ရန်ကုန်အဝင် ခရီးသည်တွေကို စစ်ဆေးတာတွေရှိ
မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဘက်က နေ ရန်ကုန်ကို ဝင်ရောက်လာတဲ့ ခရီးသည်တင်ကားတွေပေါ်မှာလိုက်ပါလာသူတွေကို စစ်ကောင်စီအာဏာသိမ်း တပ်တွေက စစ်ဆေးမှုတွေလုပ်နေတယ်လို့ အောင်မင်္ဂလာ အဝေးပြေးက ဂိတ်မှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်း တံတား နဲ့ အမြန်လမ်း ပေါ်အတက် ဘုရားကြီးဂိတ်တွေမှာ စစ်ဆေးမှုတွေရှိနေတယ်လို့လည်း သူကပြောပါတယ်။
ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေ ကြောင်းနဲ့ ရန်ကုန်ကို ဝင်ရောက်လာမယ့်တိုင်းရင်းသား ခရီးသည်တွေကို အဓိက စစ်ဆေးနေကြောင်းလည်းသူကပြောပါတယ်။
ရန်ကုန် အဝင်ကို စစ်တဲ့ ခရီးသည်တင်တွေဟာ မြိတ် ထားဝယ် ရေး ဘားအံ့ မော်လမြိုင် မြဝတီ မုဒုံ စတဲ့မြို့တွေက ဝင်လာတဲ့ ကားတွေ ဖြစ်တယ်လို့လည်း အောင်မင်္ဂလာ အဝေးပြေးက ဂိတ်မှူးတစ်ဦးကပြောပါတယ်။
လတ်တလော မှာ အောင်မင်္ဂလာ အဝေးပြေးကနေ မြောက်ဥက္ကလာ အဝင်ကို အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေက ပိတ်ဆို့နေရာယူထားပါတယ်။