မြန်မာ့ပဋိပက္ခအရေး ချဉ်းကပ်ပုံကို အာဆီယံပြန်သုံးသပ်သင့် - တီမောသမ္မတ

ဓာတ်ပုံ ရင်းမြစ်, Presidência da República Democrática de Timor-Leste
မြန်မာမှာ အပစ်မရပ်ဘဲ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ အားထုတ်တာက အချည်းနှီးပဲလို့ ငြိမ်းချမ်းရေးညှိနှိုင်းသူအဖြစ် ဆယ်စုနှစ်ချီ အတွေ့ကြုံရှိတဲ့ တီမောသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက ပြောတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New StraitsTimes မလေးရှားသတင်းစာက ဖော်ပြပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးချဥ်းကပ်နေပုံကို ပြန်လည်ဆန်းစစ်သင့်တယ်လို့လည်း ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။
မလေးရှားနိုင်ငံကို အလုပ်သဘောရောက်ရှိနေတဲ့ တီမောသမ္မတက သူ့နိုင်ငံရဲ့ငြိမ်းချမ်းရေး ခရီးလမ်းအကြောင်းကို မလေးရှားသုတေသီ ၂ ဦးက ရေးထားတဲ့ The Rising Sun စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ချိန်မှာ ပြောသွားတာပါ။
မြန်မာမှာ နိုင်ငံရေးအရဖြေရှင်းဖို့ ချက်ချင်းလုပ်ဆောင်နေတာထက် အပစ်အခတ်ရပ်ဖို့ ဦးစားပေးသင့်တယ်လို့ တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာက ပြောပါတယ်။
“နံပါတ်တစ် ပဋိပက္ခကို ရပ်ရမယ်။ နံပါတ်နှစ်က ပဋိပက္ခရပ်ရမယ်၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေကို ပုံမှန်ဖြစ်အောင် ကြိုးစားရမယ်၊ ဒီလိုဖြစ်အောင်ကူညီဖို့ NGOs တွေ၊ နိုင်ငံတကာအေဂျင်စီတွေနဲ့ အိမ်နီးချင်းတွေကို ခေါ်ယူရမယ်” လို့ တီမောသမ္မတကပြောပါတယ်။
နိုင်ငံရေးလုပ်ငန်းစဥ်ကို နောက်မှပြောဖို့လည်း သူက ဆိုပါတယ်။
သူ့ရဲ့အတွေ့အကြုံအရ တည်ငြိမ်ရေးနဲ့ လူသားစာနာအကူအညီတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဥ်ရဲ့ရှေ့ကနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။
“ဒီအခြေအနေကို အရင်ဆုံး ရပ်တန့်ဖို့ စစ်တပ်နဲ့ တခြားပါတီတွေ အားလုံးသဘောတူလိုက်ရင် ဒီမိုကရေစီက နောက်ထပ်အချိန်အနည်းငယ် စောင့်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။
သူဆိုလိုချင်တာကတော့ လက်ရှိပဋိပက္ခကို ရပ်တန့်ဖို့ဖြစ်ပြီး ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့က နောက်မှ ဆက်လုပ်နိုင်တယ်လို့ နားလည်ရပါတယ်။
တီမောသမ္မတက နေပြည်တော်ခေါင်းဆောင်တွေအနေနဲ့ မြန်မာက မတည်ငြိမ်မှုတွေဟာ ဒေသတွင်း ဝန်ထုပ်ဝန်ပိုးဖြစ်လာတာကို သတိပြုသင့်ပြီလို့ ဆိုပါတယ်။
ဒါဟာ တီမောသမ္မတ အနေနဲ့ မြန်မာ့ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးပြောဆိုချက်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့မေ ၃၀ ရက်တုန်းက စင်ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ တီမောသမ္မတက မြန်မာရဲ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှုစာရင်းမှာ အစွန်းအထင်းတစ်ခုဖြစ်နေတယ်လို့ ထုတ်ပြောပါတယ်။
ဒီပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စရပ်တွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။




