မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေမှာ ပစ်ခတ်ဖြိုခွင်းခံရမှုတွေကြောင့်လူသေဆုံးမှုတွေ
ရှိနေချိန်မှာ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ
အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ CRPH က ယာယီအစိုးရအဖွဲ့မှာ ခန့်အပ်ထားတဲ့
ယာယီ ဒုသမ္မတ မန်းဝင်းခိုင်သန်းက ဒီကနေ့ CRPH ဖေ့စ်ဘွတ်ခ်
စာမျက်နှာကတစ်ဆင့်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
အဲဒီအတွက် ပြည်သူတွေ မိမိကိုယ်ကိုယ် ခုခံနိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ
CRPH က ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် CRPH က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေကိုလည်း
တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ လူသေဆုံးမှု ဖြစ်ခဲ့တဲ့
ပစ်ခတ်ဖြိုခွင်းမှုတချို့မှာ ရဲစခန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို
ဆန္ဒပြသူတချို့က မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်တာတွေရှိတယ်ဆိုပြီး
သတင်းထုတ်ပြန်ထားပါတယ်။
-
စစ်အာဏာရှင်တိုက်ဖျက်ရင်းပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို
အဲဒီ ၆ မိနစ်ခွဲခန့်ရှိတဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းဗီဒီယိုထဲမှာ
စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို ချီးကျူးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့
ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်ဖို့ ကတိပေးတယ်လို့လည်း
ဆိုပါတယ်။
အာဏာရယူထားတဲ့ စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို တရားမဝင် အဖွဲ့အစည်းလို့ သတင်းထုတ်ပြန်ထားပါတယ်။ CRPH ကလည်း
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပါတယ်။