အာဏာသိမ်းတာကို
လက်မခံတဲ့ ပြည်သူတွေက ကန့်ကွက် ဆန္ဒပြမှုတွေ နိုင်ငံတဝန်းဖြစ်ပေါ်နေချိန်မှာ
ဌာနအသီးသီးက ဝန်ထမ်းတွေက Civil
Disobedience movement CDM လို့ခေါ်တဲ့ စစ်ကောင်စီနဲ့
မပူးပေါင်းဘဲ အုပ်ချုပ်မှု ယန္တရား ရပ်တံ့သွားစေဖို့ ရည်ရွယ်ပြီးအာဏာဖီဆန်တဲ့လှုပ်ရှားမှုလုပ်နေသူတွေကို ဖမ်းဆီးမှုတွေ ရှိနေပါတယ်။
CDM လှုပ်ရှားမှုကို ဦးဆောင်တဲ့
ဆရာဝန်တွေကို အဓိက ပစ်မှတ်ထားဖမ်းဆီးရာမှာ ညပိုင်းအချိန်မတော် နေအိမ်တွေကို သွားရောက်ဖိအားပေး ဖမ်းဆီးကြတာ တွေ့ရပါတယ်။
ဒီလို
ဖမ်းဆီးမှုတွေကြုံလာရင် ကာယကံရှင်တွေ အနေနဲ့ ပြန်လည်မေးမြန်းပိုင်ခွင့်ရှိတယ်လို့
ဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
လာဖမ်းတဲ့အခါ
ကာယကံရှင်နဲ့ မိသားစုက အလွယ်တကူ တခါးဖွင့်မပေးဘဲ လာဖမ်းသူကို ပြန်လည်စစ်မေးဖို့
သူက အကြံပြုပါတယ်။ မေးမြန်းစစ်ဆေးတာ မလုပ်ဘဲ အလွယ်တကူ တခါးဖွင့်ပေးရင်
အင်အားသုံးပြီးအနိုင်အထက် ဖမ်းဆီးတာခံရနိုင်တယ်လို့ လည်း
ဦးခင်မောင်မြင့်က သတိပေးပါတယ်။
ကာယကံရှင်နဲ့ မိသားစုက မေးခွန်းထုတ်သင့်တာတွေက-
၁။
ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီးပြီလား၊
၂။
ဘယ်သူက တိုင်တာလဲ၊ ဘာပြစ်မှုကြောင့် တိုင်တာလဲ၊
၃။
ဘယ်ဥပဒေ၊ ဘယ်ပုဒ်မနဲ့ တိုင်တာလဲ၊
၄။
ရဲအရေးပိုင်တဲ့ အမှုဆိုရင် သက်ဆိုင်ရာ နယ်မြေ ရဲစခန်း စခန်းမှူးက အမိန့်ပေးတဲ့
အမိန့်စာ ပြဖို့ပြောပါ။
၅။
တရားရုံး အမိန့်အရ လာဖမ်းတာဆိုရင် တရားသူကြီး ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့
ဖမ်းဝရမ်း ပြဖို့ ပြောပါ။
၆။ ဒါတွေမပြနိုင်ဘဲ
ခိုင်မာတဲ့ အကြောင်းပြချက်မရှိရင် လုံးဝ အဖမ်းခံစရာ မလိုပါဘူး။
အတင်းအကျပ်ဖမ်းသွားရင်
ဘာလုပ်ရမလဲ
အတင်းဖမ်းဆီး
ခေါ်ဆောင်သွားခံရတဲ့သူဘယ်ရောက်နေလဲ၊ ဘယ်သူက
စစ်ဆေးနေလဲ၊ ရုံးထုတ်တာ မရှိ၊ မိသားစုနဲ့ အဆက်အသွယ်မရ
ဖြစ်နေရင် သက်ဆိုင်ရာမိသားစုတွေက ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အမှုခေါ်
စာချွန်တော် သို့မဟုတ် ရှေ့တော်သွင်းစာချွန်တော်လျှောက်နိုင်ပါတယ်။
ဒါကို
နားလည်တဲ့ ရှေ့နေတွေနဲ့ တိုင်ပင်လုပ်ဆောင်သင့်ပါတယ်။ မြန်မာနိုင်ငံက ရှေ့နေအဖွဲ့က
ဥပဒေနဲ့ အညီ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပြီး ဆက်သွယ်နိုင်တဲ့
ဖုန်းနံပတ်တွေလည်းလူအများသိအောင် ထုတ်ပြန်ပေးထားတယ်လို့
ဦးခင်မောင်မြင့်က ဆိုပါတယ်။
လတ်တလောမှာ
နေအိမ်တွေ အထိလာရောက်ဖမ်းဆီးသူတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့
ပြဋ္ဌာန်းထားတဲ့သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေးဆိုင်ရာ ပုဒ်မတွေအရ
ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေပါတယ်။
ဒီဥပဒေအရ
တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်၊တိုင်း၊ မြို့နယ်၊ ရပ်ကွက် စတဲ့ သက်ဆိုင်ရာ
အသီးသီးက အထွေထွေ အုပ်ချုပ်ရေးမှူးတွေ ဒါမှ မဟုတ် သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွေက တရားစွဲရပါတယ်။
ရာဇဝတ်ကျင့်ထုံး
ဥပဒေအရ ရဲအရေးပိုင်တဲ့ အမှုဆို ရဲစခန်းမှာ တိုင်ချက်ဖွင့်၊ ရဲအရေးပိုင်တဲ့ ကိစ္စ
မဟုတ်ရင် သက်ဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရှိတဲ့ တရားရုံးမှာ တိုင်တဲ့သူကဦးတိုက် လျှောက်ထားရမှာ ဖြစ်ပါတယ်။
တိုင်ကြားချက်မှန်မမှန်
စုံစမ်းစစ်ဆေးပြီးမှသာ ဖမ်းဆီးတာ အရေးယူတာ လုပ်နိင်ပါတယ်။ အခု လက်ရှိ တွေ့နေရတဲ့
အနေအထားက ကျင့်ထုံးဥပဒေနဲ့ မညီဘဲ ဖမ်းဆီးသွားပြီးမှ အချက်အလက်တွေစစ်ဆေးပါတယ်။ ပြီးတော့မှ အဲဒီ စစ်ဆေးချက်တွေအရ အမှုဖွင့်တာဖြစ်လို့
ဒီလုပ်ဆောင်မှုက ဥပဒေအရ အကျုံးမဝင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images