ရက္ခိတ ပြက္ခဒိန် နယ်လှည့်ရောင်းသူ လေးဦးကို ထောင် ၂ နှစ်စီ ချ

ဟိုင်းကြီးကျွန်းမှာ ပြက္ခဒိန် နယ်လှည့်ရောင်းနေစဉ် ဖမ်းဆီးခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, narinjara

ရေးသားခဲ့သည်။

ရက္ခိတ ပြက္ခဒိန်နဲ့ ရခိုင်လူမျိုးတွေရဲ့ ရှေးဘုရင်တွေ ခေတ်က အဝတ်အစားတွေ ဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို နယ်လှည့် လိုက်လံ ရောင်းသူ လေးဦးကို ထောင် ၂ စီ ချမှတ်လိုက်ပါတယ်။

သူတို့ကို မတရားအသင်း ဆက်သွယ်မှု နဲ့ ငပုတော မြို့နယ် တရားရုံးက နိုဝင်ဘာလ ၁၈ ရက်မှာ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ရောင်းချတဲ့ ပြက္ခဒိန်မှာ ရက္ခိုင့်တပ်တော် အေအေ တည်ထောင်တဲ့နေ့ ပါဝင်ခဲ့လို့ အဲဒါကို အခြေခံပြီး တရားစွဲတယ်လို့ သူတို့မိသားစုတွေဆီက သိရပါတယ်။

သူတို့ထုတ်ဝေတဲ့ ပြက္ခဒိန်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတဲ့ နေ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် အေအေနေ့ဆိုပြီး ပါခဲ့တာလို့ သိရပါတယ်။

အခု ထောင်ချ ခံရသူတွေဟာ ပြက္ခဒိန်ရောင်းချသူ ကိုသိန်းအောင်မြတ် အပါအဝင် ရန်ကုန်မြို့က ကားအငှား လိုက်လာတဲ့ တက္ကစီကားမောင်းသူ ကိုဗိုလ်ဆန်း၊ သူတို့နဲ့အတူ လိုက်ပါခဲ့တဲ့ ကိုကောင်းမြတ်သူ နှင့် ဟိုင်းကြီးကျွန်း ရွာသစ်ရွာက ကိုဝင်းဗိုလ်တို့ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှာ သူတို့ ပြက္ခဒိန် နယ်လှည့်ရောင်းနေစဉ် ဧပြီလ ၆ ရက်မှာ ရဲက ဖမ်းပြီး အမှုစွဲတင်ခဲ့ပြီးနောက် အခု ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ပြက္ခဒိန်ရောင်းချသူ ကိုသိန်းအောင်မြတ်ရဲ့ ဇနီးက "ဒီလို ထောင်ချတာနဲ့ ပတ်သက်ပြီး သူတို့က သက်သေခိုင်လုံတယ်လို့ ပြောတယ်"၊

"သူတို့ ပြတဲ့ သက်သေက သိန်းအောင်မြတ် အကောင့်မှာ ရခိုင်သတင်းနဲ့ ပတ်သက်ပြီးတော့ ရခိုင်ဓာတ်ပုံတွေ၊ သတင်းဓာတ်ပုံတွေ သူများဆီကနေ ရှဲပြီးတော့ တင်ထားတာ။ ရှဲပြီးတော့ တင်ထားတဲ့ ပုံတွေကို သူတို့ ဓာတ်ပုံကူးတယ်။ ဗီဒီယို ဖိုင်ကိုကျတော့ ဗီဒီယိုကူးပြီး သက်သေ အဖြစ်တင်တယ်"၊

"ပြီးတော့ မိသားစု စီးပွားရေးအတွက် ထုတ်တဲ့ ရက္ခိတ ပြက္ခဒိန်မှာ ရခိုင်သမိုင်းကြောင်းနဲ့ ဆိုင်တဲ့နေ့ တစ်နေ့ပါတယ်။ အဲဒီနေ့ကို သူတို့ကနေပြီးတော့ အေအေနေ့ဆိုပြီးတော့ သတ်မှတ်တယ်။အဲတော့ အချက်သုံးချက်နဲ့ ပုဒ်မ ၁၇ (၁) ဆိုပြီးတာ့ စွဲလိုက်တယ်ပေါ့။ ခိုင်လုံတဲ့ သက်သေဆိုပြီးတော့ စွဲလိုက်တယ်"၊

"စွဲလိုက်ပြီးတော့ ကျွန်မတို့ ခေါ်သွားတဲ့ ကားသမားကောင်လေး ဗမာလူမျိုး သူက၊ ရေနံချောင်းက၊ အဲဒီကောင်လေးကိုလည်း ပုဒ်မ ၁၇ (၁) နဲ့ပဲ ၂ နှစ်ချလိုက်တယ်" လို့ ပြောပါတယ်။

သူတို့နဲ့အတူ လိုက်ပါလာတဲ့ ကိုကောင်းမြတ်သူဟာ ဟိုင်းကြီးကျွန်းကို မရောက်ဖူးတဲ့ အတွက် လိုက်ပါသွားသူ လို့ သိရပြီး သူ့ရဲ့ဖခင်က ကိုကောင်းမြတ်သူ ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး

"ဒီအမှုက ဒီလောက်ထိ ချစရာ ကိစ္စလည်း မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမှုထဲမှာလည်း ပေါ်ပေါက်ဖို့ ကိစ္စလည်း မဟုတ်ဘူး ဒါက။ သက်သေလည်း ထူနိုင်စရာ အကြောင်းလည်း မရှိဘူး" လို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ် မဝင်ဘူးဆိုတာကတော့ ရှေ့နေနဲ့ တိုင်ပင်နေတယ်လို့ သူတို့ မိသားစုတွေက ပြောပါတယ်။

အခုလို ပြက္ခဒိန် ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ် အဖမ်းခံရတဲ့အတွက် သူ့ဇနီးဟာ ကလေးနှစ်ဦးနဲ့ အတူ နေထိုင်ဖို့ အခက်ခဲဖြစ်ပြီး ကျောက်မြောင်းကတိုက်ခန်းကနေ ရန်ကုန်မြို့က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ နေထိုင်နေရတယ်လို့လည်း သူ့ဇနီးက ပြောပါတယ်။