ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်ခ်ပိတ်

    မြန်မာနိုင်ငံတွင်းက ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ စစ်အာဏာသိမ်းပြီးနောက် ကြာသပတေးနေ့မှာ ဖေ့စ်ဘွတ်ခ် သုံးလို့မရတော့ဘူးလို့ ရိုက်တာ သတင်းအရ သိရပါတယ်။

    မိုဘိုင်းဖုန်းဒေတာကနေ အင်တာနက် အသုံးပြုသူတချို့ ဖေ့စ်ဘွတ်ခ်သုံးလို့ မရဘဲ ဖြစ်နေပြီး ဝိုင်ဖိုင်တပ်ဆင်ထားသူတချို့ကတော့ ကြာသပတေး မနက်အစောပိုင်း ၃ နာရီခွဲအချိန်အထိအသုံးပြုလို့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတချို့ဆီက သိရပါတယ်။

    မမှန်သတင်းတွေနဲ့ လှုံ့ဆော်မှုတွေကို ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ပြုလုပ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ကို ပြည်တွင်းမှာ ဖေဖော်ဝါရီလ ၇ ရက် အထိ ပိတ်ထားဖို့ မိုဘိုင်းလ် ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

    ဖေ့စ်ဘွတ်ကို ပိတ်ပင်လိုက်ဖို့ အစိုးရရဲ့ ညွှန်ကြားချက်ကို တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေလိုပဲ တယ်လီနော အော်ပရေတာအနေနဲ့လည်း ရရှိထားတယ်လို့ ဆိုပါတယ်။

    တယ်လီနောက အဲဒီညွှန်ကြားချက်အရ ဖေ့စ်ဘွတ်ခ်ကို ပိတ်ထားတယ်လို့ ဆိုပါတယ်။

    ဖေ့စ်ဘွတ်ခ် ပြောခွင့်ရသူ အန်ဒီစတုံးက အဲဒီ လို ပိတ်ထားတာကို သိရှိရကြောင်း ပြောပါတယ်။

  2. သံပုံးတီးဆန့်ကျင်မှု ဒုတိယည

    တပ်မတော်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ဒုတိယမြောက်နေ့ ည ၈ နာရီမှာ ရန်ကုန်မြို့ခံတွေက သံပုံးတီးခြင်း၊ ကမ္ဘာမကြေဘူးသီချင်း သီဆိုခြင်းတို့နဲ့ နေအိမ်တွေနဲ့လမ်းတွေကနေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

  3. စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ထိခိုက်နိုင်သလား

  4. နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မှာ တိုင်းရင်းသားတွေနဲ့ ဖြည့်စွက်

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ အရပ်သားအဖွဲ့ဝင် နောက်ထပ် ငါးဦးကို ဖြည့်စွက် ဖွဲ့စည်းလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖြည့်စွက်လိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေထဲမှာ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နဲ့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် လွှတ်တော်သက်တမ်း ၂ ကြိမ်စလုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းလုံးဆိုင်တို့ တိုင်းရင်းသားတွေကို ထပ်မံ ထည့်သွင်းထားပါတယ်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တွေနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ဝင်တဦးက ဘီဘီစီကို အတည်ပြု ပြောဆိုထားပါတယ်။

    ဒီအဖွဲ့ဟာ ဥပဒေပြုရေး ကဏ္ဍမှာ အဓိက ကြိုးကိုင် ဆောင်ရွက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေပါတယ်။

  5. ငွေစက္ကူတွေ ပြန်သိမ်းမယ် ဆိုတာ ကောလာဟလတွေ လို့ စစ်အစိုးရ ကြေညာ

    ကျပ် ၅၀၀၀ တန်နဲ့ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူတွေကို တရားမဝင် သတ်မှတ်ပြီး ပြန်သိမ်းမယ် ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိတဲ့ ကောလာဟလ သတင်းတွေ ဖြစ်တယ်လို့ အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ပါတယ်။

    ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ (င) မှာနိုင်ငံတော်သည်တရားဝင်ထုတ်ဝေထားသောငွေကြေးကိုတရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုဟု ပြဋ္ဌာန်းထားတဲ့အတွက် ဒီငွေစက္ကူတွေကို စိတ်ချယုံကြည်စွာ ဆက်လက် သုံးစွဲနိုင်ကြောင်း အသိပေး ကြေညာပါတယ်လို့ ဆိုပါတယ်။

  6. အစိုးရသစ်က ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အမည်စာရင်း ထုတ်ပြန်

    အာဏာသိမ်း အစိုးရသစ်ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပြည်ထောင်စု ဝန်ကြီးသစ်တွေ ၄ ဦးကို ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

    စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်ထွဋ်ဦး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ ပွင့်ဆန်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်တို့ကို တာဝန်ပေးလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

    USDP အစိုးရ လက်ထက်က ဝန်ကြီး‌ဟောင်း အချို့ကို အာဏာသိမ်း အစိုးရသစ် ဝန်ကြီး ပြန်ခန့်တာတွေ့ရပြီး နိုင်ငံခြား‌ရေးဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်ကို မနေ့က ပြန်ခန့်အပ်ခဲ့သလို အရင် စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာ ပွင့်ဆန်းကို အခု စီးပွားကူးသန်း ဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

  7. အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ USDP အပါအဝင် ပါတီ ၂၃ ပါတီ ကြေညာ

    တပ်မတော်က အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာသိမ်းခဲ့တာဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်မှုတွေ ဖြစ်တယ်လို့ ရှင်းလင်းစွာ ရှုမြင်ကြောင်း USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၃ ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းပြဿနာတွေကို အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိတာ၊ ကာလုံ အစည်းအဝေး ခေါ်ယူပြီး ဖြေရှင်းပေးဖို့ နှစ်ကြိမ်တင်ပြခဲ့ပေမဲ့ ငြင်းပယ်ခဲ့တာ၊ လွှတ်တော် အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးဘဲ အစီအစဉ်ချမှတ် ကျင်းပဖို့ လုပ်တာတွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ တွေ့ရှိတဲ့အတွက် တပ်မတော်က အခုလို ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အဲဒီအတွက်ကြောင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ပါ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာ သူတို့အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

  8. သမ္မတ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အမှုဖွင့်ရမန်ယူ

    သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်ပြီး ၁၄ ရက် ချုပ်ရမန် ယနေ့ (ဖေဖော်ဝါရီ ၃)ရက်မှာ ရယူကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့ ရုံးအဖွဲ့မှူး ဦးကြည်တိုးက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား အတည်ပြုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ တရားစွဲဆိုထားပြီး ဦးဝင်းမြင့်ကို သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုကာ ချုပ်ရက် ရမန် ယူခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံနဲ့ ပါတီဝင်တချို့ကလည်း အတည်ပြု ပြောဆိုထားပါတယ်။

    လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ စက်တင်ဘာလ ၉ ရက်နေ့က NLD ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတစ်ခုကို ဦးဝင်းမြင့်က ကြိုဆို နှုတ်ဆက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တဲ့ အတွက်ကြောင့် ဆိုပြီး ရဲမှူး မြင့်နိုင်က တရားလိုလုပ်ကာ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူပေးဖို့ တိုင်ကြားထားတာ ဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူ့ရဲ့နေအိမ်က အနီးကပ်လုံခြုံရေး အရာရှိတွေဆီမှာ ဆက်သွယ်ရေးပစ္စည်း၊ စကားပြောစက်တွေ တွေ့ရှိခဲ့တာကြောင့် ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ရဲမှူး ကြည်လင်းက တရားလို လုပ်ကာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ အတိအကျ မသိရသေးပေမယ့် နေပြည်တော်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ အကျယ်ချုပ်အဖြစ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

  9. မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် သတ်မှတ်

    “သမ္မတကြီးဘိုင်ဒင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်ပြောခဲ့သလိုပါပဲ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေကို မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေရပါတယ်။ အချက်အလက် အကြောင်းအရာတွေကို ပြန်ပြီး အသေအချာ သုံးသပ်ကြည့်တဲ့နောက် ဖေဖော်ဝါရီလ ၁ ရက်က မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ အမှန်တကယ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရအကြီးကဲကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းမှု တစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်” ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကို တန်ဖိုးထား လေးစားဖို့နဲ့ ဥပဒေစိုးမိုးရေး အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်း နောက်ကြောင်းပြန်လှည့်စေမှု အတွက် တာဝန်ရှိသူတွေကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ အမေရိကန်အစိုးရအနေနဲ့ ဒေသတွင်းရော ကမ္ဘာတစ်လွှားက မိတ်ဖက်နိုင်ငံတွေနဲ့ပါ ဆက်လက်ပြီး အနီးကပ် လက်တွဲဆောင်ရွက်သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

  10. NLD အမတ်တွေက သူတို့ရဲ့ ရာထူးတာဝန်ကို ဘယ်သူမှ ရုပ်သိမ်းခွင့် မရှိဘူးလို့ ထုတ်ပြန်

    ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖျက်သိမ်းခဲ့တာကို ဆန့်ကျင်ကြောင်းနဲ့ ဦးဝင်းမြင့်ကိုသာ တရားဝင် နိုင်ငံတော်သမ္မတ အဖြစ် အခိုင်အမာ လက်ခံထားကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ရှိနေကြတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    သူတို့ဟာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေ၊ နည်းဥပဒေပါ အချက်တွေနဲ့ ငြိစွန်းခြင်း မရှိတဲ့ အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် အခိုင်အမာ တည်ရှိနေဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်နေသရွေ့ ကာပတ်လုံး သူတို့ရဲ့ ရာထူးတာဝန်သက်တမ်းကို မည်သူကမျှ ငြင်းပယ် ရုပ်သိမ်းခွင့် မရှိဘူးလို့ NLD ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့ကို နေပြည်တော် စည်ပင်ရိပ်သာကနေ ၂၄ နာရီအတွင်း အပြီး ရွှေ့ပြောင်းခိုင်းထားတယ်လို့လည်း သိရပါတယ်။

  11. ဖဒိုမန်းငြိမ်းမောင်နဲ့ မပတ်သက်ကြောင်း KNU ထုတ်ပြန်

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်နေတဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ မပတ်သက်ကြောင်း KNU ထုတ်ပြန်ပါတယ်။

    KNU ကရင်အမျိုးသား အစည်းအရုံးဟာ တပ်မတော်ရဲ့ နိုင်ငံတော် အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ အာဏာသိမ်းအစိုးရက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ အမည်ပါဝင်နေတဲ့ ဖဒို မန်းငြိမ်းမောင်နဲ့ KNU လုံးဝ မပတ်သက်ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဖဒို မန်းငြိမ်းမောင်ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် KNU ဗဟို အမြဲတန်း ကော်မတီ အရေးပေါ် အစည်းအဝေးမှာ မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့တဲ့အတွက် ကော်မတီက နုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်းနဲ့ KNU ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒါဟာ KNU အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင့် ပြုခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

  12. မြန်မာပြည်သူတွေကို အခိုင်အမာ ထောက်ခံတယ်လို့ ယူကေပြော

    မြန်မာပြည်သူလူထုအပေါ် ယူကေအစိုးရက အခိုင်အမာ ထောက်ခံအားပေးကြောင်း အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ ၀န်ကြီး နိုင်ဂျယ် အဒမ်စ် က ယူကေလွှတ်တော်မှာ မနေ့က တင်သွင်းဖတ်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ထုတ်ပြန်ပါတယ်။

    “မြန်မာနိုင်ငံမှာ တပ်မတော်မှ အာဏာသိမ်းတာ၊ အရေးပေါ်အခြေအနေ ကြေညာတာ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို မြန်မာတပ်မတော်က တရားမ၀င် ဖမ်းဆီးတာတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားမ၀င် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်မှာ အလွန်အရေးကြီးပါတယ်” လို့ မစ္စတာ နိုင်ဂျယ် အဒမ်စ်က တင်ပြခဲ့ပါတယ်။

    ယူကေနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးကိုလည်း ယူကေ နိုင်ငံခြားရေးရုံးကို တရားဝင် ဆင့်ခေါ်ခဲ့ပြီး တပ်မတော်ရဲ့ စစ်အာဏာသိမ်းမှု၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားတွေကို မတရား ဖမ်းဆီး ထိန်းသိမ်းခဲ့မှုတွေကို ရှုတ်ချ ပြောဆိုခဲ့ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒအတိုင်း လေးစား လိုက်နာဖို့နဲ့ ရွေးကောက်ခံ လွှတ်တော်ကို ငြိမ်းချမ်းစွာ ပြန်လည် ကျင်းပပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

  13. ကာချုပ်နဲ့ နိုင်ငံတော်စီမံကောင်စီဝင်တွေ နေပြည်တော်မှာ တွေ့ဖို့ရှိ

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မနေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ရှိတယ်လို့ အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    စစ်ဘက်ခေါင်းဆောင်တွေစိုးမိုးထားတဲ့ ဒီကောင်စီမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဥက္ကဌ တာဝန်ယူပြီး ကောင်စီဝင် ၁၁ ဦးမှာ အရပ်သားက ၃ ဦးပဲပါဝင်တာပါ။

    စစ်ဘက်က တပ်ချုပ်၊ဒုတပ်ချုပ်၊ဗိုလ်ချုပ်ကြီး ၃ ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး ပါဝင်လာပါတယ်။ အရပ်သား ၃ ဦးကတော့ KNU ဗဟိုကော်မတီဝင်ဟောင်း ဖဒိုမန်းငြိမ်းမောင်၊ ၁၉၉၀ အန်အယ်ဒီအမတ်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ပဲဖြစ်ပါတယ်။

  14. သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရုံးထုတ်တယ်ဆိုတဲ့ သတင်း NLD ဘက်က အတည်မပြုသေး

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ပါတီဘက် အတည်မပြုသေးသလို ဒီသတင်းကို မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်သူတစ်ချို့က ဘီဘီစီကိုပြောပါတယ်။

    လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အဲဒီသတင်းနဲ့ပတ်သက်လို့ နီးစပ်သူတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ဟာနေပြည်တော်မှာပဲရှိနေသလို ကျန်းမာရေးဟာစိတ်ချရတဲ့အနေအထားမှာရှိပြီး ကောင်းမွန်တယ်လို့ပြောပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်ကလူတွေက သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်သွယ်တာတွေလုပ်လို့ မရပေမယ့်အရင်ခြံအမှတ်(၅၄)အိမ်က အနီးကပ်စောင့်ရှောက်သူအချို့ကိုတော့ ဝင်ထွက်ခွင့်ပေးထားတယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲနဲ့ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ဒီ အထဲမှာ လည်းရုံးထုတ်သတင်းနဲ့ ပတ်သက်လို့ဖော်ပြခြင်းမရှိပါဘူး။

  15. မြန်မာစစ်အာဏာသိမ်းမှုကို G 7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုံ့ချ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပေါ် G7 အဖွဲ့ဝင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂရဲ့အဆင့်မြင့်ကိုယ်စားလှယ်တို့က ပြစ်တင်ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ မီဒီယာတွေကို ပစ်မှတ်ထားမှုတို့အပေါ်လည်း အလွန်အမင်းစိုးရိမ်ကြောင်း ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့ပြင် စစ်တပ်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကိုချက်ချင်းရပ်တန့်ရန်၊ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးရန်၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်၊ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကိုလေးစားပြီး လွှတ်တော်ကို အမြန်ဆုံးခေါ်ယူကျင်းပဖို့ လည်း တိုက်တွန်းထားပါတယ်။

  16. ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေ ကိစ္စ ကောလာဟလသာဖြစ်

    ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေ ရုတ်သိမ်းမယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး ဘဏ်တွေပိတ်သိမ်းမယ်ဆိုတာလည်း သတင်းမှားတွေသာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ န့ခင်းမှာထုတ်ပြန်လိုက်ပါတယ်။

  17. မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို လူဝတ်လဲရုံးထုတ်

    မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်တရားရုံးမှာ လူဝတ်လဲ ရုံးထုတ်ခဲ့ပါတယ်။

    ဆရာတော်ကို တပ်မတော်အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး တပ်မတော်က တရားလိုပြုလုပ်ကာ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ တို့ဖြင့်တရားစွဲဆိုထားပါတယ်။

  18. ဒေါက်တာမြင့်ထွေး ရန်ကုန်ရောက်ပြီ

    ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာမြင့်ထွေးဟာ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့်က လူမှုကွန်ရက်မှာ တင်ထားပါတယ်။

  19. ဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်းကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခန့်

    တပ်မတော်အာဏာသိမ်းလိုက်ပြီး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ညနေပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့အမည်နဲ့ တာဝန်ပေးအပ်ခြင်းခံရသူတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တိုင်းဒေသကြီ (သို့) ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှ ာတာဝန်ပေးအပ်ခြင်းခံရသူတွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။ ဒေါက်တာအောင်ကျော်မင်းဟာ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းဟာ တောင်ကုတ်ဒေသခံဖြစ်ပါတယ်။

  20. ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုစတင်

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ မန္တလေးမြို့ အရိုးဆေးရုံကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုမြင်ကွင်းတွေဖြစ်ပါတယ်။