ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်အာဏာသိမ်းမှု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြစ်တင်ဝေဖန်

    စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံးကိုချက်ချင်းခြွင်းချက်မရှိပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးပြန်လည်ထူထောင်ရေးနဲ့တရားမ၀င် အာဏာသိမ်းယူမှုကို ရပ်တန့်ဖို့မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အင်ဒရူးက တောင်းဆို လိုက်ပါတယ်။

    မြန်မာ နိုင်ငံရဲ့ အရေးပေါ် အခြေအနေ ဟာစစ်တပ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု ဖြစ်ပြီး ထွန်းသစ်စ ဒီမိုကရေစီကို လျှောက်လှမ်းနေကြတဲ့ မြန်မာ ပြည်သူတွေအပေါ် တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ဖမ်းဆီးခံရသူ နိုင်ငံရေးသမားတွေနဲ့ အတူ ကမ္ဘာ့ နိုင်ငံအသီးသီးက ရပ်တည်ကြောင်း ပြသဖို့၊ အရေးယူ တုံ့ပြန်မှုတွေလုပ်ဖို့ကိုလည်း သူက တိုက်တွန်း လိုက်ပါတယ်။

    စစ်တပ်ရဲ့ လုပ်ရပ်အတွက် ပြစ်တင်ရှုတ်ချကြောင်းနဲ့ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ခံမှု ရှိစေဖို့ နိုင်ငံတကာက ဖိအားပေးဖို့ လိုတယ် လို့လည်း သူက ပြောပါတယ်။

    လွတ်လပ်စွာရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့နဲ့ မြန်မာပြည်သူ တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို စစ်တပ်က လေးစားလိုက်နာဖို့ သူက တိုက်တွန်း သွားခဲ့ပါတယ်။

  2. တပ်က အပစ်ရပ် တစ်လကြေညာ၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ ကော်မတီ အသစ်ဖွဲ့

  3. တပ်မတော် အာဏာ ဘယ်လို သိမ်းခဲ့သလဲ

  4. ပြည်ထောင်စု အဆင့်ရာထူးအပြောင်းလဲ စာရင်း တပ်က ထပ်ပြီးထုတ်ပြန်, ပြည်ထောင်စု အဆင့်ရာထူးအပြောင်းလဲ စာရင်း တပ်က ထပ်ပြီထုတ်ပြန်

    ပြည်ထောင်စု အဆင့်ရာထူးအပြောင်းလဲ စာရင်းကိုကာကွယ်ရေးဦးစီးချုပ် လက်မှတ်ရေးထိုးပြီး ထပ်ပြီးထုတ်ပြန်လိုက်ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ ဥက္ကဋ္ဌ နဲ့ ဒု ဥက္ကဋ္ဌ တို့ကို မူလတာဝန်တွေထမ်းဆောင်‌စေဖို့ ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု တရားလွတ်‌တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ် နဲ့ တရားသူကြီးများကို မူလတာဝန်များတွင်တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့ပါတယ်။

    ပြည်ထောင်စုရာထူးဝန်နဲ့ အဖွဲ့ဝင်များကိုတေ့ာ ဖယ်ရှားခဲ့ပြီး ဦးသန်းဆွေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ပေး ခန့်အပ်ခဲ့ပါတယ်။

    ဒါအပြင် လက်ရှိ ဒုဝန်ကြီး ၂၄ ဦးနဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို လည်းတာဝန်က ရပ်စဲခဲ့ပါတယ်။

  5. ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်, ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်

    အာဏာသိမ်း တပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီးသစ်တွေကို ခန့်အပ်လိုက်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံခြား‌ရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို ခန့်အပ်ခဲ့ပြီးတော့ ဝန်ကြီးအသစ်တွေကို ခန့်အပ်တာလည်း‌့ရ့ရပါတယ်။

    ဒီနေ့ ည ၈နာရီသတင်း မှာကြေညာချက်ထုတ်ပြန်ပြီး ခန့်အပ်လိုက်တဲ့ ဝန်ကြီးသစ်တွေကတေ့

    နိုင်ငံခြားရေး- ဦးဝဏ္ဏမောင်လွင်

    ဗိုလ်ချုပ် မြထွန်းဦး- ကာကွယ်ရေး

    ဗိုလ်ချုပ် ထွန်းထွန်းနောင်- နယ်စပ်ရေးရာ

    ဥိးဝင်းရှိန်- စီမံ/ဘဏ္ဏာ

    ဦးအောင်နိုင်ဦး- ရင်းနှီးမြှပ်နှံမှု

    ဥိးကိုကိုလှိုင်-အပြည်ပြည်ဆိုင်ရာပူးပေါင်းဆက်ဆံရေး

    ဥိးချစ်နိုင်- ပြန်ကြားရေး

    ဦးကိုကို- သာသနာရေး/ယဉ်ကျေးမှု

    ဦးမြင့်ကြိုင်- အလုပ်သမား

    ဒေါက်တာသက်ခိုင်ဝင်း- ကျန်းမာရေး တို့ဖြစ်ကြပါတယ်။

    အခုခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေ အများစုဟာ တပ်မတော် အရာရှိကြီးတွေ အရာရှိဟောင်းတွေ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အရင်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိတွေပါဝင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်က လက်မှက်ထိုးပြီး ဝန်ကြီးဌာန ၁၁ နေရာက ဝန်ကြီးသစ်တွေခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

  6. ကြံခိုင်ရေးပါတီ ထောက်ခံသူ‌‌တွေ နေပြည်တော်မှာ လှည့်လည်စုရုံး

    နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံ ဝန်းရံကြတဲ့ သူ‌တွေက ယနေ့နံနက်ပိုင်းမှာ ဆိုင်ကယ်များ၊ ကားများဖြင့် ရွှေနံ့သာအဝိုင်းမှစတင်၍ ပျဉ်းမနား - တောင်ညိုကားလမ်းမကြီးအတိုင်း စီတန်းလှည့်လည်စုရုံးခဲ့ကြတာတွေ့ရပါတယ်။

  7. စစ်တွေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကိုပိတ်ထားပြီးစစ်ကားတွေလုံခြုံရေးယူထား

    မြန်မာ့တပ်မတော်က အာဏာသိမ်းအပြီး ရခိုင်ပြည်နယ်မြို့တော်၊စစ်တွေမှာတော့ ဖေဖော်ဝါရီလ ၁ ရက်ယနေ့နေ့လည်အထိပုံမှန်သွားလာနေကြတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကိုပိတ်ထားပြီးခြံဝင်းထဲမှာတော့ စစ်ကားတစ်စီးကိုတွေရကာ စစ်သားတချို့က လုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြည်နယ်ရုံးကို သော့ခတ်ပိတ်ထားတာတွေ့ရပေမယ့် ရခိုင်အမျိုးသားပါတီ(ANP)ရုံးကတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ပါဝင်တီတချို့ရှိနေတာကိုလည်းတွေ့ရပါတယ်။စစ်တွေမြို့စျေးကြီးမှာတော့ ပြည်သူတွေကပုံမှန်အတိုင်းသွားလာဝယ်ယူနေကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံ;နဲဲ့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး ခြံဝင်းတွေထဲမှာ စစ်သားတချို့ရှိနေတာကလွှဲပြီး လုံခြုံရေးတိုးမြှင့်ထားတာကိုမတွေ့ရပါဘူး။ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှတို့ ယာယီထိန်းသိမ်းခံထားရတယ်လို့သိရပြီး တခြားဘယ်သူတွေပါနေသလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

  8. ရန်ကုန်မြို့တွင်းမြင်ကွင်းတချို့

    တပ်မတော်က အာဏာသိမ်းယူတာကို ဖေဖော်ဝါရီ ၁ရက် မနက်ပိုင်းမှာ မြဝတီရုပ်မြင်သံကြားက ကြေညာပြီးနောက်ပိုင်း တပ်မတော်အာဏာသိမ်းတာကို အားပေးသူတချို့ ရန်ကုန်မြို့တွင်းမှာ အခုလို လှည့်လှည်ခဲ့ကြပါတယ်။

  9. ကာလုံအစည်းအဝေးကျင်းပခဲ့ကြောင်း စစ်တပ်ထုတ်ပြန်

    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးကို သမ္မတ အိမ်တော်မှာကျင်းပခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်တွေက မဲစာရင်းတွေကို စိစစ်ခဲ့ရာမှာ မဲ၁၀သန်းကျော် မသမာမှုဖြစ်နိုင်တာကို စိစစ်တွေ့ရှိခဲ့ပြီးနောက် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုခဲ့ကြောင်း။

    ဒီတောင်းဆိုချက်တွေကို အကြိမ်ကြိမ်ငြင်းပယ် ခဲ့တဲ့ အပြင် လွှတ်တော် အထူး အစည်းအဝေးခေါ်ယူဖို့ အကြံပြုချက်ကိုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

    ဒီအချက်တွေကြောင့် တတိယအကြိမ်လွှတ်တော်ခေါ်ယူမှုကို ဆိုင်းငံ့ထားဖို့ တပ်မတော်ဘက်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးကို ကျင်းပပေးဖို့ တောင်းဆိုမှုကိုလည်း ပယ်ချခဲ့ရတဲ့အတွက် အခြေခံဥပဒေအရ အာဏာသိမ်းယူမှုပြုလုပ်ခဲ့ရတာလို့ ဖော်ပြပါတယ်။

    နိုင်ငံတော် အရေးပေါ်ကာလပြီးဆုံးတဲ့ အခါမှာ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးဖို့ ကာလုံ အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

  10. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ ပန်ကြားချက်စာ ထွက်ပေါ်

    တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆပြီး ဒေါ်အောင်ဆန်းစုကြည်က သူအထိန်းသိမ်းမခံရခင် “ပြည်သူသို့ ပန်ကြားချက်”စာတစ်စောင် ထားခဲ့တယ်လို့ Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်မှာ ဖော်ပြထားပါတယ်။

    အဲဒီပန်ကြားချက်မှာ တပ်မတော်က ကိုယ်တိုင်ရေးသားအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပင် ဖျက်ပြီး လွှတ်တော်နဲ့ အစိုးရကို ဖျက်တယ်၊ တပ်မတော်ရဲ့လုပ်ရပ်ဟာ အများပြည်သူရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ကို ဂရုမထားတဲ့အပြင် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်ပြန်သွင်းတဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတာနဲ့ တပ်မတော်ကအာဏာသိမ်းတာကို လူထုအနေနဲ့ လက်မခံဘဲ ဆန့်ကျင်တုံ့ပြန်ဖို့ စတဲ့ အချက်တွေကို ဖော်ပြထားတဲ့ အချက် ၅ ချက် ပါပါတယ်။

    စာရဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ ထုတ်ပြန်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတာကိုတော့ မတွေ့ရပါဘူး။

    ဒါပေမဲ့ ဒီစာဟာ အစစ်အမှန်ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက အတည်ပြုပါတယ်။

  11. အာဏာသိမ်းယူမှုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးကြေညာချက်ထုတ်

    အရေးပေါ်ကာလ ပြီးဆုံးရင် အထွေထွေ ရွေးကောက်ပွဲကို ပြန်လည် ကျင်းပ ပေးမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက စာထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း မဲစာရင်း အမှားတွေ ရှိခဲ့ခြင်း၊ ဒုတိယ အကြိမ်ပြည်ထောင်စု လွှတ်တော် အထူး အစည်း အဝေးကျင်းပဖို့ ပျက်ကွက်ခဲ့ခြင်းနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူဖို့ သမ္မတက ငြင်းပယ် ခဲ့ခြင်းတို့ကြောင့် အာဏာသိမ်းယူမှုပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး၊ မဲစာရင်းတွေကို ပြန်လည် စစ်ဆေးမယ်လို့လည်း ပါရှိပါတယ်။

    စီးပွားရေး၊ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်ပြီး အရေးပေါ်ကာလပြီးဆုံးပါက အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးမယ်လို့ကြေညာပါတယ်။

  12. ဘဏ်တွေယာယီပိတ်

    ငွေကြေးဝန်ဆောင်မှုပေးတဲ့စနစ် System Unable ဖြစ်နေခြင်းနဲ့ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ အဆင်မပြေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဘဏ်များ အသင်း လက်အောက်မှာ ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေ အားလုံး ဖေဖော်ဝါရီ ၁ ရက် စပြီး ယာယီ ပိတ်သိမ်းဖို့ ကို မြန်မာနိုင်ငံဘဏ်များ အသင်းက အကြောင်းကြား စာထုတ်ပြန်ထားပါတယ်။

    System ပြန်လည် အသုံးပြုနိုင်ပြီး အင်တာနက် ကွက်ရက် ပြန်လည် ကောင်းမွန်တဲ့ အချိန်မှာ ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်နိုင်ဖို့ ထပ်မံ ကြို တင် အကြောင်းကြားမယ်လို့ ဘီဘီစီက လက်ခံရရှိတဲ့ စာမှာ ပါရှိပါတယ်။

  13. အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲမယ်လို့ပြော

    နိုင်ငံတော်ကို အရေးပေါ်ကာလကြေညာထားပြီးနောက် အရေးပေါ်ကာလ လုပ်ဆောင်ချက်တွေနဲ့အညီ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရတဲ့ ပါတီကို အာဏာပြန်လွှဲမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မြဝတီရုပ်သံက ထုတ်ပြန်ကြေညာပါတယ်။

  14. ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးအများစု အဆက်အသွယ် ပြတ်နေ

  15. အာဏာ သိမ်းယူမှုကို ကုလသမဂ္ဂ ပြစ်တင် ဝေဖန်

    မြန်မာနိုင်ငံက လွှတ်တော်သစ် ခေါ်ယူမယ့်နေ့မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက်ရတဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။

    နောက်ပြီး ဥပဒေပြုရေး နဲ့ တရားစီရင်ရေး အာဏာတွေကို စစ်တပ်ကို လွှဲပြောင်းပေးလိုက်တဲ့ အတွက် အထူးစိုးရိမ်မိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေ အားလုံးဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကြီးမားသော် ထိုးနှက်ချက် တစ်ခု ဖြစ်ပြီး မြန်မာ ပြည်သူ တွေရဲ့ ဆန္ဒကို စစ်တပ်က လေးစားလိုက်နာဖို့ တိုက်တွန်း သွာခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကို လိုက်နာဖို့ နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လေစားဖို့ကိုလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ စစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။

  16. လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်

    ရန်ကုန်လေဆိပ်ကို ပိတ်ထားတဲ့ အပြင်၊ မြို့နယ် အချို့မှာ လမ်းတွေကို ပိတ်ထားပြီး လုံခြုံရေးချထားမှုတွေ ရှိတယ်လို့မြို့ခံတွေက ပြောပါတယ်။

    သန်လျင်တံတားနဲ့ ရန်ကုန်မြို့အပြင်ဘက်က အဓိက လမ်းတွေကိုလည်း ပိတ်ထားမှုတွေ ရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသား ပြောဆိုနေပါတယ်။

    ဒါ့အပြင် အင်တာနက် မရတော့လို့ ဘဏ်ငွေထုတ်စက်တွေမှာ ငွေထုတ်ယူလို့ မရတဲ့ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

    အာဏာသိမ်းယူမှု သတင်းကြောင့် လူတွေအကြားမှာ စိုးရိမ်မှုတွေ ရှိနေပြီး၊ ငွေထုတ်ဖို့အတွက် အေတီအမ် စက်တွေမှာ တန်းစီနေတဲ့ လူတွေ များပြားနေတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

  17. ရန်ကုန်မှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးဆက်ထိုး

    ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဆက်လုပ်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေပြီးရင်တော့ တခြားညွှန်ကြားချက်တွေ စောင့်ပြီးမှ ဆက်လုပ်ရမယ်လို့ တိုင်းကျန်းမာရေးဌာနထံက သိရပါတယ်။

    မူလက အခုသီတင်းပတ်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေပြီးရင် သတ်မှတ် အပြင်လူတွေကို ထိုးနှံပေးဖို့ စီစဥ်ထားပေမဲ့ အဲဒီအစီအစဥ်ကို ဖျက်သိမ်းပြီး ညွှန်ကြားချက်ကို စောင့်မယ်လို့ ဆိုပါတယ်။

  18. မြန်မာ့နိုင်ငံရေး အတွက် စိုးရိမ်ကြောင်း အမေရိကန် ကြေညာချက် ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားအရပ်ဘက်အရာရှိများကိုဖမ်းဆီးခြင်း နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပျက်ပြားစေရန်တပ်မတော်က ပြုလုပ်နေကြောင်း သတင်းတွေ ရရှိတဲ့အတွက် အထူးစိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်ကို အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလေဗန်မှာ မြန်မာ နိုင်ငံ အခြေအနေကို တင်ပြခဲ့ကြောင်းကိုလည်း အိမ်ဖြူတော်က ထုတ်ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအင်စတီကျူးရှင်းများအပေါ်ခိုင်မာသောထောက်ခံမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ စစ်တပ်နှင့်အခြားနိုင်ငံရေး ပါတီတွေက ဒီမိုကရေစီစံနှုန်းများနှင့်တရားဥပဒေစိုးမိုးမှုကိုလိုက်နာဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

    ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထိန်းသိမ်း ထားတဲ့ သူများကို ပြန်လွှတ်ပေးဖို့ ကိုလည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်း သွားခဲ့ပါတယ်။

    မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေတဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း နဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ မြန်မာ ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ဖော်ပြထားပါတယ်။

  19. နိုင်ငံတော် ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာ၊ တပ်မတော် ဗိုလ်ချုပ်ဟောင်း လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတ အဖြစ် တာဝန်ယူ

  20. သတင်းထူး, တပ်မတော်မှ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာ

    နိုင်ငံတော်အာဏာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး အမိန့်ကြေညာချက် တစ်စောင်ကို မြဝတီ သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။

    ရွေးကောက်ပွဲအတွင်း မဲစာရင်း မှားယွင်းမှုတွေကြောင့် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားခဲ့တဲ့ အတွက် နိုင်ငံ့တာဝန်များကို ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဒါ့အပြင် နိုင်ငံတော် တစ်ဝန်း အရေးပေါ် အခြေအနေ တစ်နှစ်ကြေညာ ခဲ့ပြီး ယာယီ သမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြောင်း သတင်းထုတ်ပြန်ပါတယ်။