လူဖမ်းပွဲရဲ့ နောက်ဆက်တွဲ ရခိုင်မှာဘာဆက်ဖြစ်လာနိုင်လဲ

စစ်တပ်ဘက်ကဖမ်းဆီးခဲ့တဲ့ အရေအတွက်အတိအကျကိုတော့ မသိရှိကြရပဲ ကျောက်တော်မြို့နယ်အတွင်း ၂၁ရက်နေ့ကဖမ်းဆီးခံရသူ အမျိုးသမီးငယ် ၄ဦးကလွဲရင်ကျန်တဲ့ ဖမ်းထားတယ်လို့ယူဆရသူတွေ တစ်ဦး တစ်ယောက်မှပြန်လွတ်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ARAKANARMY

ဓာတ်ပုံ ပုံစာ, စစ်တပ်ဘက်ကဖမ်းဆီးခဲ့တဲ့ အရေအတွက်အတိအကျကိုတော့ မသိရှိကြရဘဲ ကျောက်တော်မြို့နယ်အတွင်း ၂၁ ရက်နေ့ကဖမ်းဆီးခံရသူ အမျိုးသမီးငယ် ၄ဦးကလွဲရင်ကျန်တဲ့ ဖမ်းထားတယ်လို့ယူဆရသူတွေ တစ်ဦး တစ်ယောက်မှပြန်လွတ်လာတာ မရှိသေးပါဘူး။
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေထဲမှာ ဖြစ်နေတဲ့ အေအေနဲ့ စစ်တပ်တို့အကြားက လူဖမ်းပွဲက ပြည်နယ် မြို့တော်စစ်တွေအထိကို ရောက်လာပါတယ်။

ဇွန်လ ၂၃ရက်၊ ဒီကနေ့ မွန်းတည့် ၁၂နာရီကျော်မှာ စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ရခိုင်ပြည်နယ် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ထဲက ဆိုင်ကယ်ပြင်ဆိုင်မှာ ရောက်နေစဥ် အေအေဘက်က ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရပ်ကွက်ဝန်းကျင်မှာ အမြောက်တပ်နဲ့ ရေတပ်ဝင်းတွေရှိပြီး ဘယ်တပ်ရင်းကဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ အေအေက ဖမ်းတယ်လို့ ယူဆရတဲ့ စစ်သားတွေထဲမှာတော့ စစ်တွေကဖမ်းခံရသူ ဗိုလ်ကြီးက ပထမဆုံး အဆင့်မြင့်ဆုံးရာထူးရှိသူ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်ကတော့ ဇွန်လ ၂၁ ရက် ညနေပိုင်းက မြောက်ဦးမြို့ပေါ်မှာ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ) တစ်ဦးနဲ့အတူ သတင်းပေး သုံးဦးတို့ကိုလည်း အေအေဘက်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေထဲက စစ်သား ၅ ဦးနဲ့ ရဲ ၄ ဦးတို့ ဒီ ၅ရက်အတွင်း အေအေဘက်ကဖမ်းဆီးခဲ့တာကို ဘီဘီစီရဲ့ သတင်းမှတ်တမ်းတွေအရ သိထားရပါတယ်။

စစ်သားနဲ့ ရဲသားတွေဖမ်းခံရတဲ့နေရာတွေနဲ့ နီးစပ်တဲ့ နေရာက ဒေသခံအများအပြားကို စစ်ဆေးမေးမြန်းရုံသာမက ဖမ်းဆီးခေါ်ဆောင်ခံရတာတွေအများအပြားရှိတယ်လို့ ဆိုကြပါတယ်။
ဓာတ်ပုံ ပုံစာ, စစ်တပ်နဲ့ အေအေတို့က ဖမ်းဆီးမှုအပြင် ဒေသခံအရပ်သားတချို့ကို တခြားအဖွဲ့အစည်းတွေက ပြန်ပေးငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ဖမ်းဆီးမှုမျိုးလည်း ဖြစ်ခဲ့ပါတယ်။

အေအေဘက်က အခုလိုဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်သလို စစ်တပ်ဘက်ကလည်း အေအေတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေသာမက အခြားအရပ်သားတွေကိုပါ မြို့ပေါ်တွေအထိ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးဖမ်းဆီးတာတွေကို အဲဒီမြို့တွေမှာ ဆက်တိုက်လုပ်နေပါတယ်။

ရခိုင်ဒေသခံတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ စစ်သားနဲ့ ရဲသားတွေဖမ်းခံရတဲ့နေရာတွေနဲ့ နီးစပ်တဲ့ နေရာက ဒေသခံအများအပြားကို စစ်ကောင်စီတပ်တွေဘက်က စစ်ဆေးမေးမြန်းရုံသာမက ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ အများအပြားရှိတယ်လို့ ဆိုကြပါတယ်။

ဒေသခံတွေသာမက နိုင်ငံရေးအရ တက်ကြွလှုပ်ရှားရေးမှာပါဝင်ခဲ့ဖူးသူတွေလည်း ပြစ်မှတ်ထားဖမ်းခံရတဲ့ အထဲပါလာပါတယ်။ ကျောက်တော်မြို့က အရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းကို ဇွန်လ ၂၁ရက်နေ့ နေအိမ်မှာထမင်းစား နေချိန်အတွင်းကိုပဲ စစ်တပ်ဘက်က ဖမ်းခေါ်ခဲ့ပါတယ်။

စစ်တပ်ဘက်ကဖမ်းဆီးခဲ့တဲ့ အရေအတွက်အတိအကျကိုတော့ မသိရှိကြရဘဲ ကျောက်တော်မြို့နယ်အတွင်း ၂၁ ရက်နေ့ကဖမ်းဆီးခံရသူ အမျိုးသမီးငယ် ၄ဦးကလွဲရင်ကျန်တဲ့ ဖမ်းထားတယ်လို့ယူဆရသူတွေ တစ်ဦး တစ်ယောက်မှပြန်လွတ်လာတာမျိုးမရှိသေးပါဘူး။

အခုလိုအပြန်အလှန်ဖမ်းဆီးမှုတွေ၊ မြို့ပေါ်တွေမှာ လမ်းတွေပိတ်ဆို့ စစ်ဆေးတာ၊ ဖမ်းဆီးတာတွေကြောင့် မြို့တွေမှာ စျေးတွေပိတ်၊ ဆိုင်တွေပိတ်တာအပြင် လူတွေအိမ်အပြင်ထွက်ဖို့ကိုတောင် စိုးရိမ်နေ လာကြပါတယ်။

ဒီအခြေအနေ မတိုင်ခင်က စစ်တပ်နဲ့ အေအေအကြား နှစ်ဖက် Gentlemen Agreement ပုံစံနဲ့ အပစ်ရပ်ခဲ့တာ တစ်နှစ်ခွဲကျော်အထိ ကြာခဲ့ပါပြီ။ အဲဒီကာလမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ပြန်ဖြစ်တာမျိုးမရှိခဲ့ပေမယ့် အေအေနဲ့ စစ်တပ်အကြားအုပ်ချုပ်ရေးနယ်မိုး စိုးမိုးရေးအပိုင်းတွေမှာ အားပြိုင်မှုတွေ အခုနောက်ပိုင်း ဆက်တိုက်ရှိလာခဲ့တာပါ။

အဲဒီနောက် ရခိုင်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်လာအောင်လုပ်နေတယ်လို့ နှစ်ဖက်လုံးက အပြန်အလှန်စွပ်စွဲပြောဆိုနေခဲ့တာပါ။ အခုတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဖမ်းဆီးပြီး ပြည်နယ်တည်ငြိမ်ရေးအတွက် ထိပါးလာနိုင်တဲ့အထိ ဖြစ်လာတယ်လို့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆို ထောက်ပြလာကြပါတယ်။

ဒါဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ အစိုးရနှစ်ရပ် အုပ်ချုပ်နေတဲ့အခြေအနေ ရောက်နေတယ်၊ အာဏာ ပိုင်နှစ်ဖွဲ့အကြား ထိပ်တိုက်တွေ့ကြတဲ့သဘောဖြစ်တယ်၊ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေ မြေစာပင်မဖြစ်ဖို့အတွက် ညှိနှိုင်းဖို့လိုအပ်တယ်လို့ ဒေါက်တာအေးမောင်က ထောက်ပြပြောဆိုပါတယ်။

"ပြည်ထောင်စုအစိုးရဘက်က အရပ်သားတွေပေါ်ကျင့်သုံးရမယ့် ဥပဒေအတိုင်းပဲ ကျင့်ကြံပေးဖို့ မေတ္တာ ရပ်ခံတယ်။ အေအေဘက်ကလည်း တဖက်ပုဂ္ဂိုလ်တွေကို ဖမ်းတာဆီးတာ မလုပ်မိဖို့ မေတ္တာရပ်ခံ ချင်ပါ တယ်..." လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အခုလို ဖမ်းဆီးမှုတွေမဖြစ်ခင်ကတည်းက စစ်တပ်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ ရေငုပ်သင်္ဘောပါ ရခိုင်ပြည်နယ်အတွင်းရောက်ရှိလာပြီး စစ်ရေးပြင်ဆင်တာတွေကို ဆက်တိုက်လုပ်နေတယ်လို့ ပြီးခဲ့တဲ့ အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။

အဲဒီစစ်ရေးတင်းမာမှုတွေကလည်း စစ်ကောင်စီခေါင်းဆောင် ငြိမ်းချမ်းရေးခေါ်ဆောင်မှုအပြီး အေအေဘက် က စောင့်ကြည့်ဦးမယ်လို့ တုံ့ပြန်မှုသာရှိခဲ့တာနဲ့လည်း သက်ဆိုင်နေမယ်လို့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်း ဘက်ကလည်း ထောက်ပြတာ ရှိပါတယ်။

"ပြည်သူတွေကို ဒုက္ခပေးခြင်းဟာဖြင့် နှစ်ဖွဲ့လုံးမှာ ဒုက္ခပေးတဲ့အဖွဲ့ကပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ကြားက မြေစာပင်ပဲ။ အဲဒါကို မရမက ဖမ်းပြီးတော့ နှိပ်စက်မယ်၊ မရမက ဝန်ခံခိုင်းမယ်။ အဲဒါကို အရင်ကလည်းလုပ်တယ် အခုလည်း လုပ်နေရင်တော့ ဒါက မဖြစ်သင့်တဲ့ကိစ္စ၊ အဲလိုဖြစ်လာပြီဆိုရင်တော့ ရခိုင်ပြည်မှာ တိုက်ပွဲပြန်လည်စတင်လာမယ့် နိဒါန်းပျိုးခြင်းပဲလို့ သုံးသပ်လို့ရတယ်"လို့ လွှတ်တော်ကိုယ်စား လှယ်ဟောင်းဖြစ်သူ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရော အေအေကပါ အပြန်အလှန် လူဖမ်းပွဲပုံစံမျိုးလုပ်ဆောင်နေပြီး ဘာကြောင့်အခုလို လုပ်ဆောင်နေတယ်၊ နှစ်ဖက်အကြားတင်းမာမှုတွေကို လျှော့ချနိုင်ရေး ဖြေရှင်း နိုင်မှုရှိမရှိနဲ့ ဖြေရှင်းနိုင်ရေးကြိုးပမ်းမှု ရှိမရှိစတာတွေကိုတော့ နှစ်ဖက်လုံးက ဘီဘီစီကို ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ဒါပေမယ့် ရခိုင်ပြည်သူတွေအကြားမှာတော့ လူဖမ်းပွဲကတဆင့် ဖြစ်လာနိုင်တဲ့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကနေ စစ်ဘေးတိမ်းရှောင်ရတာအပြင် တည်ငြိမ်မှုရှိနေသေးတဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေပျက်စီး ထိခိုက်မှာကိုတော့ စိုးရိမ်နေကြပါတယ်။

ဗီဒီယို ပုံစာ, AA ရဲ့ စစ်ဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကို တွစ်တာမှာ စိန်ခေါ်