အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သင်္ကြန်ပွဲ မကျင်းပဘဲ အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်

  2. မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို

    တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူ့ရဲ့မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေ သူ့ကြောင့် တိမ်းရှောင်နေရတယ်လို့ ပြောကြောင်း ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။

    သူကိုယ်တိုင်လည်း လန်ဒန်မြို့ မြောက်ပိုင်းက သံအမတ်အိမ်မှာ နေနေရတာ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားမိတယ်လို့ ဆိုပါတယ်။ သူ့ကို လာမယ့် ဧပြီလ ၁၅ရက် မတိုင်ခင် သံအမတ်အိမ်ကနေ ဆင်းခိုင်းတဲ့စာကို သံရုံးက လူတွေ လာပေးခဲ့အပြီး ရဲကို အကြောင်းကြားခဲ့တယ်လို့ ဦးကျော်စွာမင်းက ပြောပါတယ်။

    တကယ်လို့ သူ့အိမ်ထဲ အတင်းဝင်ပြီး နှင်ချတာတွေ လုပ်လာမယ်ဆိုရင် ဗြိတိသျှရဲတွေအနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတာကို ဗြိတိန် နိုင်ငံခြားရေးရုံးက သူ့ကို ပြောထားတယ်လို့ ဆိုပါတယ်။

    သူ လန်ဒန်မြို့မှာ နေဖို့အတွက် ဗြိတိသျှ အစိုးရတာဝန်ရှိသူတွေက ဘယ်လို ထောက်ပံ့ကူညီမှုတွေ လုပ်မလဲ ဆိုတာကို သူခုချိန်ထိ စောင့်နေဆဲပဲ လို့လည်း ပြောသွားပါတယ်။

    “ယူကေအစိုးရ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာကို လူတွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။ မြန်မာစစ်တပ်ဆီကနေ သင်ခန်းစာ ရခဲ့ပါပြီ။ အခုတော့ စစ်တပ်ကို သင်ခန်းစာ ပြန်ပေးရမယ့် အချိန် ရောက်ပါပြီ။ ယူကေအစိုးရအနေနဲ့ သူတို့ရဲ့ အစွမ်းကို ပြဖို့ လိုပါတယ်” လို့ ဦးကျော်စွာမင်းက ပြောကြောင်း ဂါဒီယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။

    ယူကေ၊ မြန်မာသံအမတ်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာသံရုံးကို စစ်သံမှူးနဲ့အဖွဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့အပြီး စစ်ကောင်စီက သံအမတ် ဦးကျော်စွာမင်းကို တာဝန်ကနေ ရပ်စဲလိုက်
  3. ချင်းတောင်၊ တူမီးနဲ့ စစ်ပြန်တို့မြေ

  4. ရန်ကင်း အတာအိုးလှုပ်ရှားမှု တစ်ဦး ဖမ်းဆီးခံရ

    ရန်ကင်းမြို့နယ်မှာ ဒီကနေ့ အတာအိုးတော်လှန်ရေးလှုပ်ရှားမှု ဆောင်ရွက်နေချိန်အတွင်းဖြိုခွင်းခံရပြီး သပိတ်ခေါင်းဆောင် ကိုနန်းလင်း လွတ်မြောက်သွားပေမယ့် အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

    "တကသကျောင်းသားဟောင်းများ အင်အားစုနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂရန်ကုန်တို့ ပူးပေါင်း ပြီး ရဲရဲနီဆွေး အတာအိုးတော်လှန်ရေးဆိုတဲ့ ပြောက်ကျား လှုပ်ရှားမှု ရန်ကင်းမှာလုပ်နေတဲ့ အချိန် ကျွန်တော်တို့ကို လာရောက်ဖြိုခွဲဖမ်းဆီးခဲ့တာပါ။

    ကျွန်တော်က ကံကောင်းပြီး လွတ်မြောက်ခဲ့ပေမယ့် ဒီနေ့မှလာကူညီပေးတဲ့ ညီမလေး တစ်ယောက်ကတော့ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်" လို့ တကသ ကျောင်းသားများအဖွဲ့က ကိုနန်းလင်းက ရှင်းပြပါတယ်။

    သူတို့ ကျောင်းသားအဖွဲ့တွေ အတားအဆီးတွေကြားမှာ ပြောက်ကျားသပိတ်တွေ ခပ်စိပ်စိပ် ထွက်လာနေတာနဲ့ ပတ်သက်လို့ကိုနန်းလင်းက ထပ်ရှင်းပြပါတယ်။

    "သေချာတာကတော့ ရန်ကုန်မှာပြောက်ကျားလှုပ်ရှားမှုတွေ လူငယ်တွေ ကျောင်းသားတွေ ဦးဆောင်မှုနဲ့ ပုံစံပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ကျိန်းသေပေါက်ဆက်ရှိနေမှာပါ။ကျွန်တော်တို့ တောက်လျှောက် ပြောခဲ့သလို တစ်ဗိုလ်ကျရင် နှစ်ဗိုလ်တက်ရပါလိမ့်မယ်။ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေ ရပါမယ်။ပြောက်ကျား သပိတ်တွေရဲ့ရည်ရွယ်ချက်က လာမယ့်ရာသီကာလတွေမှာ လူတွေ အင်နဲ့ အားနဲ့ လမ်းမပေါ်ကိုပြန်ရောက် လာဖို့ ရည်ရွယ်ပါတယ်။"

    ရန်ကင်း အတာအိုးလှုပ်ရှားမှု တစ်ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ

    CDM လုပ်နေသူ ဝန်ထမ်းတွေနေထိုင်နေတဲ့ မန္တလေးတိုင်း မြစ်ငယ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ ခံတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် လှူထားတဲ့ပစ္စည်းတွေကိုစစ်တပ်ဘက်က လာသိမ်းဖို့ ကြိုးစားရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ အခင်းဖြစ်နေတဲ့နေရာမှာ ဒဏ်ရာရသူတွေ အကူအညီပေးခဲ့တဲ့ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    " စဖြစ်တဲ့အချိန်ကညနေ၅နာရီကျော်လောက်။ နေရာကတော့ ကျောင်းသစ်ကျောင်း သာယာအေးရပ်ကွက်မှာ။ စစ်တပ်ကလူတွေနဲ့ အတူပါလာတဲ့အိမ်စီးကားက လာဝိုင်းတဲ့ သူတွေကို စတိုက်တာ။ ကားတိုက်ခံရလို့ တစ်ယောက် ဒဏ်ရာရသွားတာရှိပေမယ့် ဒဏ်ရာကတော့ သိပ်မပြင်းထန်ပါဘူး။အဲ့လိုတိုက်ခံရတဲ့အတွက် အနီးအနားက လူတွေက ဝိုင်းလာကြတဲ့အချိန်မှာ သူတို့က စပစ်တာလို့" သူက အတည်ပြုခဲ့ပါတယ်။

    အဲဒီ ဖြစ်စဥ်မှာ သေဆုံးသူ ၂ ယောက် နဲ့ဒဏ်ရာရသူ အယောက် ၂၀လောက်ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပြီး ဘီဘီစီက ထပ်မံ အတည်ပြုဖို့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာရသူအများအပြားရှိတယ်ဆိုတာကိုသာ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူကို အခုချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    နောက်ဆုံးရရှိတဲ့ သတင်းအရ မြစ်ငယ်မြို့ ပစ်ခတ်မှုကည ၈နာရီထိုးခါနီးမှာ ရပ်သွားတယ်လို့ သိရပါတယ်။

    မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ရန်ကုန်က ပြည်သူတွေက သူတို့ မလုံခြုံ သလို ခံစားနေရ

  7. တမူး ပစ်ခတ်မှု နွားနို့သည်လင်မယား ၂ ဦး သေဆုံး

    တမူးမြို့မှာ ဒီကနေ့မနက် ၁၀နာရီခန့်က မြို့မ ၁၂ ပါဟဲ တံတားအနီးမှာ နွားနို့သည်လင်မယား ၂ ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒေသခံတွေဘက်က ကာကွယ်ရေးတပ်ဖွဲ့တွေလည်း တမူးမြို့ကနေ ရှောင်တိမ်းနေချိန်ဖြစ်လို့ နှစ်ဖက် ပစ်ခတ်မှုတွေ မရှိချိန်မှာ အခုလို ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

    "သူတို့က တမူးတစ်မြို့လုံးကို နွားနို့ပို့နေကြ။ ကျွန်တော့်အိမ်ကိုတောင် လာပို့ဖူးတယ်။ သူတို့ပစ်သတ်ခံလိုက်ရတာကို သေသေချာမြင်လိုက်ရတဲ့သူတွေအများကြီးရှိတယ်။ အဲ့ဒီလူတွေကတောင် ဓာတ်ပုံတွေရိုက်ပြီးတောင် လိုင်းပေါ် တင်ထားတာတွေ ရှိတယ်။အခုချိန်က တမူးမှာ လမ်းပေါ်ထွက်တဲ့လူတိုင်းကို ပစ်သတ်နေတာ။ သူတို့၂ယောက် နွားနို့ပို့ရင်းနဲ့ ပစ်သတ်ခံလိုက်ရတာ။ အလောင်းကိုတော့ မိသားစုတွေပြန်ရသွားပြီး ချက်ချင်းသင်္ဂြိုဟ်ဖို့ လုပ်ကြတယ် " လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    "တမူးမှာက စစ်တပ်တွေ ထပ်ထပ်တိုးလာတယ်။ နောက်ထပ် စစ်သား ၈၀၀ လောက် လည်း ထပ်တိုးလာမယ်လို့ လည်းကြားရတယ်။ တမူးမြို့ခံကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တောထဲမှာရှောင်နေပြီး စစ်တပ်ကိုပြန်တိုက်ဖို့ အရှိန်ယူနေကြတယ်" လို့ သူက မြို့ရဲ့ အခြေအနေကို ပြောပါတယ်။ ‌‌

    တမူးနဲ့ နန်းဖာလုံကြားက တံတားပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူ ၃ ဦးကို ဖမ်းထားတယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားနေကြတာကို တွေ့ရပါတယ်။

    တမူး ပစ်ခတ်မှု နွားနို့သည်လင်မယား ၂ ဦး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. သင်္ကြန်မဏ္ဍပ်တွေမှာ ရေကစားမယ့်သူမရှိ၊ လမ်းမတွေပေါ် လူမထွက်တဲ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့လယ်မြင်ကွင်း

    မြန်မာသင်္ကြန်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

    မြန်မာသင်္ကြန်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

    မြန်မာသင်္ကြန်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

    မြန်မာသင်္ကြန်၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

  9. မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ အဒါနီဆိပ်ကမ်းကုမ္ပဏီကို ဒေါင်းဂျုန်းစ် စတော့ခ်ရှယ်ယာ စျေးကွက်စာရင်းထဲက ဖယ်ရှား

    မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်နွှယ် ပတ်သက်နေတဲ့ အဒါနီ ဆိပ်ကမ်း စီးပွားရေးအထူးဇုန် လီမိတက် ကုမ္ပဏီကို နယူးယောက်အခြေစိုက် S&P ဒေါင်းဂျုန်းစ် စတော့ခ်ရှယ်ယာ ကုမ္ပဏီက သူတို့ရဲ့ စျေးကွက်စာရင်းထဲကနေ ဖယ်ရှားလိုက်ပြီလို့ ပြောပါတယ်။

    ဒေါင်းဂျုန်းစ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အဒါနီကုမ္ပဏီဘက်ကတော့ တရားဝင် တုံ့ပြန်ကြေညာချက် မထုတ်ပြန်သေးပါဘူး။

    အဒါနီဆိပ်ကမ်း အထူးစီးပွားရေးဇုန်လိမိတက် ဟာ ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဆီကနေ မြေအငှားစာချုပ်နဲ့ ဒေါ်လာ သန်း၂၉၀ တန် ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နေတာပါ။

    ဖေဖော်ဝါရီလတုန်းကတော့ အဒါနီကုမ္ပဏီက ဒီဆိပ်ကမ်း တည်ဆောက်ခွင့် ရရေးအတွက် စစ်ခေါင်းဆောင်တွေနဲ့ သူတို့ ညှိနှိုင်းပြောဆိုခဲ့တာမျိုး မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လမှာ အမေရိကန်အခြေစိုက် ABC သတင်းဌာနက ဖော်ထုတ် ဖွင့်ချလိုက်တဲ့ ဗီဒီယို ဓာတ်ပုံတွေထဲမှာတော့ အဒါနီကုမ္ပဏီ အကြီးအကဲ ကရန် အဒါနီနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၉ ခုနှစ် ဇူလိုင်လတုန်းက တွေ့ဆုံခဲ့ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုထဲမှာလည်း မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ အဒါနီကုမ္ပဏီ ပါဝင်ကြောင်း ဖော်ပြထားတယ်လို့ ABC သတင်းက ဆိုပါတယ်။

    မတ်လမှာ အမေရိကန်အစိုးရက အာဏာသိမ်း စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမိတက် MEHL တို့ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။

    မြန်မာစစ်တပ်၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့၊
    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်နဲ့ အဒါနီကုမ္ပဏီ အကြီးအကဲ ကရန် အဒါနီတို့ ၂၀၁၉ ဇူလိုင်လက တွေ့ဆုံခဲ့ကြ
  10. မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

    မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းက အမျိုးသမီးလူငယ်တွေဟာ ဒီနေ့ ဧပြီလ ၁၃ ရက်မှာ လူမဲ့တရော်ကင်ပွန်းသပိတ် ပြုလုပ်ခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေးအပြင် လူထုအချင်းချင်းအားပေးစကားပါတဲ့စာတွေကိုလည်း တရော်ကင်ပွန်းခေါင်းလျှော်ရည်ထုတ်နဲ့အတူ မျှဝေတာတွေပြုလုပ်ခဲ့ပါတယ်။

    မြန်မာနှစ်သစ်ကူးမှာ အညံ့တွေပျောက်ဖို့ ဒီနေ့ သင်္ကြန်အကြိုနေ့မှာ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ကြဖို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားပြောဆိုမှုတွေလည်း ရှိခဲ့အပြီး အခုလှုပ်ရှားမှု ထွက်ပေါ်လာတာပါ။

    မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မြတောင်စစ်ကြောင်းဟာ နေ့စဉ် စစ်အာဏာသိမ်းဆန့်ကျင်သပိတ်မှောက်လို့ စစ်ကောင်စီကနေ အကြမ်းဖြိုခွင်းတာ အကြိမ်ကြိမ်ကြုံရတဲ့ဆန္ဒပြသပိတ်စစ်ကြောင်းဖြစ်ပါတယ်။

    ဖေဖော်ဝါရီလက စတဲ့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြမှုတွေ အတွင်း မြတောင်သပိတ်စစ်ကြောင်းက လူအယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးခံရသလို သပိတ်ဖြိုခွင်းစဉ် ကျည်မှန်သေဆုံးသူ အနည်းဆုံး ၃ဦးရှိခဲ့ပါပြီ။

  11. ဆီးရီးယားလို ပြည်တွင်းစစ်ကြီး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တယ်လို့ ကုလ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲပြော

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနေမှုကြောင့် ဆီးရီးယားနိုင်ငံမှာလိုမျိုး ပြည်တွင်း ပဋိပက္ခစစ်ပွဲကြီးတစ်ခုအထိ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ မီရှဲ ဘက်ချလက်က ဒီကနေ့ အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး ပစ်ခတ် သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ပန်ကြားလိုက်ပါတယ်။

    အာဏာသိမ်း စစ်တပ်က လူပေါင်း ၃၀၈၀ ကို ဖမ်းဆီး ထိန်းသိမ်းထားသလို ၂၃ ဦးကို လျှို့ဝှက် စစ်ဆေးကြားနာခဲ့အပြီး သေဒဏ် ချမှတ်ခဲ့တယ်လို့ မီရှဲ ဘက်ချလက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံက အခြေအနေဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခုဆီ ဦးတည်နေပါတယ်။ ဆီးရီးယားနဲ့ တခြားနေရာတွေမှာ လူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ အတိတ်ကအမှားမျိုး နောက်တစ်ခေါက် ထပ်ဖြစ်လာမှာကို ကမ္ဘာ့နိုင်ငံတွေက ခွင့်မပြုသင့်ပါဘူး”လို့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ မီရှဲ ဘက်ချလက်က ပြောပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာဏာသိမ်း စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ မီရှဲ ဘက်ချလက်
  12. ကိုဗစ်စည်းကမ်းတွေနဲ့ ကျင်းပခွင့်ရတဲ့ရခိုင်သင်္ကြန်

    ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဦးစီးတဲ့ ရခိုင်ရိုးရာနံ့သာသွေးပွဲ
    ဓာတ်ပုံ ပုံစာ, ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဦးစီးတဲ့ ရခိုင်ရိုးရာနံ့သာသွေးပွဲ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာဧပြီ ၁၃ ရက် ဒီကနေ့မနက်ပိုင်းမှာ ဘုရားရေသပ္ပါယ်တာတွေကို စည်စည်ကားကားပြုလုပ်နေကြပြီဖြစ်ပြီး ရခိုင်ရိုးရာနံ့သာသွေးပွဲတွေကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဦးစီးပြီးတော့ မနက်ပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကြောင့် နိုင်ငံ့နေရာအတော်များများမှာ သင်္ကြန်ပွဲတော် မကျင်းပကြပေမဲ့ ဆန္ဒပြပွဲတွေ မရှိသလောက်နည်းတဲ့ရခိုင်ပြည်နယ်မှာ အခုလို သင်္ကြန်ပွဲ ကျင်းပနေတာပါ။

    ရခိုင်ပြည်နယ်ဟာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တဲ့ ၂ နှစ်နှစ်တာအတွင်း သင်္ကြန်ပွဲတော်တွေကိုကျင်းပခွင့်မရခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကျင်းပခွင့်မရရှိခဲ့ဘဲ ပွဲလန်းသဘင်တွေနဲ့ဆိတ်သုဉ်းနေခဲ့တာပါ။

    သင်္ကြန်ကြိုနေ့ စစ်တွေမြို့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, သင်္ကြန်ကြိုနေ့ စစ်တွေမြို့မြင်ကွင်း
    ကိုဗစ်စည်းကမ်းတွေနဲ့ ကျင်းပခွင့်ရတဲ့ရခိုင်သင်္ကြန်

    ဒါပေမဲ့ ရခိုင်ပြည်နယ်တစ်ခုတည်းမှာသာ သင်္ကြန်ကိုလွတ်လပ်စွာကျင်းပခွင့်ရနေချိန်မှာ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ကြုံတွေ့နေကြရတဲ့နိုင်ငံရေးအကြပ်အတည်းတွေကို ငဲ့တွက်ပြီး သင်္ကြန်ကိုထိန်းထိန်းသိမ်းသိမ်းဆင်နွှဲကြဖို့ ဒေသန္တရအဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။

    တဖက်မှာလည်း ဒီနှစ်ရခိုင်သင်္ကြန်ကို မဏ္ဍာပ်တစ်ခုမှာ လူ ၅၀ ခန့်ထက်ပိုမစုဖို့ လမ်းညွှန်ချက်လို ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်တွေနဲ့ ပြည်နယ်ကောင်စီက ကျင်းပခွင့်ပေးထားတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံအနှံ့စစ်အာဏာသိမ်းမှုဆန့်ကျင်မှုတွေဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေချိန် တခြားတိုင်းနဲ့ပြည်နယ်တွေမှာ နေထိုင်တဲ့ရခိုင်လူမျိုးတွေ ပြည်နယ်ထဲပြန် ရောက်နေကြတာကြောင့် ဒီနှစ်သင်္ကြန်ဟာ အရင်ကထက် ပိုစည်ကားနိုင်ခြေရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

  13. နိုင်ငံအနှံ့က အတာသပိတ်တွေ

  14. သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမုဒိတာအိမ်ရာမှာ စစ်ကောင်စီတပ်တွေက မနေ့ည ဧပြီလ ၁၂ ရက်မှာ ဧည့်စာရင်းဝင်စစ်ချိန် ဖမ်းဆီးခံရသူအယောက် ၃၀ နီးပါးရှိတယ်လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

    ''ဧည့်စာရင်းတိုင်ထားတဲ့အခန်းတွေကို ဝင်စစ်တာ၊ တံခါးတွေဘာတွေ ဖျက်ဝင်တာမျိုးလည်းရှိတယ်'' လို့ မနေ့ည ၁၁ နာရီကျော်ကျော်က အခြေအနေကို အိမ်ရာမှာနေသူတစ်ဦးက ပြောပြပါတယ်။

    ဧည့်စာရင်းစစ်ချိန်ဖမ်းထားတဲ့သူတွေကို စစ်ကောင်စီတပ်တွေတပ်စွဲထားပြီး အမှတ် ၂ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်းရှိတဲ့ ပေါ်တော်မူဘုရားဝန်းထဲ ခေါ်သွားပြီး အခုတော့ တချို့ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    အဲဒီဘုရားဝန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲရုံပြုလုပ်ခဲ့တဲ့ဝန်းလည်းဖြစ်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပေါ်တော်မူ၊ အမှတ် ၁ အထက်တန်းကျောင်းနဲ့ အမှတ် ၄ အလယ်တန်းကျောင်းတွေမှာ တပ်စွဲထားတယ်လို့ နယ်ခံတွေက ပြောပါတယ်။

    အခုလအစောပိုင်းတုန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ရဲတွေက ဧည့်စာရင်းတိုင်ဖို့လိုက်လံဖိအားပေးနေပြီး ဧည့်စာရင်းမတိုင်ရင် ဒဏ်ငွေ ၃ သိန်းဆောင်ရမယ်လို့ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာလိုက်လံကြေညာတာမျိုးရှိခဲ့ပါတယ်။

    သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်

    ဒီနေ့မနက်ပိုင်းမှာ မီးလောင်နေတဲ့ မအူကုန်း အုပ်ချုပ်ရေးမှူးရုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီနေ့မနက်ပိုင်းမှာ မီးလောင်နေတဲ့ မအူကုန်း အုပ်ချုပ်ရေးမှူးရုံး

    ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲမှာရှိတဲ့ မအူကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၁၃ ရက် မနက် ၅ နာရီကျော်လောက်က မီးလောင်မှုဖြစ်ခဲ့လို့ ရုံးတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့ အနီးနားနေထိုင် ထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

    အဲဒီအုပ်ချုပ်ရေးမှူးရုံးဟာ လမ်းကျယ်နဲ့ ၁၃၅ လမ်း လမ်းထိပ်မှာရှိပြီး အုတ်ကာ၊ သွပ်မိုး တထပ်အဆောက်အအုံဖြစ်ပါတယ်။

    မီးသတ်ကားနဲ့ မီးငြိမ်းနိုင်ခဲ့လို့ မနက် ၆ နာရီဝန်းကျင်မှာ မီးငြိမ်းနိုင်ခဲ့ပေမဲ့ အိမ်စီးကား ၂ ဦးမီးသင့်ပြီး ထရန်စဖော်မာ တစ်လုံး ပျက်စီးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိသလို မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

    ''မနက် ၅ နာရီလောက်မှာ မီးလောင်တယ်ဆိုပြီး ရပ်ကွက်ထဲ သံပုံးတွေတီးကြ၊ သံချောင်းတွေခေါက်တာမျိုးရှိခဲ့တယ်။ တစ်လမ်းကျော် လောက်က ထွက်ကြည့်တာတောင် မီးအပူရှိန်ဟပ်တာကို ခံစားရတယ်'' လို့ ရပ်ကွက်နေ မျက်မြင်တစ်ဦးက ပြောပါတယ်။

    ရပ်ကွက်ထဲကို မီးပေးတဲ့ ထရန်စဖော်မာ ပျက်လို့ မီးပြတ်တာရှိခဲ့ပေမဲ့ ချက်ချင်းလာပြန်လဲသွားလို့ မနက် ၈ နာရီမှာ မီးပြန်လာတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

    အဲဒီရပ်ကွက်ရုံးမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က ရပ်ကွက်နေသူတွေက လူတန်းရှည် ဧည့်စာရင်းတိုင်တန်းတာမျိုးလည်းရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကာဖျူးချိန်အတွင်းနဲ့ မနက်ခင်းအစောပိုင်းတွေမှာ ရန်ကုန်မြို့နယ်တချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မီးလောင်တာတွေ ဖြစ်ထားပြီး အခုဖြစ်ရပ်က နောက်ဆုံးဖြစ်ထားတဲ့မီးလောင်မှု ဖြစ်ပါတယ်။

  16. မိုးကုတ်မြို့ အခြေစိုက်တပ်က မနေ့ညပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့

    မိုးကုတ်မြို့ အရှေ့ပိုင်း စစ်တန်းကုန်းမှာရှိတဲ့တပ်ဘက်က မနေ့ ဧပြီလ ၁၂ ရက်နေ့ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက အတည်ပြုပါတယ်။

    တပ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ မနေ့ည ၇ နာရီခွဲကနေ ည ၁၁ နာရီအထိ တနာရီခြား တခါလောက် ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

    မြို့ခံတွေအပြောအရ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ မိုးကုတ်ကနေအထွက် မိုင်းလုံဘက်ကိုသွားတဲ့ အဖြူရောင်ညောင်ကုန်း ရွာတွေဝန်းကျင်တဝိုက် တောတွင်းဘက်ကို ကျတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

    မြို့တွင်းမှာ တအာင်း (ပလောင်)လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)ရဲ့လှုပ်ရှားမှု ဒီရက်ပိုင်းအတွင်း သိပ်မတွေ့ရပေမဲ့ မိုးကုတ်အထွက် ပန်းမမှာ ရှိတဲ့ စစ်တပ်ရဲ့လုံခြုံရေးကင်းကို TNLA ဘက်က လာရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေ မြို့ထဲထွက်ပေါ်အပြီးမှာ တပ်ဘက်က မနေ့ညပိုင်းက ပစ်ခတ်မှုတွေ ဖြစ်လာတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

    ဒီနေ့မနက်ခင်းသတင်းတွေအရ ၄၅ လမ်းဆုံနဲ့ အဖြူရောင်၊ ညောင်ကုန်းရွာတွေဘက်မှာ TNLA နဲ့တပ်ကြားဖြစ်တဲ့ မနေ့ညတိုက်ပွဲတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ဆယ်ချီရှိနေတယ်လို့ မြို့ခံတွေကြားမှာ ပြောနေပေမဲ့ ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    ဧပြီလ ၁၀ ရက်နေ့ကလည်း လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်က နောင်မွန်ရဲကင်းစခန်းကို TNLA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က လာတိုက်လို့ လူ ၁၄ ဦးသေဆုံးတယ်လို့ လားရှိုးဒေသခံတွေက ပြောပေမဲ့ ဒါနဲ့ပတ်သက်လို့ မြေပြင်က သတင်းအတိအကျမရသေးလို့ စုံစမ်းနေဆဲဆိုပြီး TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောထားပါတယ်။

    မိုးကုတ်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. သင်္ကြန်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကို ရေမပက်ဖို့ မြို့နယ်တချို့မှာလိုက်လံကြေညာ

    မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း ရပ်ရွာဒေသတွေအတွင်းမှာ အဖျက်အမှောက်လုပ်ငန်းများ၊ ဆူပူအကြမ်းဖက်မှုများမပြုလုပ်ကြရန်နဲ့ မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ရေပက်ခြင်းမပြုဖို့အာဏာပိုင်တွေက ရန်ကုန်မြို့နယ်တချို့မှာ ဧပြီ ၁၂ ရက် ညပိုင်းကစလို့ လိုက်လံကြေညာခဲ့ပါတယ်။

    အဲဒီအသိပေးကြေညာချက်တွေကို လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့လည်း ပြောပါတယ်။

    ဒီနေ့ဟာ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းချိန် မဟာအတာသင်္ကြန်ပွဲတော်ကာလ စတင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းထားပြီးနောက် ရက်ပေါင်း ၇၀ ကျော်မှာ ကျရောက်လာတဲ့ သင်္ကြန်ကို မဆင်နွှဲဖို့၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တော်လှန်သင်္ကြန်ဆင်နွဲှကြဖို့လည်း တိုက်တွန်းမှုတွေရှိနေပါတယ်။ ဒါ့အပြင် ဒီနေ့ သင်္ကြန်အကြိုနေ့မှာလည်း နိုင်ငံတဝန်း သင်္ကြန်ရဲ့အငွေ့အသက်တွေပျောက်ဆုံးနေပြီး သင်္ကြန်ပွဲတော်ဆင်နွဲှမှုမရှိတာကိုလည်း တွေ့ရပါတယ်။

  18. မြန်မာပြည်သူတွေ အဓွန့်ရှည်တည်တံတဲ့ငြိမ်းချမ်းရေးရစေကြောင်း အမေရိကန်သံရုံး ဆုတောင်း

    မြန်မာပြည်သူအားလုံးအတွက် အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရန်အတွက် ဆုတောင်းပါကြောင်း ရန်ကုန်ကအမေရိကန်သံရုံးက ဒီနေ့ ဧပြီ ၁၃ ရက်မနက်မှာထုတ်ပြန်ပါတယ်။

    သံအမတ်ကြီး သောမတ်ဗိုက်ဒါကတော့ မနေ့ညပိုင်းက ဗီဒီယိုဖိုင်နဲ့သတင်းစကားပါးရာမှာ အခုအချိန်ဟာ အင်မတန်ခက်ခဲတဲ့အချိန်ဆိုတာ သိရှိကြောင်း၊ လူပေါင်းများစွာဟာ သူတို့ရဲ့အခွင့်အရေးနဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေကို ကာကွယ်ရင်း စွန့်လွှတ်ဒုက္ခအနစ်နာခံနေကြောင်း၊ ဒီလူတွေရဲ့ရဲဝံ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို အင်မတန်လေးစားအထင်ကြီးကြောင်း စသဖြင့်ပြောကြားသွားပါတယ်။

    မြန်မာပြည်သူတွေလိုချင်နေတဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံအားပေးမှုကို ထပ်လောင်းကတိပြုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    အတာသင်္ကြန်ကာလ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်ထိ သံရုံးကိုပိတ်ထားမှာဖြစ်ပြီး ဧပြီ ၁၉ ရက် တနင်္လာနေ့မှာတော့ ပြန်ဖွင့်မယ်လို့လည်း သံရုံးကကြေညာထားပါတယ်။

  19. "အမှောင်ကျချိန် ဘယ်လိုစိတ်မျိုးနဲ့ ပျော်နိုင်မှာလဲ"

  20. တမူးမြို့မှာ ခုခံတိုက်ခိုက်သူတွေကိုရှာမတွေ့ပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပွား