ဗိုလ်ချုပ်မွေးနေ့မှာလည်း ဆန္ဒပြပွဲတွေ အရှိန်ဆက်မြင့်နေ

ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁၃ ရက်မြောက်ရှိလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ နေပြည်တော်က နေအိမ်တွေမှာ အတူနေထိုင်သူတွေနဲ့အတူ ကျန်းမာစွာရှိနေတယ်လို့ NLD ပါတီက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. CDM ထဲပါ၀င်ကြတဲ့၀န်ထမ်းတွေကိုစစ်ကောင်စီပစ်မှတ်ထားဖမ်းဆီးနေ

    Civil DisobedienceMyanmar CDM ထဲပါ၀င်ကြတဲ့ ၀န်ထမ်းတွေ၊ အထူးသဖြင့် ဦးစီးဦးဆောင် လုပ်တဲ့သူလို့ ယူဆခံရသူတွေကို စစ်အာဏာပိုင်တွေ ဖမ်းဆီးနေတယ်၊ ဖမ်းဆီးဖို့ ကြိုးစားနေတယ် ဆိုတဲ့သတင်းတွေ မြန်မာပြည် နေရာအနှံ့က ထွက်ပေါ်လာပါတယ်။

    အတည်ပြုထားနိုင်သမျှ ရှမ်းပြည်နယ်မှာဆိုရင် မိုင်းပန်၊ မိုင်းရှုး၊ ညောင်ရွှေနဲ့ တောင်ကြီး စတဲ့မြို့တွေမှာ ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့ ပြည်သူ့ဆေးရုံက ဆေးမှတ်တမ်းထိန်း ကိုပြည့်ဖြိုးအောင် ဖမ်းဆီးခံထားရပါတယ်။

    မြို့နယ်ဆရာဝန်ကြီးနဲ့ ဆရာဝန်ဆရာမတွေကိုလည်း ဖမ်းဆီးဖို့ အာဏာပိုင်တွေ ထပ်ရောက်လာပေမယ့်၊ အဖမ်းမခံပဲအံတုပြီး ဆေးရုံပြင်ပလူနာဌာနမှာတစုတစည်းတည်းနေနေကြပါတယ်။

    ကချင်ပြည်နယ်ကို ကြည့်ရင်လည်း CDM လှုပ်ရှားမှုထဲ ပါ၀င်သူတွေကို လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

    လမ်းလျှောက်သပိတ် ထိုင်သပိတ်တွေနဲ့ CDM လှုပ်ရှားနေတာ ၄ရက်ရှိနေပြီဖြစ်တဲ့ တနိုင်းမြို့မှာဆိုရင် ပစ်မှတ်ထားခံရသူတွေ တိမ်းရှောင် နေရပါတယ်။

    ပူတာအိုမြို့နယ်မှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လူငယ်တွေ ပါဝင်လာကြပါတယ်။

    ပူတာအိုဆန္ဒပြပွဲကို ဦးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့၊ တက်ကြွလှုပ်ရှားသူ (၇) ယောက်ကို၊ စစ်အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ် ပုဒ်မတွေ တပ်ပြီး၊လိုက်လံ ဖမ်းဆီးနေတယ်လို့ ကချင်ပြည်နယ်အခြေစိုက် ဘီဘီစီသတင်းထောက်က ပြောပါတယ်။

    တနိုင်းဆန္ဒပြပွဲ
    ဓာတ်ပုံ ပုံစာ, တနိုင်းဆန္ဒပြပွဲ
  2. မန္တလေးဆေးတက္ကသိုလ် ပါချုပ်ကို လာဖမ်းကြပေမယ့် ရပ်ကွက်လူထုက ဝိုင်းကာကွယ်ပေးတဲ့ အတွက် မဖမ်းနိုင်ခဲ့

    မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်ကိုဖမ်းဖို့ သူ့ရဲ့ အိမ်ကို လာဖမ်းသူတွေက ဖေဖော်ဝါရီ ၁၁ ရက် ည သန်းခေါင် ၁၂ နာရီခွဲလောက် အချိန်က ရောက်လာကြပေမယ့် အနီးအနားဝန်းကျင်က လူထုက တားဆီးတဲ့အတွက် လာဖမ်းသူတွေမအောင်မမြင် ဖြစ်သွားပါတယ်။

    လာဖမ်းတဲ့သူတွေထဲမှာ သေနတ်ကိုင်ဆောင်ထားတဲ့ သူတွေပါ ပါဝင်ပြီး တချို့က ကုတ်အင်္ကျီ အပြာရောင်ဝတ်ဆင်ထားတယ်လို့ မျက်မြင်သက်သေ တစ်ယောက်က ပြောပါတယ်။

    ထရပ်ကားအကြီးတစ်စီးနဲ့ ရောက်လာတဲ့ အဲဒီလူတွေ ၁၅ ယောက်လောက်ဟာ ၇၃လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားကမန္တလေးဆေးတက္ကသိုလ် ဝန်ထမ်းအိမ်ရာဝင်းထဲက ပါမောက္ခချုပ်နေထိုင်ရာ အိမ်ကို ရောက်လာခဲ့ကြတာပါ။

    လာဖမ်းသူတွေထဲကတချို့က ခြံဝင်းတံခါးကို ကျော်ခွဝင်ကာ အိမ်တံခါးတွေကို လာခေါက်တာလို့ သိရပါတယ်။

    အဲဒီလို ဖမ်းဖို့ လုပ်ဆောင်ကြစဉ်မှာ ဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်ကနေ လိုက်ဗ်လွှင့်တာမို့ အခြားသူတွေ သိသွားကြပြီး အနီးအနားဝန်းကျင်က လူတွေက ဝိုင်းလာတဲ့အတွက် ဖမ်းဆီးတာ မအောင်မမြင် ဖြစ်သွားပါတယ်။

    လာဝိုင်းကြတဲ့လူတွေက လူအယောက် ၄၀ ၊ ၅၀ လောက်ရှိတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။

    ဒါပေမယ့်လည်း မနက်ကျရင် လာဖမ်းတဲ့အဖွဲ့က နောက်တစ်ခေါက် ပြန်လာဦးမယ်လို့ ပြောသွားကြောင်းလည်း သိရပါတယ်။

    ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်လွင်ဟာ CDM လို့ခေါ်တဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုအာခံမှုကို မန္တလေး ဆေးတက္ကသိုလ်အတွက် ဦးဆောင် ပြုလုပ်နေတာပါ။

  3. အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူခံရတဲ့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၃ ခု

    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စစ်အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်အရေးယူမယ့် သမ္မတအမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

    စစ်အာဏာသိမ်းခဲ့မှုနဲ့ ဒဏ်ခတ် အရေးယူခံရသူ စစ်ခေါင်းဆောင် ၁၀ ဦးကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ယာယီသမ္မတ ဦးမြင့်ဆွေတို့ ဖြစ်ပါတယ်။

    အဲဒီထဲက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ ရိုဟင်ဂျာတွေကို အင်အားသုံး နှိမ်နင်းခဲ့မှုနဲ့ ဆက်နွှယ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ ၂၀၁၉ ခုနှစ်က ဒဏ်ခတ်ပိတ်ဆို့ ခံထားရပြီးသား ဖြစ်ပါတယ်။

    တခါ တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ ဖုသျှကြယ် (ကျောက်မျက်ရတနာ) ကုမ္ပဏီလီမိတက် (Cancri (Gems & Jewelley) Company Limited)၊ မြန်မာအင်ပီးရီးရယ်ဂျိတ် (ကျောက်မျက်ရတနာ) ကုမ္ပဏီ လီမိတက် (Myanmar Imperial Jade (Gems & Jewellery) Co., Ltd.)နဲ့ မြန်မာ ရူဘီ အင်တာပရိုက်(စ်) ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက် (Myanmar Ruby Enterprise (Gems & Jewellery) Co., Ltd.) တို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

    ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေ အပြင် အမေရိကန်အစိုးရက မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ကုန်ပစ္စည်း တင်ပို့မှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

    အမေရိကန်၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

  4. ရန်ကုန်တိုင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲကြောင်းစာထုတ်

    No Tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    ရန်ကုန်တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးကောင်စီဟာ ရန်ကုန်တိုင်းအတွင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အားလုံးကို ဖေဖာ်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီးတာဝန်ကနေ ရပ်စဲလိုက်တယ်လို့ အမိန့်စာထုတ်တဲ့အတဲ့အကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက် ကျေးရွာစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာနာမည်ပြောင်းလဲပြီး ပြန်လည်ခန့်ထားပေးဖို့ အတွက် အခုလို ပြောင်းလဲတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေကို ပြန်လည်ခန့်ထားဖို့ရှိပြီး ပေးအပ်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင် ပါမယ်လို့ ရန်ကုန်တိုင်းစီမံကောင်စီ ဥက္ကဋ္ဌကိုလက်မှက်ထိုးပြီး ပြန်ပို့ပေးရဖို့ရှိတယ်လို့လည်း သိရပါတယ်၊

    no tag
  5. ဒေါက်တာ ဇော်ဝေစိုးကို အာဏာပိုင်တွေ ခေါ်မေး

    no tag

    ဓာတ်ပုံ ရင်းမြစ်, Ministry of Helath

    ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်နေတဲ့ ဒေါက်တာ ဇော်ဝေစိုးကို မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်က အာဏာပိုင်တွေ ခေါ်သွားပြီး နှစ်နာရီကြာ မေးမြန်းပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သူနဲ့ အနီးကပ်ရှိနေတဲ့ ဆရာဝန် အသိုင်းအဝိုင်းက တစ်ဆင့် သိရပါတယ်။ ဘာတွေ ပြောဆိုခဲ့ကြတယ် ဆိုတာ မသိရပေမဲ့ Civil Disobedience Movement နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရပ်တည်ချက်ကြောင့် ဖိအားပေးတာမျိုး ဖြစ်နိုင်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

    အခုလောလောဆယ် ဒေါက်တာ ဇော်ဝေစိုးဟာ နေအိမ်မှာပဲ ရှိနေတယ်လို့ မိသားစုကို ဆက်သွယ်နိုင်ခဲ့သူတွေကတစ်ဆင့် သိရပေမဲ့ ဘီဘီစီက သူ့ရဲ့ မိုဘိုင်းဖုန်းကို ဆက်သွယ်ရာမှာတော့ ဖုန်းပိတ်ထားတယ်ဆိုတဲ့ မက်ဆေ့ဂျ်ကိုပဲ ကြားခဲ့ရပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြို့နယ်တချို့က ပြည်သူ့ဆေးရုံတွေကို စစ်သားတွေ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီးနဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပုံတွေကို အဲဒီဆေးရုံတွေက လူမှုကွန်ရက်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ချက်တွေမှာ တွေ့ရပါတယ်။

  6. တင်းကျပ်တဲ့ ဆိုက်ဘာဥပဒေ ကြမ်းတစ်ခုကို ပြဋ္ဌာန်းဖို့ စစ်အစိုးရပြင်ဆင်နေ

    no tag

    အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှု ကောင်စီက တင်းကျပ်တဲ့ ဆိုက်ဘာဥပဒေ ကြမ်းတစ်ခုကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပြီး အဲဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ သဘောထားမှတ်ချက် တောင်းခံစာကို ဝန်ကြီးဌာနတွေနဲ့ အခြားအဖွဲ့အစည်း(၁၆) ခုထံ ပေးပို့ထားတယ်လို့ ဆိုက်ဘာဥပဒေကြမ်း လက်ခံရထားတဲ့ အဖွဲ့အစည်းတစ်ခုက ဘီဘီစီကို ပြောပါတယ်။

    လာမယ့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာနထံ သဘောထားမှတ်ချက် အကြောင်းပြန်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    အရပ်ဖက်အဖွဲ့အစည်း တစ်ရာကျော်ကတော့ ဆိုက်ဘာဥပဒေကြမ်းကို ကန့်ကွက်ထားပါတယ်။

    ဒါ့အပြင် ဥပဒေကြမ်းပါအချက်တွေဟာ အများပြည်သူရဲ့ အွန်လိုင်းပေါ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံပိုင်ခွင့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကိုလည်း ဆိုးရွားစွာ ချိုးဖောက်နေကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ကို အွန်လိုင်းမှာ ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ် လုပ်ဆောင်ထားတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

  7. လွိုင်ကော်ဆန္ဒပြပွဲ အဖမ်းခံရသူတွေ ပြန်လွတ်လာ

    ဆန္ဒပြမှုကြောင့် အဖမ်းခံရသူတွေ လွှတ်ပေးဖို့ တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, PKPF

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မှာ ဆန္ဒပြမှုကြောင့် အဖမ်းခံရသူတွေ လွှတ်ပေးဖို့ တောင်းဆို

    ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဆန္ဒပြမှုကြောင့်အဖမ်းခံရတဲ့သူ ၇ ဦးကို လွိုင်ကော် အကျဉ်းထောင်ကနေ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ကျောင်းဆရာမနဲ့ အရပ်သား စုစုပေါင်း ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ လွိုင်ကော် အကျဉ်းထောင်ရှေ့မှာ လူတွေ ထောင်နဲ့ချီ လာရောက် တောင်းဆိုခဲ့ကြပါတယ်။

    ကယန်းပြည်သစ်ပါတီ(KNLP)/ ကယန်းပြည်သစ်တပ်မတော် (KNLA) က ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေနဲ့ ဝင်ပြီးညှိနှိုင်းပေးခဲ့တယ်လို့လည်း ကယားပြည်နယ် စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်ကော်မတီက ပြောပါတယ်။

    သိမ်းဆည်းခံရတဲ့ ကားနှစ်စီးနဲ့ အသံချဲ့စက် ပစ္စည်းတွေကိုလည်း ပြန်လည် ရရှိခဲ့ပြီး ဖြစ်တယ်လို့ သပိတ်‌ကော်မတီက ပြောပါတယ်။

  8. ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, DSINFO

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူထုကို ဒုတိယအကြိမ် မိန့်ခွန်းပြောရာမှာ ပြည်သူ့ဝန်ထမ်းတွေ အားလုံး ရုံးပြန်တက်ကြဖို့ တိုက်တွနးလိုက်ပြီး၊ ကိုဗစ်ကာကွယ်ဆေးအသစ်တွေ ထိုးပေးမယ့် ကိစ္စနဲ့ မဲစာရင်းမှားယွင်းမှုတွေကို အသားပေး ပြောဆိုခဲ့ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေအပြင် လုပ်ငန်းခွင် မဆင်းကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေအားလုံး စိတ်ခံစားချက်ကို ဦးစားမပေးပဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ကြည့်ပြီး လုပ်ငန်းခွင်ထဲ အမြန်ဆုံး ဝင်ရောက်ကြဖို့ တိုက်တွန်းခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့လည်း အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (Covidshield) ကာကွယ်ဆေးအပြင် ရုရှားနိုင်ငံထုတ် စပွတ်နင့်ခ် ဗွီ(Sputnik V) ကာကွယ်ဆေး၊ တရုတ်နိုင်ငံထုတ် ဆားစ်ကိုဗီ (SARS COVI) ကာကွယ်ဆေး တို့ကို အသုံးပြု သွားမယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှုတွေကို ထပ်မံအသားပေး ပြောဆိုခဲ့ပြီး တချို့နေရာတွေမှာ စစ်တပ်ဘက်က ရှာဖွေတွေ့ရှိထားတာထက် ပိုမိုမှားယွင်းမှုတွေ ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတက ခန့်အပ်တာဝန်ပေးအပ်တာကြောင့် သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ကြား အပြန်အလှန်ဆက်သွယ်မှုရှိတဲ့ သဘောသက်ရောက်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    ဒါပေမဲ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ လူထုအုံ့ကြွမှုအကြောင်းနဲ့ ပတ်သက်လို့ ပြောကြားသွားတာ မရှိသလို ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော် ဆန္ဒပြမှုအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ဆန်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အကြောင်း၊ အင်အားသုံး ဖြိုခွင်းမှုတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားတာ မရှိပါဘူး။

  9. အရပ်သားအစိုးရ တက်မှသာ ရုံးပြန်ဖွင့်မယ်လို့ တိုင်းအစိုးရတချို့ ကြေညာ

    No tag

    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေ အစိုးရသစ်ဖွဲ့စည်းတာဝန်ယူချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်လ်ိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၉ အရ အခုလို သတ်မှတ်ကြေညာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ကိုင်ချင်တာကြောင့် CDM လှုပ်ရှားမှုလို့ ခေါ်တဲ့ အရပ်သားအာဏာဖီဆန်မှုမှာ ပူးပေါင်းပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အလေးအနက်ထား ဂုဏ်ပြုတယ်လို့လည်း ရေးသားထားပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, NLD

  10. အခြေခံဥပဒေတစ်ခု စစ်အစိုးရထပ်ရေးမှာလား

    no tag

    ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် အာဏာသိမ်းအစိုးရရဲ့ နိုင်ငံပိုင်သတင်းစာမှာ ၂၀၂၁ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ဖော်ပြတဲ့အခါ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး ဆိုပြီး နံပတ် ၃ အချက်မှာ ဖော်ပြတာကို တွေ့ရပါတယ်။

    ဒီလို ဖော်ပြတာဟာ အာဏာသိမ်းအစိုးရဟာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအစား ဥပဒေသစ် ရေးဆွဲဖို့ စီစဉ်နေတာလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။

  11. ဆန္ဒပြဝန်ထမ်းတွေကို ဥပဒေ နဲ့ကာကွယ်ပေးမယ်လို့(CRPH)ထုတ်ပြန်

    ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movementလှုပ်ရှားမှု
    ဓာတ်ပုံ ပုံစာ, ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movementလှုပ်ရှားမှု

    စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ရာထူးနေရာများကို အပြည့်အဝ အာမခံချက်ပေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH) က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မူလတာဝန်နဲ့ ရာထူးတွေကို ဥပဒေပြဌာန်းပြီး ကာကွယ်ပေးမယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    တရားမဝင် အာဏာသိမ်းအဖွဲ့က ထုတ်ပြန်တဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေဟာ တရားမဝင်ဘူးလို့လည်း ဖော်ပြထားပါတယ်။

    မကွေးတိုင်းအစိုးရကလည်း အာဏာသိမ်းတာဟာ တရားမဝင်ကြောင်းနဲ့ သူ့ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနအားလုံးကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ အစိုးရဖွဲ့ပြီးတဲ့အချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ပါတယ်။

    စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတာ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်ဆို ခြောက်ရက်မြောက်ရှိနေပါပြီ။

    ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movement လှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာသလို အစိုးရဌာနတွေ ရုံးစိုက်ရာ နေပြည်တော်မှာလည်း ဝန်ထမ်းတွေပါဝင်တဲ့ ဆန္ဒပြမှုတွေ ပိုအရှိန်ကောင်းလာနေပါတယ်။

    ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာ
    ဓာတ်ပုံ ပုံစာ, ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာ
  12. နိုင်ငံတဝန်းစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့ မြင်ကွင်းများ

    စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်ဆို ခြောက်ရက်မြောက်ရှိနေပါပြီ။ ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ Civil Disobedience Movement လှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အရှိန်ကောင်းလာသလို ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ ထူးခြားဆန်းသစ်တဲ့ ဆန္ဒဖော်ထုတ်မှုပြကွက်တွေကလည်း တစ်နေ့နဲ့တစ်နေ့ ပိုပိုပြီး စုံလင်လာတာကိုတွေ့ရပါတယ်။ မန္တလေးမှာ စစ်အာဏာသိမ်းအစိုးရကျဆင်းဖို့ ဆန္ဒပြပွဲကို ‌ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ဆည်မြောင်းဌာန အင်ဂျင်နီရာဌာန ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ အရပ်ဖက် အဖွဲ့အစည်းအများစုက အသွင်ပုံစံ အမျိုးမျိုးနဲ့ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest
    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Protest

    ဓာတ်ပုံ ရင်းမြစ်, CJ

    Chinese embassy

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တရုတ်သံရုံးရှေ့ ဆန္ဒပြမြင်ကွင်း
  13. ရခိုင်က ဝန်ကြီးချုပ်နဲ့ ကော်မရှင်ဥက္ကဋ္ဌ တွေကို ညက ဖမ်းတဲ့အထဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါဝင်

    မနေ့ညက ရခိုင်ပြည်နယ်တွင်း စစ်တပ်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် လာရောက်ဖမ်းဆီးခဲ့သူ စုစုပေါင်း အနည်းဆုံး ၁၀ ဦးရှိခဲ့ပြီး အဲ့ဒီထဲမှာ ဂွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်လည်းပါဝင်တယ်လို့ NLD ပါတီက အတည်ပြုပြောဆိုပါတယ်။ ဦးရဲခေါင်ညွန့်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဂွမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ တို့က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွား ခဲ့တာလို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းသိရသလောက်ကတော့ ဖမ်းဆီးခံရသူတွေထဲမှာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်၊ ဂွမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ချေ၊ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျင်သောင်း၊ မာန်အောင်မြို့နယ် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်၊ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်၊ ကျောက်ဖြူ မြို့နယ်ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျန်သိန်းနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိန်ထွန်း တို့ကိုခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဦးညီပုကိုတော့ တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က ခေါ်ယူထိန်းသိမ်းခဲ့ပြီး ၂ ရက်နေ့မှာ ပြန်လွတ်လာခဲ့ကာ နေအိမ်အကျယ်ချုပ်နဲ့ထားရှိရာကနေ မနေ့ညက ပြန်လည်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ထပ်မံဖမ်းဆီးမှုတွေပြုလုပ်နေ ပေမယ့် ဆန္ဒပြမှုတွေကတော့ ဆက်ရှိနေပါတယ်။

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး
  14. ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ကော့မှူးက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေလည်း ပါဝင်

    ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ကော့မှူးမှာ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲကို ဒီမနက်မှာ ပြုလုပ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေး၊ စာရင်းအင်းဌာန၊ ဆက်သွယ်ရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားပါတယ်။ ဒီမဲဆန္ဒနယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ မှာ သုံးကြိမ်ဆက်အနိုင်ရထားတာလည်း ဖြစ်ပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေအပေါ်ပိတ်ဆို့အရေးယူမယ့်အစီအစဉ် ပြောကြားချက်

    “အာဏာသိမ်းခေါင်းဆောင်တွေအပေါ် နောက်ဆက်တွဲအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့် အရေးယူဆောင်ရွက်မှုအစီအစဉ်တွေကို ဒီနေ့ ကျွန်တော်ကြေညာပါမယ်။ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ တစ် ဘီလျံကို စစ်ဗိုလ်ချုပ်တွေတရားနည်းလမ်းမကျရယူမှုကနေ တားဆီးဟန့်တားသွားဖို့ အမေရိကန်အစိုးရကဆောင်ရွက်နေပါပြီ။ အာဏာသိမ်းဖို့ညွှန်ကြားတဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့ရဲ့ အနီးကပ်မိသားစုဝင်တွေကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် သမ္မတအမိန့်အသစ်တစ်ရပ်ကို ကျွန်တော်ဒီနေ့ပဲ ခွင့်ပြုလိုက်ပါပြီ။ ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ပထမအသုတ်စာရင်းကို ဒီသီတင်းပတ်ထဲမှာထုတ်ပြန်သွားပါမယ်။ ဒါ့အပြင် ပို့ကုန်တွေထိန်းချုပ်မှုဆိုင်ရာခိုင်မာတဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုလည်းချမှတ်သွားမှာဖြစ်ပါတယ်။ မြန်မာအစိုးရအကျိုးရှိစေမယ့်ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပိတ်ပင်ထားမှာဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အခြားသောကဏ္ဍတွေအတွက် ဆက်လက်ပြီးအကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဆန္ဒပြမှုတွေပိုပြီးများပြားလာနေတာနဲ့အမျှ သူတို့ရဲ့ ဒီမိုကရက်တစ်အခွင့်အရေးကို ပြတ်ပြတ်သားသားတောင်းဆိုနေကြတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာ လက်မခံနိုင်သလို အကြမ်းဖက်ခြင်းကနေရှောင်ရှားဖို့အတွက်လည်း ဆက်လက်တောင်းဆိုနေမှာဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို အများသိအောင်တောင်းဆိုနေတာဖြစ်ပြီး ကမ္ဘာကလည်း စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ချမှတ်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပြီး ဒီလိုကြိုးပမ်းအားထုတ်မှုမှာတခြားနိုင်ငံတွေပါဝင်လာဖို့ကိုလည်း ကျွန်တော်တို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိန့်ခွန်းကောက်နုတ်ချက်ကို ရန်ကုန်အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၁ ရက်မနက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    US President

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးမိန့်ခွန်းပြောအပြီး ပင်တဂွန်စစ်ဌာနချုပ်အရောက် သမ္မတ ဂျိုးဘိုင်ဒန်
  16. အမ်းမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲ လိုက်ဖ်လွှင့်တဲ့ အမျိုးသမီးကို ရဲက ဖမ်း

    အမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လူမှုကွန်ရက်ကနေ လိုက်ဖ်လွှင့်တဲ့ အသက် ၃၀ အရွယ် AGD ဘဏ်ဝန်ထမ်း အမျိုးသမီးကို ဖမ်းဆီးသွားကြောင်း မိသားစုဝင်က ဘီဘီစီကို ပြောပါတယ်။ မသင်းမြတ်ခိုင်ဟာ အိမ်ကနေ မြို့ဟောင်းဘက်ကို ဈေးသွားဝယ်ရာကနေ အပြန်မှာ ဆန္ဒပြပွဲနဲ့ တိုးခဲ့ပြီး ဆန္ဒပြတဲ့ကျောင်းသားနဲ့ ရဲတွေ ထိပ်တိုက်တွေ့ချိန်ကို လိုက်ဖ်လွှင့်တာကြောင့် ခုလိုဖမ်းဆီးတာဖြစ်တယ်လို့ ၎င်းရဲ့ ဖခင်က ပြောပါတယ်။ ယခုအခါ မသင်းမြတ်ခိုင်ကို ရမန်ယူချုပ်နှောင်ထားပြီး အမှုဖွင့်တဲ့ပုဒ်မကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

    rally against Military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

    rally against Military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

    rally against Military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

    rally against Military coup

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ

    မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချတဲ့ဆုံးဖြတ်ချက်တစ်စောင် မနက်ဖြန်သောကြာနေ့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လာဖို့ ရှိပါတယ်။

    လူ့အခွင့်အရေးကောင်စီထံ ဗြိတိန်နဲ့အီးယူတို့ မူကြမ်းရေးဆွဲ တင်သွင်းထားတဲ့အပေါ် အဖွဲ့၀င်နိုင်ငံတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

    အဲဒီမူကြမ်းထဲ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဆန်းစစ်ခွင့် ချက်ခြင်းပေးဖို့ တောင်းဆိုထားပါတယ်။

    ဒါပေမယ့်လည်း လူ့အခွင့်အရေးကောင်စီ၀င်နိုင်ငံတွေပဲဖြစ်တဲ့ တရုတ်နဲ့ရုရှားတို့က မူကြမ်းပါတချို့အချက်တွေကို ကန့်ကွက်ပြီး၊ စကားလုံးတွေရဲ့ပြင်းထန်မှုကို လျှော့ချဖို့ ကြိုးစားလာဖွယ်ရှိတယ်လို့ ဂျနီဗာမြို့သံတမန်အသိုင်းအ၀ိုင်းက ခန့်မှန်းနေကြပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ တရုတ်၊ရုရှားတို့နဲ့ နီးစပ်မှုရှိတယ်ဆိုပြီး အနောက်အုပ်စုက ရှုမြင်ထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်ညီလာခံမှာလည်း တရုတ်၊ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေနဲ့ ကြေညာချက် ချက်ခြင်းထွက်မလာနိုင် ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့်လည်း စစ်အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာနိုင်ခဲ့ပြီး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ခြင်းပြန်လွှတ်ဖို့၊ ညှိနှိုင်းဆွေးနွေးကြဖို့ တောင်းဆိုထားပါတယ်။

    ပြည်တွင်းမှာတော့ လူထုရဲ့အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ လူတွေသိန်းချီတဲ့ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ပြသနေပါတယ်။

    စစ်အာဏာပိုင်တွေဘက်ကလည်း ပစ်ခတ်ဖြိုခွဲတာမျိုး နေပြည်တော်နဲ့ မန္တလေးတို့မှာ ပြုလုပ်လာပြီး၊ လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရတာမျိုးတွေ ရှိလာနေပြီဖြစ်ပါတယ်။

    စစ်အာဏာရှင်အလိုမရှိကြောင်း ပြသ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်အလိုမရှိကြောင်း ပြသ
  18. ချုပ်ရက်ရမန်စေ့ရင် ခေါင်းဆောင်တွေ လွတ်လာနိုင်လား

    အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦး၀င်းမြင့်တို့နဲ့ တွေ့ခွင့် မရသေးဘူးလို့ သူတို့ရဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေကြီး ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

    ရှေ့နေကိုယ်စားလှယ် လွှဲစာယူဖို့ တွေ့ခွင့်တောင်းပေမယ့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။

    တွေ့ခွင့်ပေးနိုင်တဲ့ ခရိုင်အဆင့် ရဲမှူးကြီး အလုပ်ရှုပ်နေလို့ ဆိုတဲ့ အကြောင်းပြချက် ပေးတယ် ဆိုပြီး ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

    အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ကို ချုပ်ရက်ရမန် ယူထားတာ လာမယ့် တနင်္လာနေ့ဆိုရင် ၁၄ရက် စေ့တော့မှာ ဖြစ်ပါတယ်။

    အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ သွင်းကုန် ပို့ကုန် ဥပဒေ ပုဒ်မ ၈၊ တခါ သမ္မတကြီး ဦး၀င်းမြင့်ကို စွဲထားတဲ့ သဘာ၀ ဘေးအန္တရာယ် ကာကွယ် ထိန်းချုပ်ရေး ပုဒ်မ ၂၅ တို့ဟာ ထောင်ဒဏ် ၃ နှစ် အများဆုံး ချနိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ရာဇ၀တ်ကျင့်ထုံး အရ ဆိုရင် ထောင် ၇ နှစ်အောက် စီရင်ရမယ့် ပုဒ်မမျိုးတွေ တပ်ခံထားရသူတွေကို ရမန် ၁၄ ရက် ထက် ကျော်ပြီး ယူလို့ မရဘူးလို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဆိုပါတယ်။

    ဒီတော့ တနင်္လာနေ့ ၁၅ ရက်နေ့ကျရင် စွပ်စွဲထားတဲ့ ပုဒ်မတွေ အတိုင်း အမှု မစွဲနိုင်ရင် ပြန်လွှတ်ရမှာ ဖြစ်ပါတယ်။

    ဒီ ပုဒ်မတွေဟာ နိုင်ငံရေး ပုဒ်မတွေလို့ မပြောနိုင်ပေမယ့် နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး အကြောင်းခံပြီး အစိုးရ ခေါင်းဆောင်တွေကို တပ်ကဖမ်း အာဏာသိမ်းထားတာ ဖြစ်တယ်လို့ ပြည်တွင်း ပြည်ပက အကဲခတ်တွေက တညီတညွတ်တည်း ပြောကြပါတယ်။

    နိုင်ငံရေး ကိစ္စတွေမှာ လက်ရှိ စွပ်စွဲထားတဲ့ ပုဒ်မတွေတင်မက ရုံးတင်တဲ့ နေ့မှာ ရမန်ထပ်ယူ နိုင်တဲ့ နောက် ဥပဒေ နောက်ပုဒ်မတွေ ထပ်တိုးတာမျိုး ကြုံရလေ့ ရှိတယ် ဆိုပြီး အရင် စစ်အစိုးရတွေ လက်ထက် ကိုယ်တိုင် ဖမ်းဆီး ခံခဲ့ရဖူးတဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    ထောင် ၇ နှစ်အောက် စီရင်ရမယ့် ပုဒ်မမျိုးတွေ တပ်ခံထားရ

    ဓာတ်ပုံ ရင်းမြစ်, THET AUNG/AFP via Getty Images)

    ဓာတ်ပုံ ပုံစာ, ထောင် ၇ နှစ်အောက် စီရင်ရမယ့် ပုဒ်မမျိုးတွေ တပ်ခံထားရ
  19. မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်းပြတဲ့ ဘန်ကောက်မြို့ ဆန္ဒပြပွဲ

    ထိုင်းနိုင်ငံတွင်း တင်းကျပ်တဲ့ “တော်၀င်ထီးနန်းနဲ့ဘုရင်ကို မစော်ကားရ” ဥပဒေကို ဆန့်ကျင်တဲ့ လူရာပေါင်းများစွာပါ၀င်တဲ့ ဆန္ဒပြပွဲတစ်ရပ်ဘန်ကောက်မှာ ဗုဒ္ဓဟူးနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။

    အဲဒီဆန္ဒပြပွဲဟာ အစတုန်းကတော့ မြန်မာပြည်မှာစစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်း သွေးစည်းမှုကိုပြသဖို့ ထိုင်းတက်ကြွလှုပ်ရှားသူတွေ စီစဥ်ထားတာပါ။

    ဒါပေမယ့်လည်း ထိုင်းတက်ကြွလှုပ်ရှားသူ၄ယောက် တော်၀င်ထီးနန်းဥပဒေနဲ့ဖမ်းခံရပြီး ရမန်ယူဆက်လက်ချုပ်နှောင်ခံနေရတဲ့အတွက်၊ သူတို့ကိုပြန်လွှတ်ပေးဖို့ ဘန်ကောက်ဆန္ဒပြသမားတွေ တောင်းဆိုခဲ့ကြပြီး၊မြန်မာ့အရေးကိုလည်း တပါတည်းတွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    ဆန္ဒပြပွဲအတွင်း မြန်မာအလံလွှင့်ထားတာကို တွေ့ရတဲ့အပြင်၊ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးထားတာကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီးပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေလည်း ရှိပါတယ်။ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ရဲ့ မျက်နှာကို ကြက်ခြေခတ်ဖျက်ထားတဲ့ပုံတွေလည်း တွေ့ရပါတယ်။

    ရဲစခန်းအနီးမှ ာထိုင်းဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ထိပ်တိုက်ရင်ဆိုင်မှုတချို့ဖြစ်ခဲ့ပါတယ်။

    Military Coup

    ဓာတ်ပုံ ရင်းမြစ်, TASS via Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို
    Military Coup

    ဓာတ်ပုံ ရင်းမြစ်, TASS via Getty Images

    ဓာတ်ပုံ ပုံစာ, တင်းကျပ်တဲ့ တော်၀င်ထီးနန်းနဲ့ ဘုရင်ကို မစော်ကားရ ဥပဒေ ဖျက်ပေးဖို့ ဘန်ကောက် ဆန္ဒပြသမားတွေ တောင်းဆို
    Military Coup

    ဓာတ်ပုံ ရင်းမြစ်, TASS via Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာပြည်သူတွေနဲ့ သွေးစည်းကြောင်း ပြတဲ့ပွဲ
  20. ရွေးကော်အဖွဲ့ခွဲဥက္ကဌတွေညဘက်အိမ်ကနေခေါ်သွားခံနေရ, ရွေးကော်အဖွဲ့ခွဲဥက္ကဌတွေညဘက်အိမ်ကနေခေါ်သွားခံနေရ

    မဲစာရင်းကိစ္စစစ်မေးစရာရှိလို့ဆိုပြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌတွေကိုဗုဒ္ဓဟူးညဘက်မှာစစ်တပ်ကခေါ်ဆောင်နေတဲ့သတင်းတွေရထားပါတယ်။

    တပ်အရာရှိတွေညအချိန်ရောက်လာပြီး၂၀၂၀ရွေးကော်တာ၀န်ရှိသူတွေကိုခေါ်ဆောင်သွားကြတဲ့အကြောင်းအတူရှိနေတဲ့မိသားစု၀င်တွေကလူမှုကွန်ရက်စာမျက်နှာတွေပေါ်တိုက်ရိုက်ဗီဒီယိုလွှင့်ပြတာမျိုး၊စာရေးသားပြီးအများကိုအသိပေးတာမျိုးတွေပြုလုပ်ပါတယ်။

    နေပြည်တော်၊ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးသိန်းထွေးကိုမဲစာရင်းကိစ္စမေးမြန်းစရာရှိလို့၊ဖမ်းတာမဟုတ်ပါဘူးဆိုပြီးဗိုလ်မှူးချုပ်အဆင့်ရှိသူအရာရှိတစ်ယောက်ဦးဆောင်တဲ့အဖွဲ့ကခေါ်ဆောင်သွားတာကိုဗီဲဲဒီယိုထဲတွေ့မြင်ရပါတယ်။

    ကော့သောင်းကရွေးကော်ဥက္ကဌဦးမျိုးမြင့်လည်းနေအိမ်ကိုစစ်ကားနဲ့ရဲကားရောက်လာပြီးအလားတူခေါ်ဆောင်သွားခံရတယ်ဆိုပြီးအတူရှိနေတဲ့မိသားစု၀င်တစ်ယောက်ကသူ့ရဲ့ဖေ့စ်ဘုတ်ပေါ်ကနေအများကိုအသိပေးပါတယ်။

    ၂၀၂၀ရွေးကောက်ပွဲမှာမဲစာရင်းအမှားအယွင်းတွေသန်းပေါင်းများစွာရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်တပ်ကရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်မပြုပဲအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ NLD ၀န်ကြီးချုပ်တချို့နဲ့ပါတီကထိပ်တန်းခါင်းဆောင်တချို့လည်းနေအိမ်တွေကနေခေါ်ဆောင်သွားခံခဲ့ရတဲ့အကြောင်းအတည်ပြုထားနိုင်ပါတယ်။

    UEC

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

    ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့ပြီး မဲစာရင်းတွေ ပြန်စစ်မယ်လို့ တပ်မတော်ပြော