အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ

    ရန်ကုန်မြို့ အနောက်ပိုင်း ခဝဲခြံရပ်ကွက်မှာ ရှိတဲ့ မျက်မမြင်စာသင်ကျောင်းအပါအဝင် မရမ်းကုန်းမြို့နယ်ထဲက ကျောင်းပုရဝုဏ် အတော်များများထဲကို စစ်တပ်က ဝင်ရောက် တပ်စွဲထားပါတယ်။

    “တနင်္လာနေ့ ည ၇ နာရီထိုးခါနီးလောက်မှာ စစ်သားတစ်ယောက် ဝင်းကို ကျော်ဝင်လာပြီး တံခါးဖွင့်ပေးဖို့ လာပြောတယ်။ ကျောင်းအုပ်ဆရာကြီး ဦးသိန်းလွင်နဲ့ စကားပြောပါ ဆိုတော့ အဲဒီမှာ ၂ ည ၃ ညလောက် နေဖို့ ပြောခဲ့တဲ့အတွက် ခွင့်ပြုခဲ့ရတယ်” လို့ မျက်မမြင်ကျောင်းဝင်းထဲမှာ နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျောင်းဝင်းထဲ တပ်စွဲနေရာယူထားတဲ့ စစ်သား အယောက် ၇၀ လောက် ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

    မျက်မမြင် ကျောင်းဝင်းထဲမှာ နေထိုင်နေတဲ့ အမြင်အာရုံချို့တဲ့သူတွေအတွက် အခုလို လက်နက်ကိုင် စစ်သားတွေ ရှိနေတဲ့အတွက် နေထိုင်သွားလာရတာ အခက်အခဲတွေ ရှိနေပြီး စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

    ဒါပေမဲ့လည်း အခုလို စစ်သားတွေ ရှိနေပေမဲ့ မျက်မမြင်ကျောင်းဝန်းထဲမှာ နေသူတွေကတော့ သူတို့လုပ်နေကျ အာရုဏ်ဦး ဆုတောင်းတာ၊ ညလုံးပေါက် ဝတ်ပြုတာတွေကို ပုံမှန်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ခဝဲခြံ မျက်မမြင်ကျောင်းထဲ ဝင်ပြီး လက်နက်ကိုင်စစ်သားတွေ အခုလိုတပ်စွဲတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၈၈ အရေးအခင်းတုန်းက စစ်သားတွေ ကျောင်းဝင်းထဲ မဝင်ဘဲ ဝင်းအပြင်မှာပဲ တပ်စွဲခဲ့ကြတယ်လို့ သူက ပြောပါတယ်။

    ခဝဲခြံမျက်မမြင်ကျောင်း၊ စစ်အာဏာသိမ်း
  2. ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့

    တာဝန်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သူနေထိုင်နေတဲ့ သံအမတ်အိမ်ကနေ ဆင်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။

    ဦးကျော်စွာမင်းကို သံအမတ်ရာထူးကနေ ဧပြီလ ၇ ရက်နေ့ကတည်းက ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဦးကျော်စွာမင်း နေနေတဲ့ အိမ်နဲ့ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ၊ သံအမတ် သုံးဖို့ ပေးထားတဲ့ မော်တော်ယာဉ်နဲ့ သံရုံးသုံးယာဉ်တွေ၊ ဆက်သွယ်ရေးသုံးပစ္စည်းတွေ၊ သံရုံး အရေးပေါ်ဆောင်ငွေတွေ၊ ရုံးစာရွက်စာတမ်း၊ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ဧပြီလ ၁၅ ရက် မတိုင်ခင် နောက်ဆုံးထား အပ်နှံရမယ်လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

    ဒီလိုဆောင်ရွက်ဖို့ ပျက်ကွက်ရင် ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

    ယူကေ၊ မြန်မာသံအမတ်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန

    ယူကေ၊ မြန်မာသံအမတ်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, bbc

    ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့ မြန်မာသံရုံးကို စစ်သံမှူးနဲ့အဖွဲ့ ဝင်ရောက် ထိန်းချုပ်ခဲ့အပြီးမှာ စစ်ကောင်စီက ဦးကျော်စွာမင်းကို သံအမတ်တာဝန်ကနေ ရပ်စဲလိုက်
  3. ဆန္ဒပြ မြန်မာပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်နေတာကို ရပ်တန်းကရပ်ဖို့ ထိုင်ဝမ် တိုက်တွန်းလိုက်

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုကို အားပေးထောက်ခံဖို့ ဆုံးဖြတ်ပြဌာန်းချက်တစ်ရပ်ကို ထိုင်ဝမ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

    လက်နက်မဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေတာကို ရပ်တန်းက ရပ်ဖို့ကိုလည်းအာဏာသိမ်းစစ်ကောင်စီကို ထိုင်ဝမ်လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်ဖို့ အဆိုပြုချက်ကို ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) နဲ့ အင်အားသစ်ပါတီ(NPP)တို့က သီးခြားစီ တင်ပြခဲ့ကြတာ ဖြစ်ပြီး စစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး တည်ဆောက်ရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကျိုးကြောင်းလျော်ကန်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ အဲဒီ ဆုံးဖြတ်ပြဌာန်းချက်မှာ ဖော်ပြထားပါတယ်။

    ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွဲခြင်းအားဖြင့် လူသေဆုံးထိခိုက်မှုတွေ အများအပြား ဖြစ်လာစေနိုင်တယ်လို့ ဆုံးဖြတ်ပြဌာန်းချက်မှာ ဖော်ပြထားပြီး ဒီလို အကြမ်းဖက်ဖြိုခွဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယူကေ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂဝင် နိုင်ငံအတော်များများက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ ထိုင်ဝမ်သားတွေအပေါ် ကာကွယ်စောင့်ရှောက်မှုတွေ ပိုလုပ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုင်ဝမ် စီးပွားရေးလုပ်ငန်းရှင်တွေကို သတင်းအချက်အလက်နဲ့ ကယ်ဆယ် ထောက်ပံ့ရေးတွေအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုဖို့ကိုလည်း အာဏာသိမ်း စစ်တပ်ကို ထိုင်ဝမ်လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

    ထိုင်ဝမ်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခပြဿနာကြီး မပြီးမချင်း ထိုင်ဝမ်မှာ နေထိုင်ခွင့်ဗီဇာ သက်တမ်း တိုးပေးသင့်တယ်လို့လည်း အဲဒီ ဆုံးဖြတ်ပြဌာန်းချက်ထဲမှာ ဖော်ပြထားပါတယ်။

    ထိုင်ဝမ်၊ လွှတ်တော်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ ထိုင်ဝမ်ရောက် မြန်မာတွေ တိုင်ပေမြို့ လစ်ဘာတီရင်ပြင်မှာ စုဝေး တောင်းဆိုဆန္ဒပြနေကြစဉ်
  4. မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော

    မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ အပါအဝင် စားသောက်ကုန်စျေးနှုန်းတွေ တရိပ်ရိပ် တက်လာနေတယ်လို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

    ဆန်စျေးဟာလည်း ဇန်နဝါရီလကစလို့ ၅ ရာခိုင်နှုန်း တက်သွားခဲ့ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၁ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ဆိုပါတယ်။

    ဆီစျေးလည်း လစဉ် ၉ ရာခိုင်နှုန်း တက်သွားခဲ့ပြီး အခု ၂ လတာ ကာလအတွင်း စားဆီ လက်လီစျေးဟာ ပျမ်းမျှ ၁၈ ရာခိုင်နှုန်း ထိုးတက်သွားတယ်လို့ ဆိုပါတယ်။

    ကုလားပဲစျေးဟာလည်း လစဉ် ၅ ရာခိုင်နှုန်း တက်နေသလို ပြီးခဲ့တဲ့ ၂ လတာအတွင်း ချင်းပြည်နယ်မှာ ၉ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၈ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမှာဆိုရင် ၁၉ ရာခိုင်နှုန်းအထိ တက်သွားခဲ့တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စျေးကွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကျေးလက်နဲ့ နယ်ဘက်တွေမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကနေ မတ်လလယ်အကြားမှာ ဆန်စျေး ၇ ရာခိုင်နှုန်း တက်ခဲ့ပြီး ရန်ကုန်မြို့ထဲမှာတော့ ဆီ လက်လီစျေး ၄ ရာခိုင်နှုန်း တက်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာလည်း စားသုံးဆီ စျေးက ၆ ရာခိုင်နှုန်း တက်ခဲ့တယ်လို့ သိရပါတယ်။

    သယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေကြောင့် အခုလို ကုန်စျေးနှုန်းတွေ တိုးလာခဲ့ပြီး ကုန်ထုတ်လုပ်တင်ပို့ချိန်တွေ ပိုကြာမြင့်ခဲ့တာ ဖြစ်တယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စားသောက်ကုန်စျေး၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, WORLD FOOD PROGRAMME

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့
  5. ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ

    သင်္ကြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အရင်နှစ်က ကိုဗစ်ကြောင့်၊ ဒီနှစ်တော့ စစ်ကောင်စီကြောင့် ၂ နှစ်ဆက် သင်္ကြန်မကျတော့တဲ့ မြန်မာပြည်

    ရန်ကုန်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေမှာသာမက နေရာအနှံ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးမေးမြန်းတာ၊ ဖုန်းတွေကို စစ်တာ၊ နှာခေါင်းစည်း မျက်နှာဖုံး mask မတပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရိုက်တယ်ဆိုပြီး ငွေကြေးတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံကြ ရသူတွေက ဘီဘီစီကို ပြောပါတယ်။

    တောင်ဒဂုံမှာဆိုရင် လမ်းထွက်လို့ နှာခေါင်းစည်း မပါရင်၊ အင်္ကျီအနက်၀တ်တာတွေ့ရင်၊ ဖုန်းပြခိုင်းလို့ ကီးပက်ဖုန်းလို့ ခေါ်တဲ့ ဟိုးအရင် အင်တာနက် ၀ိုင်ဖိုင်နဲ့ ချိတ်ဆက်သုံးတာ မတွင်ကျယ်သေးခင် အချိန်က ဖုန်းအဟောင်းတွေသာ ထုတ်ပြတာမျိုး လုပ်ရင် ၅ သောင်းထိ ဒဏ်ရိုက်မယ်ဆိုပြီး လိုက်အော်နေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အင်္ကျီနက်ဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူတွေ အတွက် ၀မ်းနည်းဂုဏ်ပြုပြီး ၀တ်ဆင်တာ အဖြစ် စစ်သားတွေ၊ ရဲတွေက သည်းမခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကီးပက်ဖုန်း ကိုင်တာကလည်း နွေဦးတော်လှန်ရေး၊ CDM၊ CRPH စတာတွေ အပေါ် ဘယ်လို သဘောထား ရှိနေလဲ ဆိုတာ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေကို အလွယ်တကူ ၀င်ကြည့် စစ်ဆေးလို့ ရနိုင်တဲ့ အခုခေတ်ဖုန်းတွေကို အိမ်မှာ တမင်ချန်ထားခဲ့တာဆိုတဲ့ အမြင်နဲ့ စစ်သားတွေ၊ ရဲတွေက ကီးပက်ဖုန်းကိုင်တဲ့ သူတွေကို ပြဿနာရှာနေတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောနေပါတယ်။

    အင်းစိန်၊ သာကေတ၊ သင်္ကန်းကျွန်း စတဲ့ နေရာတွေမှာလည်း နှာခေါင်းစည်း ကိစ္စ အကြောင်းပြပြီး လူတွေဆီက ငွေကြေးတောင်းခံတာမျိုးတွေ ရှိတယ်လို့ ကိုယ်တွေ့ ကြုံကြရသူတချို့က ဘီဘီစီကို ပြောကြပါတယ်။

    နှာခေါင်းစည်း ကိစ္စဟာ ကိုဗစ်ကာလ ရောဂါကူးစက်မှုကို ထိန်းချုပ်တဲ့ တိကျတဲ့ စည်းကမ်းဆိုတာထက်စာရင် ငွေတောင်းခံတဲ့ ရဲတွေ စစ်သားတွေကို ငွေဘယ်လောက်ပဲ ပါပါတယ်လို့ ပြောပြီး ညှိပေးနိုင်တယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။

    ဒဏ်ရိုက်တာ၊ ငွေတောင်းတာတွေဟာ ပြေစာ စာရွက်စာတမ်း တစုံတရာနဲ့ လုပ်ဆောင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    သောင်းနဲ့ချီတောင်းပေမယ့် ထောင်ဂဏန်းနဲ့ စျေးညှိလို့ရခဲ့တယ်လို့ သင်္ကန်းကျွန်းကနေ မြို့ထဲကို အသွား ကိုယ်တိုင် ငွေကြေး ပမာဏ ညှိနှိုင်း ပေးခဲ့ရသူ လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လူနေရပ်ကွက်တွေထဲထိ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား ထူထောင်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က ကြိုးစားနေပြီး၊ အုပ်ချုပ်ရေးမှူးတွေ ခန့်တာ၊ ဧည့်စာရင်းတိုင်ခိုင်းတာတွေလို တင်းကျပ်မှုတွေကိုလည်း ဆောင်ရွက်လာနေပါတယ်။

    အခုလို အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေ၊ ဖိအားပေးမှုတွေ၊ စစ်ဆေးမှုတွေ အပါအ၀င် ငွေကြေး တောင်းခံမှုတွေကြောင့် ရန်ကုန်မြို့လူထု သာမန်ပြည်သူတွေဟာ နေ့ရောညပါ စိတ်ဖိစီးပြီး၊ စိုးရိမ်စိတ်နဲ့ အသက်ရှင်နေရတာကို တွေ့မြင်ကြားသိ နေရပါတယ်။

    သင်္ကြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, Mask မတပ်လို့ ငွေပေးရတာကလည်း တိကျတဲ့ စည်းကမ်းမျိုး မဟုတ်ပဲ၊ ငွေညှစ်တဲ့ ပုံစံတမျိုးလို့ ၀ေဖန်နေ
    သင်္ကြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပုံမှန်ဆို သင်္ကြန်ပွဲ နွှဲပျော်ရာ ဗဟိုချက်နေရာ
  6. တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ်

    ဖရဲကား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မူဆယ်ကနေ တရုတ်ပြည် ရွှေလီဘက်သွားမယ့် ဖရဲကားတွေ (ပုံဟောင်း)

    မြန်မာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ အရေးယူမှုတွေကနေ ကင်းလွတ်နေအောင် တရုတ်၊ ရုရှားတို့က အကာအကွယ်ပြု ပေးနေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ ၀ေဖန်သူတွေ၊ အကဲခတ်တွေက ပိုပြီး ပြောလာကြပါတယ်။

    မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံဟာ တရုတ် ပြည်မကြီး အစိုးရဖြစ်တယ်၊ မြန်မာ စစ်တပ်ဟာ တရုတ်နဲ့ နီးစပ်တယ်ဆိုတဲ့ အမြင်တွေကို ပြောင်းနိုင်ဖို့ စစ်ကောင်စီက ကနေဒါ အခြေစိုက် လော်ဘီအဖွဲ့ ငှားတာကအစ လုပ်လာပြီး၊ အဲဒီ အဖွဲ့ရဲ့ အဆိုအရ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ အမေရိကန်နဲ့လည်း အဆင်ပြေလိုတဲ့ ဆန္ဒရှိတယ်ဆိုပြီး မီဒီယာတွေကို ပြောဆိုတာမျိုး လုပ်ခဲ့ပါတယ်။

    ဒါပေမယ့် မြန်မာပြည်တွင်းမှာတော့ တရုတ်ပြည်မကြီး အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက မဟာမိတ်ဆိုတဲ့ အမြင်တွေ လွှမ်းမိုးနေပြီး တရုတ်က သွင်းတဲ့ အသီးအနှံတွေ အပါအ၀င် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ဆော်ဩတာတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရပါတယ်။

    မြန်မာပြည် တနံတလျားတွေ့မြင်နေရတဲ့ ဖရဲသီးသပိတ် ဆိုတာကလည်း တရုတ်ပြည်မကြီး အစိုးရအပေါ် မကျေနပ်တဲ့ သဘောထားအမြင်ကို အရင်းခံတဲ့ ဆန္ဒဖော်ထုတ်မှု တစ်ရပ် အနေနဲ့ ပြောနိုင်ပါတယ်။

    “မြန်မာ ဖရဲတွေကို တရုတ်က စျေးနှိမ်တယ်၊ ဒီတော့ ပြည်တွင်း ဖရဲတောင်သူတွေကို အားပေးရမယ်” ဆိုတဲ့ သတင်းစကားကို ဖော်ပြနေတာ ဖြစ်ပါတယ်။

    တရုတ်အစိုးရရဲ့ တရား၀င် ရပ်တည်မှုကို ကြည့်ရင်တော့ လက်ရှိ ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းပေါ် သွားကြဖို့ တိုက်တွန်းနေပြီး၊ မြန်မာပြည်ရဲ့ မတူတဲ့ ဘက်ပေါင်းစုံ- အဖွဲ့ပေါင်းစုံနဲ့ကြား ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    ဖရဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်ရေးစာသားတွေနဲ့အတူ တရုတ်အစိုးရအပေါ် ဆန့်ကျင်ရေးအမြင်ကိုလည်း တွေ့ရ
    ဖရဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဖရဲပေါ်ချိန် နွေဦးတော်လှန်ရေး (ပုံဟောင်း)
  7. မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး

    ကချင်ပြည်နယ်ထဲက မိုးမောက်မြို့နယ်မှာပါတဲ့ မြို့သစ်၊ ကုန်းလော၊ မခွယ်၊ စီဟက်ရွာတွေမှာ ဧပြီလ ၁၁ ရက်တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သား ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူတွေထဲမှာ မြို့သစ်က ကလေးမိခင်တစ်ဦးနဲ့ မခွယ်က တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

    လက်နက်ကြီးတွေပါ ပါတဲ့တိုက်ပွဲ ဘယ်ကနေဘယ်လိုစဖြစ်တယ်ဆိုတာကို မသိသေးပေမဲ့ ကချင်ပြည်နယ်ဟာ KIA နယ်ဖြစ်လို့ KIA နဲ့ တပ်ကြားက တိုက်ပွဲဖြစ်နိုင်တယ်လို့ နယ်ခံတွေက ယူဆပါတယ်။

    တိုက်ပွဲကြောင့် အိမ်နီနားချင်းတွေရဲ့အိမ်တွေ ပျက်စီးတာ သုံးလေးအိမ်လောက်ရှိပြီး စိုးရိမ်ရတဲ့ဒဏ်ရာရသူ ၃ ဦးထက်မနည်းရှိတယ်လို့ လက်ရှိမှာ တိုက်ပွဲလွတ်ရာပြေးပုန်းနေရသူတစ်ဦးက ပြောပါတယ်။

    ''လေယာဉ်သံတွေကြားလို့ရှိရင် ကိုယ်သေပြီလို့တောင်ထင်ရတယ်။ ဘာလို့လဲဆို ကိုယ်အိမ်အောက်မှာနေတာတောင် လေယာဉ်တွေက သွပ်ပေါ်မှာ ကပ်ပြီး ပျံသွားသလို အသံကျယ်တယ်။ သူ့လေဟပ်သံတွေက မဝေးဘူးလို့ ထင်ရတယ်။ အဲလိုအချိန်ဆို ဒီတစ်ခါတော့ သေပြီ။ မိုးလင်းတာတောင် မမြင်ရတော့မှာမဟုတ်ဘူးလို့ တွေးတဲ့အထိ ကြောက်ခဲ့ရတယ်'' လို့ တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

    မိုးမောက်မြို့နယ်ထဲက မြို့သစ်မှာ ဒီနေ့ ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီအထိ လေယာဉ်တွေ ပျံနေဆဲလို့ အဲဒီက ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

    တိုက်ပွဲကြောင့် လက်နက်ထိမှန်ပြီး ပျက်စီးသွားသည့် မြို့သစ်က နေအိမ်တစ်လုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲကြောင့် လက်နက်ထိမှန်ပြီး ပျက်စီးသွားသည့် မြို့သစ်က နေအိမ်တစ်လုံး
  8. မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ

    မြန်မာနိုင်ငံမှာ ရှေ့နေတွေနဲ့ တရားသူကြီးတွေကို အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက် နှောင့်ယှက်၊ မတရား ဖမ်းဆီး ထိန်းသိမ်းနေတာတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သြစတြေးလျ ဘားကောင်စီနဲ့ သြစတြေးလျ ရှေ့နေများအသင်းက ထုတ်ပြန်လိုက်ပါတယ်။

    စစ်တပ်ရဲ့ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ အမှုသည်တွေဘက်က ကိုယ်စားပြု အမှုရင်ဆိုင်ခဲ့တဲ့အတွက် ရှေ့နေတွေကို ဖမ်းဆီး ထိန်းသိမ်း ခံနေရတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေကြောင့် အကြီးအကျယ် စိုးရိမ်မိတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံး အဆင့်ဆင့်က တရားသူကြီးတွေကိုလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ တာဝန်ကနေ ရပ်စဲတာတွေ၊ မတရားထိန်းသိမ်းထားတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံက ရှေ့နေတွေအနေနဲ့ သူတို့ရဲ့ အမှုသည်တွေနဲ့ လွတ်လပ်စွာ သွားရောက် တွေ့ဆုံခွင့်၊ စကားပြောခွင့် ရှိသလို အမှုသည်တွေကို ဥပဒေကြောင်းအရ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို ရယူပိုင်ခွင့် ရှိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှေ့နေတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိသလို ဥပဒေကြောင်းဆိုင်ရာ၊ တရားစီရင်မှုဆိုင်ရာကိစ္စ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကိစ္စတွေကို အများရှေ့မှာ ပြောဆိုပိုင်ခွင့် ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    -မတရားထိန်းသိမ်းခံထားရတဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ ကျန်တဲ့သူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့

    -ဥပဒေအကျိုးဆောင် ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ တာဝန်တွေကို ဘေးကင်းလုံခြုံစွာနဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်နဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ ကာကွယ်စောင့်ရှောက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့

    -လူတိုင်းလူတိုင်းအတွက် ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာမှုအဆင့်ဆင့်မှာ သီးခြားလွတ်လပ်၊ သင့်လျော်တဲ့ ဥပဒေကြောင်းဆိုင်ရာ အကူအညီတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ရနိုင်ခွင့် ပေးဖို့ စတဲ့ အချက်တွေကို သြစတြေးလျ ဘားကောင်စီနဲ့ သြစတြေးလျ ရှေ့နေများအသင်းက အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

    မြန်မာရှေ့နေ၊ သြစတြေးလျ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, The Law Council of Australia

    ဓာတ်ပုံ ပုံစာ, သြစတြေးလျ ဘားကောင်စီ
  9. ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးပုဒ်မနဲ့ နောက်ထပ် တရားစွဲဆို ပြန်

    စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၁၂ ရက်နေ့ ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ အွန်လိုင်းဗီဒီယိုကတဆင့် ရုံးထုတ်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ခွင့် ရထားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ မူလက သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ ဇမ္ဗူသီရိတရားရုံးမှာ တရားရင်ဆိုင်နေရပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာတော့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ တရားစွဲဆိုခံထားရပါတယ်။

    ဒီနေ့ နေပြည်တော်က တရားရုံးမှာ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုလည်း အွန်လိုင်းဗီဒီယိုလင့်ခ်ကတဆင့် ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ၃ ဦးလုံး ကျန်းကျန်းမာမာရှိတာကို ဗီဒီယိုကတဆင့် မြင်ခဲ့ရတယ်လို့ တရားခွင်မှာ ကိုယ်စားပြုခွင့်ရခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးပုဒ်မနဲ့ နောက်ထပ် တရားစွဲဆို ပြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. မြန်မာစစ်ခေါင်းဆောင်တွေအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်မှာကို ရုရှားနဲ့တရုတ်တို့ ဝင်ဟန့်တားနေတယ်လို့ EU ထိပ်တန်းအကြီးအကဲပြော

    အာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာက တညီတညွှတ်တည်း တုံ့ပြန် အရေးယူဖို့ ကြိုးပမ်းနေတာကိုရုရှားနဲ့တရုတ်တို့က ဝင်ဟန့်တားနေကြတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ဂျိုးဆက် ဘော်ရယ်လ်က တနင်္ဂနွေနေ့က ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်တည်ဆောက်နိုင်မယ်ဆိုရင် အီးယူဘက်က နောက်ထပ် စီးပွားရေး ကမ်းလှမ်းမှုတွေ ထပ်လုပ်ကောင်း လုပ်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်တာမျိုးလို အရေးယူမှုမျိုးတွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ကြိုးပမ်းနေမှုတွေကို ရုရှားနဲ့ တရုတ်က တားဆီး ဟန့်တားနေတာဟာ အံ့သြစရာတော့ မဟုတ်ဘူးလို့ မစ္စတာ ဘော်ရယ်လ် က လူမှုကွန်ရက်မှာ ရေးထားပါတယ်။

    တရုတ်ရော ရုရှားပါ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိပြီး သူတို့နှစ်နိုင်ငံဟာ မြန်မာနိုင်ငံကို လက်နက် အများဆုံး တင်ပို့တဲ့ နိုင်ငံ နှစ်နိုင်ငံ ဖြစ်ပါတယ်။

    ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံမှာ ဘုံသဘောတူချက် ရဖို့ အတော့်ကို အခက်အခဲ ရှိမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း သူတို့အနေနဲ့ တာဝန်အရ ဖြစ်အောင် ကြိုးစားသွားမယ်လို့ မစ္စတာ ဘော်ရယ်လ်က အီးယူအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံကိုယ်စား ပြောသွားခဲ့ပါတယ်။

    ကိုယ့်မြန်မာပြည်သူတွေကို အာဏာသိမ်း စစ်တပ်ကိုယ်တိုင် အကြမ်းဖက် အင်အားသုံး သတ်ဖြတ်နေတာကို ကမ္ဘာ့နိုင်ငံတွေက ထိတ်လန့်စရာကောင်းအောင် မြင်တွေ့နေရတယ်လို့လည်း မစ္စတာ ဘော်ရယ်လ်က ပြောပါတယ်။

    အီးယူအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်နေပါတယ်။ မတ်လတုန်းက တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းမှုနဲ့ ဆက်နွှယ်နေတဲ့ ပုဂ္ဂိုလ် ၁၁ ဦးအပေါ် ပထမအသုတ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ သဘောတူခဲ့ပါတယ်။

    အီးယူဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေး တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ သန်း ၇၀၀ ရှိခဲ့ပြီး တရုတ်ကတော့ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၉ ဘီလျံ ရှိပါတယ်။

    အီးယူ၊ ဥရောပသမဂ္ဂ၊ အာဏာသိမ်း စစ်ကောင်စီ၊ ဒဏ်ခတ်အရေးယူ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ဂျိုးဆက် ဘော်ရယ်လ်
  11. ကြည့်မြင်တိုင်မှာ YBS ကား ၄ စီးထက်မနည်း မီးလောင်

    ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ထဲမှာရှိတဲ့ ပန်းပင်ကြီးလမ်းပေါ်မှာ ရပ်ထားတဲ့ YBS ကား ၄ စီးမီးလောင်ခဲ့ပြီး နောက်ထပ် ၁ စင်းရဲ့ကားကိုယ်ထည် တစ်ခြမ်းမီးလောင်မှု ဒီနေ့ ဧပြီလ ၁၂ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။

    အဲဒီကားတွေဟာ မြို့တွင်းပြေးဆွဲတဲ့ YBS ယာဉ်လိုင်း ၈၉ က ကားတွေဖြစ်ပြီး ပန်းပင်ကြီးလမ်းကနေ သာကေတကို ပြေးဆွဲတဲ့ကားတွေ ဖြစ်ပါတယ်။

    ဒီနေ့မနက် ၄ နာရီခွဲလောက်က ကားတွေ မီးစလောင်တာဖြစ်ပြီး မီးသတ်ကားတစ်စင်းတော့ မီးလာငြိမ်းတာတွေ့တယ်လို့ အနီးနားမှာနေထိုင်သူတွေကပြောပါတယ်။

    ကားတွေ မီးလောင်မှုဖြစ်တဲ့နေရာဟာ လူနေ မထူထပ်တဲ့လမ်းအထက်ပိုင်းလည်းဖြစ်ပါတယ်။

    ကားတွေ ဂိတ်ထိုးထားတဲ့လမ်းတစ်ဖက်မှာ စလင်းဘောလုံးကွင်းရှိပြီး တစ်ဖက်မှာတော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းဝန်းရှိနေပါတယ်။

    အဲဒီကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာ သီတင်း ၂ ပတ်လောက်ရှိနေပြီဆိုပြီး အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။

    ကြည့်မြင်တိုင်မှာ YBS ကား ၄ စီးထက်မနည်း မီးလောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. တမူးမှာ သပိတ်ခံတပ်တွေကို စတင်ပစ်ခတ်ဖြိုခွင်း

    တမူးမြို့ပေါ် စန္ဒာကူးရပ်ကွက်မှာရှိတဲ့ လမ်းတားသပိတ်ခံတပ်တွေကို ဒီကနေ့ ဧပြီလ ၁၂ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    "အဲဒီရပ်ကွက်က ခံတပ်၂ခုကိုတော့ ဘူဒိုဇာတွေနဲ့ထိုးပြီး သူတို့ရှင်းလိုက်ပြီ။ မရှင်းခင်မှာ RPG လို အမြှောက်ဗုံးသီးတွေ လေးငါးခြောက်လုံးလောက်အရင်ပစ်တယ်။ သေနတ်သံကတော့ အချက်ပေါင်းမရေနိုင်ဘူး။ လူတွေကတော့ အထိအခိုက်ရှိတယ်လို့ အခုထိမကြားရသေးဘူး။ "လို့ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။

    မနေ့က ဧပြီ၁၁ရက်နေ့ကလည်း ရဲစခန်းရှေ့ ဆိုင်ကယ်ဖြတ်မောင်းတဲ့ ဒေသခံအချို့ ပစ်ခတ်ခံရတဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

    ဧပြီ ၁၀ရက်နေ့တုန်းကလည်း တမူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုတွေအတွင်း အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။

    တမူးမြို့ထဲ ဖေဖော်ဝါရီလကုန်ပိုင်းမှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, တမူးမြို့ထဲ ဖေဖော်ဝါရီလကုန်ပိုင်းမှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခု
  13. သေတမ်းစာကြိုရေးခဲ့သူ တော်လှန်ရေးသမား ဆရာဝန်

  14. စစ်ကောင်စီ အုပ်ချုပ်ရေးမှူးအချို့ လှိုင်သာယာမှာ ငွေကောက်နေ

    လှိုင်သာယာ  ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ရစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာ ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ရစဥ်

    အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေးမှူးရုံး အတွက်‌ငွေကောက်နေတယ်လို့ လှိုင်သာယာဒေသခံ အချို့ကပြောပါတယ်။

    လှိုင်သာယာမှာ နယ်ကလာပြီး အလုပ်လုပ်သူတွေအတွက် ဖွင့်ထားတဲ့ ဆောင်ပိုင်ရှင်တွေဆီက ငွေကောက်ခံနေတာဖြစ်ကြောင်းလည်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    လှိုင်သာယာမြို့နယ် အမှတ် ၁၈ ရပ်ကွက်မှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး က ရပ်ကွက်ထဲက အဆောင်တစ်ဆောင်ကို ငွေတစ်သောင်းပေးရမယ်လို့ ရာအိမ်မှူးတွေကတစ်ဆင့် ကောက်ခိုင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ငွေကို ဧပြီလ ၁၃ ရက်နေ့နောက်ဆုံးထားပေးရမယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

    ရပ်ကွက်ရုံးမျက်နှာကြက်ပြင်ဖို့နဲ့ ရုံးရှေ့မှာလုံခြုံရေးတဲဆောက်ဖို့လို့လည်း ကောက်ခိုင်းတယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အမှတ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမောင်မောင်ဟာ အရင်စစ်အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီးတေ့ာ အရပ်သားအစိုးရလက်ထက်မှာတော့ တစ်ကြိမ်မှ ပြန်လည်ရွေးကောက်ခံရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ ငွေကောက်ခံတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။

  15. တမူးမြို့မှာ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သေဆုံးခဲ့သူအမျိုးသားဟာ နမ့်ဖာလုံ ၁၃ ရပ်ကွက်က အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦးဆိုသူဖြစ်ပါတယ်။

    တမူးခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ကို ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့ဖြတ်သွားတုန်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

    သေဆုံးသူဟာ လက်မောင်းအရိုးကြေတဲ့အထိ ညာလက်မောင်းကို ကျည်ဖောက်ပြီး ကိုယ်တွင်းပိုင်းကို ထိခဲ့တာပါ။

    အခုတော့ မိသားစုက သူ့အလောင်းကို နမ့်ဖာလုံသုဿန်မှာ ဒီညနေပိုင်းမှာပဲ မီးသင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။

    တမူးမှာ မနေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့မြို့ခံတွေ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့ပြီး အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။

    ဒါ့ပြင် မနေ့တနေ့တည်းမှာပဲ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းကျဆုံးတယ်လို့ မြန်မာဘက်ခြမ်းမှာ လှုပ်ရှားတဲ့ ကူကီးအမျိုးသားတပ်မတော်ဘက်က ကြေညာပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအင်တာနက်စာမျက်နှာမှာ တစုံတရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

  16. ကလေးသပိတ်တိုက်ပွဲသုံးသပ်ချက်

  17. ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီတုံ့ပြန်

    ဗြိတိန်ရဲ့ကမကထ ပြုမှုနဲ့ ဧပြီလ ၉ ရက်မှာ အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေး (Arria-Formula Meeting) ကို လက်မခံသလို ပြင်းထန်စွာကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

    အဲဒီအစည်းအဝေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ခေတ္တယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ CRPH ကပဲ ထပ်ခန့်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

    စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ကောင်စီက CRPH ကို မတရားအသင်းကြေညာထားတာနဲ့ ဦးကျော်မိုးထွန်းကိုလည်း ဖေဖော်ဝါရီကုန်ပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲထားလို့ မြန်မာနိုင်ငံအမည်ခံပြီး တက်ရောက်တာဟာ နိုင်ငံကို ကိုယ်စားမပြုဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။

    CRPH ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကတော့ အာဏာသိမ်းမှုအပြီး စစ်တပ်ကြောင့် အရပ်သားတွေ သေဆုံးနေရတာအပြင် ပြည်တွင်း အခြေအနေ အရပ်ရပ်ကို အဲဒီအစည်းအဝေးပွဲမှာအကျဥ်းချုံးဆွေးနွေးတင်ပြခဲ့ပြီး R2P ကျင့်သုံးနိုင်နိုင်မယ့် တတိယအချက်ကို ထည့်သွင်းစဉ်စားဖို့ တိုက်တွန်းခဲ့ပါတယ်။

    အဲဒီအချက်ကတော့ နိုင်ငံတော်က နိုင်ငံသားတွေကို ကာကွယ်ဖို့ ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ပေးတဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဦးကျော်မိုးထွန်းကတော့ အရပ်သားတွေရဲ့လူနေအရပ်တွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ နောက်ထပ်သွေးထံသံယိုမှု ရှောင်ရှားနိုင်ဖို့ လုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မပျံသန်းရဇုန်သတ်မှတ်တာ၊ လက်နက်ရောင်းချမှုကို ချက်ချင်းပိတ်ပင်တာနဲ့ အရေးယူပိတ်ဆို့တာတွေလုပ်ဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုသွားပါတယ်။

    ပြည်တွင်း ဆန္ဒပြပွဲတွေမှာ မြင်တွေ့လာရတဲ့ ကုလတပ်တွေဝင်ပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုမှု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြည်တွင်း ဆန္ဒပြပွဲတွေမှာ မြင်တွေ့လာရတဲ့ ကုလတပ်တွေဝင်ပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုမှု
  18. မန္တလေး မြဝတီဘဏ်မှာ ပေါက်ကွဲမှုဖြစ်

    ပေါက်ကွဲမှုဖြစ်ခဲ့တဲ့  တပ်ပိုင်မြဝတီဘဏ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တပ်ပိုင်မြဝတီဘဏ်
    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမြို့ ၂၆x၂၇ကြား ၈၁လမ်းက တပ်မတော်ပိုင်မြဝတီဘဏ်မှာ ဒီနေ့ ဧပြီလ ၁၁ ရက် မနက်ပိုင်း ရှစ်နာရီခွဲခန့်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီးလုံခြုံရေးယူထားတဲ့ စစ်သားတစ်ဦး ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီကိုပြောပါတယ်။

    "မြဝတီဘဏ်ရှေ့မှာ အစောင့် စစ်သားနဲ့ရဲတစ်ယောက်ရှိတာ၊ စစ်သားတစ်ယောက်လဲသွားတာ တွေ့လိုက်တယ်။ အဲ့ဒီလူက လဲပြီး လှုပ်နေသေးတယ်။ အောက်ပိုင်းကို ထိတာပဲ မြင်လိုက်တယ်။ စစ်ကားနဲ့ပဲတင်ခေါ်သွားတာ"လို့ မျက်မြင်တွေ့သူကပြောပါတယ်။

    ဒီစစ်သားသေဆုံးခဲ့တဲ့ ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ဒီပေါက်ကွဲမှုဟာ မိုလိုတော့ဖ်လို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမျိုးဖြစ်နိုင်ပြီး မီးခိုးလုံးထွက်နေတာပဲ တွေ့ရတယ်လို့ ဒေသခံ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

    မြဝတီဘဏ်လုံခြုံရေးကို ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လုံခြုံရေးယူထားတာဖြစ်ပါတယ်။ မန္တလေးမှာ မနေ့က ဧပြီလ ၁၀ ရက်နေ့ကလည်း ရတနာပုံဈေးအနီး ဧရာဝတီဘဏ်ရှေ့ အမှိုက်ကန်မှာ ပေါက်ကွဲမှုတစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။