ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နဲ့ မိသားစု အဆက်အသွယ်ပြတ်နေဆဲ
ပင်းတယမီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နဲ့ အဆက်အသွယ်ပြတ်နေတာ ၅ ရက်ထဲ ဝင်လာပြီးဖြစ်ပြီး သူဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ဘီဘီစီကို မတ်လ ၁၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ဟာ တိုင်းစစ်ကောင်စီက တွေ့ချင်တယ်ဆိုလို့ ဆေးရုံတာဝန်ရှိသူတွေနဲ့အတူ မတ်လ ၁၂ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး မေးစရာတချို့ရှိတယ်ဆိုတာကြောင့် ချန်နေခဲ့ချိန် အဲဒီနေ့ကတည်းက မိသားစုက သူ့ကို ဆက်သွယ်မရတော့သလို လက်ကိုင်ဖုန်းလည်း စက်ပိတ်သွားခဲ့တာပါ။
ဒေါက်တာသန်းမင်းထွဋ်ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာသိနိုင်ဖို့ ပုသိမ်ဆေးရုံတာဝန်ရှိသူတွေနဲ့ အထူးကုဆရာဝန်ကြီးတွေက တိုင်းစစ်ကောင်စီတာဝန်ရှိသူနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သွားတွေ့ခဲ့ပေမဲ့ ငွေရေးကြေးရေးကိစ္စနဲ့ စုံစမ်းနေဆဲ ဖြစ်တယ်ဆိုတာမျိုးပဲ သိခဲ့ရတယ်လို့ ဆေးရုံဘက်က ပြောထားပါတယ်။
လက်ရှိမှာ ဒေါက်တာသန်းမင်းထွဋ်ကို မအူပင်အကျဉ်းထောင်ကို လွှဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ မိသားစုဘက်က အတည်မပြုပါဘူး။
ဒါ့ကြောင့် ဒေါက်တာသန်းမင်းထွဋ်ကို ဘာ့ကြောင့်ထိန်းသိမ်းတယ်၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေပါတယ်။