံး၊ သမဝါယမဘဏ်(CB)၊ ရိုးမဘဏ်နောက်ကျောလမ်းနဲ့ ရွှေလိပ်ပြာရေခဲစက်နားက မိုင်တဲရုံးနေရာတွေမှာ မနက် ၁၀ နာရီခွဲလောက်ကစပြီးဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ချိန်ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်၊ ဘဏ်ပိတ်ရက်ဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတော့ မကြားမိသေးဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဇီးရိုးဆိုတဲ့ပြောက်ကျားအဖွဲ့က အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မလုပ်တဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးကို အာမခံနိုင်ဘူးဆိုတဲ့ သတိပေးချက်စာတွေကို မြင်းခြံမြို့က ဓာတ်တိုင်တွေမှာ ကပ်ထားတာတွေရှိခဲ့အပြီး အခုလို ပေါက်ကွဲမှုတွေဖြစ်လာတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

  5. ကဗျာဆရာခက်သီ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခံခဲ့ရအပြီး ညတွင်းချင်းသေဆုံး, ရောဂါ အခံမရှိဘူးလို့ ဇနီးသည်က ပြောပါတယ်။

    ပုလဲလူထု သပိတ်ဦးဆောင်သူ ကဗျာဆရာ ခက်သီ ခေါ် ကိုဇော်ထွန်းကို မေလ ၈ ရက် စနေ့ညက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပြီးနောက် ဒီကနေ့မနက် မေလ ၉ ရက်မှာတော့ မုံရွာဆေးရုံမှာ အလောင်းပဲ ပြန်ရခဲ့တယ်လို့ ကျန်ရစ်သူမိသားစုက ပြောပါတယ်။

    စစ်သားနဲ့ရဲ တစ်ရာနီးပါးက ခက်သီကို မနေ့ည ၁၀ နာရီလောက်က လာခေါ်သွားတာဖြစ်ပြီး ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေ ထွက်တာမျိုးမရှိဘဲ နေအိမ်မှာလာဖမ်းသွားတာလို့လည်း မိသားစုကပြောပါတယ်။

    ''သူတို့ကတော့ မိုင်းခွဲမယ့်ကိစ္စတွေဘာတွေပြောပြီးခေါ်တာပေါ့။ ကိုခက်သီကတော့ ဒီအတိုင်းပဲ လိုက်သွားလိုက်တာ။ ကျမကို မုံရွာမှာ ဆေးရုံမှာ သွားတွေ့လိုက်ပါလို့ ပြောတော့ ရိုက်နှက်လို့ လက်ကျိုးလို့ပဲ အောက်မေ့တာပေါ့လေ။ ဆေးကုရင်တော့ ရဦးမယ်ပေါ့။ ဒါပေမဲ့ ဒီရောက်တော့ ရင်ခွဲရုံမှာ အထဲက ကလီစာတွေလည်း နုတ်ပြီးပြီ။''လို့ ခက်သီရဲ့ဇနီးဖြစ်သူ မချောစုကပြောပါတယ်။

    ကဗျာဆရာခက်သီရဲ့ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့အထိ လုပ်နေကြလို့ မိသားစုကိုပဲ အလောင်းပြန်သယ်ခွင့်ပေးဖို့ ရှိခိုးတောင်းပန်ပြီး ပြန်ယူခဲ့ရတယ်လို့ မချောစုက ပြောပါတယ်။

    သေဆုံးရတဲ့အကြောင်းရင်းကို ဆေးစာမှာတော့ နှလုံးအဆို့ရှင်ချို့ယွင်းပြီး ဆုံးတာလို့ ရေးထားတာမျိုး တွေ့ရတယ်လို့ မချောစုကပြောပါတယ်။

    ဒါ့ပြင် အလောင်းကို လက်ခံဖို့ စစ်ဆေးချိန်မှာ တစ်ဖက်က ရောဂါအခံကြောင့် ဆုံးတာလို့ ပြောဆိုတာမျိုးရှိပေမဲ့ ကဗျာဆရာခက်သီမှာ ကျောက်ကပ်မှာ ကျောက်တည်နေတာကလွဲလို့ ရောဂါအခံမရှိဘူးဆိုပြီး ဇနီးဖြစ်သူကပြောပါတယ်။

    ဒါပေမဲ့ နေအိမ်ပြန်ရောက်လို့ အလောင်းကို သေချာပြန်ကြည့်တဲ့အချိန်မှာ ခေါင်းအပါအဝင် မျက်နှာနဲ့ခြေလေက်တွေကိုပါ ရိုက်နှက်ထားတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

  6. မြင်းမူမှာ စစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်လို့ လူ ၄ ဦး ဒဏ်ရာရ

    စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းတာတွေလုပ်လို့ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရထားပြီး အဲဒီထဲက ၁ ဦးကို စစ်ကောင်စီတပ်တွေက ခေါ်သွားတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

    မနက်ခင်းဆန္ဒပြပွဲစုရပ်မှာ လူစုနေချိန် စစ်ကောင်စီတပ်တွေက ရောက်လာပြီး လူစုခွဲကာ ဆန္ဒပြသူ ၂ ဦးကို မြို့မရဲစခန်းကို ခေါ်သွားတာကြောင့် ကိုယ့်လူကို ပြန်ခေါ်ဖို့ ဆန္ဒပြသူတွေ ရဲစခန်းကို ချီတက်ချိန် တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာပါ။

    ''ဒဏ်ရာရသူက စုစုပေါင်း ၄ ဦး။ ၂ ဦးက ကျည်အစစ်ထိတာ၊ ၂ ဦးက ရာဘာကျည်ထိတာ။ ဒိုင်းကို ဖောက်ပြီး ခါးကို ကျည်ထိ သွားတဲ့တစ်ယောက်ကို လူမှုကူညီရေးအသင်းက ဆေးရုံပို့ဖို့ သယ်သွားချိန်မှာ သူတို့က လမ်းကနေဖြတ်ပြီး ဒဏ်ရာရသူကို ခေါ်သွားတယ်။ အခုမနက်က ဖမ်းသွားတဲ့သူ ၂ ယောက်ကိုလည်း သူတို့က ဒီမှာမထားတော့ဘူး။ စစ်ကိုင်းစခန်းကို တခါတည်းခေါ်သွားတယ်'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုဟာ ဒီနေ့ နေ့လည်ပိုင်း လူစည်ကားတဲ့ ဈေးအကွေ့မှာဖြစ်ခဲ့တာလို့လည်း သူကပြောပါတယ်။

    လောလောဆယ်မှာတော့ စစ်ကောင်စီတပ်တွေဟာ ဆန္ဒပြသူတွေကို မြို့တွင်း ရပ်ကွက်တွေထဲ ကားတွေနဲ့ လှည့်ပတ်ရှာဖွေနေတယ်လို့ သိရပါတယ်။

    မြင်းမူမှာ ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းတဲ့အထိဖြစ်တာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်ပြီး ခါတိုင်းရက်တွေတုန်းကတော့ ဆန္ဒပြသူတွေက မြို့တွင်း လမ်းတွေမှာ ပြောက်ကျားသပိတ်လုပ်တာ၊ လုံခြုံရေးဘက်နဲ့ ညှိနှိုင်းခဲ့တာတွေကြောင့် ထိပ်တိုက်တွေ့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

  7. ချင်းတွင်းမြစ်အတွင်း ဒီကနေ့ မနက်ပိုင်းပစ်ခတ်မှုတွေ ဆက်ဖြစ်

    ချင်းတွင်းမြစ်အတွင်း အထက်ကင်းရွာ ကနေ မုံရွာဘက်ကို အမြန်ယာဥ်တွေနဲ့ မြစ်ကြောင်းအတိုင်း ပြန်ဆုတ်လာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကနီဒေသ ရွှေစားရေးရွာအနီးမှာ ဒေသခံလုံခြုံရေးတပ်တွေနဲ့ ဒီကနေ့ မေလ ၉ ရက်မနက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကနေတစ်ဆင့် သိရပါတယ်။

    အထက်ကင်းကျေးရွာအနီးက မေလ ၈ ရက်နေ့က တပ်ဆုတ်လာတဲ့ တပ်တွေဟာ မနေ့ကလည်း ချင်းတွင်းမြစ်အတွင်း ဒေသခံလုံခြုံရေးတပ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

    ဒီကနေ့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကတော့ ရွှေစာရေးတောင်အနီးမှာဖြစ်တယ်လို့လည်းသူတို့ကပြောပါတယ်။

    အထက်ကင်းရွာအနီးမှာတော့ လက်နက်ခဲယမ်းတွေတင်လာတယ်လို့ဆိုကြတဲ့ သင်္ဘောဟာ မေလ၈ ရက်နေ့ ညနေပိုင်းက မီးလောင်ပြီးကျန်ခဲ့တယ်လို့ သိရပါတယ်။

    ဒီသင်္ဘောပေါ်က ပစ္စည်းတွေကို မနေ့က မေလ ၈ ရက်နေ့က အမြန်ရေယာဥ်နှစ်စီးနဲ့ သယ်ယူရွှေ့ပြောင်းခဲ့တယ်လို ဆိုပါတယ်။

    ပစ်ခတ်မှုတွေကြောင့် လတ်တလော ထိခိုက်ဒဏ်ရာရသူရှိ မရှိ မသိရသေးကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

  8. မြန်မာ့အရေး အူဆန်က လမ်းလျှောက်ဆုတောင်းပွဲ

    မြန်မာနိုင်ငံအတွက် လမ်းလျှောက်ဆုတောင်းပွဲကို တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့မှာ ပြည်ပရောက် မြန်မာကျောင်းသူ ကျောင်းသားတွေ၊ တောင်ကိုရီးယားနိုင်ငံသားတွေ စုပေါင်းပြီး ဒီနေ့ မေလ ၉ ရက်မှာ ပြုလုပ်သွားပါတယ်။

    အူဆန်မြို့က ထယ်ဟွာဂန်း ပန်းခြံမှာပြုလုပ်မယ့် ဗုဒ္ဓနေ့ အထိမ်းအမှတ် မီးထွန်းပွဲတော်မှာ မြန်မာနိုင်ငံအတွက်လည်း အခုလို လမ်းလျှောက် ဆုတောင်းခဲ့ကြတာပါ။

    ဒါ့အပြင် ပန်းခြံမှာ ဆုတောင်းပြီးတဲ့နောက် အူဆန်မြို့ Lotte ဟိုတယ်အထိ ၄ ကီလိုမီတာနီးပါး ချီတက်ဆန္ဒပြခဲ့ကြသလို Lotte ကုန်တိုက်အရှေ့မှာလည်း မြန်မာ့ဒီမိုကရေစီအရေး သံပုံးတီး ကြွေးကြော်ခဲ့ကြပါတယ်။

    အူဆန်ရောက် မြန်မာကျောင်းသူကျောင်းသားတွေ၊ မြန်မာအလုပ်သမားတွေနဲ့ တောင်ကိုရီးယားဗုဒ္ဓဘာသာဘုန်းတော်ကြီးနဲ့ သီလရှင်တွေ၊ခရစ်ယာန်ဘုန်းတော်ကြီးတချို့ပါ ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

    အူဆန်မြို့က Lotte ကုန်တိုက်ဟာ အူဆန်ရောက်မြန်မာတွေ မြန်မာ့အရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စုဝေးဆန္ဒပြကြတဲ့နေရာလည်း ဖြစ်ပါတယ်။

  9. မန္တလေးကဆန္ဒပြကျောင်းသားတွေ အရပ်ဝတ်တွေရဲ့လိုက်လံဖမ်းဆီးတာခံရ

    မန္တလေးမြို့မှာ ကျောင်းသားတွေနဲ့ လူထုတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်တွေ မြို့တွင်းလမ်းတွေပေါ်မှာ ဒီနေ့ မေလ ၉ ရက်နေ့တုန်းက ပြုလုပ်နေချိန် ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂသပိတ်မှာပါဝင်တဲ့ကျောင်းသားတွေဟာ အရပ်ဝတ်တွေရဲ့လိုက်လံဖမ်းဆီးတာခံခဲ့ရပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ သပိတ်တွေထဲက ရတနာပုံတက္ကသိုလ် ကျောင်းသူကျောင်းသားများသပိတ်ဟာ လူစုခွဲအပြီး ၁၁၉လမ်း၊ ၆၃×၆၄ကြားမှာ မာ့ခ်တူးကား မောင်းလာတဲ့ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လိုက်လံ ပစ်ခတ်တာတွေခံခဲ့ရပါတယ်။

    ဒဏ်ရာရ၊ ဖမ်းဆီးခံရတာတွေ မရှိခဲ့သလို လိုက်လံပစ်ခတ်တဲ့ အရပ်ဝတ်လူတွေက ၆၂လမ်းက အဆင့်မြင့်ရဲစခန်းထဲဝင်ရောက်သွားတယ်လို့ ဆန္ဒပြသပိတ်စစ်‌ကြောင်း‌တွေ့မြင်ခဲ့သူ တဦးကပြောပါတယ်။

    နေ့စဉ်လိုလို လမ်းပေါ်တက် ဆန္ဒထွက်ပြနေတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ သပိတ်ဟာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်ကလည်း စစ်ကောင်စီတပ်တွေရဲ့ဖြိုခွင်းတာခံရပြီး ဆန္ဒပြသူ ၁၀ ဦးနီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

    မန္တလေးမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာကို အရှိန်ဟုန်မပျက်ဘဲ နေ့စဉ် တပ်ပေါင်းစု သပိတ်တွေ ပြုလုပ်ပြီး မနက်ပိုင်း၊ နေ့ခင်း၊ ညနေသပိတ်ဆိုပြီး ပြုလုပ်ကြပါတယ်။

  10. ကုန်းလောဘုန်းကြီးကျောင်းဝန်းလက်နက်ကြီးကျချိန် ဒဏ်ရာသူ ၃ ဦး မန္တလေးမှာ ဆေးဆက်ကုမယ်, တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းဝင်းထဲက ကားအောက်မှာ ပုန်းနေတုန်း လက်နက်ကြီးမှန်ခဲ့တာဖြစ်ပါတယ်။

    ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကုန်းလောကျေးရွာဘုန်းကြီးကျောင်းဝန်းထဲ လက်နက်ကြီးကျချိန် ထိမှန်ဒဏ်ရာရတဲ့ကလေး ၂ ဦးနဲ့ သူတို့ရဲ့မိခင်ဟာ မစိုးရိမ်ရအခြေအနေနဲ့ မန္တလေးမှာ ဆေးကုသမှုခံယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့မေလ ၃ ရက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA)တို့ တိုက်ပွဲဖြစ်ချိန် ကုန်းလောဘုန်းကြီးကျောင်းဝန်းထဲကို လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါးအပါအဝင် အနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရခဲ့တာပါ။

    မြို့သစ်၊ ကုန်းလော၊ စီဟတ်ရွာတွေမှာ KIA ကို တိုက်ဖို့ စစ်တပ်က လက်နက်ကြီးရော၊ ဝေဟင်ကပါ ပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ကုန်းလောရွာသွားတွေ ဘုန်းကြီးကျောင်းဝန်းထဲ ခိုလှုံချိန်မှာ အခုလို ဖြစ်စဉ်ကြုံခဲ့ရတာပါ။

    ဒဏ်ရာရတဲ့ကလေး ၂ ဦးနဲ့မိခင်ဟာ ဗန်းမော်စစ်ဆေးရုံမှာ မေလ ၈ ရက်အထိ ဆေးရုံတက်နေရပြီး အခုတော့ မန္တလေးမှာ ဆေးဆက်ကုမယ်လို့သိရပါတယ်။

    ''ကျမတို့ ထိတဲ့အချိန် ချက်ချင်းသွားတော့ လုပ်ပေးပါတယ်။ ဒါပေမဲ့ လုပ်ပေးပြီးတော့လည်း သူတို့လည်း ခဏခဏလာကြည့်ပေးလို့မရဘူးပေါ့လေ။ လူနာကများတာကိုး။ အဲဒါကြောင့် မန္တလေးမှာ ဆေးဆက်ကုဖို့ သွားကြမယ်။ အသင်းအဖွဲ့က ငွေကြေးလာလှူသွားတာလည်းရပါတယ်။'' လို့ ဒဏ်ရာရမိခင်က ဘီဘီစီကိုပြောပါတယ်။

    ဗန်းမော်မြို့နယ်ထဲက မြို့သစ်ရွာမိုက်ခရိုဝေ့တာဝါ စခန်းနားမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေဖြစ်နေတာ ဧပြီလ ၁၇ ရက်ကတည်းက ဖြစ်ပြီး အဲဒီကတည်းက စစ်ကောင်စီဘက်က မြိုသစ်၊ကုန်းလော၊စီဟတ်ရွာတွေနား လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်လို့ အရပ်သားသေဆုံးမှုတွေရှိသလို အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  11. စစ်ကောင်စီအောက်က ဘယ်ဌာနနဲ့မှ မပူးပေါင်းလို့ မန္တလေးအရပ်ဘက်အဖွဲ့အစည်း ၁၂၀ နီးပါး ကြေညာချက်ထုတ်

    ပြည်သူ့အစိုးရဆီ အာဏာပြန်မအပ်မချင်း လူထုအကျိုးပြုလုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဘယ်ဌာနနဲ့အဆို ပူးပေါင်းလုပ်ဆောင်မှာ မဟုတ်ဘူးလို့ မန္တလေး အရပ်ဘက်အဖွဲ့အစည်း ၁၁၆ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    စစ်ကောင်စီလက်အောက်က ဌာနတချို့က အရပ်ဘက်အဖွဲ့အစည်းတွေကို လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်နေတာကြောင့် အခုလို ထုတ်ပြန်တာဆိုပြီး မန္တလေး အရပ်ဘက် အဖွဲ့အစည်း တွေက ကြေညာချက်မှာ ပြောထားပါတယ်။

    ဒါ့ပြင် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ညအချိန်မှာ လူထုအထိတ်တလန့်ဖြစ်အောင် အကြမ်းဖက်ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ နေ့စဥ်နဲ့အမျှလုပ်နေတာကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ မန္တလေးအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

    မန္တလေးမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် လူထုကို အကူအညီပေးနေတဲ့အရပ်ဘက်အဖွဲ့အစည်းတချို့က ပရဟိတသမားတချို့နဲ့ ယာဉ်တွေ ဖမ်းဆီးခံထားရသလို တရားစွဲဆိုခံထားရတဲ့အထိဖြစ်နေပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဖမ်းထားတဲ့ကားတွေထဲက လူနာတင်ယာဉ်တစ်စင်းကို မန္တလေးမြို့တွင်းလှည့်လှည်ချိန် ထုတ်စီးနေတာတွေကိုတွေ့ရလို့ သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းက အသင်းပိုင်ကား အခုလို အသုံးပြုခံနေရတယ်ဆိုတာကို ထုတ်ပြောတဲ့အထိဖြစ်ခဲ့ပါတယ်။

  12. ဗုံး၊ မီး၊ ဓားမြှောင်တွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ

  13. သမ္မတ ဦးဝင်းမြင့် အမှုကိုယ်တိုင် မလျှောက်လဲတော့ဘဲ ရှေ့နေတွေကိုလွှဲအပ်

    အာဏာသိမ်း စစ်ကောင်စီက သမ္မတ ရာထူးက ဖယ်ရှားပြီး နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဝင်းမြင့်ဟာ သူ့ကို တရားစွဲဆိုမှုတွေကို အမှုစစ်ချိန်မှာ ကိုယ်တိုင်လျှောက်လဲမယ်လို့ ပြောဆိုထားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကိုယ်စားလှယ်အဖွဲ့ကပဲ သူ့ကို ကိုယ်စားပြု လျှောက်လဲပေးဖို့ သဘောတူလိုက်ပါတယ်။

    ဦးဝင်းမြင့်ရဲ့ အမှုတွေကို လာမယ့် တနင်္လာ မေလ ၁၀ ရက်နေ့မှာ ရုံးချိန်ခေါ်ထားပြီး အဲဒီ ရုံးချိန်းမတိုင်ခင်မှာ တွေ့ခွင့်ရမှသာလျှင် ညွှန်ကြားချက် အသေးစိတ်ကို သိရမယ်လို့ ဦးဝင်းမြင့်ကို ကိုယ်စားပြု လျှောက်လဲပေးမယ့် ရှေ့နေအဖွဲ့ထဲက တဦးဖြစ်တဲ့ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကို ပြောပါတယ်။

    အခုလို ရုံးထုတ်ရာမှာ ဗီဒီယို ကွန်းဖရန်းဇင်း စနစ်နဲ့ပဲ ပြုလုပ်မှာဖြစ်ပြီး ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ကြောင်း သိရတယ်လို့ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

    နိုင်ငံတော် အကြည်ညိုပျက်မှုနဲ့ တရားစွဲခံထားရတဲ့ ဦးဝင်းထိန်ကိုတော့ ထောင်တွင်း တရားရုံးမှာ အမှုစစ်မှာ ဖြစ်တဲ့အပြင် NLDပါတီက ဦးမင်းသူ ၊ ဦးမောင်မောင်ကြည်စတဲ့ NLDက ဖမ်းဆီးခံထားရသူ အချို့ကိုလည်း ထောင်တွင်းတရားရုံးကနေတဆင့် ရုံးထုတ်စစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD က နိုင်ငံတော်အဆင့် ထိပ်ပိုင်း ခေါင်းဆောင်အများစုကို ၃လကျော်ကြာမြင့်လာတဲ့အထိ ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့်မပေးသေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မပြုသေးဘူးလို့ ရှေ့နေတွေက ဘီဘီစီကို ပြောပါတယ်။

  14. အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် စာမေးပွဲဖြေဆိုခွင့်ပြုမယ်လို့ဆို

    မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ဟာ စစ်ကောင်စီက ကျင်းပမယ့် ဓမ္မာစရိယတန်း၊ ပါဠိပထမပြန်တန်းတွေကို ဖြေဆိုခွင့်ပြုမယ်လို့ မေလ ၆ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    "ကြေညာချက်က အစစ်၊ထုတ်ပြန်ချက်ကို နှစ်ခါ သုံးခါလောက် ပြောင်းထုတ်တာလဲ ကြုံဖူးပါတယ်။ နောက်ပြီး တချို့ဂိုဏ်းတွေက ဘယ်အစိုးရတက်တက် နိုင်ငံရေးနဲ့ မဆက်နွှယ်ရဘူးလို့လဲ ရှိတယ်။ ဂန္ဓာရုံကျောင်းသားသစ်/ဟောင်း သံဃာအများစုကတော့ အခုကြေညာချက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတဲ့သဘောတွေလဲရှိတယ် "လို့ ဘွဲ့မည်မဖော်လိုတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ်။

    အခုထုတ်ပြန်ချက်ဟာ မဟာဂန္ဓာရုံကျောင်းတိုက်က နာယကဆရာတော် တပါးတည်းရဲ့ လက်မှတ်နဲ့ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။ မေလ ၃ရက်နေ့ထုတ်ပြန်ချက်မှာတော့ နာယကဆရာတော် ငါးပါးက စာဖြေဖို့ မလုပ်ဖို့ ထုတ်ပြန်ထားတာပါ။

    မဟာ ဂန္ဓာရာမိက ဓမ္မစရိတန်း စာမေးပွဲဖြေဖို့ လက်မှတ်ထိုးထားသူအားလုံး ဖြေဆိုခွင့်ပြုမှာဖြစ်ပါတယ်။ အဲဒီကြေညာချက်ဟာ စာမေးပွဲ ဖြေဆိုဖို့ ခုံနံပါတ် ထုတ်ပေးလိုက်တယ်လို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော်ရဲ့ လက်မှတ်ကို အသုံးပြုပြီး မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    မေလ ၃ရက်က မဟာဂန္ဓာရုံကျောင်းတိုက် အစည်းဝေးဆုံးဖြတ်ချက်မှာတော့ သံဃာအသစ်တွေ လက်မခံသလို ကိုဗစ်ကူးစက်ရောဂါနဲ့ လက်ရှိ နိုင်ငံရေးကိစ္စကြောင့် စာမေးပွဲတွေ ဖြေဆိုခွင့်မပြုလို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

    အမရပူရမြို့နယ်မှာ ရှိတဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ သံဃာအချို့ သပိတ်စစ်ကြောင်းချီ ဆန္ဒပြတာတွေ ရှိခဲ့သလို ညသပိတ်ကဲ့သို့ ဆီးမီးထွန်း မေတ္တာပို့ ဆုတောင်းတာတွေပါ ပြုလုပ်ခဲ့တာတွေရှိပါတယ်။

    လက်ရှိအချိန်ထိ မင်းထင်‌၊ မစိုးရိမ်၊ မြတောင်၊ မစိုးရိမ်တိုက်သစ် စတဲ့ မန္တလေးမြို့က သံဃာအများစုနဲ့ ကျောင်းတိုက်ကြီးတချို့က‌တော့ဇွန်လမှာ စစ်ကောင်စီက ပြုလုပ်ပေးမယ့် ဘုန်းကြီးစာမေးပွဲတွေကို သံဃာအများစုက ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ သပိတ်မှောက်သွားဖို့ ရှိတယ်လို့လဲကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

    မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော်တစ်ပါးက သံဃာတွေကို လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို မျက်ကွယ်မပြုနိုင်တာကြောင့် အထင်ကရ စာသင်တိုက်ကြီးတွေက စစ်ကောင်စီလက်ထက်က စာမေးပွဲ ဖြေဆိုခွင့်မပေးဘူးလို့ ကြားသိရကြောင်း မိန့်ကြားပါတယ်။

  15. စစ်ကောင်စီတပ် ဓာတုဗုံး သုံးမသုံး ကေအိုင်အေ အတည်မပြု, မြို့သစ်စခန်းကုန်းကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်ခဲ့တယ်လို့ဆို

    စစ်ကောင်စီတပ်တွေက ကချင်ပြည်နယ် မိုးမောက်မြို့နယ်က အလော့ဘွမ်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဓာတုဗုံးသုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါကို အတည်မပြုနိုင်သေးဘူးလို့ ဒီစခန်းကို တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေရဲ့ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ နှစ် ၃၀ ဝန်းကျင် တပ်စွဲထားခဲ့တဲ့ အလော့ဘွမ်စခန်းကို လတ်တလော တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဒီလို ဗုံးမျိုး သုံးတယ်လို့ စွပ်စွဲနိုင်လောက်တဲ့ အထောက်အထား မတွေ့ရသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    လက်ရှိအနေအထားမှာ စစ်ကောင်စီတပ်ရဲ့ ပြန်လည်တိုက်ခိုက်မှုကို ကေအိုင်အေနဲ့ အေအေ တို့က ကြံ့ကြံ့ခံထားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

    အဲဒီ အလော့ဘွမ်တပ်စခန်းဟာ ယခင် အင်္ဂလိပ်ခေတ်ကတည်းက တပ်စခန်းချတဲ့ နေရာဖြစ်ပြီး ယခင် ကေအိုင်အေ တပ်တွေ စခန်းချခဲ့ဖူးပေမယ့် လက်ရှိ စစ်ကောင်စီတပ်တွေက ၁၉၈၇ ကစပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့အထိ တပ်စွဲထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ရုပ်မြင်သံကြားက ဒီကနေ့ ကြေညာခဲ့ရာမှာ နောက်ထပ်နေရာတစ်ခုဖြစ်တဲ့ မြို့သစ် မိုက်ခရိုဝေ့ဖ့်စခန်းကုန်းကို မနေ့က စစ်ကောင်စီက ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အဲဒီတိုက်ခိုက်မှုတွေမှာ နှစ်ဖက်လုံးထွေးတိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်၊ အဲဒီအနက် ကေအိုင်အေဘက်က တပ်မဟာမှူးအဆင့်ထိ အကျအဆုံးရှိတယ်လို့ဆိုပြီး အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်က လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။

  16. PDF နဲ့ လက်အောက်ခံအဖွဲ့တွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီကြေညာ

    ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကြောင့် “လက်နက်ကိုင်အကြမ်းဖက်မှုတွေ” ပေါ်ပေါက်နေတဲ့အတွက် PDF နဲ့လက်အောက်ခံအဖွဲ့အစည်းအားလုံးကို “အကြမ်းအုပ်စုများ” အဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ကြေညာခဲ့ပါတယ်။

    ဒေသခံတွေနဲ့ ဖွဲ့စည်းထားကြတဲ့ ဒေသ PDF တွေကတော့ သူတို့ဟာ CDM ဝန်ထမ်းတွေကို ကာကွယ်ဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ စတာတွေပါဝင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားကြတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

    စစ်ကောင်စီကြေညာချက်မှာ PDFကို ဖွဲ့စည်းပေးခဲ့တဲ့ CRPH နဲ့ NUG ရဲ့လှုံ့ဆော်အားပေးမှုကြောင့် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေဖြစ်ပေါ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

    အခုသီတင်းပတ်တွေအတွင်းမှာတော့ နေရာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသ PDF တချို့ လက်နက်နဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

    PDF ကို အခုလို မကြေညာခင်ကတည်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ စစ်ကောင်စီတို့ဟာ နှစ်ဖက်အကြား မတရားအသင်းတွေလို့ အပြန်အလှန် ကြေညာထားကြပြီး ဖြစ်ပါတယ်။

    ဒီနေ့ကြေညာချက်မှာတော့ CRPH၊ NUG၊ PDF နဲ့ လက်အောက်ခံ အဖွဲ့တွေအားလုံးကို အကြမ်းဖက်အုပ်စုတွေအဖြစ် သတ်မှတ်ကြေညာလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာ ဖြစ်ပါတယ်။

  17. မြန်မာစစ်ဗိုလ်ချုပ်တွေကို တဖက်လှည့်ငွေထောက်ပံ့နေတယ်လို့ ဖော်ပြခဲ့တဲ့သတင်းစာမှာ Total ကြော်ငြာ မထည့်တော့

    ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total ဟာ မြန်မာစစ်တပ်ကို သဘာဝဓာတ်ငွေ့ခွန်တွေ တနည်းတဖုံနဲ့လှည့် ပေးနေတယ်လို့ သတင်းဖော်ပြခဲ့တဲ့ ပြင်သစ်သတင်းစာ Le Monde မှာ ထည့်ဖို့ရှိတဲ့ကြော်ငြာတွေကို မထည့်တော့ဘူးဆိုပြီး သတင်းစာဘက်က ပြောလာပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ စစ်အာဏာသိမ်းကတည်းက စစ်တပ်ကို ငွေကြေးပေးနေတာတွေရပ်ဖို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ဖိအားပေးတောင်းဆိုမှုကို Total ကုမ္ပဏီခံနေရတာပါ။

    အခုတော့ Total ဟာ လာမယ့်သီတင်းပတ်တွေမှာ သတင်းစာထဲထည့်မယ့် ကြော်ငြာတွေကို ပြန်ရုပ်သွားတယ်လို့ သတင်းစာဘက်က ပြောပါတယ်။

    သတင်းစာဘက်ကတော့ Total ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြည်ပမှာဖွင့်ထားတဲ့ငွေစာရင်းအကောင့်တွေကနေ ငွေပေးနေဆဲဆိုတဲ့ သတင်းဖော်ပြခဲ့တာနဲ့ပတ်သက်လို့ သူတို့မှာ စာရွက်စာတမ်းတွေရှိတယ်လို့ ပြောပါတယ်။

    Total ဟာ မြန်မာကနေ ထိုင်းနိုင်ငံကို ဆက်သွယ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို လက်ရှိစစ်တပ်အောက်ရောက်နေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နဲ့ အကျိူးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့စာရွက်စာတမ်းတွေရထားတယ်လို့ သတင်းစာက ဆိုပါတယ်။

    အဲဒီအကျိုးတူ ပူးပေါင်းမှုမှာ ထိုင်းကုမ္ပဏီတစ်ခုနဲ့ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ ပါဝင်ပြီး မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ(MGTC) နာမည်နဲ့ အခွန်လျှော့ပေါ့သက်သာခွင့်တွေရတဲ့ ဘာမြူဒါနယ်မြေမှာ ၁၉၉၄ ခုနှစ်ကတည်းက မှတ်ပုံတင်ထားခဲ့တယ်လို့ သတင်းစာဘက်က ဆိုပါတယ်။

    Total ဘက်ကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ဘာမြူဒါမှာ မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီထဲ အကျိုးတူပါဝင်ခဲ့လဲဆိုတဲ့အကြောင်းရင်းကို မသိသလို လက်ရှိမှာ Total ဟာ အခွန်လျှော့ပေါ့ သက်သာခွင့်ပေးတဲ့နိုင်ငံတွေမှာ ဘယ်လုပ်ငန်းမှာမှ စီးပွားပါဝင်နေတာမရှိတော့ဘူးလို့ ပြောပါတယ်။

    ဒါပေမဲ့ ဒီအကျိုးတူ ပူးပေါင်းမှုကြောင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက ကြီးမားလှတဲ့အမြတ်တွေဟာ မြန်မာနိုင်ငံ့ဘဏ္ဍာထဲ မရောက်တော့ဘဲ စစ်တပ်ကလုံး၀ ထိန်းချုပ်ထားတဲ့ လုပ်ငန်းဆီကို အဆမတန်သွားစုနေတယ်ဆိုပြီး Le Monde သတင်းစာက သုံးသပ်ဖော်ပြထားပါတယ်။

  18. ဦးဝင်းထိန်အမှုကို ထောင်တွင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမယ်

    နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအမှုဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့အမှုကို မေလ ၁၄ ရက် ရုံးချိန်းကစလို့ ထောင်တွင်းတရားရုံးမှာပဲ စစ်ဆေးတော့မယ်လို့ အမှုအတွက် ဆောင်ရွက်ပေးနေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ''မနေ့က ရုံးချိန်းက တရားလိုကို စစ်ဖို့ဆိုပြီးချိန်းထားတာ။ ဒါပေမဲ့ မနေ့တုန်းကတော့ တရားရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ၂၈.၄.၂၀၂၁ ရက်စွဲပါ အမိန့်အရ တရားစီရင်ရေး အဆင်ပြေချောမွေ့စေရန်အလို့ငှာ နေပြည်တော်အချုပ်ထောင်ကြီးမှာရှိတဲ့ သီးသန့်တရားရုံးမှာ တရားလိုကို စတင်စစ်ဆေးဖို့ ဆိုပြီးတော့ ရုံးချိန်းကို ရွှေ့လိုက်တာပါ။ တရားလိုကို မစစ်ဖြစ်ပါဘူး'' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒီ့မတိုင်ခင်က ဦးဝင်းထိန်အမှုအတွက် ရုံးချိန်းတွေကို တရားရုံးမှာ ဗီဒီယို ကွန်ဖရန့်ဇင်းစနစ်နဲ့ပဲ စစ်ဆေးခဲ့တာဖြစ်လို့ လက်ရှိအချိန်အထိ ဦးဝင်းထိန်ဟာ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။

    ရှေ့နေတွေဘက်ကလည်း အမှုသည်နဲ့တွေ့ဆုံခွင့်ရဖို့၊ အမှုသည်နဲ့ရှေ့နေအကြား အမှုအခြေအနေ ဆွေးနွေးဖို့ တရားရုံးကို ပြီးခဲ့တဲ့ရုံးချိန်းတွေကတည်းက လျှောက်ထားခဲ့ပေမဲ့ အခုအထိ လူချင်းမတွေ့ဆုံနိုင်သေးပါဘူး။

    ဒါပေမဲ့ မေလ ၁၄ ရက် ရုံးချိန်းကို အကျဉ်းထောင်ထဲမှာ ပြုလုပ်မှာဖြစ်လို့ ရှေ့နေနဲ့အမှုသည် လူချင်းတွေ့နိုင်တဲ့အခြေအနေရှိတယ်လို့ ဒေါ်မင်းမင်းစိုးက အပြုသဘောဆောင်မြင်ထားပေမဲ့ လူချင်းတွေ့ခွင့်ရမရဟာ သက်ဆိုင်တဲ့တရားခွင်တရားသူကြီးနဲ့ အကျဉ်းထောင်အရာရှိတွေရဲ့သဘောထားအပေါ်မူတည်တယ်လို့ပြောပါတယ်။

    ဒီအခြေအနေကြောင့်ပဲ ကာယကံရှင်အတွက် အမှုကို ခုခံချေပခွင့် လိုင်းဆွဲတဲ့အခါ အဆင်မပြေမှုတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

    ထိန်းသိမ်းခံထားရတဲ့ဦးဝင်းထိန်ကို လိုအပ်တာတွေ ပို့ပေးလို့ ရပေမဲ့ မိသားစုကတော့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

    ဒါ့ပြင် ဦးဝင်းထိန်အတွက် ကျန်းမာရေးအာမခံရဖို့ လျှောက်ထားခဲ့ပေမဲ့ တင်ပြထားတဲ့ဆေးစာက ပုဂ္ဂလိကဆေးရုံရဲ့ဆေးစာဖြစ်နေပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ဆေးစာမဟုတ်ဘူးဆိုပြီး ပယ်ချခံထားပါတယ်။

  19. စစ်တွေနယ်စပ်ကုန်သွယ်စခန်းမှာ ကိုဗစ်ကာကွယ်ရေး ပြန်လုပ်နေ

    ရခိုင်ပြည်နယ်ထဲ ကိုဗစ် ၁၉ ရောဂါ မကူးစက်မှုအောင် ဆိုပြီး စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း(မင်းဂံဆိပ်ကမ်း)မှာ ကိုဗစ်တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လုပ်နေပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ(ကယုချောင်း)နဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကုန်သွယ်ရေးစန်း ၂ ခုရှိပြီး အဲ့ဒီစခန်းတွေဟာ မောင်တောကုန်သွယ်ရေးစခန်းနဲ့ စစ်တွေကုန်သွယ်ရေး စခန်းတို့ဖြစ်ပါတယ်။

    အဲ့ဒီစခန်းတွေကနေ ကုန်စည်သယ်ယူပို့ဆောင်ရေးရေယာဉ်တွေ နေ့စဉ် အ၀င်အထွက်ရှိလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာတဲ့ ရေယာဉ်တွေက ရေယာဉ်လုပ်သားတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုရှိ မရှိ ကွာရန်တင်းစင်တာတွေ ဖွင့်ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုမြင့်မားနေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဖြစ်ပွားနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုကူးစက်မှုမရှိအောင် စစ်ဆေးမှုတွေလုပ်နေတာလို့ ရခိုင်ပြည်နယ် ကုသရေးမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ကိုးလကြာ ရပ်နားထားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်လို့ ဆိုပြီး ပြည်နယ်ကောင်စီက ဧပြီလ ၁၂ ရက်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

  20. စစ်ကောင်စီတပ်တွေအင်အားသုံးမှာကို စိုးရိမ်ပြီး ကင်းနယ်က လူထောင်ချီ ထွက်ပြေးနေ

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာရှိတဲ့ ကင်းရွာကြီးအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကို ရှောင်ဖို့ အနီးနားကတောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    မတ်လ ၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပါလာတဲ့ ရေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေက တားဆီး စစ်ဆေးရာကနေ တိုက်ပွဲဖြစ်ခဲ့ပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားသုံးဝင်ရောက်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေတာလို့ သိရပါတယ်။

    ချင်းတွင်းမြစ်ထဲက အဲဒီတိုက်ပွဲစဲသွားချိန်မှာ မြစ်တစ်ဖက်ကမ်းက ကင်းရွာ၊ အထက်ကင်း၊ ပဲခင်းစတဲ့ရွာတွေအပြင် မြစ်တခြားဖက်ခြမ်းမှာရှိတဲ့ ယင်းရွာ၊ တောင်ကိုးရွာ၊ ကုန်းသာရွာတွေအပြင် အနည်းဆုံး ရွာပေါင်း ၈ ရွာက လူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။

    အပူချိန်မြင့်တက်အပြီး ရုတ်တရက်ရွာတဲ့မိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ကလေးတွေထဲက တစ်ချို့ ဖျားနာတာ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ထွက်ပြေးခဲ့ရလို့ ထမင်းတောင် အလှည့်ကျ ချက်စားရတာမျိုး ကြုံနေရတယ်ပြီး ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့ပြင် မနေ့ မေလ ၇ ရက် နေ့လည်ခင်းပိုင်းတုန်းကလည်း အထက်ကင်းနဲ့ ကင်းရွာကြားမှာ ရှိတဲ့ မြင်းချေးချောင်းတံတားနားမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ အသက် ၂၆ နှစ်အရွယ် ကိုကျော်သူစိုးဆိုသူ သေဆုံးခဲ့ပြီး နယ်ခံတွေက သူ့အလောင်းကို ကောက်ဖို့ ကြိုးပမ်းပေမဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

    အခုဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေဟာ ကုန်းလမ်းဆို မုံရွာ-ယာကြီး-ကလေး၀လမ်းကနေ မင်းကင်းဘက်ကို ဆင်းသွားရတဲ့လမ်းပေါ်မှာရှိပါတယ်။

    တခါ ဒီကုန်းလမ်းအတိုင်း မုံရွာ-ယာကြီး-ကလေး၀လမ်းပေါ်မှာရှိတဲ့ လည်ရှည်ရွာတိုက်ပွဲအပြီးကတည်းက အဲဒီအနီးနားက သမင်ခြံအပါအဝင် ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လှုပ်ရှားနေတာကြောင့် ဒေသခံချို့ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။