ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီမိုကရေစီတောင်းဆိုသူတွေကို သေနတ်ကျည်နဲ့တုံ့ပြန်တဲ့ မြန်မာစစ်တပ် - အမေရိကန်ပြောခွင့်ရ

    မြန်မာပြည်ထဲမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ မနေ့ကအထိ လူတွေ ဆက်လက် သေဆုံးနေရဆဲ ဖြစ်ပါတယ်။

    နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ မနေ့ တနင်္လာနေ့၊ မတ်လ ၁၅ ရက်နေ့မှာ နိုင်ငံတ၀န်း လူ အယောက် ၂၀ ထက်မနည်း သတ်ဖြတ် ခံခဲ့ရပါတယ်။

    အခုလို ဆန္ဒပြနေသူတွေ အပေါ် မြန်မာစစ်တပ်က အကြမ်းဖက်နေတာဟာ အင်မတန် ဆိုးယုတ်တဲ့ လုပ်ရပ်၊ ဘယ်လို အကြောင်းပြချက်မှ ပေးလို့မရတဲ့ လုပ်ရပ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနက ပြစ်တင်ရှုတ်ချပါတယ်။

    “တိုင်းပြည်မှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ တောင်းဆို နေတာတွေကို စစ်တပ်က ကျည်ဆန်နဲ့ ပြန်လည်တုံ့ပြန်နေတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျလီနာပေါ်တာက ဆိုပါတယ်။

    “မြန်မာစစ်တပ်ရဲ့ အပြုအမူတွေကို ကြည့်ရင် သူတို့ရဲ့ အကျိုးစီးပွား အတွက်သာ သူတို့ အာဏာသိမ်းတာ ဖြစ်ပြီး၊ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ကိုယ်စားပြုတဲ့ လုပ်ရပ်မဟုတ်ကြောင်း သိသာထင်ရှားစေတယ်” လို့လည်း မစ္စ ပေါ်တာက ပြောပါတယ်။

  2. ရဲနဲ့မီးသတ် အပါအဝင် အိန္ဒိယဘက်ထွက်ပြေးသူ အယောက် ၄၀၀ ကျော်ပြီ

    ဖေဖေါ်၀ါရီလ နှောင်းပိုင်းကစလို့မြန်မာဘက်ကနေ အိန္ဒိယထဲ ထွက်ပြေးခိုလှုံလာကြသူတွေ အရေအတွက် အခုဆိုရင် အယောက် ၄၀၀ ကျော် ရှိနေပြီလို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

    ထွက်ပြေးလာကြသူတွေထဲက အများစုဟာ ရဲတပ်ဖွဲ့၀င်တွေ ဖြစ်ပြီး ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခိုင်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာချင်တဲ့ အတွက် ခုလို အိန္ဒိယဘက် ထွက်လာရတာ ဖြစ်တယ်ဆိုပြီး ထွက်ဆိုကြပါတယ်။

    အဲဒီလို ပြေးလာကြသူတွေထဲ ရဲတပ်ဖွဲ့၀င်တွေတင်မက မီးသတ်တပ်ဖွဲ့၀င် တချို့လည်း ပါ၀င်တယ်လို့ အိန္ဒိယဘက်ခြမ်းက လာတဲ့ သတင်းတွေကဆိုပါတယ်။

    ရာနဲ့ချီတဲ့ သူတွေဟာ မြန်မာနဲ့ထိစပ်နေတဲ့ အိန္ဒိယ၊ မီဇီုရမ် ပြည်နယ်ထဲ ၀င်လာနေကြတာ ဖြစ်ပါတယ်။

  3. ရန်ကုန်က မြို့နယ်အချို့မှာ ညပိုင်း ပစ်ခတ်မှုတွေရှိနေ

    ရန်ကုန်မြို့က မြို့နယ်အချို့မှာ ညသပိတ် ဆင်နွှဲနေကြပြီး အဲဒီ့ နောက်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒေါပုံမြို့နယ်ဘက်မှာ အာဏာသိမ်းစစ်ကောင်စီ ရဲ့တပ်တွေက ပစ်ခတ်ခဲ့လို့ ရော်ဘာကျည်ထိမှန်ခဲ့ သူတွေရှိပြီးတော့ ရာဘာကျည်ပစ်ခတ်သံ အချက် ၄၀ လောက်ကြားရတယ်လို့ ဝါဆိုရပ်ကွက်အနီးနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဝါဆိုရပ်ကွက်က ကျည်ထိမှန်ခဲ့ သူနှစ်ဦးရှိသလို မျက်လုံးကျည်ထိသူတစ်ဦးရှိကြောင်း၊ ခေါင်းကိုကျည်ထိသူတစ်ဦးကို စစ်ကောင်စီတပ်တွေက တရွတ်တိုက်ဆွဲပြီး ခေါ်သွားကြောင်း၊ အဲ့ဒီသူ သေဆုံးသွားတယ်လို့ ယူဆရကြောင်းလည်း သူတို့ကပြောပါတယ်။

    ရန်ကုန်မြို့လှည်းတန်းနဲ့ ဥက္ကလာပ ဘုရား အနီးမှာ ပစ်ခတ်သံတွေကြားရကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    မတ်လ ၁၅ ရက် ည ရန်ကုန်မြို့က ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက် ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

  4. ကျည်ထိမှန်ခဲ့တဲ့ ရုပ်အလောင်း ၁၆ လောင်းစံပြဆေးရုံရေခဲတိုက် မိသားစုဝင်တွေပြန်ထုတ်

    သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကနေ အာဏာသိမ်း စစ်ကောင်စီ ရဲ့တပ်တွေ ပစ်ခတ်မှုကြောင့်သေဆုံးသွားတဲ့ တောင်ဒဂုံ ဒဂုံဆိပ်ကမ်း တောင်ဥက္ကလာ သင်္ဃန်းကျွန်း စတဲ့ မြို့နယ်တွေက ကျည်ထိမှန်သေဆုံးသူတွေ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက မတ်လ ၁၅ ရက်နေ့မှာ လာရောက်ထုတ်ယူခဲ့ကြပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကနေ ရုပ်အလောင်း ၁၆ လောင်း ကို အချိန်အပိုင်းအခြားနဲ့ ထုတ်ပေးခဲ့တယ်လို့သိရပါတယ် ။ စံပြဆေးရုံ အရေးပေါ်ဌာနမှာလည်း ဒဏ်ရာရ အယောက်၄၀ခန့် ကုသနေကြပါတယ်။

  5. CDM လုပ်တဲ့ သမဝါယမဦးစီးဌာနက ဝန်ထမ်းတွေကို ထောင် ၃ လစီချ

    နေပြည်တော်လယ်ဝေးမြို့နယ်က CDM လုပ်တဲ့ သမဝါယမဦးစီးဌါနက ဦးစီးမှူးအပါအဝင် ၈ ဦးကို ဇမ္မူသီရိ မြို့နယ် တရားရုံးက မကြာသေးခင် ရက်ပိုင်းကဘဲ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

    ဒါဟာ CDM လုပ်တဲ့ဝန်ထမ်းတွေကို ပထမဆုံးအကြိမ် အမိန့်ချဲ့တာလည်းဖြစ်ပါတယ်။

    ဒီအမူကို ဇမ္မူသီရိမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    အမူ့ရဲ့အခြေအနေနဲ့ ပတ်သက်လို့CDM ဝန်ထမ်းတွေဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေနေ ဒေါ်သီတာတိုးက အမူ့ကိုနှစ်လ အတွင်း အပြီးစစ်ဆေးသွားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

  6. လှည်းတန်း ညသပိတ်ကို ရဲက တားဆီးပိတ်ဆို့ထား

    ညစဉ် လိုလို ပြုလုပ်နေကြဖြစ်တဲ့ လှည်းတန်း ညသပိတ်ကို ရဲတပ်ဖွဲ့က ညနေပိုင်းကတည်းက စတင်ကာ မပြုလုပ်ဖို့ တားဆီးပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

  7. လှိုင်သာယာမှာ မတ်လ ၁၅ ရက်နေ့ အပစ်ခံရလို့ လူသေဆုံးမှုတွေရှိ

    စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မတ်လ ၁၅ ရက်နေ့က လှိုင်သာယာမှာ ဆန္ဒပြမှုတွေရှိခဲ့ပြီးတော့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ဒေသခံတွေရော မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

    တပင်ရွှေထီးလမ်းမတစ်လျှောက်စစ်အာဏာသိမ်းကောင်စီ တပ်တွေ ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေရပေမယ့် လှိုင်သာယာ ဆေးရုံ ဘက်ကိုတော့ ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။

    လှိုင်သာယာမှာ ဒီနေ့ ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိခဲ့တာမှန်ကန်ကြောင်းနဲ့ ရင်ခွဲရုံမှာ ရုပ်အလောင်းတွေ ထားစရာမရှိဘဲ မဆန့်အောင် ဖြစ်နေတယ်လို့လည်း လိုက်ပါကူညီပေးနေသူတွေကပြောပါတယ်။

    သေဆုံးသူတွေထဲမှာ အမျိုးသားတွေပါဝင်သလို အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  8. ပြည် ခရမ်းကုန်းသပိတ် ဖြိုခွဲမှု သေဆုံးသူလူငယ်နှစ်ဦး နာရေးအခမ်းအနားလုပ်

  9. ကေအိုင်အေ နဲ့ တပ်မတော် တို့ ဖားကန့်အနီး တိုက်ပွဲဖြစ်

    ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆဒူဇွပ် ဝါရာဇွပ်အုပ်စု စံပြ ရွာဘက်မှာ မတ်လ ၁၅ ရက်နေ့ မနက် ၂နာရီခွဲခန့်က တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ မကြာခဏဆိုသလို တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်နေကြဖြစ်တဲ့ ဒေသဖြစ်ပေမဲ့ ၂၀၂၁ အတွင်း မှာတော့ မတ်လ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့တာဖြစ်တယ်လို့ဖြစ်တယ်လို့ပြောပါတယ်။

    အဲ့ဒီနေရာဟာ ကေအိုင်အေ တပ်ရင်း၁၄၊ တပ်မတော်နဲ့ ပြည်သူစစ်တွေလည်း ရှိသလို ရွှေမှော်လည်း ရှိတာကြောင့် လူစည်ကားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

    မတ်လအတွင်းက ကချင်ပြည်နယ် ဖားကန့် မိုးကောင်းနဲ့ကာမိုင်းမြို့ အကြားမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်နေခဲ့တာရှိပါတယ်။

  10. မန္တလေးမှာ သပိတ် ဖြိုခွင်းခံရပြီး တစ်ဦးသေဆုံး

    မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

    မတ်လ ၁၅ ရက် မနက်ပိုင်း မြရည်နန္ဒာ ရပ်ကွက်မှာ အထိုင်သပိတ်ပြုလုပ်နေစဥ် စစ်တပ်နဲ့ ရဲဘက်က ဝိုင်းလာကာ ရပ်ကွက်အတွင်း ပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ လည်းဒေသခံတွေဆီက သိရပါတယ်။

    ဒဏ်ရာရ သူတွေလည်းရှိတယ်လို့သိရပြီး လက်ရှိအချိန်မှာ ကျည်ထိမှန်လို့ ဝမ်းဗိုက်နဲ့ လက်တွေပါ ဒဏ်ရာရသူ ၁၀ ဦးရှိပြီး ဖမ်းဆီးခံရသူက ၃ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက ခန့်ထားတဲ့ သင်ပန်းကုန်း အုပ်ချုပ်ရေးမှူးအိမ်ကို သပိတ်အကြောင်း သတင်းသူလျှို ပြုလုပ်လို့ ဆိုကာ ပြည်သူတွေက ဝိုင်းထားတာကို စစ်တပ်နဲ့ရဲတပ်အဖွဲ့က ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီရပ်ကွက်ထဲမှာ ရဲ နဲ့ စစ်သားတွေ ဆက်လက် တပ်စွဲ ပြီးဝိုင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီနေ့ ညနေပိုင်းအထိ မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီ ပစ်ခတ်မှုကြောင့်ကျည်ထိမှန်သေဆုံးသူ အမျိုးသားနှစ်ဦး ထိရှိလာပြီဖြစ်ပါတယ်။

    မတ်လ ၁၄ ရက်နေ့က ကျည်ထိမှန်ခဲ့သူတစ်ဦးလည်းဒီနေ့ ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ ကုသမှုတွေလုပ်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။

  11. အင်တာနက်မရလို့ ဒေါ်အောင်ဆန်းစုကြည်အမှု ရုံးမထုတ်ဖြစ်

    အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်မလေးခုနဲ့ တရားစွဲခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတ်လ ၁၅ ရက်နေ့ ရုံးချိန်းမှာ အင်တာနက် မရ လို့ ရုံးမထုတ်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

    ​လာမည့်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားဝင်လိုက်ပါဆောင်ရွက်ပေးနိုင်ဖို့ ရှေ့နေနှစ်ဦးအတွက် ကိုယ်စားလှယ်လွှဲစာရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ရဲအရာရှိတစ်ဦးက မတ်လ ၁၅ ရက်နေ့ ရုံးချိန်းမှာရှေ့နေတွေကို လာရောက်ပြောဆိုခဲ့တယ်လို့လည်း သူကပြောပါတယ်။

    လူငယ်ရှေ့နေနှစ်ဦးဖြစ်တဲ့ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုးတို့ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လွှဲစာရရှိအောင်ဆောင်ရွက်ပေးမယ်လို့ အဆိုပါရဲအရာရှိက ပြောသွားတယ်လို့ဦးခင်မောင်ဇော်က ပြောပါတယ်။

    လာမည့်ရုံးချိန်းကို မတ် ၂၄တွင် ပြန်လည်ချိန်းဆိုထားပြီးတော့ NLD ဗဟိုအလုပ်မှုဆောင် တာဝန်ပေးထားတဲ့ ဦးခင်မောင်ဇော်အပါအဝင် ကျန်တဲ့ ရှေ့နေ့တွေက တရားရုံးမှာလိုက်ပါဆောင်ရွှက်ခွင့်ရရေး ဆက်လက်ကြိုးစားသွားမယ်လို့ လည်း သူကပြောပါတယ်။

  12. လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦး ရုပ်အလောင်းတွေဆေးရုံက လက်ခံရရှိထား

    လှိုင်သာယာမြို့နယ်မှာ မနေ့ မတ်လ ၁၄ ရက်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ဆေးရုံမှာလက်ခံထားတဲ့ သေဆုံးသူ‌ ရုပ်အလောင်း ၃၇ လောင်းရှိတယ်လို့ လှိုင်သာယာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

    ဒဏ်ရာရလို့ ဆေးရုံမှာ ကုသပေးနေသူ နောက်ထပ် အယောက် ၄၀ အထိ ရှိတယ်လို့လည်း ဆိုပါတယ်။

    လှိုင်သာယာ ဆေးရုံကြီးဟာ CDM လုပ်နေတဲ့ ဆေးရုံဖြစ်ပြီး မနေ့က အခြေအနေကြောင့် ဆေးရုံအရေးပေါ်ဌာနဖွင့်ပြီး ကုသမှု ပေးခဲ့တာလို့လည်းသိရပါတယ်။

    ဒါ့ပြင် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ လာရောက်ကူညီပေးကြဖို့ မေတ္တာရပ်ခံစာ ကို ဆေးရုံလူမှု ကွန်ရက်ကနေ ပန်ကြားခဲ့ပါတယ်။

    လှိုင်သာယာ ရင်ခွဲရုံမှာ မတ်လ ၁၅ ရက်နေ့ နေ့လယ်မှာတော့ ရုပ်အလောင်းတွေမဆန့်အောင် ဖြစ်နေတယ်လို့ အကူညီပေးရေးလုပ်ကိုင်နေသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  13. အောင်ပန်းသပိတ် ဒီမနက်ဖြိုခွဲခံရမှု တစ်ဦးသေဆုံး

    အောင်ပန်းမြို့မှာ ဒီနေ့ မတ်လ ၁၅ ရက် မနက် ၁၀ နာရီကျော်ကျော်မှာ စစ်တပ်က အောင်မင်္ဂလာရပ်မှာ တားဆီးထားတဲ့အကာအရံတွေကို ဖျက်ဆီးပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒဏ်ရာရသူနှစ်ယောက်ဟာ ခါးနဲ့ပေါင်ကို ထိမှန်ခဲ့တယ်လို့ သိရပြီး ခါးထိတဲ့တစ်ယောက်က သတိမေ့နေဆဲလို့ ဒဏ်ရာရသူကို ကယ်ဆယ်ခဲ့သူက ဘီဘီစီကို အတည်ပြုပါတယ်။ အဲဒီဒဏ်ရာရအမျိုးသားကို ပရဟိတဆရာဝန်တွေက ကြည့် ပေးနေတယ်လို့ ဆိုပါတယ်။

    နောက်တစ်ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။ အောင်ပန်းမြို့က လူ ၂၀၀ လောက်ရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တွေ မပါဘဲ စစ်ကား ၄ စီးနဲ့ ရောက်ရှိလာပြီး စစ်တပ်က တစ်စုံတရာ ကြိုတင် သတိပေးတာမျိုးမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

    အခုလို စစ်တပ်က လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ အောင်ပန်းအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  14. မြင်းခြံသပိတ် ပစ်ခတ်ဖြိုခွင်းမှု လေးဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ

    မြင်းခြံမြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်း ဒီနေ့ မတ်လ (၁၅)ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာဖြိုခွဲခံရပြီး အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မျက်မြင်သက်သေက ဘီဘီစီကိုအတည်ပြုပါတယ်။ သေဆုံးသူလေးဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ တပ်ဘက်က ယူသွားတယ်လို့ မျက်မြင်သက်သေကပြောပါတယ်။ သေဆုံးသူ ၄ ဦးထဲမှာ အသက် ၅၀ ကျော်တစ်ဦးပါဝင်ပြီး ကျန်သူသုံးဦးကတော့ လူငယ်တွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    "မနက်က ပစ်တာ ရာဘာရော ကျည်အစစ်ရောပါတယ်။ အမျိုးသမီးတစ်ယောက်က လည်ပင်းမှန်ဆုံးတာ၊ အသက် ၂၅နှစ်ပါ။ ဆေးခန်းရောက်မှဆုံးတယ်ကြားတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ဆီးခုံကို ကျည်မှန်တဲ့သူလည်းရှိတယ်။ နှာခေါင်းကိုကျည်မှန်တာလည်းရှိတယ်။ အဲဒီထဲက စိုးရိမ်ရတဲ့သူ ၂ ဦးရှိနေတယ်"လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မြင်းခြံမြို့ဖြစ်စဉ်မှာ မှတ်တမ်းဓာတ်ပုံရှိပေမယ့် အင်တာနက်အခက်အခဲကြောင့် ပေးပို့နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

  15. စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်မယ့်ပြစ်မှု ၂၃ မျိုးကို စစ်ကောင်စီထုတ်ပြန်

    စစ်အုပ်ချုပ်ရေး မာရှယ်လောနဲ့ စီရင်နိုင်တဲ့ပြစ်မှု ၂၀ ကျော်ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

    အဲဒီပြစ်မှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကစလို့ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေအလယ် မူးယစ်နဲ့ လက်နက်မှုတွေအဆုံး ပါဝင်ပါတယ်။

    အဲဒီပြစ်မှုတွေကတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ အစိုးရကိုအကြည်ညိုပျက်စေမှု ၁၂၄(က)၊ တပ်မတော် သို့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဆောင်ရွက်မှုကို နှောင့်နှေးပျက်ပြားစေခြင်း ၁၂၄ (ဂ)၊ တပ်မတော်သားများ သို့ အစိုးရအမှုထမ်းများကို ဟန့်တားနှောင့်ယှက်ခြင်း ၁၂၄ (ဃ) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအားပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်သို့ သွယ်ဝိုက်ဖြစ်စေ ထိတ်လန့်သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများ ဖြန့်ခြင်း ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုများ ပါဝင်ပါတယ်။

    ဒါ့အပြင် လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ မူးယစ်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ အများနဲ့သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ထုတ်ဝေဥပဒေအရ ပြစ်မှုများ၊ လဝကနဲ့ ဆက်စပ်ဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ ပြစ်မှုများ၊ ရပ်ကျေးဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ စတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။

    မတ်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီအထိ စစ်အုပ်ချုပ်ရေးအဖြစ် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၆ ခုရှိလာပြီဖြစ်ပါတယ်။ အဲဒါတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့ ဖြစ်ပါတယ်။

    စစ်အုပ်ချုပ်ရေးမှာ စစ်တိုင်းမှူး ဘာတွေလုပ်နိုင်လဲ

    စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်တိုင်းမှူးဟာ စစ်နယ်မြေများသတ်မှတ်ပြီး စစ်နယ်မြေမှူးတွေကို ကောင်စီရဲ့အတည်ပြုချက်နဲ့ ခန့်အပ်နိုင်ပါတယ်။ တရားစီရင်ရေးမှာလည်း တိုင်းမှူးဟာ ပြစ်မှုဆိုင်ရာမှုခင်းတွေကို တည်ဆဲဥပဒေအရ တရားရုံးတွေကဖြစ်စေ၊ စစ်ခုံရုံးနဲ့ ဖြစ်စေ စစ်ဆေးနိုင်တယ်လို့ ဖော်ပြထားပြီး အကျဉ်းနည်းနဲ့ စစ်ဆေးစီရင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေကတော့ သေဒဏ်၊ နှစ်အကန့်သတ်မရှိအလုပ်နဲ့ထောင်ဒဏ်နဲ့ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားတဲ့အမြင့်ဆုံးပြစ်ဒဏ်တို့ဖြစ်ပြီး စစ်ခုံရုံးက ချမှတ်ထားတဲ့အမိန့်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ဖော်ပြထားပြီး သေဒဏ်ဆိုရင် ကောင်စီဥက္ကဋ္ဌ အတည်ပြုချက်လိုအပ်မယ်လို့ ဆိုပါတယ်။

  16. သမိုင်း ဘုရင့်နောင်လမ်းဆုံ လက်ရှိခြေအနေ

  17. ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးမြို့နယ်တွေ ထပ်တိုး

    ရန်ကုန်တိုင်းအတွင်း ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တယ်လို့ မြဝတီရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။

    အခုထပ်တိုးထုတ်ပြန်လာတဲ့ မြို့နယ်တွေမှာ မနေ့ညပိုင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိထားပါတယ်။ မနေ့ညက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်ပါတယ်။

    လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို မနေ့ န့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ လူ ၂၀ ကျော်နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ သတင်းတွေရရှိထားပါတယ်။

    လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ အဲဒီစက်ရုံတွေဟာ တရုတ်လုပ်ငန်းစက်ရုံတချို့ဖြစ်ပြီး မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    မာရှယ်လောစစ်အုပ်ချုပ်ရေးဆိုတာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာတွေကို သက်ဆိုင်ရာတိုင်းမှူးကို အာဏာကုန်လွှဲအပ်လိုက်တာဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ဒေသတွေအတွင်းမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို တိုင်းမှူးကိုယ်တိုင်ကဖြစ်ဖြစ် ဒါမှမဟုတ် တိုင်းမှူး ကတာဝန်လွှဲအပ်တဲ့ စစ်နယ်မြေမှူးများက ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

  18. မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရ

    ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။

    ဒီနေ့ မတ်လ ၁၅ ရက်မနက် ၁ နာရီတည်းက ဖြတ်တောက်ထားတဲ့အင်တာနက်လိုင်းတွေမနက် ၇ နာရီကျော်မှာ Wi Fi လိုင်းတွေပြန်လည်အသုံးပြုလို့ရနေပေမယ့် မိုဘိုင်းအင်တာနက်တွေကတော့ အခုထိ ပိတ်ထားခံရတဲ့အခြေအနေဖြစ်ပါတယ်။

    တယ်လီဖုန်းလိုင်းတွေလည်း ကျနေသလို ဖုန်းဆက်သွယ်ရတာလည်း တချို့ဒေသတွေမှာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ အင်တာနက်ကို နေ့စဉ် ပုံမှန် ဖြတ်တောက်နေတာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တည်းကဖြစ်ပြီး ခုဆို ရက်ပေါင်း ၂၉ ရက်ရှိလာပြီဖြစ်ပါတယ်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ကိုလည်း ပိတ်ထားတာ အာဏာသိမ်းပြီးရက်ပိုင်းအကြာကတည်းဖြစ်ပါတယ်။

  19. လှိုင်သာယာပစ်ခတ်နှိမ်နင်းမှု လူ ၂၀ ဝန်းကျင်သေဆုံးကြောင်း ဆေးရုံနဲ့နီးစပ်သူတို့ကပြော

  20. လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို မတ်လ ၁၄ ရက်နေ့ကစပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ မြဝတီ ရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။

    လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို ဒီနေ့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ ၂၂ ဦးခန့် နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲတယ်လို့ သတင်းတွေရရှိထားပါတယ်။

    လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ လှိုင်သာယာ စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

    မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။