ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြိုင်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ် ဖြိုခွင်းခံရမှုမှာ သေဆုံးမှု ရှိ၊ ပစ်ခတ်မှုတွေဆက်ရှိနေ

    မြိုင်မြို့၊ ပခုက္ကူလမ်းမှာရှိတဲ့ အထက (၁)ကျောင်းအနီးမှာ ဒီနေ့မနက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် အနည်းဆုံး ၁ ဦးသေဆုံးထားပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ သပိတ်မှာပါဝင်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိထားသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    ဒါပေမဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မြိုင်က ပစ်ခတ်ဖြိုခွင်းမှုမှာ အနည်းဆုံး ၇ ဦးသေဆုံးထားတယ်လို့ ဖော်ပြနေကြပြီး ဘီဘီစီက အတည်ပြုနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။

    မြိုင်မြို့၊ ထန်းငယ်တော ကျေးရွာက အမျိုးသားတစ်ဦး ပေါင်ရင်းကို ကျည်မှန်ကာ ဆီးခုံထုတ်ချင်းပေါက်ဒဏ်ရာနဲ့ ကွယ်လွန်သွားတယ်လို့ ဒီနေ့မတ်လ ၁၁ ရက်မွန်းတည့် ၁၂နာရီဝန်းကျင်က သိရပါတယ်။ "ပြည်သူအချို့ကို ဖမ်းတယ်၊ ရဲတွေကပြေးလွှားနေတာ ဘာဖြစ်လို့လဲဆိုပြီး ရပ်ကြည့်နေတုန်းပစ်ခံရတာပဲ။ တစ်ယောက်သေတယ်။လေးငါးယောက်လောက်ဒဏ်ရာရတယ်။ ကျွန်တော့်လက်ချောင်း တွေကို ကျည်မှန်ထားတယ်။ ကျည်အစစ်တွေနဲ့ ပစ်တာဗျ" လို့ ဒဏ်ရာရခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

    • အကြီးမားဆုံး ဝန်ထမ်းသပိတ်ကြီး ၃ ခု

    အခြေအနေ အသေးစိတ်ကို ဘီဘီစီက အဲဒီဒေသခံကို ဆက်သွယ်မေးမြန်းနေဆဲမှာပဲ ထပ်မံပစ်ခတ်သံတွေကြားရလို့ ဖုန်းအဆက်အသွယ်ပြတ်တောက်သွားပါတယ်။ ထပ်မံရရှိတဲ့သတင်းတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။

  2. မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရမှု တစ်ဦးသေဆုံး

    စစ်အာဏာသိမ်း ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြတဲ့ မန္တလေးမြို့က မြတောင်သပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဒီနေ့မတ်လ ၁၁ ရက်မနက်မှာ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူတဦးနဲ့ ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိသလို ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိတယ်လို့ စစ်ကြောင်းအတွင်းလိုက်ပါသူက ပြောပါတယ်။

    "စစ်ကြောင်းအတွင်းမှာ ဒလံရှိတာ သေချာတယ်။ လမ်းကြောင်းကို တန်းလာတာ။ သုံးဖက်ပိတ် ဖမ်းပြီး ပစ်တာ"လို့ သပိတ်စစ်ကြောင်းမှာပါတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

    လမ်း ၃၀ နဲ့ လမ်း ၉၀ ၊ ကိုးလုံးတကာဘုရားအနီးမှာ စစ်တပ်နဲ့ရဲက လမ်းကြောင်းပိတ်ပြီးပစ်ခတ်နေချိန် သပိတ်စစ်ကြောင်းရဲ့ နောက်ခံ ကာကွယ်ရေးအဖွဲ့ကို လူစုခွဲခိုင်းတဲ့အခါမှာ ခုခံမယ်ဆိုပြီး ဆုံးဖြတ်ကျန်ရစ်ခဲ့လို့ သေဆုံး ဖမ်းဆီးခံရသူတွေ များပြားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မြတောင်ကျောင်းတိုက်အနီး ၃၅ လမ်းနဲ့ ၈၆ လမ်းမှာ ရဲနဲ့စစ်တပ်က တပ်စွဲထားလိုက်ပြီဖြစ်ပါတယ်။

  3. မြိတ်မှာ ဒီမနက်ပိုင်း NLD ပါတီဝင်တစ်ဦးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

    မြိတ်မြို့က ရှေ့နေ ကဗျာဆရာ ကိုလွင်အောင်(နရီမြိတ်)ကို တပ်ပြင်ရပ် ၊ ဂျပန်သင်္ချိုင်းရှေ့လဘက်ရည်ဆိုင်မှာ ဒီနေ့ မတ်လ ၁၁ ရက်မနက်ပိုင်းက အိမ်စီးကားလေးစီးနဲ့ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

    ဒါ့အပြင် မြိတ်မြို့နယ် NLD ပါတီအလုပ်အမှုဆောင် ကိုစိုးလင်းကိုလည်း မြိတ်လေယာဉ်ကွင်းလမ်းမှာ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့သလို တပ်ပြင်ရပ်ကွက် တနေရာမှာပဲ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်း(INGO) မှာလုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ကိုတင်ကိုကိုဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေကို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

  4. စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းထားခြင်းကို အပစ်ရပ်ဆယ်ဖွဲ့ ဆက်ကိုင်စွဲမယ်

    လက်ရှိ ကာလ၊ လက်ရှိအခြေအနေတွေအောက်မှာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းတွေ ရပ်ဆိုင်ထားတာကို အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမယ်လို့ အပစ်ရပ်ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားပါတယ်။

    ဒီနေ့ မတ်လ ၁၁ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ခုလိုပြောကြားတာဖြစ်ပါတယ်။

    • စစ်အာဏာရှင်တိုက်ဖျက်ရင်း ပြည်တွင်းစစ်ပြဿနာဖြေရှင်းမယ်လို့ CRPH ဆို

    ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေကို တိုက်ပွဲဝင်နက်နက်အပြည့်အစုံ၊ သာလွန်အင်အားနဲ့ ရက်စက်စွာပစ်ခတ်တိုက်ခိုက်ဖြိုခွင်းနေတာကို ဆန့်ကျင်ရှုံ့ချတယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် လူထုကို ညအချိန်မတော် ရပ်ကွက်အလိုက် ဝိုင်းဝန်း ပိတ်ဆို့ပြီး တစ်အိမ်တက်ဆင်း ဥပဒေမဲ့ ဖမ်းဆီးတာဆက်မလုပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုလည်း PPST က ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

  5. မြိတ်မှာ ဖမ်းခံထားရတဲ့လူငယ်တွေကို ပုဒ်မ ၂ ခုနဲ့ တရားစွဲ

    မြိတ်မြို့ ၊ ကွက်သစ်ရပ်မှာ မတ်လ ၉ ရက်ကပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲမှာ လုံထိန်းတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့ဖြိုခွင်းတာ ခံရပြီး ဖမ်းဆီးခံခဲ့ရသူ လူငယ် ၃၀ ကျော်ကို ပုဒ်မ ၂ နဲ့ တရားစွဲဆိုခံရတယ်လို့ ဖမ်းဆီးခံလူငယ်တွေအရေးကူညီနေသူတွေက ဘီဘီစီကိုပြောပါတယ်။

    လူငယ်တွေဟာ လူစုခွဲဖို့ အမိန့်ပေးပေးပေမယ့် ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်နေမှု ပုဒ်မ ၁၄၅ ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

    မနေ့ မတ်လ ၁၀ ရက်နှောင်းပိုင်းမှာ ဒီလူငယ်တွေကို ဗီဒီယိုကွန်ဖရန်းဇင်းကနေ ရုံးထုတ်ပြီး ပုဒ်မတပ် တရားစွဲခံရတဲ့ အကြောင်း တရားသူကြီးက ဖတ်ကြားသွားတာဖြစ်ပါတယ်။

    နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မတ် ၂၃ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ ဒီလူငယ် ၃၀ ကျော်ထဲမှာ ကောလိပ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အရပ်သားတွေလည်း ပါဝင်ပါတယ်။ ၏

    ဆန္ဒပြပွဲ ဖြိုခွင်းခံရအပြီး မြိတ်လေတပ်ထဲမှာ ယာယီထိန်းသိမ်းခံရချိန် မြိတ်တက္ကသိုလ်မှာ တက်ရောက်နေဆဲ ကျောင်းသူ၊ ကျောင်းသား တချို့ကို ပါမောက္ခချုပ်ကိုယ်တိုင် လိုက်ထုတ်ပေးခဲ့ပေမယ့် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေနဲ့ အဆက်အသွယ်မရတဲ့ တက္ကသိုလ်ကျောင်းသားတချို့ဟာ အခုလို တရားစွဲခံရမှုမှာ ပါဝင်လာတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဒီလူငယ်တွေဟာ မြိတ်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရပါတယ်။

  6. မြောက်ဒဂုံသပိတ်ဖြိုခွင်းမှု ကျည်ထိမှန်သူတစ်ဦး သေဆုံး

    မြောက်ဒဂုံ၊ ၃၅ရပ်ကွက် ၊ ပင်လုံကွေ့အနီးမှာဒီကနေ့ မတ်လ ၁၁ ရက်မနက်ပိုင်းက ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နင်းတာကြောင့် နှစ်ဦးကျည်ထိမှန်သွားပြီး တစ်ဦးမှာ သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာမှာ ကူညီပေးနေတဲ့လူမှုကူညီရေးအသင်းအချို့ထံကသိရပါတယ်။

    "ကျွန်တော်တို့အသင်းကတယောက်လည်း အဲ့ဒီမှာကူနေတယ်။ ကျွန်တော်တို့က အခု ၃၅ ကိုကူဖို့သွားတာ။ လမ်းမှာပဲ ၃၄ မှာလည်း ပေါင်ထိသွားတဲ့တယောက်က အခြေအနေဆိုးနေတယ်ဆိုလို့ အဲဒီကိုပြန်လှည့်သွားနေရတယ်အခု"လို့ Humane Social Assistance လူမှုရေးအသင်းသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခင်းဖြစ်ရာမှာ ရှိနေသူအချို့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာလည်း ကျည်ထိမှန်ထားသူအချို့ကို ကယ်ထုတ်တဲ့ လူမှုရေးကားတွေကိုပါ ပစ်ခတ်မှုတွေရှိနေတာကို တွေ့ရပါတယ်။ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပေးပါမယ်။

  7. ဖားကန့်၊ ဆယ်ဇင်းကျေးရွာအနီး တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်

    ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာအနီး ဝေဟုန်းမှော်မှာ တပ်စွဲထားတဲ့ တပ်မတော်စစ်စခန်းတစ်ခုကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က ဒီနေ့မတ် ၁၁ ရက် မနက် ၃ နာရီကျော်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    မနက် ၅ နာရီလောက်ထိ ပစ်ခတ်သံတွေ ကြားခဲ့ရပြီး နောက် KIA အဖွဲ့ဟာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တပ်မတော်ဘက်က ထွက်ပြေးသူတွေနဲ့ ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသတွင်း သတင်းတွေထွက်နေတာကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဘီဘီစီက အတည်ပြုနိုင်ဖို့ ဆက်သွယ်ကြိုးစားနေဆဲဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ဆယ်ဇင်းကျေးရွာနဲ့ တာမခံကျေးရွာအကြား နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်လို့လည်း သိရပါတယ်။

  8. အေအေကိုအကြမ်းဖက်အုပ်စုအဖြစ်မှ စစ်ကောင်စီ ရုပ်သိမ်း

    ရကွိုင့်တပ်တော် အေအေဟာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်ခြင်းမရှိတော့တာကြောင့် မတ်လ ၁၁ ရက် ဒီနေ့ကစပြီး အေအေကိုအကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။

    မတ်လ ၁၁ ရက်ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

    စစ်ကောင်စီက ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့နဲ့အညီ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးတည်ဆောက်နိုင်ဖို့အတွက်လည်း ခုလို ရုပ်သိမ်းတယ်လို့ ဖော်ပြထားပါတယ်။

    အေအေကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုကြေညာပြီးတဲ့နောက် အေအေကို ဆက်သွယ်မေးမြန်းဖော်ပြခဲ့တဲ့ သတင်းမီဒီယာတချို့ကိုလည်း တရားစွဲဆိုဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပါတယ်။

    တပ်နဲ့ အေအေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာကစလို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရခိုင်မှာ စစ်ရှောင်ဦးရေဟာလည်း တစ်သိန်းကျော်ရှိခဲ့ပါတယ်။

    သေဆုံးနဲ့ ဖမ်းဆီးခံရသူတွေလည်းများစွာရှိခဲ့သလို တပ်က တစ်ဖက်သတ်အပစ်ရပ်ကြေညာတဲ့အချိန်တိုင်းမှာလည်း အကြမ်းဖက်အုပ်စုတွေရှိတဲ့နေရာကလွဲလို့ဆိုတဲ့ ခြွင်းချက်နဲ့ အေအေ အခြေစိုက်လှုပ်ရှားတဲ့ ရခိုင်နဲ့ချင်းပြည်နယ်ပလက်၀ တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်ကစလို့ ရခိုင်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ဒေသတွေမှာရွေးကောက်ပွဲကျင်းပပေးဖို့ ဆိုတဲ့ NLD အစိုးရကို တောင်းဆိုတဲ့အချက်အကြောင်းပြုပြီး တပ်နဲ့အေအေ အပြန်အလှန်ထောက်ခံတဲ့ကြေညာချက်တွေထုတ်ပြီးချိန်ကစလို့ တိုက်ပွဲတွေ မရှိတော့တာ လနဲ့ချီရှိလာခဲ့တဲ့နောက် ဒီနေ့မှာ အေအေကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုကနေ ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေ၊ MNDAA နဲ့ UWSA စတဲ့ မြန်မာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မှတ်ချက်ထုတ်ပြောထားတာမရှိသေးပါဘူး။

    ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ဒေါ်ထုမေကတော့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့အပြစ်မဲ့ပြည်သူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

  9. မြန်မာအရေး လုံခြုံရေးကောင်စီတွင်း သဘောတူမှုရ

    ဆန္ဒပြသမားတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွဲနေတာကို ရှုတ်ချကြဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်း သဘောတူမှု ရလာပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ အင်အားကို အစွမ်းကုန် ထိန်းချုပ်ဖို့ တောင်းဆိုမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ သံတမန် အသိုင်းအ၀ိုင်းက ပြောပါတယ်။

    ဗြိတိန်က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီတွင်း ဆွေးနွေးခဲ့ပြီး ကြန့်ကြာနေတာကနေ ခုလို ဘုံသဘောတူမှု ရလာတာ ဖြစ်ပါတယ်။

    မူကြမ်းပါ စကားလုံး အသုံးအနှုံးတချို့၊နဲ့ အချက်အလက်တချို့ကို တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေက ကန့်ကွက်ခဲ့တဲ့ အတွက် ဆုံးဖြတ်ချက် တစ်ရပ် ထွက်လာဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

    စစ်တပ်က အာဏာရယူတဲ့ လုပ်ရပ်ကို ရှုတ်ချထားတဲ့ မူကြမ်းပါ စကားလုံး အသုံးအနှုံးကို ချန်ထားခဲ့ရသလို၊ အရေးယူတာတွေ ထပ်ပြီး လုပ်လာနိုင်တယ် ဆိုတဲ့ သတိပေး ခြိမ်းခြောက်တဲ့ စာသားတွေကိုလည်း ဖြုတ်ခဲ့တယ်လို့ နားလည်ရပါတယ်။

    အမျိုးသမီးတွေ၊ လူငယ်တွေ၊ အသက်မပြည့်သေးတဲ့သူတွေ အပါအ၀င် ငြိမ်ငြိမ်းချမ်းချမ်း ဆန္ဒပြကြ သူတွေ အပေါ် အကြမ်းဖက် ကိုင်တွယ်နေတဲ့ အပေါ်မှာတော့ အခု သဘောတူထားတဲ့ ဆုံးဖြတ်ချက်ထဲ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

    ဒါ့အပြင် စာနယ်ဇင်းသမားတွေ၊ ကျန်းမာရေး၀န်ထမ်းတွေနဲ့ တခြား လူမှုအဖွဲ့အစည်း အသီးသီးက သူတွေအပေါ်ကန့်သတ်ပိတ်ပင်နေတာတွေကို အင်မတန်စိုးရိမ်တယ် ဆိုပြီး အခု ဆုံးဖြတ်ချက်ထဲ ထည့်သွင်းထားပါတယ်။

    ဖမ်းဆီးထားသူတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ဖို့လည်း တောင်းဆိုပါတယ်။

    အခုလို အဖွဲ့၀င် နိုင်ငံတွေအားလုံး သဘောတူထားတဲ့ အချက်အလက်၊ အသုံးအနှုံးတွေ ရလာပြီ ဖြစ်တဲ့ အတွက် ဆုံးဖြတ်ချက်တစ်ရပ် အဖြစ် လုံခြုံရေးကောင်စီက တရား၀င် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

  10. တရုတ် အမေရိကန် ဆွေးနွေးတဲ့အခါ မြန်မာအရေးလည်း ပါ၀င်နိုင်

    အမေရိကန်နဲ့ တရုတ်တို့ရဲ့ နိုင်ငံခြားရေးမူ၀ါဒပိုင်း ဆိုင်ရာ အဓိက ပုဂ္ဂိုလ်တွေ၊ ရှေ့လာမယ့် သီတင်းပတ်ထဲ တွေ့ဆုံကြဖို့ စီစဥ်ထားပါတယ်။

    မတ်လ ၁၈ ရက်၊ ကြာသပတေးနေ့၊ အမေရိကန် အလက်စကာ ပြည်နယ်ထဲက အကြီးဆုံးမြို့ အဲန်ကားရေ့ဂျ်Anchorage မှာ တွေ့ကြမှာ ဖြစ်ပါတယ်။

    အမေရိကန်ဘက်က နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်နဲ့ အတူ သမ္မတဂျိုးဘိုင်ဒင်ရဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ဂျိတ်ခ်ဆူလဗန်လည်း ရှိနေမှာ ဖြစ်ပါတယ်။

    တရုတ်ဘက်ကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့နိုင်ငံခြားရေး ဗဟို ကော်မရှင် အကြီးအကဲ ယန်ကျဲ့ချီနဲ့ နိုင်ငံခြားရေး၀န်ကြီး ၀မ်းယီတို့ အလက်စကာ တွေ့ဆုံပွဲကို လာမယ်လို့ နားလည်ရပါတယ်။

    ဒါဟာ သမ္မတ ဘိုင်ဒင်လက်ထက် နှစ်နိုင်ငံ အဆင့်မြင့်ဆုံး အရာရှိတွေရဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်။

    နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ကာကွယ်ရေး၀န်ကြီး လွိုတ်အော်စတင်နဲ့ အတူ သွားမယ့်၊ ဂျပန်၊ တောင်ကိုရီးယား ခရီးစဥ်က အပြန် အလက်စကာကို ၀င်ပြီး တရုတ် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရတဲ့ ဖြစ်ရပ်ကို တရုတ်အနေနဲ့လည်း ကန့်ကွက်ဖို့ ၀န်ကြီး ဘလင်ကင်က ဖိအားပေးနေပါတယ်။

    တခါ၊ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်းယီကလည်း မြန်မာအရေးနဲ့ ပတ်သက်ပြီး အကြံပြုချက် ၃ ရပ် ဆိုပြီး လောလောလတ်လတ်မှာပဲ ပြောထားပါတယ်။

    အဓိကကတော့ တရုတ်အနေနဲ့ မြန်မာပြည်ထဲ အခြေအနေ တင်းမာနေတာတွေကို လျှော့ချနိုင်အောင် အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါ၀င်လိုတယ် ဆိုပြီး ကြား၀င် ဆွေးနွေးပေးလိုတဲ့ သဘော ၀န်ကြီး ၀မ်က ပြောတာ ဖြစ်ပါတယ်။

    တရုတ်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်တွေ တွေ့ဆုံကြတဲ့အခါ၊ အင်ဒို-ပစိဖိတ်ဒေသတလွှား တည်ငြိမ်ရေးနဲ့အတူ မြန်မာအရေးလည်း တပါတည်း ပါ၀င်နိုင်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

  11. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

    အာဏာသိမ်းစစ်ခေါင်းဆောင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီး နှစ်ဦးအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ သူတို့ ဖခင်ရဲ့ အရှိန်သြဇာကို သုံးပြီး အကျိုးအမြတ် တိုက်ရိုက် ရယူခံစားခဲ့တဲ့အတွက် သူတို့နှစ်ဦးကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီး ပိုင်ဆိုင်တဲ့ A & M မဟာ ကုမ္ပဏီလီမိတက်၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ Yangon Restaurant၊ Yangon Gallery၊ Everfit ကုမ္ပဏီလီမိတက်၊ Seventh Sense ကုမ္ပဏီလီမိတက် အပါအဝင် ကုမ္ပဏီ ၆ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

    “ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရာမရှောင် အကြမ်းဖက် ဖြိုခွဲနေတာဟာ လက်ခံနိုင်ဖွယ် မရှိဘူး”လို့ အမေရိကန်အစိုးရရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး အန်ဒရီယာ ဂက်ခီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း စစ်အာဏာသိမ်း ခေါင်းဆောင်တွေ၊ အကြမ်းဖက် ဖြိုခွဲမှုတွေမှာ တာဝန်ရှိသူတွေ၊ စစ်ခေါင်းဆောင်တွေဆီက ငွေကြေးအကျိုးအမြတ် ခံစားရယူနေသူတွေ တာဝန်ခံမှု ရှိလာရေးအတွက် အမေရိကန် အစိုးရအနေနဲ့ မိတ်ဖက်ကမ္ဘာ့နိုင်ငံတွေနဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

  12. စမ်းချောင်းရဲ့ မတ်လ ၁၀ ရက်နေ့ ညအခြေအနေ

    စမ်းချောင်းမြို့နယ်အတွင်းက လမ်းတွေမှာ စစ်တပ်နဲ့ ရဲအင်အား ရာနဲ့ချီပြီးဝိုင်းထားကာ အိမ်တွေကို အတင်းတံခါးဖွင့်ခိုင်းတာ၊ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ်နေပြီး လူတချို့ကို ဖမ်းဆီးသွားပါတယ်။

    လှေခါးသော့တွေကို ဖျက်ပစ်တာ၊ အိမ်တံခါးသော့တွေကို ဖျက်ပစ်တာ၊ လူတွေကို ရိုက်နှက်ပြီး ဖမ်းတာတွေလည်း လုပ်နေကြောင်း စမ်းချောင်းက မင်္ဂလာလမ်းမှာနေတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အစောပိုင်းတုန်းက စမ်းချောင်းရပ်ကွက်အတွင်းက လမ်းတွေမှာ လက်နက်ယူသွားတဲ့သူတွေ ပြန်ပေးပါ၊ အန္တရာယ်မပေးဘူး၊ ဒီဖုန်းကို ဆက်ပြီး ပြန်အပ်ပါလို့ ရဲတွေနဲ့အတူ လူတချို့က အသံချဲ့စက်နဲ့ လိုက်အော်နေတာတွေကိုလည်း လူမှုမီဒီယာမှာ တင်တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

    ဒီနေ့ ညနေပိုင်းမှာ စမ်းချောင်း၊ မင်္ဂလာလမ်းဘက်မှာ ဆန္ဒပြသူ အမျိုးသမီးငယ် တစ်ယောက်ကို ရဲတွေက လိုက်လံ ဆွဲနေတဲ့အတွက် အနီးအနားက လူတွေက ရဲတွေကို ပြန်တိုက်ခိုက်ခဲ့ကြတာတွေ ဖြစ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ရဲလက်ထဲက သေနတ်ကို လုသွားတယ်လို့ ဆိုကာ အာဏာပိုင်တွေဘက်က ရဲတွေနဲ့အတူ ရပ်ကွက်အတွင်း လိုက်လံ အော်နေကြပြီး လက်နက်ကို ပြန်ပေးဖို့ တောင်းနေကြပါတယ်။

    ရဲတွေဆီက လက်နက်ကို ဆန္ဒပြတဲ့သူတွေက လုယူသွား၊ မသွားကို အခုအချိန်မှာ ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။

    စမ်းချောင်း မင်္ဂလာလမ်းဘက် အခြမ်းမှာ ဖြစ်နေတဲ့ ဒီလို ရဲတွေရဲ့ ပြုမူနေမှုတွေကို မကျေနပ်ကြတဲ့ စမ်းချောင်းရဲ့ တခြားဘက်ခြမ်း ကျွန်းတော၊ မြောင်းမြ၊ ဟင်္သာတလမ်းတွေ အပါအဝင် တခြားလမ်းတွေက လူတွေက ကာဖျူးမိန့်ကို ဆန့်ကျင်ကာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြနေကြပါတယ်။

    အရင်တစ်ကြိမ် စမ်းချောင်းကို မတ်လ ၈ ရက်နေ့ညက ပိတ်ဆို့စဉ်က မီးဖွင့်ထားတဲ့ အိမ်တွေကို ရဲနဲ့ စစ်တပ်က လှမ်းပစ်တာမျိုး ရှိတဲ့အတွက် အိမ်မီးကို မဖွင့်ရဲကြဘူးလို့လည်း စမ်းချောင်း ဒေသခံတွေက ဆိုပါတယ်။

  13. စမ်းချောင်း မင်္ဂလာလမ်းကို ပိတ်ထားပြီး လက်နက်ရှာနေ

    စမ်းချောင်းမြို့နယ်ထဲမှာ လက်နက်တစ်လက် ပျောက်သွားလို့ ပြန်ပေးကြပါ ဆိုပြီး ရဲက အသံချဲ့စက်နဲ့ လမ်းထဲမှာ လိုက်အော်နေပြီး လက်နက်ရရင် ပြန်ပါ့မယ်လို့ ပြောကြောင်း စမ်းချောင်းဒေသခံတွေက ပြောပါတယ်။

    မင်္ဂလာလမ်းက အိမ်တွေကို မီးတွေ ဖွင့်ထားဖို့ အသံချဲ့စက်နဲ့အော်ပြီး ရဲတပ်ဖွဲ့ဘက်က သတိပေးသွားတယ်လို့ လည်း အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။

    ဗားကရာလမ်း၊ ဗဟိုလမ်းနဲ့ မင်္ဂလာလမ်းဘက်မှာ ရဲတပ်ဖွဲ့က စီးနင်းထားလို့ စမ်းချောင်းက ပြည်သူတွေ ဆန္ဒပြနေကြတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဗားကရာလမ်းပေါ်က စမ်းချောင်း မီးသတ်တစ်ဝိုက်မှာ စစ်ကားတွေ၊ ရဲကားတွေ ထပ်ရောက်လာပြီး နေရာယူထားတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

  14. သေနတ်ကိုမမှုဘဲ ဆန္ဒပြလူငယ်တွေအတွက် ရပ်တည်ခဲ့တဲ့ ခရစ်ယာန်သီလရှင်

  15. တောင်ငူမြို့အနီး ဒုံးသီးနဲ့ အပစ်ခံရ

    တောင်ငူမြို့အနီးမှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ၁၀၇ မမ ဒုံးသီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြန်မာအသံနဲ့ရုပ်မြင်သံကြားက ဒီ‌ကနေ့ည သတင်းမှာ ထုတ်ပြန်သွားပါတယ်။

    အပစ်ခံရတဲ့ နေရာဟာ တောင်ငူ မြို့အထွက်က ရွှာတွေဖြစ်တယ်လို့ သိရပြီး ကျွန်းကုန်းနယ်မြေ ရဲစခန်း အနားမှာ တစ်ခု၊ ဇီးဒိုင်းရွာအနားမှာ တစ်ခု အပစ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ သတင်းထောက်တစ်ဦးက ဘီဘီစီကို‌ ပြောပါတယ်။

    KNU-KNLA ကတော့ ဒီ ပစ်ခတ်မှုကို သူတို့လုပ်ခဲ့တာ မဟုတ်ကြောင်းနဲ့ KNU-KNLA ဟာ အကြမ်းမဖက်သောနည်းနဲ့ လှုပ်ရှားဆောင်ရွက်နေကြတဲ့ ပြည်သူလူထုနဲ့ အတူရပ်တည်ပြီး အကြမ်းမဖက်သောနည်းနဲ့ ပြည်သူလူထုကို ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒုံးသီးနဲ့ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရသူ မရှိဘူးလို့ ဘီဘီစီက ကနဦး သတင်းရရှိပါတယ်။

  16. စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ ပါတီဝင်တွေကို အွန်လိုင်းဗီဒီယိုနဲ့ တောင်ကုတ်မှာ ရုံးထုတ်

    စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်အပါအဝင် NLD ပါတီကလေးဦးတို့ကို တောင်ကုတ်မြို့နယ်တရားရုံးမှာ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် မတ်လ ၁၀ ရက် ဒီကနေ့နေ့လယ်ပိုင်းမှာ ရုံးထုတ်ခဲ့တယ်လို့ ဦးမင်းအောင်ရဲ့ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်ကပြောပါတယ်။

    လက်ရှိမှာ တောင်ကုတ်မြို့နယ် NLD ပါတီရဲ့မြို့နယ်ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ စည်ပင်သာယာဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင်တွေဖြစ်တဲ့ ကိုသန့်ဇင်ဖြိုးတို့ကို ငြိမ်းစုစီပုဒ်မ ၁၉ ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့ စွဲဆိုထားပြီး ကိုချစ်မောင်မောင်ကိုတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုထားတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြေပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူတို့လေးဦးကို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် တောင်ကုတ်မြို့နယ်တရားရုံးမှာ အမှုစွဲဆိုခဲ့ပြီး မတ်လ ၁၀ ရက် ဒီကနေ့မှာတော့ ရှေ့နေတွေအမှုလိုက်ပါဆောင်ရွက်ခွင့် ပါဝါတင်တာဖြစ်တယ်လို့ သိရပါတယ်။

    ဒီကနေ့မှာ ဦးမင်းအောင်အပါအဝင် NLD ပါတီဝင်လေးဦးတို့ကို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရုံးထုတ်တာတွေပြုလုပ်ခဲ့ရာမှာ တော့ ဖုန်းလိုင်းဆက်သွယ်ရေးတွေ အဆင်မပြေတဲ့အတွက် စကားပြောဆိုကြတဲ့အခါမှာ မကြားရတာတွေနဲ့ကြုံရတာကြောင့် နောက်ရုံးချိန်းတွေမှာ တရားရုံးကိုလူကိုယ်တိုင်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ရှေ့နေကပြောပါတယ်။

    တရားစွဲဆိုခံနေကြရသူတွေကို ရှေ့နေတွေနဲ့တွေ့ခွင့်ရရှိကြပေမဲ့ မိသားစုတွေနဲ့တွေ့ဆုံခွင့်မရရှိခဲ့ဘူးလို့ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

    လာမယ့် မတ်လ ၁၉ ရက်နေ့ကိုထပ်မံရုံးချိန်းလိုက်ပြီး အဲ့ဒီနေ့မှာတော့ တရားလိုကိုစတင်စစ်ဆေးတော့မှာ ဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်လေးဦးအနက် ဦးမင်းအောင်ကတော့ ၉ ရက်နေ့မှာဖမ်းဆီးခံလိုက်ရပြီး ရဲစခန်းကနေ တောင်ကုတ်မြို့အခြေစိုက် တပ်မတော်တပ်ရင်းဌာနချုပ် တစ်ခုမှာ ထိန်းသိမ်းခံနေရတာဖြစ်တဲ့အတွက် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရရှိဘဲ ကျန်းမာရေးအခြေအနေတွေကိုလည်း စိုးရိမ်နေရတယ်လို့ ဦးမင်းအောင်ဇနီးကပြောပါတယ်။

  17. မြန်မာစစ်အာဏာသိမ်းမှု ရှုတ်ချပြစ်တင်ဖို့ ကုလ လုံခြုံရေးကောင်စီမှာ သဘောမတူနိုင်ခဲ့ကြ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့မှုကို ရှုတ်ချ ပြစ်တင်ရေး၊ မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုရေးနဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ လုပ်ကောင်းလုပ်မယ်ဆိုတာကို ခြိမ်းခြောက် ပြောဆိုရေး စတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောတူချက် မရခဲ့ဘူးလို့ သိရပါတယ်။

    ဗြိတိန်နိုင်ငံက တင်ပြထားတဲ့ အဆိုပြုချက်မူကြမ်းထဲမှာ စစ်အာဏာသိမ်းမှုတစ်ခုအဖြစ် ဖော်ညွှန်းထားမှု၊ နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ကောင်းလုပ်မယ်ဆိုတာကို ခြိမ်းခြောက် ပြောဆိုထားမှု စတဲ့ အချက်အလက်တွေကို ပယ်ဖျက်ပစ်ဖို့ နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့နှောင်းပိုင်းက တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေက အကြံပြုခဲ့ပါတယ်။

    ဒါပေမဲ့ ဒီကြေညာချက်ထုတ်ပြန်နိုင်ဖို့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်လုပ်သွားဖွယ် ရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။

  18. ရဲနဲ့စစ်တပ်တို့ဝင်ရောက်နေရာယူလိုက်တဲ့မလွှကုန်းမီးရထားအိမ်ရာဝင်းကနေ လူတွေအားလုံးနီးပါးပြောင်းရွှေ့ထွက်ခွာနေ

    CDM လှုပ်ရှားမှုမှာ ဝန်ထမ်းအားလုံးနီးပါး ပါဝင်ခဲ့ကြတဲ့ မလွှကုန်း မီးရထားဝန်ထမ်း ရပ်ကွက်ထဲကို ရဲနဲ့စစ်တပ်အင်အား အများအပြား ဒီနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက် နေရာယူခဲ့ပြီးနောက်ပိုင်း အခု ညနေ ၆ နာရီဝန်းကျင်အချိန်အထိ ရတဲ့သတင်းတွေ အရ ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေအားလုံးနီးပါး သူတို့နေထိုင်နေတဲ့ ဝန်ထမ်းအိမ်တွေကို စွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

    ဝန်ထမ်းအိမ်တွေကနေ ထွက်ပေးသွားကြသူတွေဟာ သက်ဆိုင်ရာ မိသားစု ဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်ကြတာရှိသလို CDM ဝန်ထမ်းတွေကို အကူအညီ ပေးနေတဲ့ အသိုင်းအဝိုင်းက စီစဉ်ပေးတဲ့နေရာတွေမှာ နေထိုင်ကြတာတွေလည်း ရှိကြောင်းနဲ့ ရပ်ကွက်ထဲမှာ လူတွေ မကျန်သလောက်ဘဲ လို့ ဝန်ထမ်းတွေကို ကူညီ စောင့်ရှောက်ပေးနေသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ထွက်ခွာလာရတဲ့ ဝန်ထမ်းတချို့နဲ့မိသားစုတွေ စားရေးနေရေး အခက်အခဲ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

    ဆိုရှယ်မီဒီယာ ပို့စ်တွေထဲမှာ အိမ်ရာဝင်းထဲကနေ ထွက်ပြေးလာတဲ့ အသက်အရွယ်ကြီးသူတွေရဲ့ပုံတွေ၊ အမျိုးသမီးတွေက ကလေးတွေ အထုတ်တွေ ဆွဲပြီး ထွက်လာတဲ့ ပုံတွေ၊ ဗီဒီယိုတွေကိုတွေ့ရပါတယ်။

    သွားရေးလာရေး မလွယ်တဲ့ ဘိုးဘွားတစ်ချို့၊ မိသားစု တစ်ချို့ကတော့ အိမ်ရာဝင်းထဲမှာ ဆက်နေနေကြပြီး လူငယ်ပိုင်း တစ်ချို့လည်း သူတို့ကို ကူညီဖို့ ဆက်နေနေကြတယ်လို့ သိရပါတယ်။

    မလွှကုန်း မီးရထားဝင်းမှာ ဝန်ထမ်းအင်အား ၉၀၀ လောက်ရှိပြီး အကုန်လုံးနီးပါးက CDM လှုပ်ရှားမှုမှာ ပါဝင်နေကြကာ အလုပ်မဆင်းကြပါဘူး။ အဲဒီရပ်ကွက်ထဲမှာ ဝန်ထမ်းနဲ့ မိသားစုဝင်တွေ စုစုပေါင်း ထောင်နဲ့ချီ နေထိုင်ကြတာပါ။

    ဒီနေ့ မတ်လ ၁၀ ရက် မနက် ၆နာရီလောက်ကတည်းက စစ်ကားနဲ့ ရဲကား ၁၀ စီးကျော် အင်အားအပြည့်နဲ့ ဝန်ထမ်းရပ်ကွက်ကို ဝင်လာခဲ့ကြတယ်လို့ သိရပါတယ်။ ရပ်ကွက်က ပိတ်ဆို့ထားတဲ့ အရံအတား၊ သံတံခါး ဂိတ်တွေကို ဘူဒိုဇာ(အရပ်အခေါ် ဘက်ဟိုး)နဲ့ ထိုး ဖျက်ဆီးပြီး ဝင်လာခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောနေတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

    ရပ်ကွက်ထဲမှာ စုဆောင်း သိုလှောင်ထားတဲ့ စေတနာရှင်တွေရဲ့ အလှူဒါန ဆန်နဲ့ အခြားရိက္ခာတွေကို ဝင်လာတဲ့ စစ်တပ်နဲ့ ရဲတို့က သိမ်းယူသွားတယ်လို့ ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။

    ဂတ်ဗိုလ်တွေ၊ စက်ခေါင်းမောင်းဝန်ထမ်းတွေ သူတို့ဆီ လာခဲ့ကြလို့ စစ်တပ်နဲ့ ရဲတွေက ခေါ်နေတာကို ရပ်ရွာအသိုင်းအဝိုင်းက ကြားခဲ့ကြရသလို၊ လူတွေ ဘယ်မှမပြေးကြဖို့၊ CDM မီးရထားဝန်ထမ်း ခေါင်းဆောင် ၁၃ ယောက်ကို သူတို့နဲ့ လာတွေ့ဖို့၊ သူတို့က စစ်ဆေးစရာ ရှိတယ် စသဖြင့် စစ်တပ်နဲ့ ရဲက ကြေညာတာကြောင့်မီးရထားဝန်ထမ်း အိမ်ရာဝင်း အသိုင်းအဝိုင်းအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ကြပြီးတဲ့နောက် အခုလို ဝန်ထမ်းအိမ်ခန်းတွေကနေ ထွက်ပြေးကုန်ကြတာပါ။

    CDM လုပ်ရင် ဝန်ထမ်းအိမ်ရာမှာ မနေနဲ့၊ ညနေ ၆ နာရီကျော်ရင် တစ်အိမ်တက်ဆင်း စီးနင်းရှာဖွေမယ် လို့ အိမ်ရာဝင်းထဲကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲတွေက ပြောတယ်ဆိုတဲ့ သတင်းတွေလည်း ရပ်ရွာ အသိုင်းအဝိုင်းအကြား ပျံ့နှံ့ခဲ့ပါတယ်။

    အဲဒီမလွှကုန်း ဘူတာဝင်းထဲမှာ ဒီဇယ်လောင်စာဆီ ဂါလံ သိန်းနဲ့ချီ ရှိတယ်လို့ ဝန်ထမ်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အခု သတင်းရေးချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပစ်ခတ်တာမျိုး မရှိဘူးလို့ သိရသလို ဝန်ထမ်းအသိုင်းအဝိုင်းကလည်း သူတို့နေရာယူလာရင် ပြန်လည် ထိပ်တိုက်ရင်ဆိုင်စရာ မရှိကြောင်းနဲ့ သူတို့က လက်နက်မဲ့တွေမို့ ရှောင်ရမှာသာ ဖြစ်ကြောင်း ပြောနေကြတာတွေကိုလည်း ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရပါတယ်။

  19. မုံရွှာက ဆိုင်ကယ်တွေနဲ့ ဆန္ဒပြမှုအပြီး ဆိုင်ကယ်စီးလာသူတွေကို ရိုက်ပြီးဖမ်း

    မုံရွာမှာ ဒီကနေ့ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်ရာနဲ့ချီ မြို့အတွင်း လှည့်လည်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။

    မြို့တွင်း အဓိက လမ်းမကြီး ဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမပေါ်အထိ ဆိုင်ကယ်သမားတွေ တက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရဲတပ်ဖွဲ့ တပ်စွဲထားတဲ့ မြို့လယ်က ဗိုလ်ချုပ်ကြေးရုပ် အနီးအထိ ဆန္ဒပြခဲ့ပါတယ်။

    မတ်လ ၃ ရက်နေ့ လူ ၈ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း မုံရွာမြို့ထဲမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အား ထူထပ်စွာ ချထားခဲ့တဲ့ အတွက် ပင်မသပိတ်စစ်ကြောင်းက သံလမ်း အရှေ့ဘက် မြို့အရှေ့အပိုင်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။

    မတ်လ ၁၀ ရက်နေ့ ဆိုင်ကယ်တွေနဲ့ ဆန္ဒပြမှုတွေကြောင့် ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက ဆိုင်ကယ်တွေကိုလိုက်ဖမ်းခဲ့ပါတယ်။ ဗိုလ်ချုပ်လမ်းနဲ့ တရုတ်တန်းလမ်းအနီးမှာ ဆိုင်ကယ် ၁၀ စီးခန့် အဖမ်းခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။ လူ ၁၀ ဦးခန့် အဖမ်းခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

    ပတ်၀န်းကျင်က ထွက်ကြည့်သူတွေကိုပါ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ကွမ်းယာ လာ၀ယ်သူတွေကိုလည်းဖမ်းခဲ့ပါတယ်။

    ဗိုလ်ချုပ်လမ်းပေါ်မှာတော့ ညနေ ၅ နာရီ၀န်းကျင်က ရဲကားတွေနဲ့ ရပ်ပြီး ဆိုင်ကယ်နဲ့ လာသမျှလူကို ရိုက်နှက် ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

  20. မြောက်ဥက္ကလာက ဖမ်းထားသူတွေ လွှတ်ပေးဖို့ လာရောက်စုရုံးနေ

    မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံ အနီးဖမ်းဆီးမှုတွေအပြီး ဖမ်းဆီးထားသူတွေလွှတ်ပေးဖို့ ဆက်လက် ဆန္ဒပြသူတွေရှိနေတယ်လို့ မြောက်ဥက္ကလာပ ဒေသခံတစ်ဦးကပြောပါတယ်။

    မြောက်ဥက္ကလာပမှဦ ဖမ်းဆီးခံရသူ ၂၀၀ရှိခန့်ရှိပြီး အောင်မင်္ဂလာ အဝေးပြေးရှေ့ ကတပ်ရင်းထဲမှာ ထိမ်းသိန်းထားတယ်လို့သိရတာ‌ကြောင့် အဖမ်းခံရသူမိဘတွေနဲ့ ဆန္ဒပြသူတွေက အဝေးပြေးဝင်းရှေ့ကို လွှတ်ပေးဖို့ လာရောက်စုရုံးနေ နေကြတာဖြစ်ပါတယ်။

    မြောက်ဥက္ကလာ ကန်သာယာ ကနေ ကျော်ပြီး ကမ္ဘာအေး တံတားလေးလမ်းဝအထိလမ်းတွေကို လူတွေက ပိုက်လုံးတွေနဲ့ ပိတ်ထားသလို အောင်မင်္ဂလာ အဝေးပြေးက နေ ၆ ‌‌‌ကွေ့ဘက် အထိကိုလည်း စစ်ကောင်စီလုံခြုံရေးတပ်တွေက ပိတ်ဆို့နေရာယူထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    အောင်မင်္ဂလာ အဝေးပြေးနဲ့ မြောက်ဥက္ကလာ ကားတွေ အဝင်အထွက်အားလုံးပိတ်ထားပြီးဆိုင်ကယ်အချို့ကိုတော့ သွားလာခွင့်ပြုတယ်လို့လည်းဆိုပါတယ်။