နိုဝင်ဘာ ၂၂ ရက် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Thaw Zin
(၁) ရန်ကုန်မြို့လယ်မှာ လူကုန်ကူးရောင်းစားခံရပြီး ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားအမှု အာဏာပိုင်တွေ စုံစမ်း
ဖျာပုံအနီးက ငါးဒိုင်တစ်ခုမှာ ငွေကျပ် ခုနစ်သိန်းနဲ့ ရောင်းစားခံခဲ့ရပြီး အခုအခါ မိသားစုက ပြန်လည်ရွေးယူလို့ လွတ်လာတဲ့ ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ သူ့ကိုရောင်းစားခဲ့တဲ့သူတွေဟာ ဒလမြို့နယ်ဘက်က ဖြစ်တယ်လို့ သိရပါတယ်။
လူကုန်တားအဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ စစ်ချက်လာယူခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှာ ဒလဘက်က ရဲစခန်းနဲ့ ချိတ်ဆက်ပြီး လူပွဲစားတွေကို လိုက်လံစုံစမ်းဖမ်းဆီးတရားစွဲဖို့ စီစဉ်နေတယ်လို့ ကိုမြတ်သူရထွန်းရဲ့အစ်ကို ကိုအောင်သော်ဇင်ထွန်းက ပြောပါတယ်။
လက်ရှိမှာ ကိုမြတ်သူရထွန်းရဲ့အခြေအနေက စိတ်ပိုင်းဆိုင်ရာထိခိုက်နေပြီး စကားပြောတာဆိုတာ ကစဉ့်ကလျားတွေ ဖြစ်နေတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။
မျက်ခုံး၊ နားနဲ့ နှာခေါင်းတို့မှာ ကွဲပြဲဒဏ်ရာတွေရှိနေပြီး လက်တွေလည်း ဖောယောင်နေသလို ဘယ်ဘက်လက်က ကျိုးနေလို့ ကျောက်ပတ်တီးစည်းထားရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaw Zin
တစ်ကိုယ်လုံးမှာလည်း အနာတွေပေါက်နေပြီး ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာတွေက ရက်ကြာနေပြီမို့ လတ်တလော အနာကျတ်အောင် ကုသထားရပြီး ခွဲစိတ်ကုသမှုတွေ ဆက်လုပ်ဖို့ အချိန်စောင့်ရမယ်လို့ မိသားစုကပြောပါတယ်။
ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာအဓိကနောက်ဆုံးနှစ်ဖြေဆိုထားတဲ့ ကိုမြတ်သူရထွန်းဟာ အိမ်က ပစ္စည်းဝယ်ခိုင်းတဲ့အတွက် အရှေ့ဒဂုံမှာရှိတဲ့ သူ့နေအိမ်ကနေ ဆူးလေကို အောက်တိုဘာ ၂ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။
အိမ်ကထွက်သွားချိန်မှာ ငွေကျပ်နှစ်သောင်းကျော်ကလွဲလို့ မှတ်ပုံတင်၊ ကျောင်းသားကတ် စတဲ့ အရေးကြီးစာရွက်စာတမ်းတွေလည်း ယူမသွားဘူးလို့ အစ်ကိုဖြစ်သူက ဆိုပါတယ်။
မြို့ထဲမှာပစ္စည်းဝယ်ဖို့ ရောက်နေတဲ့ သူ့ကို အမျိုးသမီးနှစ်ဦးက ငွေကျပ်သိန်းနှစ်ဆယ် လာက် စုမိမယ့်အလုပ်ရှိတယ်လို့ စည်းရုံးခေါ်ဆောင် သွားတာဖြစ်ပြီး ဒလဘက်ကို ရောက်တော့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစာချုပ်ကို လက်မှတ်မထိုးဖို့ ငြင်းတဲ့အခါ အမျိုးသားတစ်ဦး ထပ်ရောက်လာပြီး ကိုမြတ်သူရထွန်းရဲ့ ဇက်ပိုးကို အုပ်လိုက်ရာကနေ မူးမေ့ သွားပြီး လက်မှတ်ထိုးပေးလိုက်တယ်လို့ အစ်ကိုဖြစ်သူက အကြောင်းစုံကိုပြန်ပြောပြပါတယ်။
ကိုမြတ်သူရထွန်း ပျောက်သွားပြီးနောက်ပိုင်း မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ပြီး လူပျောက် ကြော်ငြာစာရွက်တွေကိုလည်း မြို့နဲ့အနီးတစ်ဝိုက် လိုက်လံကပ်ခဲ့ပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကနေလည်း လူပျောက်ကြော်ငြာတွေ ဖြန့်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thaw Zin
အဲဒီနောက် ဖျာပုံဘက်က ငါးဒိုင်တွေမှာ သွားရှာဖို့ မိတ်ဆွေတချို့က အကြံပေးတာကြောင့် အစ်ကိုဖြစ်သူက သွားရောက်ရှာဖွေရာကနေ ကိုမြတ်သူရထွန်းကို သင်ဇာထွန်းငါးဒိုင်မှာတွေ့ခဲ့တဲ့သူတစ်ဦးနဲ့ ချိတ်ဆက်မိခဲ့တယ်လို့ ဆိုပါတယ်။
"နိုဝင်ဘာ ၁၈ မှာ သင်ဇာထွန်းငါးဒိုင်ကို ရောက်တော့ ပွဲစားက ခုနစ်သိန်းနဲ့ရောင်းသွားတာ။ အဲဒီခုနစ်သိန်း ပြန်ပေးရင် လာခေါ်လို့ရတယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း ပေးနိုင်တယ်။ ကိုယ့်လူသာ ပြန်ခေါ် ပေးဖို့ပြောတော့ ဒိုင်က ဖုန်းပြန်ဆက်မယ်ပြောတယ်။ နိုဝင်ဘာ ၁၉ ရက်မနက်မှာ ဖုန်းဆက်ပြီး လာခေါ် လို့ရပြီပြောတယ်။ အဲဒီနေ့ နေ့ခင်း ၂ နာရီသင်္ဘောနဲ့ ပြန်ပါလာတယ်။ သဘောင်္ပေါ်က ဆင်းလာလာချင်း ကိုယ့်ညီတောင် ကိုယ်မမှတ်မိဘူး။ အရင်က ဖြူဖြူဖွေးဖွေးကနေ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေတာပဲ။ ဖူးယောင်နေတာ။ သူပြောတာတော့ ဖောင်ဦးစီးကျော်အောင်ဆိုတဲ့သူက ဇက်ပိုးတွေ ထုတယ်။ ဖြတ်ကန် တယ်။ ငရုတ်ကျည်ပွေ့နဲ့ ရိုက်တယ်။ တစ်နေ့ ၂၄ နာရီမှာ နာရီ ၂၀ လောက်လုပ်ရတယ်" လို့ ကိုအောင်သော်ဇင်ထွန်းကပြောပါတယ်။
တစ်နိုင်ငံလုံးက အဓိက စားသုံးနေတဲ့ မျှင်ငပိ ၈၀ ရာခိုင်နှုန်းကျော်က ဧရာဝတီတိုင်းက ထွက်ရှိတာဖြစ်ပြီး ဒီလုပ်ငန်းအတွက် ပင်လယ်တွင်း ကျားဖောင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ အခုလို လူကုန်ကူးပြီး ရောင်းစားနေကြတာဖြစ်ပါတယ်။ ပင်လယ်တွင်း နာရီ ၂၀ လောက်အလုပ်လုပ်ရပြီး ပင်ပန်းတာကြောင့် ဒီအလုပ်ကို နယ်ခံတွေတောင်မလုပ်တဲ့အတွက် အလုပ်သမားက အမြဲလိုလိုလိုအပ်နေတာဖြစ်ပြီး လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား မက်လုံးပေးကာ ခုလို ပြည် တွင်းမှာပဲ လူကုန်ကူးရောင်းစားလာကြတာဖြစ်ပါတယ်။
ဒီပြဿနာကို သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပေမယ့် အာဏာပိုင်တွေဘက်က အရေးယူမှုအပိုင်းအားနည်းနေတယ်လို့ ထောက်ပြတာတွေလည်းရှိနေပါတယ်။
(၂) ရခိုင်စစ်ရှောင်တွေကို တပ်က သိန်းငါးထောင်လှူ
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ်သိန်းငါးထောင်ကို ရခိုင်ပြည်နယ်အစိုးရထံ တပ်မတော်က လှူဒါန်းခဲ့တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန် ဦးဆောင်တဲ့ တပ်မတော်ကြည်းရေလေမိသားစုက လာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာနေ့စဉ်လိုလို အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ဦးရေဟာ သောင်းနဲ့ချီရှိလာနေပြီး တိုက်ပွဲတွေအတွင်း အရပ်သားတွေ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေ၊ သေဆုံးနေတာတွေရှိနေပါတယ်။
အေအေဘက်ကဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတင်ထားသလို နိုင်ငံတကာအဖွဲ့အစည်း နှစ်ဆယ်ကျော်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
(၃)အစ္စရေးဝန်ကြီးချုပ်လာဘ်စားမှုစွဲချက်နဲ့ တရားရင်ဆိုင်ရဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, EPA
အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ တရားစွဲခံရတော့မယ့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ကို ဒီလို လုပ်တာဟာ အာဏာသိမ်းတာနဲ့အတူတူပဲ လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုဟာ အမှန်တရားကိုဖော်ထုတ်တာမဟုတ်ဘဲ သူ့ကို အပြစ်ရှာနေတာသာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။
မဟုတ်မမှန်စစ်ဆေးချက်တွေ၊ လုပ်ကြံထားတဲ့ တစ်ဖက်စောင်းနင်းစုံစမ်းစစ်ဆေးမှုတွေနဲ့ ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချဖို့၊ အာဏာသိမ်းဖို့ ကြိုးပမ်းနေတာကို မျက်မြင်တွေ့နေရပါတယ်။ ရဲစုံစမ်းရေးမှူးတွေ၊ အမှုလိုက်ရှေ့နေတွေအနေနဲ့ တစ်စုံတစ်ရာမှားယွင်းနေတယ်ဆိုတာကို မတွေ့ဘူးဆိုရင်တော့ စုံလုံးကန်းနေတာပဲဖြစ်လိမ့်မယ်လို့ မစ္စတာနေတန်ညာဟုက ပြောသွားတာဖြစ်ပါတယ်။
ဥပဒေကြောင်းအရ ရာထူးကနေ နုတ်ထွက်ပေးစရာမလိုဘဲ နိုင်ငံကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးရှေ့နေချုပ်က ဝန်ကြီးချုပ်နေတန်ယာဟုကို လာဘ်စားမှု၊ ယုံကြည်အပ်နှံချက်ကိုချိုးဖောက်မှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲသွားမယ်လို့ အတည်ပြုပြောကြားထားပါတယ်။
ဒီစွပ်စွဲချက်တွေဟာ လူချမ်းသာတွေဆီကနေ မစ္စတာနေတန်ယာဟု လက်ခံယူခဲ့တဲ့ တံစိုးလက်ဆောင်တွေနဲ့ ဆက်နွှယ်နေသလို သတင်းမီဒီယာတွေမှာ သူ့အကြောင်း ကောင်းတာဖော်ပြပေးဖို့ အပေးအယူတွေလုပ်ခဲ့တယ် ဆိုတဲ့ပြောဆိုချက်တွေနဲ့လည်း ဆက်နွှယ်နေပါတယ်။
(၄)ချီလီမှာ ဆန္ဒပြပွဲတွေထပ်မဖြစ်ဖို့ ရဲတွေက အင်အားသုံးဖြိုခွင်းနေဟု ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ချီလီနိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ထိခိုက်ဒဏ်ရာရအောင် လုံခြုံရေးအဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောပါတယ်။
နောက်ထပ်ဆန္ဒပြမှုတွေ ထပ်မဖြစ်ဖို့ အခုလို လုပ်တာလို့ ဆိုပါတယ်။
ချီလီနိုင်ငံမှာ လေ့လာရေးခရီးစဉ်အပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီအဖွဲ့ရဲ့အစီရင်ခံစာထဲမှာ ရဲတွေရဲ့ မလိုအပ်ဘဲ အင်အားသုံးဖြိုခွင်းမှုကြောင့် လူငါးဦး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြသလို နှိပ်စက်ညင်းပန်းခံရ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ကြရ တယ်လို့ဖော်ပြ ထားပါတယ်။
ချီလီသမ္မတ ဆဗက်စတီယန်ပင်ညဲရားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူထုဆန္ဒပြမှုတွေကို ဖြေရှင်းရာ မှာ တချို့နေရာတွေမှာ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာဖို့ ပျက်ကွက်ကောင်း ပျက်ကွက်နိုင် ဖွယ်ရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။








