ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆန္ဒပြ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း အမေရိကန်သံရုံးထုတ်ပြန်

    ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အစိုးရကို ထောက်ခံကြောင်း ပြသဖို့နဲ့ သတင်းအချက်အလက်တွေ လွတ်လပ်စွာ ရယူပိုင်ခွင့်ရဖို့ တောင်းဆို ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်အစိုးရက ထောက်ခံကြောင်း ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ထားပါတယ်။

    စစ်တပ်အနေနဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာ ပြန်လွှဲပြောင်းပေးပြီး ထိန်းသိမ်းထားသူတွေ အားလုံး ပြန်လွှတ်ပေးဖို့ ၊ ဆက်သွယ်ရေးဖြတ်တောက်ထားမှုတွေကို ပြန်ရုတ်သိမ်းပေးဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ အမေရိကန် အစိုးရက ထပ်မံ တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

  2. ပထမစည်း၊ ဒုတိယစည်း တားဆီးထား

    လှည်းတန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူအများအပြား လာရောက်ပူးပေါင်းခဲ့ကြတာကို တွေ့မြင်ရပါတယ်။

    လူ့ဘောင်သစ် လူငယ်အဖွဲ့၊ ကရင်လူငယ်များနဲ့ NLD ပါတီကို ထောက်ခံကြသူတွေဟာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

    လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း ပထမစည်း၊ ဒုတိယ စည်းတွေ တားထားပြီး ဒီစည်းတွေကို မကျော်ဖို့ သတိပေးနေပါတယ်။

    စည်းကျော်လာရင် အရေးယူမယ်ဆိုတဲ့ အသံချဲ့စက်တွေနဲ့ အော်ဟစ် သတိပေးနေတာကိုလည်း ကြားနေရပါတယ်။

    ဆန္ဒပြသူတွေကတော့ ရဲတွေနဲ့ အနီးကပ်တွေ့ဆုံပြီး ပြည်သူ့ဘက်က ရပ်တည်ပေးပါဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးနေပါတယ်။

    လောလောဆယ် အချိန်အထိတော ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်ရှိနေပြီး ရန်ကုန်တိုင်း စစ်ဒေသကြီးက တာဝန်ရှိသူတွေ ဆန္ဒပြရာ နေရာကို ရောက်နေကြပြီလို့လည်း ဆန္ဒပြနေသူတွေထဲက တချို့က ပြောကြပါတယ်။

  3. ထိုင်ဝမ်ရောက် မြန်မာပြည်ဖွားတွေ လမ်းပေါ်ထွက် ဆန္ဒပြ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ နယူးထိုင်ပေမြို့ ဝှာရှင်းကျဲလို့ ခေါ်တဲ့ မြန်မာတန်းမှာ စုရုံး ဆန္ဒပြနေကြပါတယ်။

    ဒီအင်အားစုတွေထဲမှာ ရုံးဝန်ထမ်းတွေ၊ စက်ရုံဝန်ထမ်းတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေ၊ သာသနာ့ဝန်ထမ်းတွေ ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ စုစုပေါင်း လူအင်အား လေးရာကျော် ပါဝင်တယ်လို့ သိရပါတယ်။

  4. ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် ထိန်းသိမ်းခံရ

    သူ့ကို စွပ်စွဲချက် တစ်ခုခုနဲ့ အမှုဖွင့်ခံထားရပြီး ဘာအမှုနဲ့လဲဆိုတာကိုတော့ သူမသိဘူး၊ သူ့မှာ ဘာအပြစ်မှ မရှိဘူး လို့ ရှောန် တန်နယ်လ်က ရိုက်တာစ် သတင်းဌာနကို မက်ဆေ့ဂျ် ပေးပို့ အသိပေးခဲ့ကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အတွက် စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ သြစတြေးလျလူမျိုး စီးပွားရေး ပညာရှင် ရှောန် တန်နယ်လ်ဟာ သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်က စီးပွားရေး ပါမောက္ခ တစ်ဦး ဖြစ်ပြီး ၂၀၁၇ ခုနှစ် ကတည်းက နေပြည်တော်မှာ နေနေတာ ဖြစ်ပါတယ်။

    မစ္စတာ ရှောန် တန်နယ်လ် ထိန်းသိမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး သြစတြေးလျ အစိုးရအနေနဲ့ အကြီးအကျယ် စိုးရိမ်နေကြောင်း ပြောဆိုခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မရီးစ် ပိန်းက ပြောပါတယ်။

    ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်က စစ်အစိုးရ အာဏာသိမ်းခဲ့ပြီးချိန်ကစလို့ နိုင်ငံခြားသား တစ်ဦးကို ပထမဆုံးအကြိမ် ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

  5. လှည်းတန်း အနီးမှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်

    အင်းစိန် ဘက်ကနေချီတက်လာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက လှည်းတန်း အနီးမှာ ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

    အလုပ်သမား ဆန္ဒပြသူတွေဆီကို ကျောင်းသားတွေနဲ့ အတူ NLDပါတီ ကို ဝန်းရံ ထောက်ခံသူတွေလည်း ဝင်ရောက် ပူးပေါင်းခဲ့တာကို တွေ့ရပါတယ်။

    အလုပ်သမား သမဂ္ဂတွေနဲ့ အတူ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် အဖွဲ့က လူတွေလည်း လာရောက် ပူးပေါင်းခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေဟာ စစ်အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ဟစ်ကြွေးသံတွေနဲ့ အတူ ဒီမိုကရေစီ ရရှိရေးတောင်းဆိုဟစ်ကြွေးပြီး ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

    လှည်းတန်း မှတ်တိုင် အနီးမှာလည်း ဆန္ဒပြသူတွေကို ဝန်းရံနေတဲ့ အရပ်သား အများအပြား လည်း ရှိနေတာကို တွေ့ရပါတယ်။

  6. ဆန္ဒပြသူတွေနဲ့ ရဲတွေထိပ်တိုက်ရင်ဆိုင်ထား

    အင်းစိန် လမ်းမကြီးအတိုင်း ချီတက်လာကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လှည်းတန်း အနီးမှာတားဆီး ထားပါတယ်။

    ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကြွေးကြော်မှုတွေ ဟစ်ကြွေးနေကြပေမယ့် အခြေအနကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

    အနီးအနားမှာ ရှိသူတွေကလည်း ပြည်သူ့ရဲတွေ အနေနဲ့ ဆန္ဒပြသူတွေကို စောင့်ရှောက်ပေးပါဆိုတဲ့ ဝိုင်းဝန်းတောင်းဆိုမှုတွေ လုပ်နေကြပါတယ်။

    ဆန္ဒပြသူတွေဟာ အလုပ်သမားတွေ ဖြစ်ပြီး ဒီမိုကရေစီရရှိရေး နဲ့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပေးရေး တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

  7. အင်တာနက်ပြတ်တောက်၊ ဆန္ဒပြသူအများအပြား ရှိလာ

    မိုဘိုင်းလ် အင်တာနက်များ ပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    လောလောဆယ်မှာ အင်တာနက်ကို Wifi ဆားဗစ်စ် တချို့ကလွဲရင် တခြားနေရာတွေမှာ လုံးဝ သုံးလို့မရတော့ဘူးလို့ ဆိုကြပါတယ်။

    ပြီးခဲ့တဲ့ ရက်တွေက နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ အစိုးရက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေကို Facebook၊ Twitter ၊Instagram စာတွေကို ပိတ်ထားဖို့ ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။

    အခုချိန်မှာတော့ အင်းစိန်လမ်းမကြီးပေါ်က လှည်းတန်းအနီးမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ အများအပြား ရောက်ရှိနေသလို၊ လုံခြုံရေး တပ်ဖွဲ့တွေကလည်း လမ်းတွေကို ပိတ်ထားပြီး ဆက်သွားမရအောင် တားဆီးထားပါတယ်။

  8. ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတွေ ပေါ်ပေါက်

    ရန်ကုန်မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ လူတွေဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အမေစုကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြကြွေးကြော်ချီတက်လမ်းလျှောက်နေတာနဲ့အတူ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လက်သုံးချောင်ထောင်လှုပ်ရှားမှုတွေကိုလည်း တစ်ပါတည်းပြုလုပ်ခဲ့ကြတာပါ။ အခုလိုချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်တာကို ဘေးပတ်ဝန်းကျင်က ကြည့်ရှုနေကြသူတွေကလည်း လက်သုံးချောင်းထောင်ပြီး ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဒါ့အပြင် လူငယ်နိုင်ငံရေးသမားတက်ကြွလှုပ်ရှားသူ ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မအိသဉ္ဇာမောင်တို့နဲ့အတူ လူငယ်တက်ကြွလှုပ်ရှားသူတွေကလည်း ရန်ကုန်မြို့မှာ အာဏာရှင်စနစ်ကျဆုံးပါစေ ဆိုတဲ့ လက်သုံးချောင်းထောင်လှုပ်ရှားမှုကို လမ်းပေါ်ထွက် ပြုလုပ်နေကြပါတယ်။ လတ်တလောမှာ ဆက်သွယ်ရေးအော်ပတာတချို့ အင်တာနက်သုံးစွဲမှု ပြတ်တောက်နေပြီး Internet Provider တချို့ကနေ Wi Fi က တစ်ဆင့် အင်တာနက် သုံးစွဲရအဆင်မပြေတာ၊ အင်တာနက်လှိုင်းတွေ နှေးတာတွေ ကြုံနေရပါတယ်။

  9. စစ်ကိုင်းဆေးရုံကြီးကျန်းမာရေးဝန်ထမ်းအားလုံး အာဏာသိမ်းအစိုးရလက်အောက် အလုပ်လုပ်ကိုင်ခြင်းမပြုကြောင်း ထုတ်ပြန်

    စစ်ကိုင်းဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းအားလုံး Civil Disobedience လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အာဏာသိမ်းအစိုးရလက်အောက်မှာ အလုပ်လုပ်ကိုင်ခြင်းမပြုတော့လို့ ထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိ ဆေးရုံမှာ ကျန်ရှိလူနာတွေကို ဆက်လက်ကုသပေးမှာဖြစ်ပြီးနောက်ထပ် လူနာသစ်လက်ခံတော့မှာမဟုတ်ဘဲ နီးစပ်ရာ တပ်မတော်ဆေးရုံကြီးတွေကို သွားရောက်ပြသဖို့ လေးစားစွာတောင်းပန်အပ်ကြောင်း လူနာတွေကို ပန်ကြားထားပါတယ်။ ဒီလှုပ်ရှားမှုအပေါ် တစ်စုံတစ်ရာ ဖိအားပေးခြိမ်းခြောက်သွေးခွဲလာရင်လည်း CDM လှုပ်ရှားမှုကို တစ်စိုက်မတ်မတ် လုပ်သွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

  10. MPT ဖုန်းလိုင်းများ အင်တာနက် ပြတ်တောက်လို့ သုံးစွဲသူတွေပြော

    ဆက်သွယ်ရေးအာ်ပရေတာတစ်ခုဖြစ်တဲ့ MPT ဖုန်းလိုင်းတွေကနေ အင်တာနက်မိုဘိုင်းဒေတာသုံးစွဲမှု ပြတ်တောက်နေပြီး ဆက်သွယ်မရဖြစ်နေတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။ ဖုန်းလိုင်းတွေကတော့ လတ်တလောမှာ ဆက်သွယ်လို့ရနေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ကို ဖေဖော်ဝါရီ ၄ ရက်နေ့တည်းက အာဏာပိုင်တွေက ပိတ်ထားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာတော့ အင်စထာဂရမ်နဲ့ တွစ်တာလူမှုကွန်ရက်တွေကိုပါ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

  11. ဖဲကြိုးနီလှုပ်ရှားမှုကြောင့် ဘားအံ့နည်းပညာအထက်တန်းကျောင်းအုပ်ကြီးကို ၅၀၅ နဲ့ အမှုဖွင့်

    စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့ ဖဲကြိုးနီလှုပ်ရှားမှုကို ဦးဆောင်လို့ဆိုပြီး ဘားအံအစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာချိုယုမွန်ကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဖမ်းဆီးသွားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတယ်လို့ နီးစပ်သူတစ်ဦး ပြောပါတယ်။

    ဒေါက်တာချိုယုမွန်ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုတာလို့ သူက ပြောပါတယ်။ ဒေါက်တာချိုယုမွန်ကို ယခုအခါမှာ ဘားအံအကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

  12. MRTV အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်း CDM လှုပ်ရှားမှုမှာ ပါဝင်

    မြန်မာအသံနဲ့ ရုပ်မြင်သံကြားက အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်တဲ့ civil disobedience လှုပ်ရှားမှုမှာ ပါဝင်မှာဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

    ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဝင် ပြည်သူ့အစိုးရကို မတရားဖမ်းဆီး အာဏာထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေရဲ့အုပ်ချုပ်မှုအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ရန် လုံးဝ (လုံးဝ) ဆန္ဒမရှိပါသဖြင့် Civil Disobedience Movement မှာ စတင်ပါဝင်ကြောင်း အသိပေးအပ်ပါတယ်လို့ ရေးသားထားပါတယ်။

  13. သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့မှာ ဆန္ဒပြ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ Federation square မှာ ဒေသအချိန် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

  14. လွှတ်တော်တွေ ရပ်ထားမယ်၊ မဲမသမာမှုတွေ စစစ်နေပြီလို့ ရွေးကောက်ပွဲ ကော်မရှင်သစ် ကြေညာ

    တပ်မတော်ကို အာဏာလွှဲပြောင်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ကစပြီးလွှတ်တော်တွေနဲ့ ဆက်စပ်ကော်မတီတွေရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

    ဖေဖော်ဝါရီ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာရွေးကောက်ပွဲ မဲမသမာမှုတွေကို စတင်စုံစမ်းစစ်ဆေးနေပြီလို့လည်းဖော်ပြထားပါတယ်။

    အဲဒါကြောင့် အဲဒီစုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုစာတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ လည်း ကြေညာတယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ဖြေရှင်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို တပ်မတော်က တောင်းဆိုခဲ့တာ မပြေမလည် ဖြစ်ခဲ့ပြီးနောက် လွှတ်တော်တွေ ပြန်စမယ့်နေ့မှာ အာဏာသိမ်းယူမှု ဖြစ်ခဲ့ပါတယ်။

  15. ကုလကိုယ်စားလှယ်နဲ့ တပ်မတော် အွန်လိုင်းက တွေ့ဆုံဆွေးနွေး

    မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီတွေ့ဆုံမှုကို ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်တီးနား ရှရာနာ ဘူဂနာတို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေကနေ လက်ရှိ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  16. တွစ်တာနဲ့ အင်စထာဂရမ်ပါ မြန်မာမှာပိတ်

    ဖေ့စ်ဘွတ်ခ်ကို မြန်မာနိုင်ငံထဲမှာ ပိတ်ထားဖို့ ညွှန်ကြားလိုက်ပြီး နှစ်ရက်အကြာမှာ တွစ်တာနဲ့ အင်စထာဂရမ် ဆိုရှယ်မီဒီယာတွေကိုပါ ပိတ်ထားဖို့ အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေကို အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံက တွစ်တာ သုံးစွဲသူတွေ သောကြာနေ့ ညပိုင်းမှာ သုံးစွဲလို့မရတော့ဘူးလို့ သိရပါတယ်။

    အာဏာသိမ်းပြီး သုံးရက်အကြာမှာ ပြည်တွင်းမှာ အသုံးပြုသူ အများဆုံးရှိတဲ့ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်လိုက်ပြီးနောက် မြန်မာနိုင်ငံကနေ တွစ်တာအသုံးပြုသူတွေ ရုတ်တရက် မြင့်တက်သွားခဲ့ပါတယ်။ အဲဒီ့နောက် အခုလို ပိတ်ပင်မှု သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    ဖေ့စ်ဘွတ်ခ်ပိတ်ပင်စဥ်က VPN ကနေတစ်ဆင့်သုံးလို့ရပေမဲ့ အခုအခါ တွစ်တာကို အဲဒီနည်းနဲ့သုံးလို့မရဘူးလို့ တချို့က ဆိုပါတယ်။

    တွစ်တာနဲ့ အင်စထာဂရမ်ကို နောက်ထပ်ညွှန်ကြားချက် မရမချင်း ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီ ထံက သိရပါတယ်။

    ပြည်သူတွေအကြား အထင်အမြင်လွဲမှားစေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ မဟုတ်မမှန်သတင်းတွေကို Instagram နဲ့Twitter တို့ကနေ ရေးသားဖြန့်ဝေနေတဲ့အတွက် ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီက စပြီး နောက်ထပ်ညွှန်ကြားချက်မရမခြင်း အဲဒီဆိုရှယ်မီဒီယာနှစ်ခုကို ပိတ်ထားဖို့ ညွှန်ကြားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

    အင်တာနက်စောင့်ကြည့်လေ့လာတဲ့ NetBlocks ရဲ့ လေ့လာမှုအရ ဖေ့စ်ဘွတ်ခ်ရဲ့ အပ်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Whatsapp လည်းသုံးရခက်တာတွေဖြစ်နေတယ်လို့ သိရပါတယ်။

  17. MNDAA နဲ့ ပစ်ခတ်မှုအရပ်သား၉ဦးသေဆုံး

    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးခင်မောင်လွင်ရဲ့ ယာဉ်တန်းကို MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့က စောင့်ကြိုတိုက်ခိုက်လို့ အရပ်သား ၉ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

    လားရှိုးမြို့က ပြန်လာတဲ့ ယာဥ်တန်းကို နားတီးကျေးရွာအနီး တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းနဲ့ လမ်းပေါ်အနီးအနားမှာ သွားလာနေတဲ့ အရပ်သားတွေကိုပါ ထိမှန်ခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  18. ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ခန့်

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ပေးလိုက်ပါတယ်။

    ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဖေဖော်ဝါရီလ ၅ ရက်နေ့ လက်မှက်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဒုတိယခေါင်းဆောင်အဖြစ် ဦးသက်ဆွေကို တာဝန်ပေးထားတာကိုတွေ့ရပြီး သက်ဆိုင်ရာဝန်ကြီးဌာန က ပြောရေးဆိုခွင်းရှိသူ ကို အဖွဲ့ဝင် အဖြစ်တာဝန်ပေးတာကိုလည်းတွေ့ရပါတယ်။

  19. ရွှေတိဂုံ စေတီတော် ဖူးမြော်ခွင့် ဖေဖော်ဝါရီ ၈ ရက်က စခွင့်ပြု

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ခွင့်ပြုချက်နဲ့ COVID-19 စည်းမျဉ်း၊ စည်းကမ်တွေနဲ့အညီ ဖေဖော်ဝါရီ ၈ ရက်က စလို့ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်ခွင့် ပြုပေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြား‌ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့အတွက် ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ဖူးမြော်ခွင့်ကို ၁၀ လကြာ ယာယီ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

  20. ရန်ကုန်က စစ်အာဏာသိမ်း ကန့်ကွက်မှုတွေ

    တပ်မတော် အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်ကြတဲ့ ရန်ကုန်မြို့က လူငယ်အချို့ဟာ ဖေဖော်ဝါရီလ ၅ရက်နေ့ ညပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဖော်ထုတ်တဲ့ လှုပ်ရှားမှု ရန်ကုန်မြို့မှာပြုလုပ်ကြပါတယ်။