ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ်တို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ

    စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ် စတဲ့ မြို့တွေမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေ စတင်လာခဲ့ပါတယ်။

    လူငယ်တွေ အများစု ပါ၀င်တဲ့ ဆန္ဒပြမှုတွေမှာ လူထောင်ချီ ပါ၀င်ခဲ့ပြီး မြို့‌တွေမှာ လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    နေပြည်တော်မှာတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တစ်စုံတစ်ရာ တားဆီးတာတွေ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

  2. မုံရွာမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ

    စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ မုံရွာမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေ စတင်ခဲ့ပါတယ်။

    လူငယ်တွေ အများစု ပါ၀င်တဲ့ ဆန္ဒပြမှုမှာ လူထောင်ချီ ပါ၀င်ခဲ့ပြီး မြို့အတွင်း လှည့်လည်ခဲ့ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေပေမဲ့ တစ်စုံတစ်ရာ တားဆီးတာတွေ မလုပ်ခဲ့ဘူးလို့လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။

  3. မန္တလေးမှာ ဒုတိယနေ့ အဖြစ် လူထောင်ပေါင်းများစွာ ဆန္ဒပြ

    မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီကနေ လူငယ်တွေစုစည်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

    ၃၈လမ်း ၇၃ လမ်းကနေ စတင်ကာ လမ်း ၃၀ဆေးရုံကြီးရှေ့၊ ဘူတာကြီး ၇၈ လမ်းမကြီး‌ကနေ ၈၆ ကျောက်မျက်ရောင်းဝယ်ရေးစခန်းကနေ ၈၄ လမ်း မန်းမြို့ဈေးတစ်လျှောက် လှည့်လည်ခဲ့ပါတယ်။

    မော်တော်ဆိုင်ကယ်တွေ၊ လမ်းလျှောက်လာသူတွေက အာဏာရှင် အလိုမရှိ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဟစ်ကြွေးကာ ကြွေးကြော်ဆန္ဒပြခဲ့တာပါ။

    လူပေါင်း သောင်းချီ ပါဝင်ခဲ့တယ်လို့‌ ဒေသခံ သတင်းထောက်က ပြောပါတယ်။ လမ်းတစ်လျှောက်မှာ ဆန္ဒပြသူတွေကို မြို့ခံတွေက ဝန်းရံ အားပေးခဲ့ပါတယ်။

  4. ရန်ကုန်မြို့လယ်ကို ချီတက်လာတဲ့ ဆန္ဒပြပြည်သူတွေ

  5. ၁၉၉ဝ က လွှတ်တော်မတက်လိုက်ရတဲ့အမတ်များ

  6. လှည်းတန်းစင်တာအနီး ဒုတိယနေ့ ဆန္ဒပြမှု

  7. ရန်ကုန်မှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်

    ရန်ကုန်မြို့မှာ လူထောင်ပေါင်းများစွာပါဝင်တဲ့ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး အခု မနက်ပိုင်းမှာ ရန်ကုန်မြို့လယ်ကို ဆန္ဒပြသူတွေ ချီတက်သွားခဲ့ပါတယ်။

    ဒါ့အပြင် ဒီကနေ့ ရန်ကုန်မြို့မှာ လှည်းတန်း၊ ရန်ကင်းနဲ့ တာမွေတို့မှာ ဆန္ဒပြစစ်ကြောင်းတွေ ထွက်ဖို့ရှိတယ်လို့လည်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအိသဉ္စာမောင်က ပြောပါတယ်။

    မနေ့ညက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်လာလို့ လူအင်အားလျော့တယ်ဆိုပေမဲ့ စစ်ကြောင်းသုံးကြောင်းထွက်ဖို့ ရှိတယ်လို့ သူကဆိုပါတယ်။

    အဲဒီဆန္ဒပြပွဲမှာ အလုပ်သမားနဲ့ကျောင်းသားသမဂ္ဂတွေ အပါအဝင် အဖွဲ့ငါးဖွဲ့ ပါဝင်မယ်လို့ သိရပါတယ်။

  8. လော့စ်အိန်ဂျယ်လိစ် မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ဆန့်ကျင် ရှုတ်ချ ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဖေဖော်ဝါရီလ ၆ ရက် ဒေသအချိန် နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

  9. ဂျပန်မှာ မြန်မာသံရုံးရှေ့ ဆန္ဒပြ

    ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ဆန့်ကျင်ဆန္ဒပြပွဲ ဖေဖော်ဝါရီ ၇ ရက် ဒေသအချိန် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

  10. ရုရှားထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ မှတ်ပုံတင်

  11. နယ်သာလန်နိုင်ငံ အိုင်စီဂျေတရားရုံးရှေ့မှာ ဆန္ဒပြ

    နယ်သာလန်နိုင်ငံ‌ သည်ဟိဂ်မြို့ ICJ တရားရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင် ဆန့်ကျင်ရှုတ်ချပွဲနှင့် ပြည်သူ့အစိုးရထောက်ခံပွဲဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့ပါတယ်။

  12. သံပုံးတီး ဆန္ဒပြပွဲတွေ ဆက်လုပ်

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်တဲ့ သံပုံးတီး ဆန္ဒပြမှုကို ၅ ရက်မြောက်နေ့အဖြစ် ဖေဖော်ဝါရီ ၆ ရက် စနေညက ရန်ကုန်မှာ ဆက်လက် လုပ်ဆောင်

  13. ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေ

    ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းကြောင့် ပြည်သူလူထုအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး လမ်းမပေါ်ထွက် အောင်ပွဲခံတာတွေ ရှိခဲ့ပါတယ်။

    ဒါပေမဲ့လည်း တကယ်တန်းမှာ ဘယ်သတင်းဌာနကမှ ကြေညာသွားခဲ့တာ မရှိသလို ဒီသတင်းကို NLD ပါတီကလည်း ထုတ်ဖော် အတည်ပြုတာမျိုး မရှိပါဘူး။

    မြန်မာမီဒီယာစင်တာက တာဝန်ရှိသူ ဒေါ်လှလှဝင်းကတော့“ဒီလို သတင်းရင်းမြစ်တွေ လေ့လာလိုက်တဲ့အခါ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်တွေထဲ ပတ်ပြီး အော်တယ် ဆိုတာမျိုး သိရပါတယ်။ ကျွန်မတို့ အမြင်တော့ ဒါဟာ မနက်ဖန်မှာ ထွက်လာမယ့် လူအုပ်ကို တားဖို့ Cyber War လုပ်နေတာလို့ မြင်ပါတယ်”လို့ ဘီဘီစီကို ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုတဲ့ သတင်းကြားခဲ့ရလို့ လူတွေလမ်းပေါ်ထွက် အောင်ပွဲခံခဲ့တာကိုလည်း တွေ့ရပါတယ်။

    တချို့လူတွေကတော့ တပ်မတော်ပိုင် မြဝတီ သတင်းဌာနက သတင်းထုတ်လွှင့်သွားတာလို့ ပြောဆိုကြသလို၊ တချို့ကလည်း ကားတွေနဲ့ နေရာအသီးအသီးမှာလာရောက် အော်ဟစ် ပြောဆို သွားတာလို့ ဆိုကြပါတယ်။

    ဒီသတင်းတွေ မမှန်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဖြစ်သူ ဦးခင်မောင်ဇော်ကလည်း ရိုက်တာ သတင်းဌာနကို အတည်ပြုပါတယ်။

    NLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထားဆဲ ဖြစ်ပြီး ဘယ်သူမှ လွတ်မြောက်မှု မရှိသေးဘူးလို့ သူက အတည်ပြုပါတယ်။

  14. ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစား လိုက်နာဖို့ ရဲနဲ့ စစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ ကုလအဖွဲ့ တောင်းဆို

    စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ ဆန္ဒပြမှုတွေကို အရေးယူမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဒီကနေ့ စနေနေ့မှာ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းလိုက်ပါတယ်။

    ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်း အချက်အလက်တွေ ရနိုင်ခွင့်ရှိဖို့ အင်တာနက်နဲ့ ဆက်သွယ်ရေးကွန်ရက်တွေ အမြန်ဆုံးဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

    အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း နိုင်ငံရေး ခေါင်းဆောင် အများအပြား အထိန်းသိမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲ ဘက်ချလက် က ထုတ်ဖော် ပြောခဲ့ပြီး စစ်ခေါင်းဆောင်ပိုင်းအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ မလိုအပ်ဘဲ အင်အားသုံး အရေးယူ ဖြေရှင်းတာကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။

  15. ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံထားရသူတွေ ပြန်လွတ်ရေး ဂျပန်ရောက်မြန်မာတွေ ငြိမ်းချမ်းစွာ ဆုတောင်းပွဲ ကျင်းပ

    အာဏာသိမ်း စစ်အစိုးရကို အသိအမှတ်မပြုကြောင်း ပြဖို့နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒီကနေ့ စနေနေ့ ညမှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ငြိမ်းချမ်းစွာ တောင်းဆို ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။

  16. ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးပေး

    နေပြည်တော်မှာ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မနက်က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ဆေးဘက်တာဝန်ရှိသူတွေ သွားရောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာနဲ့ သူ့အနေအထား အခြေအနေတွေကိုတော့ အတိအကျမသိရပါဘူး။

  17. မြန်မာစစ်တပ် အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချဖို့ တရုတ်ကို အမေရိကန်ပြော

    မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချဖို့ တရုတ်အစိုးရကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီကနေ့ စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန် အစိုးရ တက်လာအပြီး နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် သံတမန် အချင်းချင်း ဆက်သွယ်ပြောဆိုမှုအဖြစ် တရုတ် ထိပ်တန်း သံတမန် ယန်ချီချာ နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ ဖုန်းနဲ့ စကားပြောစဉ် မြန်မာနိုင်ငံအရေးကိစ္စကို အထူးကိစ္စရပ်အနေနဲ့ မစ္စတာ ဘလင်ကန်က အလေးထား တိုက်တွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

    မစ္စတာ ယန်ကတော့ မြန်မာ့အရေးကိစ္စ အသေအချာ ဖြေရှင်းနိုင်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြည်ပရေးရာ အခြေအနေကောင်း တစ်ခု ဖန်တီးပေးဖို့ လိုတယ်လို့ တုံ့ပြန် ပြောခဲ့ပါတယ်။

    တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ မိုင်းလုပ်ငန်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေနဲ့ တခြား စီးပွားရေး စီမံကိန်းတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီ ရင်းနှီးမြုပ်နှံထားပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။

  18. ဆိုရှယ်မီဒီယာ ကွန်ရက်တွေ ပြန်ဖွင့်ပေးဖို့ ဖေ့စ်ဘွတ်ခ်တောင်းဆိုလိုက်

    မြန်မာနိုင်ငံမှာ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ Facebook ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ် ရာဖာယဲလ် ဖရန်ကဲလ်က ပြောကြားလိုက်ပြီး ဆိုရှယ်မီဒီယာ ကွန်ရက်တွေ ပြန်ဖွင့်ပေးဖို့ အာဏာသိမ်း စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်နဲ့ တခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ပိတ်ပစ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

  19. မန္တလေးမှာလည်း ဆန္ဒပြမှုတွေ ရှိ

    မန္တလေးမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ၃၅ လမ်း၊ လမ်း ၈၀ ဘက်ကနေ စျေးချိုဘက်ကို သွားပြီး ဆန္ဒပြဖို့ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကားတွေ ဆိုင်ကယ်တွေ နဲ့ ချီတက်ပြီး လမ်းမှာ ဟွန်းတွေတီးပြီး သွားနေကြတာ ဖြစ်ပါတယ်။

    ကားဆိုင်ကယ်တွေစီးပြီးသွားရောက်သူတွေ ရှိနေတဲ့ အပြင် လူပေါင်းထောင်ချီ ပါဝင်တယ်လို့ တွေ့ရှိသူတွေက ပြန်ပြောပါတယ်။

    အဲဒီမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေ ကို တားဆီးမှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။

  20. ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို နောက်ရက်တွေမှာ ဆက်လုပ်ဖို့ ရှိ

    ရန်ကုန်မြို့ လှည်းတန်းစင်တာ အနီးက ဆန္ဒပြမှုတွေကို မကြာခင်မှာ လူစုခွဲမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

    ရေရှည် ဆန္ဒပြမှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် အင်အားကို ချွေတာဖို့ လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။

    လမ်းတွေကို ပိတ်ပြီး တားဆီးဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ရေဘူးတွေ၊ စားစရာတွေပေးနေတာကို တွေ့ရပါတယ်။

    ပြည်သူတွေရဲ့ မနာခံမှုကို ပြတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတွေ ဆက်တီးကြဖို့ ကိုလည်း သူတို့က တိုက်တွန်း သွားခဲ့ပါတယ်။

    နောက်ရက်တွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောကြပါတယ်။