တစ်လအတွင်း ရေနစ်သေဆုံးတဲ့ကလေးငယ် ၈ ဦးရှိ

ဓာတ်ပုံ ရင်းမြစ်, ကညွတ်ကွင်းနာရေးကူညီမှုအဖွဲ့
ပဲခူး၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့မှာ တစ်လနီးပါးအတွင်း ရေနစ်သေဆုံးတဲ့ကလေးငယ် ၈ ဦးအထိ ရှိခဲ့တာကို ကူညီကယ်ဆယ်ပေးသူတွေဆီကရော၊ ဒေသအခြေစိုက်မီဒီယာတွေရဲ့ဖော်ပြချက်အရပါ သိရပါတယ်။
မနေ့တစ်ရက်တည်းမှာတင် ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့၊ ခင်တန်းကွင်းရှေ့ ၂ ရပ်ကွက်မှာ ရေအိုင်ထဲ ရေကစားတဲ့မောင်နှမ သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေက ပြောပါတယ်။
“လယ်ပိုင်ရှင်က လမ်းဖို့ ဖို့အတွက် သူ့ရဲ့လယ်မြေကို တူးပြီးပေးထားတော့ အဲဒီနေရာမှာက မြေအိုင်ဖြစ်နေတာပါ။ အတော်လည်းကြီးပါတယ်။ ကလေးငယ်တွေက ရေဆင်းကူးကြပုံ ရပါတယ်။ ကျွန်တော်ကယ်ဆယ်ပေးရတော့ ရေနစ်ထားတဲ့လက္ခဏာ တွေ့ရတယ်၊ ဆရာဝန်ကလည်း အဆုတ်ထဲရေဝင်ပြီး ကွယ်လွန်တယ်လို့ ရေးထားပါတယ်” လို့ ကညွတ်ကွင်းနာရေးကူညီမှုအဖွဲ့ ဥက္ကဋ္ဌ ဦးတူးတူးက ပြောပါတယ်။
မနေ့ကဖြစ်စဉ်မှာတော့ မကြယ်ဇင်အေးနဲ့ မောင်ကြယ်ဇင်အောင်ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် အမြွှာ မောင်နှမ နှစ်ဦးနဲ့ ညီမငယ်ဖြစ်သူ အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူတို့ ရေနစ်သေဆုံးခဲ့ကြတာပါ။
ကလေးငယ်သုံးဦးရဲ့ရုပ်အလောင်းကို မနက်ဖြန် မနက် ၁၂ နာရီမှာ ၂ ရပ်ကွက်က သုဿန်မှာ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေ ၁၈ ရက်မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ် သုံးဦး ရေနစ် သေဆုံးခဲ့ပြီး မေ ၂၉ ရက်မှာတော့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။
ကလေးငယ်တွေအပြင် ဆယ်ကျော်သက်အရွယ် လူငယ်တွေ ရေနစ်သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ဒီလတွေထဲ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ဇွန်လဆန်းပိုင်းမှာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦး ရေနစ် သေဆုံးခဲ့ပြီး မေ ၂၉ ရက်မှာတော့ မွန်ပြည်နယ်၊ သထုံမြို့မှာ ရေနစ်သေဆုံးတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။








