စည်ပင်ထဲက လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်း ရွှေ့ပြောင်းဖို့ ပြော
နေပြည်တော်၊ စည်ပင်ရိပ်သာထဲမှာ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း အပြီးရွှေ့ပြောင်းခိုင်းတယ်လို့ အမတ်တချို့က ပြောပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ
နေပြည်တော်၊ စည်ပင်ရိပ်သာထဲမှာ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း အပြီးရွှေ့ပြောင်းခိုင်းတယ်လို့ အမတ်တချို့က ပြောပါတယ်။
နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်သာယာရေးကော်မတီဝင်တွေကို တာဝန်က ရပ်စဲကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI နဲ့ညီနောင်အသင်းအဖွဲ့တွေ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတာဝန်ရှိသူတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ နေပြည်တော်မှာတွေ့ဆုံဖို့ရှိတယ်လို့ ကုန်သည်စက်မူ့အသင်းချုပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မြန်မာမှာ တပ်အာဏာသိမ်းမှုကို ကမ္ဘာတစ်ဝန်းက ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ပြန်လည်တုံ့ပြန်ကြဖို့ အမေရိကန်ဆီးနိတ်အမတ် မစ်ချ်မက်ကော်နယ်လ်က တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့က အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် ခုလို တိုက်တွန်းပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းအရပ်ဘက်ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တဲ့သတင်းကို ရွံရှာထိတ်လန့်ဖွယ်ရာ ကြားသိခဲ့ရပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာက စိုးရိမ်တကြီးစောင့်ကြည့်နေတယ်လို့လည်း သူကပြောပါတယ်။
စစ်တပ်ကို ဖိအားပေးဖို့ မဟာမိတ်နဲ့ မိတ်ဆွေနိုင်ငံတွေကို အမေရိကန်နိုင်ငံက အကူအညီပေးဖို့ လိုအပ်ကြောင်းနဲ့ ဒီအာဏာသိမ်းလုပ်ရပ်အတွက် ပေးဆပ်ရဖို့ လုပ်ဆောင်ကြရမယ်လို့ သူက ပြောပါတယ်။
အင်တာနက် 2G သာရရှိတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ 4G အင်တာနက်လိုင်းတွေ ပြန်လည်ရရှိအသုံးပြုနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်စလို့ အင်တာနက်ဆက်သွယ်ရေးကိုဖြတ်တောက်ထားတာဖြစ်ပါတယ်။
၂၀၂၀ ၊ မေလ မှာ မောင်တောကို အင်တာနက်ပြန်ဖွင့်ပေးခဲ့ပြီး ကျန်မြို့နယ်တွေကိုတော့ 2G အင်တာနက်လိုင်းသာပြန်ဖွင့်ပေးခဲ့တာကြောင့်ဘာမှ အသုံးပြုလို့မရဘဲ ကိုဗစ်ကာလ ကျန်းမာရေးသတင်းအချက်အလက်တွေကိုဒေသခံတွေ လက်လှမ်းမီမရခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ခုတော့ အဲဒီမြို့နယ် အားလုံးမှာ 4G အင်တာနက်လိုင်း ပြန်လည်အသုံးပြုခွင့်ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချတဲ့ ပူးပေါင်းကြေညာချက် ထုတ်ဖို့ တောင်းဆိုတာကို တရုတ်ရဲ့ ကြားဝင်ကန့်ကွက်မှုကြောင့် သဘောမတူနိုင် ဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတီးနား ရှရာနာ ဘူဂနာက စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ရှုတ်ချပြီး ဒီမိုကရေစီဖြစ်စဥ်ကို ထောက်ခံဖို့ တိုက်တွန်းထားခဲ့ပါတယ်။
မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဗြိတိန် နိုင်ငံက ပြောကြားထားပါတယ်။
တပ်မတော်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ NLD ရုံးအတွင်းကို ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းက ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်တိုင်းက မြို့နယ် အချို့မှာ သံပုံးတွေ တီးပြီး သဘောထားထုတ်ဖော်ပြသမှုတွေကို ဖေဖေါ်ဝါရီလ ၂ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်ခေါင်းဆောင် ၈ ယောက်၊ အရပ်ဘက်က ၃ယောက် နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ဟာ အာဏာ ၃ ရပ်ကို ကျင့်သုံးဖို့ တပ်ချုပ်က ဦးဆောင်တဲ့ အမြင့်ဆုံးအဖွဲ့လည်းဖြစ်ပါတယ်။ ဒီအဖွဲ့မှာပါလာတဲ့ အရပ်သား ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ ကုလသမဂ္ဂရုံးရှေ့ ပလာဇာမှာ အာဏာသိမ်းအစိုးရကို အလိုမရှိကြောင်း လူ ၅၀၀ ဝန်းကျင် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
နေပြည်တော်မှာ လွှတ်တော်တွေ တက်ရောက်ဖို့ ရောက်နေတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို တပ်မတော်အာဏာသိမ်းယူပြီးနောက် သွားလာခွင့်မပြုဘဲ ထိန်းသိမ်းထားရာက ဖေဖော်ဝါရီလ ၂ ရက်ညနေပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
နေပြည်တော် စည်ပင်ဝင်းမှာ ထိန်းသိမ်းခံထားရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ညနေပိုင်းမှာ ကိုယ့်အစီစဥ်နဲ့ကိုယ် အိမ်ကို ပြန်ခွင့်ပြု လိုက်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၁၂ ဦးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။
မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ အတွက်တော့ ထုတ်ပြန်ချက်မှာ ပါတာ မတွေ့ရသေးဘဲ ကျန်ပြည်နယ်နဲ့ တိုင်းတွေအတွက် တိုင်းဒေသကြီးတွေအတွက် စီမံကောင်စီဥက္ကဋ္ဌတွေ ခန့်အပ်တာကို တွေ့ရပါတယ်။
ဒီခန့်အပ်မှုတွေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ထိန်းသိမ်းထားတဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကို ဒီနေ့ ပြန်လွှတ်ပေးလိုက်အပြီးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်စီမံကောင်စီ ဥက္ကဋ္ဌတွေကို ခန့်အပ်ကြောင်း ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အဖွဲ့ဝင် ၄ ဦးပါ ရွေးကောက်ပွဲ ကော်မရှင်သစ် ခန့်အပ်လိုက်ပြီး ဦးသိန်းစိုးကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန် ကြေညာပါတယ်။
အာဏာသိမ်း တပ်မတော် အစိုးရ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရာထူးနဲ့ ရဲချုပ် ရာထူးကို ပူးတွဲ တာဝန်ပေးလိုက်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါင်းဆောင်ပြီး ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ဖဒိုမန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွှန့် စတဲ့ အရပ်သားတွေ ပါဝင်တာ တွေ့ရပါတယ်။
ကောင်စီထဲမှာ ဗိုလ်ချုပ်ကြီး ၆ ဦး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ၂ ဦးတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၇ ဦး၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တယောက်စီနဲ့ ဖွဲ့စည်းလိုက်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ထဲမှာ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်သူ့ပါတီကနေ ပန်းတနော်မြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖဒိုမန်းငြိမ်းမောင် ပါဝင်သလို အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေလည်း ပါဝင်ပါတယ်။
သူတို့ သုံးဦးက လွဲလို့ ကျန် ၈ ဦးဟာ တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ နိုင်ငံတော်အာဏာ လွှဲအပ်ခြင်း ခံရတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံး ဆောင်ရွက်ခွင့် ရှိတယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဥပဒေပြုရေး အာဏာကို သူကိုယ်တိုင် ဖြစ်စေ၊သူကိုယ်တိုင်ပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီးဖြစ်စေ ကျင့်သုံး ဆောင်ရွက်နိုင်တယ်၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတွေကို သင့်လျော်တဲ့ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖွဲ့စည်းပြီး ဖြစ်စေ၊ သင့်လျော်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ် ကျင့်သုံး ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လူမှုကွန်ရက်မှာ ကြေညာချက်တွေ ထုတ်နေတာကို မလုပ်ကြဖို့နဲ့ အခုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ကြေညာချက် ထုတ်တာတွေ ဆက်လုပ်ရင် တည်ဆဲဥပဒေနဲ့ အညီ အရေးယူမယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
သတင်းမီဒီယာတချို့နဲ့ ပြည်သူတွေက လူမှုကွန်ရက်ပေါ်မှာ ကောလဟလ သတင်းတွေ ထုတ်ပြန်တာ၊ ဆူပူမှုတွေ ဖြစ်အောင် စည်းရုံးလှုံ့ဆော်တာ၊ မငြိမ်မသက်ဖြစ်အောင် ကြေညာချက် ထုတ်ပြန်တာတွေ မလုပ်ကြဖို့နဲ့ တည်ဆဲဥပဒေနဲ့အညီ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမိန့်အမှတ် ( ၁/၂၀၂၁) နဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ဖြစ်ကြောင်းနဲ့ အရေးပေါ် အခြေအနေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်တဲ့ နေ့ကစလို့ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ရေးထားပါတယ်။
လက်ရှိအာဏာသိမ်း အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မြိုက နေရာတချို့မှာ စတင်နေတာတွေ့ရပြီး ဒီနေ့ည ၈ နာရီက အာဏာသိမ်း အစိုးရကို ဆန့်ကျင်တဲ့ သံပုံးတီး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။