ရန်ကုန်လေဆိပ်အဝင်အထွက်ပိတ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်အထွက်လမ်းတွေကို ဒီကနေ့မနက်ပိုင်းမှာ စတင် ပိတ်ထားပါတယ်။ ပြည်တွင်းပြည်ပ လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင်အထွက်လမ်းတွေကို ဒီကနေ့မနက်ပိုင်းမှာ စတင် ပိတ်ထားပါတယ်။ ပြည်တွင်းပြည်ပ လေယာဥ်ခရီးစဥ်တွေ ဖျက်သိမ်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ထိန်းသိမ်းသွားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက တခြား အဖွဲ့ဝင်တွေကို အကြောင်းကြားထားချက်အရ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထဲမှာထိန်းသိမ်းခံရသူ မရှိသေးဘူးလို့ သိရပါတယ်။
တပ်က ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲမှာ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေအပြင် နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်သူတွေ၊ ကျောင်းသား အဖွဲ့အစည်းက သူတွေလည်း ပါဝင်ပါတယ်။
လက်ရှိအချိန်အထိ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာဦးအောင်ရှင်လည်း ဖမ်းဆီးခံလိုက်ရပြီ ဖြစ်ကြောင်း ဇနီးသည်က အတည်ပြုပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး တို့လည်း ဖမ်းဆီး ခံထားရကြောင်း နီးစပ်သူတွေကပြောကြပါတယ်။ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မင်းသွေးသစ်လည်း ဖမ်းဆီးခံထားရကြောင်း နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသား ထားပါတယ်။
ရန်ကုန်မြို့ထဲ ရပ်ကွက်တွေမှာတော့ တပ်မတော်သား လုံခြုံရေးတွေ ချထားတာ လမ်းတွေ ပိတ်ထားတာမျိုးတွေ မနက် ၇ နာရီ ဝန်းကျင် အထိ မတွေ့ရသေးပါဘူး။ အရေးကြီး နေရာတချို့မှာပဲ တပ်လုံခြုံရေး ချထားတာ တွေ့ရပါတယ်။
ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ အားလုံးနီးပါး ကို စစ်တပ်က ဖမ်းဆီးထားပြီး၊ နေပြည်တော်ကိုလည်း ပိတ်ဆို့ထားကြောင်း ကာယကံရှင်နဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အင်တာနက်လိုင်း နှေးကွေးမှုတွေကြုံတွေ့ခဲ့ရပြီး ဆက်သွယ်မှုပြတ်တောက် သွားခဲ့ပါတယ်။ သက်ဆိုင်ရာ ကို ဆက်သွယ်မေးမြန်းပေမယ့် တယ်လီဖုန်းခေါ်ယူလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။
ထိန်းသိမ်းခြင်း မခံရတဲ့ အစိုးရ ဝန်ကြီးတွေ ရှိနေပါတယ်။ နောက်ပြီး ဖမ်းဆီးမှု မခံရသေးတဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ ဖမ်းဆီး ခံရမှုနဲ့ ပတ်သက်လို့ ဝေခွဲမရသေးဘူးလို့ ပြောကြပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကို တပ်မတော်က ဒီနေ့ မနက် ၅ နာရီခွဲ ဝန်းကျင်မှာ လာရောက်သွားဆောင်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ဘီဘီစီကို အတည်ပြုပါတယ်။
NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တပ်ဘက်က ဖမ်းဆီး ထိန်းသိမ်းထားပေမယ့် အခုချိန်အထိ ဘာကြောင့်လဲဆိုတာကို ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးပါဘူး။
အာဏာ သိမ်းယူတာလား၊ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကြောင့် လွှတ်တော်ကိုယ် စားလှယ်တွေကို ထိန်းသိမ်းတာလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
အာဏာသိမ်းမှုလို့ မကြေညာဘဲ ရွေးကောက်ပွဲအနိုင် ရရှိခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ စွန့်လွှတ်ကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာမျိုး ဖြစ်နိုင်တယ် ဆိုပြီးတော့လည်း နိုင်ငံရေး လေ့လာသူတွေက ခန့်မှန်းပြောဆိုနေပါတယ်။
လောလောဆယ် အချိန်အထိ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားက ကြေညာချက် ထုတ်ပြန်ခြင်း မရှိသလို၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းကြောင်း MRTV ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားထားပါတယ်။
ရန်ကုန်ကဘီဘီစီ နဲ့ စီအန်အန်TV လိုင်းတွေ မရတော့ကြောင်းနဲ့တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားလိုင်းကတော့ ပုံမှန်ထုတ်လွှင့်နေပြီး ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ရန်လိုမုန်းထားစိတ်အကြောင်း ဟောထားတဲ့တရား ထုတ်လွှင့်နေတယ်လို့ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး ဝင်ပေါက် အလုံ လမ်း ဂိတ် (၄) နဲ့ လွှတ်တော် ရှိရာ တဝိုက် မှာ တပ်မတော် သား လုံခြုံရေး တွေ အပြည့်ချ ထားတာတွေကို တွေ့ရတယ်လို့ မျက်မြင်သက်သေ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။
နေပြည်တော်မှာ ဆက်သွယ်ရေး ပြတ်တောက်နေပြီး ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာတော့ ဆက်သွယ်ခေါ်ယူရ ခက်ခဲမှုတွေရှိနေပါတယ်။
ဒါဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို ဖြတ်တောက်ထားမှု ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုထားနိုင်ခြင်းတော့ မရှိပါဘူး။
ပြည်တွင်းနေသူများ က Facebook လူမှုကွန်ရက်မှာ သတင်းအချက်အလက်တွေ ရေးသား ပြောဆို နေကြပေမယ့် သူတို့ကို ဆက်သွယ်ခေါ်ယူလို့ မရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အသံလွှင့်ဌာနကို တပ်မတော်က လာရောက် ဝိုင်းထားကြောင်း MRTV တာဝန်ရှိသူတွေက လူမှုကွန်ရက်မှာရေးသားကြပါတယ်။
စစ်ကားတွေနဲ့ လာရောက်ဝိုင်းရံထားတာဖြစ်ပြီး ဘယ်တပ်ဖွဲ့ကလည်း ဆိုတာကိုတော့ မသိရသေးဘူး လို့ ဖော်ပြပါတယ်။
MRTV ဝန်ထမ်း တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားရာမှာတော့ စစ်ကားအများအပြားနဲ့ လာရောက်တာလို့ ဆိုပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဘီဘီစီက ဆက်လက်ကြိုးပမ်းနေပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်တွေက တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့် ဘီဘီစီကို အတည်ပြုပါတယ်။
ဒေါက်တာ တင်မျိုးဝင်း၊ ဦးဟန်သာမြင့် နဲ့ တခြား ခေါင်းဆောင်တွေလည်း ဖမ်းဆီးခံလိုက်ရပြီ ဖြစ်ကြောင်း NLD ပါတီဝင်တွေက လူမှုကွန်ရက်မှာရေးသားကြပါတယ်။
NLD ပါတီဘက်က ဒါဟာ အာဏာသိမ်းမှုလို့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်တွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။ နေပြည်တော်နဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် တယ်လီဖုန်းဆက်သွယ်ခေါ်ယူလို့ မရနိုင်သေးဘူး ဖြစ်နေပါတယ်။