စစ်တွေမြို့ကနေ ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းအချို့ကို စစ်ကောင်စီပိတ်ထား

ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ်ကတွေ့ရတဲ့ စစ်တွေမြို့အနီးက ဆတ်ရိုးကျချောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်ကတွေ့ရတဲ့ စစ်တွေမြို့အနီးက ဆတ်ရိုးကျချောင်း

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်းအတွင်း ရေယာဉ်အဝင်အထွက် တွေကို စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စပြီး စစ်တွေမြို့အဝင်အထွက် ဆတ်ရိုးကျချောင်းကို ပိတ်လိုက်တာဖြစ်ပြီး ဘာကြောင့်ပိတ်လိုက်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

"ဆတ်ရိုးကျချောင်း စစ်ဆေးရေးဂိတ်က စစ်တွေကနေ ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေကို ရပ်နားဖို့အတွက် အကြောင်းကြားလာပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ စစ်တွေကနေ ပြေးဆွဲမယ့် ရေကြောင်းလိုင်းတစ်ချို့ကို ရပ်နားလိုက်ရပါတယ်" လို့ စစ်တွေကနေ ရခိုင်ပြည်နယ်မြို့ အတော်များများကို ပြေးဆွဲနေတဲ့ ရွှေပြည်တန် ရေယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တွေကနေ ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေကတော့ စစ်တွေမြို့ကနေ ရသေ့တောင်-ဘူးသီးတောင်လိုင်း၊ မြောက်ဦးလိုင်း၊ ပေါက်တော-မင်းပြားလိုင်း၊ ရမ်းဗြဲ-ကျောက်နီမော်-ကျောက်ဖြူ-တောင်ကုတ်လိုင်းနဲ့ တောင်ကုတ်-မာန်အောင်လိုင်းတွေရှိပြီး အဲ့ဒီထဲက တောင်ကုတ်-မာန်အောင်တစ်လိုင်းတည်းသာ ပြေးဆွဲခွင့်ရရှိတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေဆိပ်ကမ်း

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့မှာ ရေတပ်အရာရှိတစ်ဦးကို လက်နက်တွေနဲ့အတူ ရက္ခိုင့်တပ်တော်အေအေဘက်ကနေ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၃ရက်၊ မွန်းတည့် ၁၂နာရီကျော်မှာ စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ရခိုင်ပြည်နယ် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ထဲက ဆိုင်ကယ်ပြင်ဆိုင်မှာ ရောက်နေစဥ် အေအေဘက်က ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်ဝန်းကျင်မှာ အမြောက်တပ်နဲ့ ရေတပ်ဝင်းတွေရှိပြီး ဘယ်တပ်ရင်းကဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ အေအေက ဖမ်းတယ်လို့ ယူဆရတဲ့ စစ်သားတွေထဲမှာတော့ စစ်တွေကဖမ်းခံရသူ ဗိုလ်ကြီးက ပထမဆုံး အဆင့်မြင့်ဆုံးရာထူးရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင်ကတော့ ဇွန်လ ၂၁ ရက် ညနေပိုင်းက မြောက်ဦးမြို့ပေါ်မှာ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ) တစ်ဦးနဲ့အတူ သတင်းပေး သုံးဦးတို့ကိုလည်း အေအေဘက်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေထဲက စစ်သား ၅ ဦးနဲ့ ရဲ ၄ ဦးတို့ ဒီ သီတင်းပတ်အတွင်း အေအေဘက်ကဖမ်းဆီးခဲ့တာကို ဘီဘီစီရဲ့ သတင်းမှတ်တမ်းတွေအရ သိထားရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက် ၂ရက်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံ အရပ်သား ၂၁ ဦးရှိတယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဖမ်းခံရတဲ့အရပ်သားတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦး ပါဝင်တယ်လို့လည်း အေအေရဲ့ မနေ့က ဇွန်လ ၂၅ ရက် ထုတ်ပြန်ချက်ကဆိုပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ စစ်တွေမြို့ခံအမျိုးသားတွေ အများဆုံးဖြစ်ပြီး ပေါက်‌တော၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တို့က ဒေသခံတွေလည်း ပါဝင်ပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

စစ်တွေမှာ အေအေဘက်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထားပြီး ဒေသတွင်းပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေပြေးဆွဲခွင့်ကိုပါ အခုလို ရက်အကန့်အသတ်မရှိ တားမြစ်လာတာဖြစ်ပါတယ်။

ဒီလိုတားမြစ်ထားတဲ့နောက် ရေကြောင်းအသုံးပြုတဲ့ဒေသခံတွေမှာ အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးယာဉ်လိုင်းတွေကို ပိတ်ပင်ထားတာမျိုးမရှိပေမယ့် အဝေးပြေးလမ်းမတစ်လျှောက် စစ်ကောင်စီက စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာကြောင့် ခရီးသည်လိုက်ပါမှုနည်းပါးနေပြီး အခက်အခဲတွေလည်းရှိနေတယ်လို့ မြောက်ဦး-စစ်တွေပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

အခုလို ငွေကြေးသက်တောင့်သက်သာနဲ့ သွားလာလို့ရနေတဲ့ ရေယာဉ်လိုင်းတွေကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသည်တွေအနေနဲ့ ကုန်ကျစရိတ်မြင့်မားသလို လမ်းခရီးအန္တရာယ်များပြီး လုံခြုံမှုမရှိတဲ့ ကားတွေကို အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံတွေကတော့ ရေလမ်းရော ကုန်းလမ်းပါ အပိတ်ထားတဲ့အတွက် သွားလာရေးအခက်အခဲတွေရှိနေပြီး တချို့ဒေသတွေမှာလည်း အခုလိုအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

အခုလို ပိတ်ထားတဲ့အတွက် ရေလမ်းကြောင်း အသုံးပြုပြီး နေ့စဉ်ပုံမှန်ခရီးသွားလာနေကြတဲ့ ခရီးသည်ပေါင်း ငါးရာကျော်လောက်ရှိတယ်လို့သိရပါတယ်၊