ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်နဲ့ အင်တာဗျူး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မှာ ရက္ခိုင့် တပ်တော် အေအေနဲ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ကျဖို့နဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ငဲ့ညှာတဲ့အနေနဲ့ ကြားဝင်စေ့စပ်ပေးမယ့် တတိယအင်အားစု အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP က အစိုးရ ကိုယ်စားလှယ်တွေကို အကြံပြုထားပါတယ်။
အဲဒီအဖွဲ့ အစည်းထဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့လူတွေ၊ သြဇာညောင်းတဲ့ပုဂ္ဂိုလ်တွေပါဝင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
ဒီလို အကြံပြုတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ - ကြားဝင်စေ့စပ်တဲ့အဖွဲ့ ဖွဲ့ဖို့ လိုအပ်တယ်လို့ ဘာကြောင့် ပြောတာပါလဲ။
ဒေါ်အေးနုစိန် - စစ်ပွဲရှောင်တွေ၊ တိုက်ပွဲရှောင်လို့ပဲ ပြောပြော၊ အိုးအိမ်ကို စွန့်ခွာရတယ်။ ရွာရှောင်ရတယ်။ သေကြေ ဒဏ်ရာရတယ်။ ဖမ်းဆီး ခံရတယ်။ ပျောက်ဆုံးတယ် စသဖြင့်၊ ပြီးရင် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီး ဆုံးရှုံးတယ်။ ဘုန်းကြီးကျောင်းက အစ လက်နက်ကြီးတွေ ကျတယ် စသဖြင့်ပေါ့လေ၊ တစ်ပြည်နယ်လုံး ထောင်းထောင်းညက်သွားမယ်ပေါ့နော်။
အဲလို အနေအထားကို ရောက်နေတဲ့အခါမှာ တကယ် ပြည်သူကို မျက်နှာမူတယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်း ဖို့ ကျိုင်းတုံကို ခေါ်တာက တစ်ကဏ္ဍပေါ့၊ ခေါ်လိုက်တယ်၊ ခေါ်နေရင်းလည်းပဲ တိုက်နေတယ်၊ ခေါ်ပြီးရင်လည်း တိုက်တယ်၊ ဆိုတော့ တကယ်တမ်း ပြေလည်စေချင်တယ်ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် ကြားဝင်မယ့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့သင့်တယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဘီဘီစီ - ကြားဝင်တဲ့အဖွဲ့အစည်း၊ တတိယ အင်အားစုပဲ ပြောပြော၊ အဲဒီအဖွဲ့က ဘယ်လိုပုံစံနဲ့ ဘယ်သူတွေ ပါမလဲ၊ ဘယ်လိုဖွဲ့မလဲ။
ဒေါ်အေးနုစိန် - ကျွန်မတို့ အကြံပြုတာက အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အေအေ၊ ရခိုင်ပြည်သူတွေ အပေါ် သြဇာ ညောင်းတဲ့ ပြောနိုင်ဆိုနိုင်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့အဖွဲ့အစည်း တစ်ခုကို ဖွဲ့သင့်တယ်။ ဒီလိုမျိုးသာ ဖွဲ့မယ်ဆိုရင် ကျွန်မတို့ ပါတီကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အဆင့်သင့်ရှိတယ်ဆိုတဲ့ ဆန္ဒကို ကျွန်မတို့က ပြောတာ။
ဘီဘီစီ- ဒါကို အစိုးရကို တင်ပြထားတာရော ရှိလား။
ဒေါ်အေးနုစိန် - ကျွန်မတို့ကတော့ ဦးအေးသာအောင်တို့ ဒေါက်တာဖေမြင့်တို့လာတုန်းကတော့ တင်ပြဖူးတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဘီဘီစီ - သူတို့ဘက်ကရော ဘယ်လို တုံ့ပြန်လဲ။
ဒေါ်အေးနုစိန် - နားထောင်ရုံသက်သက်ပဲ။ လုပ်မယ် မလုပ်ဘူးဆိုတဲ့ အဖြေမျိုးတော့ ပြောမသွားပါဘူး။ နောက် နိုင်ငံခြား သံအရာရှိတွေ။ ယူအန်ဆိုင်ရာ ကိုယ်စားလှယ်တွေ လာတုန်းကလည်း ကျွန်မတို့ ပါတီရဲ့ သဘောထားတွေကို ပြောတဲ့အထဲမှာ ဒီကိစ္စလည်း ပါပါတယ်။
ဘီဘီစီ - သက်ဆိုင်ရာ သြဇာညောင်းတဲ့လူ ပါဝင်တဲ့အဖွဲ့ ဖွဲ့တယ်ဆိုတော့ အခုလက်ရှိဖြစ်ပေါ်နေတယ်တဲ့ တိုက်ပွဲတွေ လျှော့ချဖို့ က ဘယ်လောက်အထိ အထောက်အကူပြုမယ်လို့ မျှော်လင့်လဲ။
ဒေါ်အေးနုစိန် - ကျွန်မတို့ ယုံကြည်တယ်ဆိုတာထက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို စတင်ပြီးတော့ လုပ်ဖို့လိုတယ်။ ကြားဝင်စေ့စပ်ဖြေရှင်းတယ်ဆိုတာ စေ့စပ်လို့ရတဲ့ အနေအထားမှ လျှော့ချနိုင်တဲ့အနေအထားကို ရောက်မှာပေါ့။
ဘီဘီစီ - အရင်ကလည်း ANP ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဖွဲ့ထားတယ်ဆိုတော့ အဲဒီအဖွဲ့နဲ့ကရော မလုံလောက်ဘူးလား။
ဒေါ်အေးနုစိန် - အဲဒီအဖွဲ့က လုံလောက်ရင် ဒီလို စစ်ဘောင်ကျယ်တဲ့ အဆင့်နဲ့ ဒီလောက် ဒုက္ခတွေ ထူပြောတဲ့အဆင့်ကို ရောက်လာပါ့မလား။
ဘီဘီစီ - အခုလက်ရှိမှာက မြေပြင်မှာ တိုက်ပွဲတွေ ပိုပိုပြီးတော့ ပြင်းထန်လာတာပေါ့လေ။
ဒေါ်အေးနုစိန် - ဟုတ်တယ်လေ။ ဒီလို အဖွဲ့အစည်း တစ်ခု ပေါ်ပေါက်လာဖို့က အရေးအကြီးဆုံးကိစ္စဖြစ်တယ်။ ပထမဆုံး ခြေလှမ်းဖြစ်တယ်။









